မိန်းကလေးက လင်းယွမ်နှင့် နိချီတို့သည် ဤနေရာမှလူများ မဟုတ်ကြောင်းကို ရိပ်မိသွားပြီးနောက် အလွန် စိတ်လှုပ်ရှားသွားပုံရသည်။
နိချီက လင်းယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်ကို မြင်ပြီးမှ "ဟုတ်တယ်... ကျွန်တော်တို့က အပြင်ဘက်ကနေ ဝင်လာကြတာ" ဟု ပြောလိုက်သည်။
"စိတ်အေးအေးထား... ကျွန်တော်တို့ သေချာလေး စကားပြောကြတာပေါ့"
မိန်းကလေးက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူမ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ကာ အလျင်အမြန် ပြောလိုက်သည်။
"ကျွန်မ နာမည်က ဂျိရှောင်ယွီပါ... စိမ်းလန်းဥယျာဉ် အပိုင်းနှစ်ကပါ... ရှင်... ရှင်တို့ ကျွန်မကို အရင် အောက်ချပေးလို့ ရမလား... စိတ်ချပါ ကျွန်မ ဘာမှ လျှောက်မလုပ်ပါဘူး"
လင်းယွမ်က ထိုစကားကို ကြားသောအခါ သူ၏ စိတ်စွမ်းအင်များကို ရုပ်သိမ်းလိုက်သည်။
မိန်းကလေး၏ ကိုယ်လုံးလေးက အောက်သို့ ပြုတ်ကျသွားသော်လည်း သူမက ဖြတ်လတ်သူဖြစ်ရာ တစ်ပတ်လှည့်ကာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ကျဆင်းသွားခဲ့သည်။
လင်းယွမ်က စိတ်အဝေးထိန်းအစွမ်းကို ရုပ်သိမ်းလိုက်သည်ကို မြင်လိုက်ရသဖြင့် သူမ မျက်လုံးထဲရှိ သတိထားနေမှုများကလည်း အနည်းငယ် လျော့ကျသွားခဲ့သည်။
ထို့နောက် သူမက "ရှင်တို့ကို ဘယ်လို ခေါ်ရမလဲ" ဟု မေးလိုက်သည်။
နိချီက "ကျွန်တော်က နိချီ... ဒီဘက်ကတော့ ဆရာလင်းယွမ်တဲ့... ကျွန်တော်တို့က မြို့သစ်ခရိုင်ရဲ့ ထိုက်ယန်တောင်ဘက်ကနေ လာကြတာ... ကျွန်တော်တို့ရဲ့ သူငယ်ချင်း တချို့ ဒီကိုလာရင်း ပျောက်သွားလို့ သူတို့ကို တမင်တကာ လိုက်ရှာဖို့ လာခဲ့တာပါ" ဟု ဦးဆောင်ကာ ရှင်းပြလိုက်သည်။
လင်းယွမ်ကလည်း လေးနက်သော အသံဖြင့် "ညီမလေး... နင် ခါးမတ်အင်္ကျီလိုမျိုး ကိုယ်ကြပ်ဝတ်ထားတဲ့ မိန်းမတစ်ယောက်ကိုများ မြင်ဖူးလား" ဟု မေးလိုက်သည်။
ထိုသို့ပြောရင်း လင်းယွမ်က တင်းယန်၏ ရုပ်ဆင်းသွင်ပြင် လက္ခဏာများကိုပါ ဖော်ပြလိုက်သည်။
တင်းယန်၏ ကိုယ်ကြပ်အင်္ကျီကို ရန်ကျဲအား ဖန်တီးခိုင်းထားခြင်း ဖြစ်ပြီး တစ်ကိုယ်လုံးရှိ ပုံစံက ယခင် ခါးမတ်အင်္ကျီပုံစံကိုပင် ပုံစံယူထားဆဲဖြစ်ကာ ပခုံးကာနှင့် လက်ကောက်ဝတ်ကာ ကဲ့သို့သော အပိုပစ္စည်းများကို ထပ်မံ ပေါင်းထည့်ထားခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့် မှတ်မိရန် အတော်လေး လွယ်ကူပေသည်။
တစ်ချိန်တည်းမှာပင် သူက ရန်မေ၊ တင်းယန်တို့နှင့် အတူတကွ အချိန်အတော်ကြာ နေထိုင်ခဲ့ပါလျက်နှင့် ဓာတ်ပုံတချို့ ရိုက်ထားရန် မေ့လျော့နေခဲ့သည်ကို ပြန်လည် စဉ်းစားမိသွားသည်။
သူ့တွင် ဖုန်းရှိနေပြီး ဖုန်းကလည်း အားပြည့်နေဆဲ ဖြစ်သည်။
ရေကြီးရေလျှံမှုကြီး မတိုင်မီကဆိုလျှင် အခြေခံအားဖြင့် လူတိုင်းက ဖုန်းကို လက်မှမချကြပေ။
သို့သော်လည်း ရေကြီးရေလျှံမှုကြီးနောက်တွင် ရေနှင့် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ရာ ဖုန်းများက ခေတ်ဟောင်းမှ စွန့်ပစ်ပစ္စည်းများ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ဖုန်းကို ကိုယ်နှင့်မကွာ သယ်ဆောင်ထားတတ်သည့် အခြေအနေမျိုးမှာ လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လင်းယွမ်ကလည်း သူတို့နှင့် အတူတူ ဓာတ်ပုံရိုက်ပြီး အမှတ်တရ သိမ်းထားရန် မစဉ်းစားမိခဲ့ပေ။
လင်းယွမ်၏ ဖော်ပြချက်ကို ကြားသောအခါ ဂျိရှောင်ယွီက အနည်းငယ် အံ့သြသွားပြီး "ရှင်ပြောတဲ့လူက အမတင်းယန်လား" ဟု မေးလိုက်သည်။
လင်းယွမ်က ပို၍ပင် အံ့အားသင့်သွားခဲ့သည်။ သူ၏ မျက်စိရှေ့ရှိ ဤမိန်းကလေးက တင်းယန်၏ နာမည်ကို ချက်ချင်း ခေါ်လိုက်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ အလွန် တိုက်ဆိုင်လွန်းလှသည်။
"နင် သူ့ကို သိလို့လား... သူ ဘယ်မှာလဲ" လင်းယွမ်က ချက်ချင်း မေးလိုက်သည်။
ဂျိရှောင်ယွီက အလျင်အမြန်ပင် "အမတင်းယန်က အခု ဧဒင်ဥယျာဉ်မှာ ရှိနေတာ... သူက ဥယျာဉ်မှူး လှည့်စားတာကို ခံလိုက်ရပြီ... ရှင်တို့ သူ့ကို သွားမရှာကြနဲ့နော်" ဟု ပြောလိုက်သည်။
လင်းယွမ်က အလွန် အံ့အားသင့်သွားပြီး "ဧဒင်ဥယျာဉ်... ဘာ ဧဒင်ဥယျာဉ်လဲ"
ဂျိရှောင်ယွီက ရှင်းပြလိုက်သည်။ "ဧဒင်ဥယျာဉ်ဆိုတာက ဝူယောင်ပန်း ဖွဲ့စည်းထားတဲ့ ခိုလှုံရေးစခန်းတစ်ခုပဲ... အခု ဒီနေရာရဲ့ တစ်ခုတည်းသော ခိုလှုံရေးစခန်းလည်း ဟုတ်တယ်"
"သူက ဧဒင်ဥယျာဉ်ဟာ လူသားတွေအားလုံးရဲ့ နောက်ဆုံးခိုလှုံရာနေရာဆိုပြီး အပြင်ကို သတင်းလွှင့်ထားတာ... အပြင်ဘက် ကမ္ဘာကြီးက ရေလွှမ်းမိုးခံလိုက်ရပြီး လူသားတွေ အကုန်လုံး သေကုန်ပြီတဲ့လေ"
"ဘုရားသခင်က ကျွန်မတို့ကို စောင့်ရှောက်လို့... လူတိုင်း ရေဘေးကြီးကို ရှောင်လွှဲနိုင်ဖို့... ဒီလို သီးခြား နေရာလေးကို ဖန်တီးပေးခဲ့တာလို့ သူက ပြောတယ်"
"သူ တည်ဆောက်ထားတဲ့ ခိုလှုံရေးစခန်းကို ဧဒင်ဥယျာဉ်လို့ ခေါ်ပြီး... လူသားတွေရဲ့ နောက်ဆုံး အိမ်ဂေဟာလို့ သူက သတ်မှတ်ထားတာ"
"ဧဒင်ဥယျာဉ်ထဲမှာ လူတိုင်းက ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ကြပြီး... သူ့စကားကိုလည်း နားထောင်ကြတယ်"
လင်းယွမ်က ထိုစကားများကို ကြားပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ကိစ္စရပ်များကို ကြုံတွေ့ခဲ့ရပြီးနောက်တွင်...
လင်းယွမ်က ဘာသာရေး ယုံကြည်မှုကို အခြေခံကာ ဖွဲ့စည်းထားသော မည်သည့် အင်အားစုကိုမဆို ပြင်းထန်သော ငြင်းပယ်လိုစိတ်မျိုး ဖြစ်ပေါ်နေခဲ့သည်။
ဘေးဘက်ရှိ နိချီကလည်း ထိုနည်းတူပင် ဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်များ အပြည့် ဖုံးလွှမ်းနေသည်။
သူက စိတ်မရှည်တော့ဘဲ ချက်ချင်း မေးလိုက်သည်။ "ဘယ်က ခွေးချေး ဘုရားသခင်လဲ... ဘုရားသခင်သာ တကယ် ရှိနေတယ်ဆိုရင် လူသားတွေ မျိုးသုဉ်းပျောက်ကွယ်သွားတာကို ဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေမှာလဲ"
ဂျိရှောင်ယွီ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး နိချီကို လှမ်းကြည့်ကာ မေးလိုက်သည်။ "ရှင်က ဘုရားသခင်ကို မယုံဘူးလား"
နိချီက ခေါင်းခါလိုက်သည်။ "ကျွန်တော်က လက်တွေ့ကျတာနဲ့သိပ္ပံပညာကိုပဲ ယုံတယ်"
ဂျိရှောင်ယွီက ခွိခနဲ ရယ်မောလိုက်သည်။
ထိုစကားက သူမ၏ ရယ်ချင်စိတ်ကို နှိုးဆွလိုက်ပုံရသည်။
သိပ္ပံပညာဟူသော စကားလုံးနှစ်လုံးကို လူတွေ ပြောဆိုနေကြသည်ကို သူမ မကြားရသည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။
သို့သော်လည်း ရယ်မောနေရင်း သူမ၏ မျက်ဝန်းများက နီရဲလာခဲ့သည်။
ဟုတ်ပေသည်။ လူတွေက ဤစကားလုံးနှစ်လုံးအကြောင်း မပြောကြတော့သည်မှာ တကယ်ကို ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ရေကြီးရေလျှံမှုကြီး မတိုင်မီက သူမက ကျောင်းတွင် သင်ယူရသော နိုင်ငံရေး ဘာသာရပ်ကို အလွန် စိတ်ပျက်စရာကောင်းသည်ဟု အမြဲ ခံစားခဲ့ရပြီး နေ့စဉ်နေ့တိုင်း ရှည်လျားပြီး ခက်ခဲသော စာပိုဒ်များစွာကို မှတ်သားနေခဲ့ရသည်။
သို့သော်လည်း ယနေ့အချိန်အခါသို့ ရောက်သောအခါ ရေကြီးရေလျှံမှု ဘေးအန္တရာယ်ကြီးကို ကြုံတွေ့ခဲ့ရပြီးနောက် လူသားများ အသက်ရှင်သန်ရန် ကြိုးစားနေရသည့် ဆိုးရွားလှသော အခြေအနေများကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရသည်။
ထိုအခါမှသာ သူမက အရင်တုန်းက အမြဲ ညည်းညူနေခဲ့သော ကျောင်းသူဘဝက မည်မျှ ပျော်ရွှင်စရာ ကောင်းခဲ့ကြောင်းကို နားလည်သဘောပေါက်သွားခဲ့တော့သည်။
အရင်တုန်းက ကျောင်းမုန့်ဈေးတန်းမှ အစားအစာများက မည်မျှပင် စားမကောင်းဖြစ်နေပါစေ ရွေးချယ်စရာ ဟင်းပွဲများစွာ ရှိနေသေးသည်။
အဆိုးဆုံး အခြေအနေတွင် သူမက ကျောင်းအပြင်ထွက်၍ သွားရည်စာများ ဝယ်စားနိုင်သည်။
သို့သော် ယခုအခါတွင်တော့... သူမ အသင့်စား အစားအစာများကို မစားရသည်မှာ မည်မျှ ကြာမြင့်နေပြီဆိုသည်ကိုပင် မမှတ်မိနိုင်တော့ပေ။
အရာအားလုံးက အတိတ်ကို ပြန်သွား၍ မရနိုင်တော့ပေ။
ဂျိရှောင်ယွီ၏ မျက်ဝန်းများက အနည်းငယ် နီရဲနေသည်။ နိချီ၏ "သိပ္ပံပညာကို ယုံကြည်တယ်" ဆိုသည့် စကားတစ်ခွန်းကြောင့် သူမက အရင်တုန်းက ပျော်ရွှင်ခဲ့ရသော အချိန်များကို အရမ်း သတိရသွားစေခဲ့ခြင်း ဖြစ်သည်။
နိချီက အနည်းငယ် ပြာယာခတ်သွားပြီး သူ ဘာစကား အမှားများ ပြောမိသွားသလဲ ဆိုသည်ကို မသိတော့ပေ။
လင်းယွမ်က လေးနက်သော အသံဖြင့် "ညီမလေး ရှောင်ယွီ... တင်းယန်ရဲ့ အခု အခြေအနေကို ပြောပြလို့ ရမလား... သူ အဆင်ပြေရဲ့လား... ဒဏ်ရာရော ရထားသေးလား" ဟု မေးလိုက်သည်။
ဂျိရှောင်ယွီက သတိပြန်ဝင်လာပြီး ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။ "သူ အရမ်း အဆင်ပြေပါတယ်... ဒဏ်ရာလည်း မရထားပါဘူး"
"ကျွန်မ ဧဒင်ဥယျာဉ်မှာ သူ့ကို အဝေးကနေ လှမ်းမြင်ဖူးတယ်... မျက်နှာထားကလည်း တော်တော်လေး ကောင်းတယ်... ဒါပေမဲ့... "
"ဒါပေမဲ့ ဘာဖြစ်လဲ" လင်းယွမ်က ချက်ချင်း ထပ်မေးလိုက်သည်။
"ဒါပေမဲ့ သူက ဝူယောင်ပန်း လှည့်စားတာကို ခံလိုက်ရတဲ့ပုံပဲ"
"ဟမ်... ဘာအဓိပ္ပာယ်လဲ"
"ဝူယောင်ပန်းဆိုတဲ့လူက ဟန်ဆောင်ကောင်းတဲ့ လူလိမ်တစ်ယောက်ပဲ" ဂျိရှောင်ယွီက မျက်ဝန်းများ နီရဲနေလျက် ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ သူမ၏ မျက်လုံးထဲ၌ အတိတ်ကို လွမ်းဆွတ်နေခြင်းများ မရှိတော့ဘဲ ဒေါသများသာ ပြည့်နှက်နေတော့သည်။
"လူလိမ်ဟုတ်လား"
"ဟုတ်တယ်... သူက လူတိုင်းကို လိမ်ညာထားတာ... မရှိတဲ့ဘုရားသခင်ဆိုတာကိုဖန်တီး... အဲ့ဒီဘုရားသခင်ကို ယုံကြည်လာအောင် လူတိုင်းကို လှည့်စားပြီး သူ့စကားကို နားထောင်လာအောင် လုပ်ထားတာ... သူ ဖန်တီးထားတဲ့ အလိမ်အညာတွေကြားထဲမှာ လူတွေကို ရှင်သန်နေထိုင်ခိုင်းထားတာလေ"
"ဧဒင်ဥယျာဉ်ထဲက လူတွေ ရှာတွေ့သမျှ ပစ္စည်းတွေ အကုန်လုံးကို... သူ့ဆီ အပ်ရတယ်... အဲဒါတွေကို သူနဲ့ သူ့ရဲ့ ကောင်းကင်တမန်တော်တွေက စုပေါင်းပြီး စီမံခန့်ခွဲကြတာ"
"ဒါပေမဲ့ အဲဒီ ပစ္စည်းတွေ အကုန်လုံးကို... သူက ခိုလှုံရေးစခန်းကနေ သယ်ထုတ်သွားပြီး ဖွက်ထားတာကို... ကျွန်မ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာ"
"သူက ဧဒင်ဥယျာဉ်ထဲက သနားစရာ မိန်းမတွေကိုလည်း လိမ်ညာပြီး အိပ်ရာထဲကို ခေါ်သွားသေးတယ်... ပြီးတော့ သူတို့ကို ကိုယ်ဝန်ရသွားအောင် လုပ်တာပဲ"
"အစွမ်းပိုင်ရှင်တွေကိုလည်း လိမ်ညာပြီး သူ့အတွက် အလုပ်လုပ်ပေးခိုင်းတယ်... သန္ဓေပြောင်း သားရဲတွေကို သွားသတ်ခိုင်းတယ်လေ"
လင်းယွမ်နှင့် နိချီတို့က ကြားပြီးနောက် မျက်မှောင်များ ပြင်းပြင်းထန်ထန် ကြုတ်သွားကြသည်။
နိချီက မနေနိုင်တော့ဘဲ "သူက ဘယ်လိုလုပ်ပြီး လိမ်ညာထားတာလဲ... ဖော်ထုတ်မယ့်လူ တစ်ယောက်မှ မရှိဘူးလား" ဟု မေးလိုက်သည်။
လင်းယွမ်က သံသယဖြင့် "သူက စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်လား... သူက စိတ်အာရုံ လှည့်စားတဲ့ အစွမ်းတွေကို ကျွမ်းကျင်တာလား" ဟု မေးလိုက်သည်။
အကယ်၍ တစ်ဖက်လူတွင် ထိုကဲ့သို့သော စိတ်အာရုံ လှည့်စားနိုင်သည့် အစွမ်း ရှိနေပြီး လူတိုင်းကို လိမ်ညာနိုင်ခဲ့သည် ဆိုပါက အတော်လေး အစွမ်းထက်သည်ဟု ဆိုရမည် ဖြစ်သည်။
သို့သော် ဂျိရှောင်ယွီက ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး... သူက စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင် မဟုတ်ဘူး... သူက ဘီလူးတစ်ကောင်ပဲ... ဘယ်လိုနည်းနဲ့မှ သတ်လို့မသေနိုင်တဲ့ မိစ္ဆာကောင်ကြီးပဲ"
"သတ်လို့မသေဘူး"
"ဘာအဓိပ္ပာယ်လဲ"
လင်းယွမ်နှင့် နိချီတို့ နှစ်ဦးစလုံးက အနည်းငယ် မှင်သက်သွားကြသည်။
သတ်လို့မသေဘူး ဆိုသည်က ဘာကိုဆိုလိုသနည်း။
ဂျိရှောင်ယွီက ပြောလိုက်သည်။ "ဟုတ်တယ်... သူက တကယ့်ကို ဘုရားသခင်ရဲ့ စောင့်ရှောက်မှု ခံထားရတဲ့အတိုင်းပဲ... ဘယ်နှစ်ခါပဲ သေသေ လူတိုင်းရှေ့ကို ပြန်ပြန်ရောက်လာတတ်တယ်"
"အဲဒါကြောင့်မို့လို့ပဲ သူက လူတိုင်းကို လှည့်စားထားနိုင်တာလေ"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "သူက ဘယ်လို သေတာလဲ... ပြီးတော့ နင်တို့ရှေ့ကို ဘယ်လိုမျိုး ပြန်ရောက်လာတာလဲ... ငါ့ကို အသေးစိတ် ပြောပြလို့ ရမလား" ဟု မေးလိုက်သည်။
"အစက လူတွေ သူ့ကို မယုံကြည်ကြဘူး... သူက ဘုရားသခင်က လောကကြီးကို ကယ်တင်မယ်ဆိုတဲ့ ဝါဒကို ဖြန့်ဝေနေတဲ့ အချိန်တုန်းက သူ့ကို သင်ခန်းစာပေးခဲ့တဲ့ အစွမ်းပိုင်ရှင်တွေ ရှိခဲ့ဖူးတယ်"
"ဒါပေမဲ့ သူက နည်းနည်းလေးတောင် မကြောက်ဘဲ အဲဒီလူနဲ့ ထိပ်တိုက်တွေ့ခဲ့တာ... နောက်ဆုံးတော့ အဲဒီလူက သူ့ကို နေရာတင် ရိုက်သတ်လိုက်တယ်"
"အဲဒီအချိန်တုန်းက လူတိုင်း မြင်ခဲ့ကြတာ... သူ့ရဲ့ ခေါင်းက အရိုက်ခံရလွန်းလို့ ပုံပျက်သွားတယ်... သွေးတွေကလည်း မြေပြင်ပေါ်မှာ အိုင်ထွန်းနေတာပဲ... သူ့ရဲ့ အလောင်းကိုလည်း ရေထဲကို ပစ်ချလိုက်ကြတာလေ"
"ဒါပေမဲ့ အဲဒီနေ့ ညနေခင်းမှာပဲ သူက စိမ်းလန်းဥယျာဉ်မှာ ပြန်ပေါ်လာပြီး သူ့ရဲ့ ဝါဒဖြန့်တရားဟောတာကို စလုပ်တော့တာပဲ"
"ဒီလိုမျိုး ကိစ္စတွေက အကြိမ်ကြိမ်အခါခါ ဖြစ်ခဲ့ဖူးတယ်"
"သူ့ကို ဘယ်လိုနည်းနဲ့ သတ်သတ် သူက နေရာတင် သေသွားတာပဲ... ဒါပေမဲ့ မကြာခင်မှာပဲ သူက ထပ်ပြီး ပေါ်လာပြန်ရော"
"အဲဒါကြောင့်မို့လို့ပဲ လူတိုင်းက သူ့ရဲ့ အရူးစကားတွေကို တဖြည်းဖြည်း ယုံကြည်လာကြတော့တာ"
"သူက လူတိုင်းကို ကယ်တင်ဖို့ ဘုရားသခင် လွှတ်လိုက်တဲ့လူလို့ အားလုံးက ထင်သွားကြတာလေ"
"ဧဒင်ဥယျာဉ်က အဲဒီလိုမျိုး တည်ဆောက်ခဲ့တာပဲ"
လင်းယွမ်၏ မျက်မှောင်များက ပြင်းပြင်းထန်ထန် ကြုတ်သွားခဲ့သည်။ နေရာတင် အသတ်ခံရသော လူတစ်ယောက်က အချိန်အနည်းငယ် ကြာပြီးနောက်တွင် ဒဏ်ရာအနာတရ တစ်စုံတစ်ရာမရှိဘဲ မိမိရှေ့သို့ ပြန်လည်ရောက်ရှိလာသည်တဲ့လား။
ဤသည်က ဘယ်လို အစွမ်းမျိုးလဲ။
အလိုအလျောက် ပြန်လည်ကုသနိုင်သည့် အစွမ်းလား။
သူက ဝူမုန့်ကို သတိရသွားသည်။
သို့သော် ဝူမုန့်၏ အလိုအလျောက် ပြန်လည်ကုသနိုင်သည့် အစွမ်းက မသေနိုင်သော ခန္ဓာကိုယ်မျိုး မဟုတ်ပေ။
ဝူမုန့်ကို နေရာတင် ရိုက်သတ်လိုက်မည် ဆိုပါက ဝူမုန့်၏ ပြန်လည်ကုသနိုင်သည့် စွမ်းရည်က မည်မျှပင် အစွမ်းထက်နေပါစေ သေရာမှ ပြန်လည် ရှင်သန်လာနိုင်မည် မဟုတ်ပေ။
သို့ဆိုလျှင် ဤဧဒင်ဥယျာဉ်၏ ဥယျာဉ်မှူးက တကယ်တမ်း၌ မည်သို့သော အစွမ်းမျိုး ရှိနေသနည်း။
တစ်ဖက်လူက တကယ့်ကို ဘုရားသခင် ဖြစ်နေမည်ဟု လင်းယွမ်က သဘာဝကျစွာပင် မယုံကြည်ပေ။ တစ်ဖက်လူ၌ တစ်စုံတစ်ရာသော အစွမ်းမျိုး ရှိနေသောကြောင့်သာ ဤမျှ အံ့ဖွယ်ကောင်းသော လုပ်ဆောင်ချက်များ ရှိနေခြင်း ဖြစ်ရမည်။
သို့သော်လည်း ဤနေရာတွင် ဤဝူယောင်ပန်း တစ်ယောက်တည်း၌သာ အစွမ်းရှိနေခြင်း မဟုတ်ပေ။
အခြားသော အစွမ်းပိုင်ရှင်များတွင်လည်း အစွမ်းများ ရှိနေသည့် အခြေအနေမျိုး၌ သူက နတ်လိုလို တစ္ဆေလိုလို ဟန်ဆောင်နိုင်နေသေးသည်။
ဤသည်က အခြားသော အစွမ်းပိုင်ရှင်များက သူ၏ အစွမ်းကို လုံးဝ မဖော်ထုတ်နိုင်ကြကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။
သို့ဆိုလျှင် တင်းယန်ကရော ဘယ်လိုဖြစ်ရသနည်း။
တင်းယန်၏ ခိုင်မာသော စိတ်ဓာတ်ဖြင့် ဆိုလျှင် ဤကဲ့သို့သော လူမျိုးကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ယုံကြည်သွားနိုင်မည်နည်း။
လင်းယွမ်ကတော့ လုံးဝကို မယုံကြည်ပေ။
သူက ကောင်မလေး ဂျိရှောင်ယွီကို လှမ်းကြည့်ကာ "ဒီ ဧဒင်ဥယျာဉ်က ဘယ်မှာရှိတာလဲ" ဟု မေးလိုက်သည်။
"ရှောင်မောင်းတောင်မှာ... ရေဘေးကြီး မတိုင်ခင်က ရှောင်မောင်းတောင်လို့ ခေါ်တာ... အခုတော့ အဲဒီတောင်ကို လူတိုင်းက ဧဒင်ဥယျာဉ်လို့ ခေါ်နေကြပြီ"
"သူတို့က တောင်ပေါ်မှာ စိုက်ပျိုးရေးတွေ လုပ်ပြီး အိမ်တွေ ဆောက်ထားကြတာ... အဲဒီဘက်က လုံးဝကို ဧဒင်ဥယျာဉ်ရဲ့ အိမ်ဂေဟာ ဖြစ်နေပြီ"
နိချီက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဒါဆို နင်က ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပစ္စည်းလာရှာနေရတာလဲ... နင်က ဧဒင်ဥယျာဉ်ထဲကို မဝင်ဘူးလား"
ဂျိရှောင်ယွီက ချက်ချင်း ခေါင်းခါလိုက်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "ကျွန်မ သေသွားရရင်တောင် သူတို့ဆီက အစားတစ်လုပ်ကို စားမှာ မဟုတ်ဘူး"
လင်းယွမ်နှင့် နိချီတို့က အချင်းချင်း တစ်ချက် ကြည့်လိုက်ကြသည်။ ကြည့်ရသည်မှာ ဤမိန်းကလေး၌ ဇာတ်လမ်းတစ်ပုဒ် ရှိနေပုံရသည်။
ဧဒင်ဥယျာဉ်နှင့် အလွန် နက်ရှိုင်းသော ရန်ငြိုးရန်စ ရှိနေနိုင်ခြေ များပေသည်။
သူတို့နှစ်ဦးက တစ်ဖက်လူ၏ နောက်ကြောင်းကို ရုတ်တရက် မမေးမြန်းတော့ဘဲ လင်းယွမ်က ရှောင်မောင်းတောင်သည် မည်သည့်နေရာတွင် ရှိသနည်းဟု စုံစမ်းမေးမြန်းလိုက်သည်။
လင်ကျောင်းတွင် တောင်ကုန်းများစွာ ရှိနေပြီး အကယ်၍ ရှုခင်းသာ နေရာအဖြစ် ဖွင့်လှစ်ထားခြင်း မရှိပါက သာမန် တောင်ကုန်းများကို ရှာဖွေရန် တကယ်ကို မလွယ်ကူလှပေ။
"ရှောင်မောင်းတောင်က မောင်းတောင်လမ်းဘက်မှာ ရှိတာ... ရှင်တို့ မရောက်ဖူးဘူးလား"
"ရေဘေးကြီး မတိုင်ခင်ကဆိုရင် နွေဦးရာသီရောက်တိုင်း... ရှောင်မောင်းတောင်ပေါ်မှာ ပန်းသွားခူးတဲ့လူတွေ အများကြီးပဲ"
လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ မြေပုံကို ထုတ်ယူလိုက်ပြီး မြေပုံပေါ်တွင် ရှောင်မောင်းတောင်၏ တည်နေရာကို ရှာဖွေလိုက်သည်။
မကြာမီမှာပင် သူ ရှာတွေ့သွားခဲ့သည်။
ထိုရှောင်မောင်းတောင်က ယဉ်ကျေးမှုနှင့် အားကစားစင်တာမှ သုံးလေးမိုင်ခန့်သာ ကွာဝေးပေသည်။
လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "ငါ ဧဒင်ဥယျာဉ်ထဲကို ဝင်ပြီး ငါ့သူငယ်ချင်းကို ရှာချင်တယ်... နင့်မှာ နည်းလမ်း ရှိလား"
ဂျိရှောင်ယွီက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး စကားမပြောခဲ့ပေ။
လင်းယွမ်က ထိုအခြေအနေကို မြင်သောအခါ ချက်ချင်း ပြောလိုက်သည်။ "နင့်ကို အလကား အကူအညီ မတောင်းပါဘူး... အကျိုးအမြတ် ပြန်ပေးမှာပါ"
ထိုအခါမှ ဂျိရှောင်ယွီက "ရှင် ကျွန်မကို ဘာပြန် ပေးမှာလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က "နင် ဘာလိုချင်လဲ" ဟု ပြန်မေးလိုက်သည်။
"ကျွန်မ လိုချင်တာ မှန်သမျှကို ရှင် ပေးနိုင်လို့လား" ဂျိရှောင်ယွီက မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်သည်။ "ပြောကြည့်ပါဦး"
"ရှင်က စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်မလား... ခုနက ကျွန်မကို ဖမ်းထားတဲ့ အကွက်က စိတ်စွမ်းအင်လား"
"အင်း"
"ဒါဆို ရှင်က အရမ်း အစွမ်းထက်တာပေါ့"
"မဆိုးဘူးပြောလို့ရပါတယ်"
"ဒါဆို ရှင် ကျွန်မအတွက် လူတစ်ယောက်ကို သတ်ပေးလို့ ရမလား"
ဂျိရှောင်ယွီ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင် အနည်းငယ် ပေါ်ထွက်လာခဲ့သည်။
လင်းယွမ်က မှင်သက်သွားပြီး သူမ၏ တောင်းဆိုမှုက ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက သံသယဖြင့် "ဘယ်သူ့ကို သတ်ရမှာလဲ" ဟု မေးလိုက်သည်။
"ဝူယောင်ပန်း... အဲဒီ လူလိမ်ကိုလေ"
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်သည်။ အကယ်၍ ဤလူက တင်းယန်ကို လှည့်စားပြီး တင်းယန်အား ဤနေရာတွင် အတင်းအဓမ္မ နေခိုင်းကာ သူမ၏ လွတ်လပ်ခွင့်ကို ကန့်သတ်ထားခဲ့မည် ဆိုပါက ထိုလူသည် တကယ်ကို သေသင့်ပေသည်။
သူက အနည်းငယ် စဉ်းစားလိုက်ပြီးမှ မေးလိုက်သည်။ "ငါက အပြစ်မရှိတဲ့လူတွေကို မသတ်ချင်ဘူး... ဒီဝူယောင်ပန်းဆိုတဲ့လူက တကယ်ပဲ အပြစ်တွေ အရမ်းကြီးနေလို့လား"
ဂျိရှောင်ယွီက ထိုစကားကို ကြားသောအခါ အနည်းငယ် မှင်သက်သွားပြီး လင်းယွမ်အား မယုံကြည်နိုင်စွာဖြင့် အကဲခတ်ကြည့်လိုက်ကာ ပြောလိုက်သည်။ "ရှင်က ဒီလိုမျိုး ခေတ်နောက်ကျတဲ့ အတွေးအခေါ် ရှိနေတုန်းပဲလား... ဒီကမ္ဘာပျက်ကပ်ကြီးထဲမှာ ဘယ်သူကများ တကယ် အပြစ်ကင်းစင်နေနိုင်မှာလဲ"
လင်းယွမ်က ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
သူ့တွင် သူ၏ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းများ ရှိနေသည်မှာ သဘာဝပင် ဖြစ်သော်လည်း ဤမိန်းကလေးကို ရှင်းပြနေရန် မလိုအပ်ပေ။
နိချီက မနေနိုင်တော့ဘဲ "ဘာလို့ မရှိရမှာလဲ... ကျွန်တော်တို့ ထိုက်ယန်တောင်က လူအများစုက နစ်နာသူတွေချည်းပဲ... ဆရာလင်းယွမ်က ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တာ" ဟု ပြောလိုက်သည်။
ဂျိရှောင်ယွီက မျက်မှောင်ကြုတ်သွားပြီး သူမ၏ စိတ်ထဲတွင် ထိုက်ယန်တောင်အပေါ် သိချင်စိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
အားနည်းသူများကို လက်ခံစောင့်ရှောက်ပေးသည့် ခိုလှုံရေးစခန်း တကယ် ရှိနေသည်တဲ့လား။
သူမက အများကြီး ဆက်မမေးတော့ဘဲ ပြောလိုက်သည်။ "ဝူယောင်ပန်းဆိုတာက လုံးဝ ခွေးသူတောင်းစား လူလိမ်ပဲ... ပြီးတော့ သူက အင်မော်တယ်နီးနီးဖြစ်နေတော့... ကျွန်မရဲ့ ဒီတောင်းဆိုချက်ကိုလည်း ရှင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး"
"ဒါပေမဲ့ ကျွန်မက ပထမဆုံး တောင်းဆိုချက်အနေနဲ့ ရှင့်ကို ပြောပြတာပါ... တကယ်လို့ ရှင် မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်မအတွက် ဒုတိယ ကိစ္စတစ်ခုကို လုပ်ပေးပါ"
"ပြောကြည့်ပါဦး"
"ကျွန်မကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ... ကျွန်မ အပြင်လောကကို သွားချင်တယ်" ဂျိရှောင်ယွီက လေးနက်စွာ ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်သည်။ "ဒါက လွယ်ပါတယ်... ငါ နင်ကို အချိန်မရွေး ကူညီပေးနိုင်တယ်"
ဂျိရှောင်ယွီက ချက်ချင်း ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီ... ကျွန်မ ရှင်တို့ကို ယုံတယ်... ကျွန်မ နောက်ကို လိုက်ခဲ့ကြ"
ဆက်ရန်...
***