"မင်း တစ်ယောက်တည်း ဒီမှာ နေတာလား"
လင်းယွမ်က အေးစက်စက် ပြုံးကာ မေးလိုက်သည်။
လင်းမြောင်မြောင်က အလျင်အမြန်ပင် "မဟုတ်ပါဘူး... ကျွန်မက ဒီမှာ နေတာ မဟုတ်ပါဘူး... ခဏ လာနေရုံပါ... ကျွန်မက ဒီမှာ နေတဲ့သူ မဟုတ်ပါဘူး" ဟု ဖြေလိုက်သည်။
"ကျွန်မ ရှင့်ကို တကယ် မလိမ်ပါဘူး... ဒီမှာ အသက်ရှင်တဲ့သူတွေ မရှိတော့တာ ကြာပါပြီ... ကျွန်မ ရောက်လာတဲ့ အချိန်မှာတည်းက ဒီမှာ ဘယ်သူမှ မရှိတော့တာပါ"
လင်းယွမ်က ဤမိန်းမသည် ဤအဆောက်အအုံမှ နေထိုင်သူ မဟုတ်ကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။
ထို့နောက် သူက "မင်း ဘယ်ကလာတာလဲ... ဒီကို ဘာလာလုပ်တာလဲ" ဟု ချက်ချင်း မေးလိုက်သည်။
လင်းမြောင်မြောင်က "ကျွန်မက ဘေးလွတ်ရာကို ထွက်ပြေးလာတာပါ..." ဟု ဖြေသည်။
"ငါ မင်းကို တစ်ခု သတိပေးလိုက်မယ်... ငါ့ရှေ့မှာ လိမ်ညာနေလို့ အလကားပဲ... မင်းရဲ့ နှလုံးခုန်သံတိုင်းကို ငါ ခံစားသိရှိနိုင်တယ်... စိတ်ခံစားမှု အတက်အကျ နည်းနည်းလေး ဖြစ်သွားတာကိုတောင် ငါ သတိထားမိတယ်"
လင်းယွမ်က သူမ၏ စကားကို ရိုင်းစိုင်းစွာ ဖြတ်ပြောလိုက်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။
လင်းမြောင်မြောင်၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားပြီး မျက်နှာက အနည်းငယ် ဖြူရော်သွားတော့သည်။
ဤလူက အစွမ်းထက်ရုံသာမက သူမ လိမ်ပြောနေသလား ဆိုသည်ကိုပါ သိမြင်နိုင်စွမ်း ရှိနေသည်လား။
လင်းယွမ်အား မည်သို့ တုံ့ပြန်ရမည်ကို သူမ တစ်ခဏမျှ စဉ်းစားမရ ဖြစ်သွားခဲ့သည်။
လင်းယွမ်က ခပ်ပေါ့ပေါ့ပင် "မင်း တစ်ယောက်တည်းတော့ မဟုတ်လောက်ဘူးမလား... မင်း မပြောလည်း ကိစ္စမရှိပါဘူး... ငါ ဒီကနေ စောင့်နေမယ်... အနှေးနဲ့အမြန် မင်းရဲ့ အဖော် ပြန်ရောက်လာမှာပဲ မဟုတ်ဘူးလား" ဟု ပြောလိုက်သည်။
လင်းမြောင်မြောင်၏ မျက်နှာက ပို၍ ဖြူရော်သွားတော့သည်။
အကယ်၍ သူမ၏အစ်ကိုသာ ပြန်ရောက်လာပြီး ဤလူနှင့် ရင်ဆိုင်ရပါက လုံးဝ အနိုင်ရနိုင်မည် မဟုတ်ပေ။
မဖြစ်သေး။ သူမအနေဖြင့် တစ်ဖက်လူကို လှည့်စားပြီး ထွက်သွားစေရန် နည်းလမ်း ရှာရမည် ဖြစ်သည်။
သို့သော်... သို့သော် ဘယ်လိုပြောရမည်နည်း။
လင်းမြောင်မြောင်၏ စိတ်ခံစားမှုများက ပြင်းထန်စွာ လှုပ်ခတ်နေပြီး အတွေးများ ကစဉ့်ကလျား ဖြစ်နေတော့သည်။
ခေတ္တအကြာတွင် သူမက ရုတ်တရက် "ကောင်းပြီလေ... ကျွန်မ ရှင့်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတော့မယ်... ကျွန်မက ဖူရုံတောင်ကြားကနေ လာတဲ့ အစွမ်းပိုင်ရှင် တစ်ယောက်ပါ... ဒီတစ်ခေါက် ထွက်လာတာက ပစ္စည်းတွေ လာရှာတာပါ" ဟု ပြောလိုက်သည်။
"ကျွန်မ ဒီမှာ ဆက်နေဖြစ်တဲ့ အကြောင်းရင်းက... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို တွေ့ခဲ့လို့ပါ"
"အဲ့ဒီ သန္ဓေပြောင်း သတ္တဝါက ဒဏ်ရာရနေပြီမို့... အဲ့ဒါကို သတ်ဖို့ အခွင့်အရေးများ ရှိမလားလို့ စောင့်ကြည့်ချင်ရုံပါ"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ရာ တစ်ဖက်လူက လုံးဝ လိမ်မပြောနေကြောင်း မထင်မှတ်ဘဲ တွေ့ရှိသွားခဲ့သည်။
သို့ရာတွင် လင်းယွမ်ကဲ့သို့ သတိကြီးသူ တစ်ယောက်က လူတွေကို မည်သို့ လှည့်စားရမည်ကို သဘာဝကျကျပင် သိရှိနေပေသည်။
လူတစ်ယောက်ကို လှည့်စားရာတွင် အမြဲတမ်း လိမ်ပြောနေရန် မလိုအပ်ပေ။ တစ်ခါတစ်ရံတွင် တစ်ဝက်ပြောပြီး တစ်ဝက် ချန်ထားခြင်းကလည်း တစ်ဖက်လူကို အတူတူ လှည့်စားနိုင်စွမ်း ရှိသည်။
သူ့ရှေ့ရှိ ဤမိန်းမ ယခုလေးတင် ပြောသွားခဲ့သည်များက လိမ်ညာထားခြင်း မရှိနိုင်သော်လည်း အရာအားလုံး အပြည့်အစုံတော့ သေချာပေါက် မဟုတ်ပေ။
"မင်း တစ်ယောက်တည်းလား" လင်းယွမ်က ခပ်ပေါ့ပေါ့ မေးလိုက်သည်။
ထိုမိန်းမက စကားလမ်းကြောင်းကို အဆိုပါ သန္ဓေပြောင်း သားရဲဘက်သို့ ပြောင်းချင်နေသည်မှာ သိသာထင်ရှားလှသည်။
သို့သော်လည်း လင်းယွမ်က သူမကို စကားလမ်းကြောင်း ပြောင်းရန် မည်သို့လုပ်ပြီး အလွယ်တကူ ခွင့်ပြုပေးမည်နည်း။
ထင်သည့်အတိုင်းပင် ဤမေးခွန်းကို မေးလိုက်သည်နှင့် လင်းမြောင်မြောင်၏ နှလုံးခုန်သံက တစ်ချက် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး သူမ၏ မျက်နှာထားကို ပုံမှန်အတိုင်း ဖြစ်အောင် ကြိုးစား ထိန်းချုပ်လိုက်သည်။
သို့သော်လည်း လင်းယွမ်၏ စိတ်ထဲတွင်တော့ အခြေအနေကို ရိပ်မိနေပြီ ဖြစ်သည်။
"ရှင် ဘာလိုချင်လို့လဲ... ကျွန်မ ပြောနိုင်တာတွေ အကုန်ပြောပြပြီးပြီလေ" လင်းမြောင်မြောင်က အံကြိတ်ကာ လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
လင်းယွမ်က ခပ်ပေါ့ပေါ့ပင် "ဒီနေရာက ဘယ်နေရာလဲ" ဟု မေးလိုက်သည်။
လင်းမြောင်မြောင်က ကြောင်အသွားပြီးနောက် ချက်ချင်းပင် နားလည်သွားခဲ့သည်။ တစ်ဖက်လူက လမ်းပျောက်နေတာများလား။
ယခုအချိန်တွင် ကြီးမားသော ရေလွှမ်းမိုးမှုကြီးက အတိုင်းအဆမရှိ ပျံ့နှံ့နေပြီး နေရာများစွာကို ရေမြုပ်သွားစေခဲ့ပြီ ဖြစ်သည်။
လှမ်းကြည့်လိုက်လျှင် နေရာတိုင်းတွင် အဆုံးအစမရှိသော ရေပြင်ကြီးသာ ရှိနေသောကြောင့် လမ်းကြောင်း ပျောက်ဆုံးသွားရန် အလွန် လွယ်ကူပေသည်။
လင်းမြောင်မြောင်က "ဒီနေရာက ဟူကျိုးခရိုင်ရဲ့ ကျိအန်မြို့ပါ... ဖူရုံတောင်ကြားကို ရှင် ကြားဖူးလား... ရေကြီးမှုကြီး မဖြစ်ခင်က ဟူကျိုးမှာ နာမည်ကြီးတဲ့ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုလေ" ဟု ပြောလိုက်သည်။
"ဖူရုံတောင်ကြားက ဒီတစ်ဝိုက်မှာ အကြီးဆုံး ခိုလှုံရေးစခန်းပါ... အဲ့ဒီမှာ လူတစ်သောင်းနီးပါးလောက် စုဝေးနေကြတယ်"
"ရှင်သာ လမ်းပျောက်နေပြီး ပစ္စည်းတွေ ဖြည့်တင်းဖို့ လိုအပ်ရင် အဲ့ဒီကို သွားလို့ ရပါတယ်"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားပြီး စိတ်ထဲတွင် အံ့အားသင့်သွားခဲ့သည်။ ဤဟင်းလင်းပြင် ဆုံမှတ်မှ ထွက်လာပြီးနောက် ကျိအန်မြို့သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်လား။
ကျိအန်မြို့သည် လင်ကျောင်းမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း ဂေဟမြို့တော်မှ ဟူကျိုးအထိ ဆိုလျှင် မိုင်ခြောက်ဆယ်ကျော်ခန့် ဝေးကွာပေမည်။
သူက ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုကို ရိုးရိုးရှင်းရှင်းလေး ဖြတ်ကျော်ကာ ထွက်လာခဲ့ခြင်း ဖြစ်သော်လည်း မိုင်ခြောက်ဆယ်ကျော် အကွာအဝေးကို တိုက်ရိုက် ကျော်ဖြတ်နိုင်ခဲ့သည်မှာ တကယ်ကို တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။
ဟင်းလင်းပြင်၏ ထူးခြားဆန်းကြယ်မှုက လင်းယွမ်ကို အံ့မခန်း ဖြစ်သွားစေခဲ့သည်။
ဖူရုံတောင်ကြားနှင့် ပတ်သက်၍မူ လင်းယွမ်က တကယ်ကို သိမထားပေ။
ရေကြီးမှုကြီး မဖြစ်ခင်က သူသည် အိမ်ဖိုးပေးချေရန် ငွေရှာနေရသော ဝန်ထမ်း တစ်ယောက်သာ ဖြစ်ရာ ခရီးထွက်ရန် အချိန် မည်သို့ ရှိနိုင်မည်နည်း။
ထို့ကြောင့် အနီးအနားမြို့မှ နာမည်ကြီး ခရီးသွားနေရာ ဖြစ်နေလျှင်တောင် သူ ကြားပင် မကြားဖူးခဲ့ပေ။
လင်းမြောင်မြောင်၏ ပြောစကားအရ ဖူရုံတောင်ကြားသည် အလွန် ကျယ်ဝန်းလှပေမည်။ သို့မဟုတ်ပါက ဤမျှများပြားသော အသက်ရှင်ကျန်ရစ်သူများကို လက်ခံထားနိုင်မည် မဟုတ်ပေ။
လင်းယွမ်က "လူတစ်သောင်းလောက်ရှိတဲ့ ခိုလှုံရေးစခန်းမှာ မင်းတို့ ဘယ်လို အသက်ရှင်ကြတာလဲ... ရိက္ခာတွေက ဘယ်က ရတာလဲ" ဟု မေးလိုက်သည်။
လင်းမြောင်မြောင်က "တောင်ပေါ်မှာ ရေရတယ်... မီးရတယ်... စိုက်ပျိုးရေး လုပ်ကြတယ်... ရေထဲက သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဗိုက်ပြည့်အောင်တော့ စားလို့ ရပါတယ်" ဟု ပြောလိုက်သည်။
"ဟုတ်လား... ဗိုက်ပြည့်အောင် စားလို့ရမှတော့ မင်းတို့က ဘာလို့ ပစ္စည်းတွေ ထွက်ရှာနေသေးတာလဲ"
"ကျွန်မတို့ ရှာနေတာက သာမန် ပစ္စည်းတွေ မဟုတ်ဘူး... ကျွန်မတို့ ရှာနေတာက... ရှင် ကျွန်မကို စကားလာလိမ်နှိုက်နေတာပဲ"
လင်းမြောင်မြောင်က ချက်ချင်း သတိဝင်လာပြီး မျက်နှာ အကြီးအကျယ် ပျက်သွားတော့သည်။
သူမ၏ ဤ "ကျွန်မတို့" ဆိုသော စကားတစ်ခွန်းက သူမတွင် အဖော်ပါလာကြောင်းကို ဖွင့်ချလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
လင်းယွမ်က ခပ်ပေါ့ပေါ့ပင် "မင်း မပြောလည်း ငါ ခန့်မှန်းလို့ ရပါတယ်... ပစ္စည်းရှာဖို့ ထွက်လာတာကို ဘယ်လိုလုပ်ပြီး တစ်ယောက်ထဲ လာနိုင်မှာလဲ" ဟု ပြောလိုက်သည်။
လင်းမြောင်မြောင်၏ မျက်နှာထားက အဆက်မပြတ် ပြောင်းလဲသွားပြီး မျက်နှာက မှုန်ကုပ်သွားတော့သည်။
"ကျွန်မတို့က ရေစက်ဆုံလို့ တွေ့ရတာပါ... ကျွန်မလည်း ရှင့်ကို ဘာမှ ပြစ်မှားထားတာ မရှိဘူး... ရှင် တကယ် ဘာဖြစ်ချင်နေတာလဲ" လင်းမြောင်မြောင်က မနေနိုင်ဘဲ ဒေါသတကြီး မေးလိုက်သည်။
ရေကြီးမှုကြီး ပြီးနောက် လူ့စိတ်ကို ခန့်မှန်းရခက်ကာ လူဆိုးများ နေရာအနှံ့ ရှိနေကြောင်းကို သူမ သိထားသော်လည်း ဤသို့ မေးလိုက်ခြင်းက အနည်းငယ်တော့ ရိုးအလွန်းရာ ကျနေပေသည်။
သို့သော်လည်း သူမက မနေနိုင်ဘဲ နှုတ်မှ ထုတ်မေးလိုက်မိသည်။
လင်းယွမ်က သူမကို ပြန်မဖြေဘဲ "မင်း မြင်ခဲ့ရတဲ့... ဒဏ်ရာရနေတဲ့ မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သားရဲအကြောင်း... ငါ့ကို ပြောပြစမ်း" ဟု မေးလိုက်သည်။
လင်းမြောင်မြောင်က အံကို ကျိတ်လိုက်သည်။ တစ်ဖက်လူက သူမကို အပိုင်ကိုင်ထားပြီး အခြေအနေ တစ်ရပ်လုံးကို အပြည့်အဝ ထိန်းချုပ်ထားကြောင်း သူမ ခံစားလိုက်ရသည်။
သို့သော် အင်အားချင်းက မယှဉ်သာသဖြင့် အရှက်ကွဲမခံချင်ပါက လိမ်လိမ်မာမာဖြင့် ပူးပေါင်းရုံသာ ရှိပေတော့သည်။
"အဲ့ဒါက မြွေအမျိုးအစား သန္ဓေပြောင်း သားရဲတစ်ကောင်ပါ... အဲ့ဒီလောက် ကြီးတဲ့ မြွေကြီးမျိုးကို ကျွန်မ တစ်ခါမှ မမြင်ဖူးခဲ့ဘူး"
"မဟုတ်ဘူး... ဒါက မြွေလို့တောင် သတ်မှတ်လို့ မရလောက်ဘူး... နဂါးတစ်ကောင် ဖြစ်လောက်တယ်"
"သူ့အရှည်က အနည်းဆုံး ပေသုံးရာကျော် ရှိပြီးတော့... လုံးပတ်ကလည်း ပေငါးဆယ်လောက် ရှိတယ်... အကြေးခွံ တစ်ခွံကတင် လူတစ်ဝက်လောက် အမြင့် ရှိတယ်"
လင်းယွမ်၏ မျက်လုံးများအတွင်းမှ အလင်းတန်းများက ချက်ချင်းပင် ရုတ်ခြည်း တောက်ပလာပြီး သူ၏ စိတ်ထဲတွင် ပြင်းထန်သော အလိုအလျောက် သိစိတ်တစ်ခု ပေါ်လာတော့သည်။
တစ်ဖက်လူ ပြောနေသော ဤမြွေသည် ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာပေါက် အဆိုပါ ဓားမြီးပင်လယ်မြွေပင် ဖြစ်ရမည်။
သူက အလျင်အမြန်ပင် "သူက ဘယ်လိုလုပ်ပြီး ဒဏ်ရာရသွားတာလဲ" ဟု မေးလိုက်သည်။
"သူ့ရဲ့ အမြီး ပြတ်သွားတာ... ဟင်းလင်းပြင် ကြားထဲ ညပ်ပြီး ပြတ်သွားတာပါ" လင်းမြောင်မြောင်က ဖြေသည်။
"ဘာပြောတယ်"
လင်းမြောင်မြောင်က "အဲ့ဒီအချိန်တုန်းက ကျွန်မ အိမ်ထဲမှာ ထမင်းစားနေတာ... ရုတ်တရက် အပြင်ဘက်ကနေ ပေါက်ကွဲသံကြီး ထွက်လာတာကို ကြားလိုက်ရတယ်"
"ကျွန်မတို့... ကျွန်မ ချက်ချင်း ပြေးထွက်ပြီး အခြေအနေကို ကြည့်လိုက်တော့ ဟိုဘက် ကောင်းကင်ယံမှာ အပေါက်ကြီး တစ်ပေါက် ကွဲအက်နေတာကို မြင်လိုက်ရတယ်"
"အဲ့ဒီ အပေါက်ကြီးထဲကနေ လူတစ်ယောက် ခုန်ထွက်လာပြီး ရေထဲကို တိုက်ရိုက် ပြုတ်ကျသွားတယ်"
"အဲ့ဒီနောက် ချက်ချင်းဆိုသလိုပဲ... အရမ်းကြီးတဲ့ သန္ဓေပြောင်း မြွေကြီးတစ်ကောင် ထွက်လာတယ်"
"ဒါပေမဲ့ အဲ့ဒီ သန္ဓေပြောင်း မြွေကြီးက အရမ်း ရှည်လွန်းနေတော့ သူ အကုန် ထွက်မလာနိုင်ခင်မှာတင် ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးက ပြန်ပိတ်သွားခဲ့တယ်"
"အဲ့ဒီမြွေကြီးရဲ့ အမြီးက အဲ့ဒီလိုပဲ ဟင်းလင်းပြင် အက်ကွဲကြောင်းရဲ့ ဖြတ်တောက်ခံလိုက်ရတာပါ"
ယခုအခါ လင်းယွမ် အပြည့်အဝ အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။ ၎င်းက လီချင်းဟွာနှင့် အဆိုပါ ဓားမြီးပင်လယ်မြွေ ဖြစ်ရမည်မှာ သေချာလှသည်။
"အဲ့ဒီနောက်ရော" သူက ချက်ချင်း မေးလိုက်သည်။
"မသိဘူး... အဲ့ဒီလူနဲ့ မြွေကြီးက ရေထဲကို အတူတူ ပြုတ်ကျသွားတာပဲ"
လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး "မင်းရဲ့ အဖော်က အဲ့ဒီမြွေနဲ့ အဲ့ဒီလူကို သွားရှာနေတာများလား" ဟု ချက်ချင်း မေးလိုက်သည်။
လင်းမြောင်မြောင်က ချက်ချင်းပင် ပါးစပ်ကို ပိတ်ထားလိုက်ပြီး တစ်ခွန်းမှ ထပ်မပြောတော့ပေ။
သို့သော် ဤသို့ မပြောလိုက်ခြင်းက အကုန်ပြောပြလိုက်သည်နှင့် အတူတူပင် ဖြစ်သွားလေသည်။
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားပြီးနောက် စိတ်ပူပင်မနေတော့ပေ။
သူက လသာဆောင် အပြင်ဘက်ရှိ အဆုံးအစမရှိသော ရေပြင်ကြီးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပနေတော့သည်။
"ကြည့်ရတာ လီချင်းဟွာ ထွက်လာပြီ ထင်တယ်... အဲ့ဒီ ဓားမြီးပင်လယ်မြွေက သူ့ရဲ့ ဟင်းလင်းပြင် အက်ကွဲကြောင်းကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံလိုက်ရတာပဲ... လီချင်းဟွာက အဲ့ဒါကို ပြန်သတ်ဖို့များ အခွင့်အရေး ရှိမလား မသိဘူး"
သာမန် အစွမ်းပိုင်ရှင် တစ်ယောက်၏ စွမ်းအားဖြင့် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ သန္ဓေပြောင်း သားရဲကို ပြန်လည် သတ်ဖြတ်နိုင်ခြင်းပင် ဖြစ်သည်။
ထိုက်ယန်တောင် တစ်ခုလုံးတွင် မည်သူများ လုပ်နိုင်မည်နည်းဟု ဆိုရလျှင် ဤဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်သော လီချင်းဟွာ တစ်ယောက်တည်းသာ ရှိလောက်ပေမည်။
လီချင်းဟွာ၏ ပင်ကိုယ်စွမ်းရည်က အလွန် မြင့်မားပြီး ဟင်းလင်းပြင် အမျိုးအစား အစွမ်းကလည်း အလွန် ထူးခြားကာ အကန့်အသတ်မဲ့သော အလားအလာများ ရှိနေသည်။
လင်းယွမ်က အစောပိုင်းတွင် လီချင်းဟွာကို ဖမ်းမိခဲ့စဉ်က သတ်မပစ်ဘဲ လက်အောက်ခံအဖြစ် အသုံးပြုရန် ရွေးချယ်ခဲ့ခြင်းမှာ ရှားပါးလှသော သူ၏ ပင်ကိုယ်စွမ်းရည်ကြောင့်ပင် ဖြစ်သည်။
လင်းယွမ်က ဧည့်ခန်း ဆိုဖာပေါ်သို့ ပြန်ထိုင်လိုက်ပြီး ထပ်၍ မမေးတော့ပေ။
လင်းမြောင်မြောင်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် မနေနိုင်တော့ဘဲ "ရှင် တကယ် ဘာလိုချင်လို့လဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ခပ်ပေါ့ပေါ့ပင် "မင်းရဲ့ အဖော် ပြန်လာတာကို စောင့်မလို့" ဟု ဖြေလိုက်သည်။
"ရှင်..." လင်းမြောင်မြောင်၏ မျက်နှာက ပျက်သွားတော့သည်။
လင်းယွမ်က သူမ၏ စကားကို ဖြတ်ပြောလိုက်ပြီး "စိတ်ချပါ... မင်းတို့ကို ဘာမှ မလုပ်ပါဘူး... မင်းရဲ့ အဖော် စုံစမ်းလာတဲ့ သတင်းကိုပဲ ငါ လိုချင်တာပါ" ဟု ပြောလိုက်သည်။
လင်းမြောင်မြောင်၏ မျက်နှာက ဆိုးရွားနေသော်လည်း သူမက ဘာမှ လုပ်နိုင်စွမ်း မရှိပေ။
သူမက မူလနေရာတွင် စိုးရိမ်တကြီး ထိုင်နေပြီး လက်ရှိ အခက်အခဲကို ဖြေရှင်းရန် နည်းလမ်း အမျိုးမျိုး စဉ်းစားနေတော့သည်။
"ရှင်က ဘယ်သူလဲ"
"ရှင် လမ်းပျောက်နေတာလား"
"ရှင့်ကို ကျွန်မတို့ရဲ့ ခိုလှုံရေးစခန်းဆီ ခေါ်သွားပေးလို့ ရပါတယ်... ဖူရုံတောင်ကြားမှာ စားစရာ၊ ဝတ်စရာနဲ့ နေစရာ နေရာတွေ ရှိတယ်"
"ရှင့်ရဲ့ အစွမ်းနဲ့ဆို အဲ့ဒီမှာ ကောင်းကောင်းမွန်မွန် နေလို့ ရပါတယ်... ရေထဲမှာ မျောနေပြီး ရေပေါ်လေလွင့်သူ တစ်ယောက် ဖြစ်နေစရာ မလိုပါဘူး"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး "ရေပေါ်လေလွင့်သူ ဟုတ်လား" ဟု မေးလိုက်သည်။
လင်းမြောင်မြောင်က စိတ်ရှည်လက်ရှည်ဖြင့် "အဲ့ဒါက ရေပေါ်မှာ လုယက်ခိုးဝှက်ကြတဲ့ လူတစ်စုကို ခေါ်တာပါ... အချို့က အဖွဲ့လိုက် အလုပ်လုပ်ကြပြီး အချို့ကတော့ တစ်ကိုယ်တော် လှုပ်ရှားကြတယ်... ကျွန်မတို့ အားလုံးကတော့ သူတို့ကို လေလွင့်သူတွေလို့ ခေါ်ကြတယ်" ဟု ရှင်းပြလိုက်သည်။
"ဒီလူတွေက အပြင်မှာ လေလွင့်နေကြပေမဲ့... ရှင်တို့အားလုံးက အခြေချနေထိုင်လို့ရမယ့် နေရာတစ်ခုကို လိုချင်နေကြတယ် ဆိုတာ ကျွန်မ သိပါတယ်"
"သန္ဓေပြောင်း သားရဲတွေ အပြည့်ရှိနေတဲ့ ရေလွှမ်းမိုးမှုကြီးထဲမှာ... အမြဲတမ်း မျောပါပြီး လေလွင့်နေချင်မယ့်သူ မရှိဘူးလို့ ကျွန်မ ယုံကြည်တယ်"
သူမက လင်းယွမ်ကို စူးစိုက်ကြည့်ကာ လင်းယွမ်အား နားချရန် ကြိုးစားနေတော့သည်။
လင်းယွမ်က မနေနိုင်ဘဲ ပြုံးလိုက်သည်။ ဤမိန်းကလေးက သူ့ကို ရေပေါ်လေလွင့်သူ တစ်ယောက်အဖြစ် သတ်မှတ်ထားသည်ကိုး။
သူက ဘာမှ ရှင်းမပြတော့ဘဲ "ငါ့နာမည် လင်းယွမ်လို့ ခေါ်တယ်... မင်း ငါ့ကို ကိုလင်းယွမ်လို့ ခေါ်လို့ ရတယ်" ဟုသာ ပြောလိုက်သည်။
"ကိုလင်းယွမ် ဟုတ်လား... ရှင် ဘယ်ကလာတာလဲ" လင်းမြောင်မြောင်က လင်းယွမ် စကားပြန်ပြောသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ပြန်မဖြေဘဲ "စမ်းသပ်မနေနဲ့... မင်းရဲ့ အဖော် ပြန်လာလို့ ငါ လိုချင်တဲ့ သတင်းအချက်အလက် ရရင် မင်းတို့ကို ဒုက္ခမပေးပါဘူး" ဟုသာ ပြောလိုက်သည်။
လင်းမြောင်မြောင်က မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် လက်မှိုင်ချသွားတော့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ရေလှိုင်းပုတ်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုနောက် ချက်ချင်းဆိုသလိုပင် လှိုင်းလုံးများ လိမ့်တက်လာပြီး လူရိပ်တစ်ခုက ရေအောက်မှနေ၍ လေထဲသို့ ခုန်တက်ကာ အဆောက်အအုံ၏ အပြင်ဘက်နံရံပေါ်သို့ တွယ်တက်လာခဲ့သည်။
လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး လင်းမြောင်မြောင်ကလည်း ချက်ချင်း စိုးရိမ်သွားကာ လာမည့်သူကို သတိပေးရန် ပါးစပ်ဟလိုက်သည်ကို မြင်လိုက်ရသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ခန္ဓာကိုယ်က လုံးဝ လှုပ်ရှား၍ မရတော့ကြောင်း ခံစားလိုက်ရသည်။
လင်းယွမ်က ရုပ်သေးကြိုးမျှင်များဖြင့် သူမကို တိုက်ရိုက် ထိန်းချုပ်ထားလိုက်ခြင်းပင် ဖြစ်သည်။
အချိန်သိပ်မကြာလိုက်ဘဲ လသာဆောင်ဘက်မှ လှုပ်ရှားသံများကို ကြားလိုက်ရပြီး လူရိပ်တစ်ခုက လသာဆောင်အတွင်းသို့ သွက်လက်စွာ ခုန်ဝင်လာခဲ့သည်။
လာသူ၏ တစ်ကိုယ်လုံးတွင် အပြာရောင် သန်းနေသော အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး နားရွက်နောက်တွင် ငါးပါးဟပ်ကဲ့သို့ အင်္ဂါများ ရှိနေပေသည်။
သူ၏ ခန္ဓာကိုယ် မြေပြင်သို့ ကျရောက်လာသည်နှင့်အမျှ ရေစက်များစွာက သူ့ကိုယ်ပေါ်မှ တစ်စက်စက် ကျဆင်းလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကလည်း လူသားပုံစံသို့ အလျင်အမြန် ပြန်လည်ပြောင်းလဲလာတော့သည်။
ထိုသူက အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် သိသာထင်ရှားသော ကြွက်သားများ ရှိနေပေသည်။
ထိုသူသည် "ရေလူသား" အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
"မြောင်မြောင်... ငါ ဘာတွေ့ခဲ့လဲ နင်မှန်းကြည့်စမ်း"
လာသူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေပြီး လသာဆောင်တွင် ငြိမ်သက်စွာ ထိုင်နေသော လင်းမြောင်မြောင်ကို ချက်ချင်းပင် မြင်တွေ့သွားခဲ့သည်။
ဧည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော လင်းယွမ်ကိုမူ သူ လုံးဝ သတိမထားမိခဲ့ပေ။
လင်းမြောင်မြောင်သည် လှုပ်ရှား၍ မရဘဲ သူမ၏ မျက်လုံးများအတွင်း စိုးရိမ်ပူပန်မှုများ အပြည့်ရှိနေပေသည်။
လင်းကျင်းထောင်၏ အပြုံးများက ရပ်တန့်သွားပြီး တစ်ခုခု မှားယွင်းနေကြောင်းကို သူလည်း သတိထားမိသွားခဲ့သည်။
ချက်ချင်းပင် သူက ခေါင်းကို ရုတ်တရက် လှည့်ကာ အခန်းတွင်းသို့ ကြည့်လိုက်သည်။
ထို့နောက် ဆိုဖာပေါ်တွင် ထိုင်နေသော လင်းယွမ်ကို မြင်တွေ့သွားတော့သည်။
"မင်းက ဘယ်သူလဲ"
လင်းကျင်းထောင်၏ မျက်နှာက ချက်ချင်း ပျက်သွားပြီး လင်းယွမ်ကို အလျင်စလို မတိုက်ခိုက်ဘဲ လင်းမြောင်မြောင်၏ အရှေ့မှနေ၍ အလျင်အမြန် ကာကွယ်ပေးလိုက်သည်။
လင်းယွမ်၏ မျက်လုံးများတွင် ချီးကျူးမှု တစ်စွန်းတစ်စ ပေါ်လာခဲ့ပြီး သူက မတ်တတ်ရပ်ကာ "ငါက လင်းယွမ်ပဲ... မင်း ဒီလောက်တောင် ဝမ်းသာနေတာ ကြည့်ရတာ ရေအောက်မှာ တစ်ခုခု ကြီးကြီးမားမား ရှာတွေ့လာလို့လား" ဟု ပြောလိုက်သည်။
လင်းကျင်းထောင်၏ မျက်နှာက ဆိုးရွားနေပြီး လက်လှမ်းကာ သူ၏ ညီမဖြစ်သူ လင်းမြောင်မြောင်ကို ဆွဲလိုက်သည်။
သို့သော်လည်း လင်းမြောင်မြောင်က ရုပ်သေးရုပ် တစ်ရုပ်လိုပင် သူ ဆွဲသည့်အတိုင်းသာ ပါလာပြီး မည်သည့် ကိုယ်ပိုင်လှုပ်ရှားမှုမျှ မရှိတော့ပေ။
သူ့မျက်နှာက အကြီးအကျယ် ပျက်သွားပြီး လင်းယွမ်ကို စူးစိုက်ကြည့်ကာ "ခွေးကောင်... ငါ့ညီမကို မင်း ဘာလုပ်လိုက်တာလဲ" ဟု ဒေါသတကြီး မေးလိုက်သည်။
လင်းယွမ်က ရုပ်သေးကြိုးမျှင်၏ တစ်စိတ်တစ်ပိုင်းကို ဖြေလျှော့ပေးလိုက်ပြီး "လင်းမြောင်မြောင်... မင်းပဲ သူ့ကို ပြောပြလိုက်ပါ" ဟု ပြောလိုက်သည်။
လင်းမြောင်မြောင်က သူမကိုယ်သူမ စကားပြောနိုင်ပြီ ဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရသော်လည်း ခေါင်းကိုသာ လှုပ်ရှား၍ ရနေသေးပေသည်။
သူမက အလွန် ထိတ်လန့်သွားပြီး လင်းယွမ်၏ အစွမ်းအပေါ် အံ့အားသင့်သွားတော့သည်။
"အစ်ကို... စိတ်လိုက်မာန်ပါ မလုပ်နဲ့... သူ ကျွန်မကို ဘာမှ မလုပ်ထားပါဘူး"
လင်းမြောင်မြောင်က လင်းကျင်းထောင်ကို ချက်ချင်းပင် တားဆီးလိုက်သည်။ အစ်ကိုဖြစ်သူ၏ ဒေါသကို သူမ အသိဆုံးပင် ဖြစ်သည်။
သူမ၏ အစ်ကိုက ပုံမှန်အားဖြင့် စကားပြောရ အလွန် လွယ်ကူသော်လည်း ညီမဖြစ်သူ သူမနှင့် ပတ်သက်လာပါက အသက်ကိုတောင် စတေးရဲသူ ဖြစ်သည်။
လင်းကျင်းထောင်က လင်းမြောင်မြောင်ကို တစ်ချက် ကြည့်လိုက်ရာ သူမက တစ်ပါးသူ၏ ထိန်းချုပ်ခံထားရသော်လည်း ခန္ဓာကိုယ်ပေါ်တွင် စော်ကားခံထားရသည့် လက္ခဏာမျိုး မရှိသည်ကို မြင်လိုက်ရသဖြင့် သူ့ကို အနည်းငယ် သက်ပြင်းချနိုင်သွားစေခဲ့သည်။
သူက လင်းယွမ်ကို မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် ကြည့်ကာ "ကိုလင်းယွမ် ဟုတ်လား... ကျွန်တော်တို့ မောင်နှမက ခင်ဗျားကို ဘာမှ ပြစ်မှားထားတာ မရှိဘူးလေ... ခင်ဗျား ဘာလိုချင်လို့လဲ... အရင်ဆုံး ကျွန်တော့်ညီမကို လွှတ်ပေးလို့ ရမလား" ဟု ပြောလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "ရတာပေါ့... ငါက အထင်လွဲတာမျိုး မဖြစ်ချင်လို့ မင်းညီမကို ထိန်းချုပ်ထားလိုက်တာပါ" ဟု ဖြေလိုက်သည်။
ထိုသို့ ပြောလိုက်ပြီး သူက ရုပ်သေးကြိုးမျှင်များကို ဖြုတ်ပေးလိုက်ရာ လင်းမြောင်မြောင်က ချက်ချင်းပင် လွတ်လပ်သွားတော့သည်။
သူမက လက်နှင့်ခြေထောက်များကို တစ်ချက် လှုပ်ရှားလိုက်ပြီး အစ်ကိုဖြစ်သူ အနားသို့ အလျင်အမြန် ကပ်သွားခဲ့သည်။
လင်းကျင်းထောင်က ယင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လက်ပါရန် ပြင်လိုက်သည်။
သို့သော် လင်းမြောင်မြောင်က သူ့ကို အတင်းဆွဲထားလိုက်ပြီး သူမ၏ ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။
"အစ်ကို... စိတ်လိုက်မာန်ပါ မလုပ်နဲ့... ကျွန်မတို့ သူ့ကို မယှဉ်နိုင်ဘူး"
လင်းကျင်းထောင်၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း စိတ်ကို ပြန်လည် ငြိမ်သက်စေကာ "ကိုလင်းယွမ်... ခင်ဗျား ဘာလိုချင်လို့လဲ" ဟု မေးလိုက်သည်။
"မင်း ဒီတစ်ခေါက် အပြင်ထွက်သွားတော့ ရေအောက်မှာ ဘာတွေ တွေ့ခဲ့လဲဆိုတာကို ငါ သိချင်တယ်"
ဆက်ရန်...
***