လင်းကျင်းထောင်က ကြောင်အသွားပြီး သူ၏ ညီမဖြစ်သူ လင်းမြောင်မြောင်ကို အရင် လှမ်းကြည့်လိုက်သည်။
လင်းမြောင်မြောင်က တိုးညှင်းသော အသံဖြင့် "သူက အဲ့ဒီ သန္ဓေပြောင်း မြွေကြီးအကြောင်းကို သိချင်နေတာ" ဟု ပြောလိုက်သည်။
လင်းကျင်းထောင်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် "ကျွန်တော်တို့ ပြောပြရင် ခင်ဗျား ကျွန်တော်တို့ကို လွှတ်ပေးမှာလား" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ငါက မင်းတို့ကို ဖမ်းထားဖို့ ရည်ရွယ်ချက်မရှိဘူး"
လင်းကျင်းထောင်က လေးနက်သော အသံဖြင့် "ခင်ဗျားကို ကျွန်တော်က ဘယ်လို ယုံရမှာလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါလိုက်ပြီး "မင်း ရှင်းရှင်းလင်းလင်း သိထားရမှာက... ငါသာ တကယ် အကြမ်းဖက်ချင်ရင် မင်းရဲ့ညီမက မင်းရဲ့ အကြီးမားဆုံး အားနည်းချက်ပဲ... ငါက မင်းကို အလွယ်လေး ထိန်းချုပ်လို့ ရတယ်" ဟု ပြောလိုက်သည်။
လင်းကျင်းထောင်က ချက်ချင်းပင် ပြောစရာ စကားမဲ့သွားခဲ့သည်။
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ "တော်တော်လေး ပွင့်လင်းတာပဲ ဒါဆိုရင်လည်း ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်" ဟု ပြောလိုက်သည်။
"ရေအောက်မှာ အဲ့ဒီ သန္ဓေပြောင်း မြွေကြီးရဲ့ အမြီးကို ကျွန်တော် တွေ့ခဲ့တယ် ဒါပေမဲ့ သူ့အမြီးက အရမ်း လေးလွန်းတော့ ကျွန်တော် မသယ်နိုင်ခဲ့ဘူး အခုတော့ အဲ့ဒီ အမြီးနားမှာ သန္ဓေပြောင်း သတ္တဝါတွေ အများကြီး စုဝေးပြီး ကိုက်စားနေကြပြီ"
"ဒါက အစွမ်းထက်တဲ့ မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်း သားရဲတစ်ကောင်ရဲ့ အမြီးပဲ... သေချာပေါက် သွေးသားစွမ်းအင်တွေ အများကြီး ပါနေမှာ... စားသုံးပြီး စုပ်ယူနိုင်မယ်ဆိုရင် အစွမ်းကို အမြန်ဆုံး မြှင့်တင်နိုင်မှာ အသေအချာပဲ"
"အခု ခင်ဗျား သွားမယ်ဆိုရင် အချိန်မီနိုင်သေးတယ်"
လင်းကျင်းထောင်က လင်းယွမ်အား မြှောက်ပင့်ပေးလိုက်ပြီး လင်းယွမ်အနေဖြင့် ထိုသန္ဓေပြောင်း သားရဲ၏ အမြီးကို ချက်ချင်း သွားရောက်ရှာဖွေကာ သူတို့ မောင်နှမအား ဆက်လက်၍ အကျပ်အတည်း မတွေ့စေရန် မျှော်လင့်နေခဲ့သည်။
လင်းယွမ်က အလောတကြီး မလုပ်ဘဲ "အဲ့ဒီ အမြီးကလွဲပြီး တခြား အခြေအနေတွေကိုကော မင်း မတွေ့ခဲ့ဘူးလား" ဟု မေးလိုက်သည်။
"ဘာအခြေအနေလဲ"
"ဟင်းလင်းပြင် အက်ကြောင်းထဲကနေ ထွက်ပြေးလာတဲ့ လူနဲ့ ဧရာမမြွေကြီးလေ"
လင်းကျင်းထောင်က ခေါင်းခါလိုက်ပြီး "ကျွန်တော်က မျိုးရိုးဗီဇမျိုးစေ့ကိုမှ မစုစည်းရသေးတာ... ဒီလို ဘီလူးကောင်မျိုးကို ဘယ်လိုလုပ် အနားကပ်ရဲမှာလဲ... အဲ့ဒီ ဘီလူးကောင်ရဲ့ ပြတ်နေတဲ့ အမြီးနားကိုတောင် ကျွန်တော် မကပ်ရဲဘူး"
"အနီးအနားမှာ သန္ဓေပြောင်း သားရဲတွေက အရမ်း များလွန်းတယ်"
"ခင်ဗျား ပြောတဲ့ လူဆိုတာကိုတော့ ကျွန်တော် မတွေ့ခဲ့ဘူး"
လင်းယွမ်က သူ၏ စိတ်ခံစားမှု အတက်အကျ ပုံမှန်ဖြစ်နေသည်ကို ခံစားမိလိုက်သောကြောင့် လိမ်ညာနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။
ထို့နောက် သူက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး "အဲ့ဒီ ပြတ်နေတဲ့ အမြီးရှိတဲ့နေရာ ငါ့ကို လိုက်ပြ" ဟု ပြောလိုက်သည်။
လင်းကျင်းထောင်က တုံ့ဆိုင်းသွားပြီး "ခင်ဗျားကို ကျွန်တော် လမ်းပြပေးလို့ ရတယ်... ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ညီမကို အရင် လွှတ်ပေးရမယ်" ဟု ပြောလိုက်သည်။
လင်းယွမ်က လင်းမြောင်မြောင်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ကာ "ရတယ်" ဟု တိုက်ရိုက်ပင် ပြောလိုက်သည်။
လင်းကျင်းထောင်က ချက်ချင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သို့သော် လင်းမြောင်မြောင်က ချက်ချင်း အော်ဟစ်လိုက်ပြီး "မရဘူး... ညီမလေး အစ်ကိုနဲ့ အတူတူ လိုက်ခဲ့မယ်"
"မြောင်မြောင်" လင်းကျင်းထောင်၏ အသံက လေးနက်သွားပြီး သူမအား ခေါင်းခါပြကာ "နင် အရင် ပြန်နှင့်... ငါပြန်လာခဲ့မယ်" ဟု ပြောလိုက်သည်။
"နင့်ကို သေချာ ဂရုစိုက်ပါ့မယ်လို့... ငါအဖေ့ကို ကတိပေးထားတာ"
လင်းမြောင်မြောင်က မျက်ရည်ဝဲလာပြီး "မရဘူး... ဒီလောကမှာ ညီမလေးအတွက် အစ်ကို တစ်ယောက်ပဲ ဆွေမျိုး ရှိတော့တာလေ... အစ်ကိုသာ တစ်ခုခု ဖြစ်သွားရင် ညီမလေး အသက်ရှင်နေရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"
လင်းယွမ်က ဤမောင်နှမနှစ်ဦး၏ သေကွဲကွဲရတော့မည့် ပုံစံကို ကြည့်ကာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။
သူက မနေနိုင်တော့ဘဲ "ဒီမှာ... မင်းတို့ မောင်နှမ နှစ်ယောက် တော်သင့်ရုံပဲ လုပ်တာကောင်းမယ်... မင်းအစ်ကိုကို လမ်းပြခိုင်းရုံလေးကို ဘာလို့ အဲ့ဒီလောက်တောင် ဖြစ်နေရတာလဲ" ဟု ပြောလိုက်သည်။
"ငါက သူ့ကို အန္တရာယ် မပေးဘူးလို့ ပြောရင်... မပေးဘူးလို့သာမှတ်ထားလိုက်"
လင်းကျင်းထောင်က ခေါင်းလှည့်ကာ လင်းယွမ်ကို သေချာ ကြည့်လိုက်ပြီး နောက်ဆုံးတွင် လေးနက်သော အသံဖြင့် "ခင်ဗျားကို ကျွန်တော် ယုံတယ်... ခင်ဗျားက ဟို ရေပေါ်လေလွင့်သူတွေနဲ့ မတူဘူး" ဟု ပြောလိုက်သည်။
"မြောင်မြောင်... ဒါဆိုရင်လည်း နင်ပါ အတူတူ လိုက်ခဲ့လိုက်"
လင်းယွမ်က "သူက ဘာအစွမ်းလဲ ရေအောက်မှာရော အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
လင်းကျင်းထောင်က ပြုံးလိုက်ပြီး ဂုဏ်ယူစွာဖြင့် "ကျွန်တော့်ညီမက သဘာဝဓာတ် အမျိုးအစား အစွမ်းပိုင်ရှင်လေ... ရေဓာတ် အစွမ်းပိုင်ရှင်... ခင်ဗျား ဘယ်လိုထင်လဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က လင်းမြောင်မြောင်ကို မနေနိုင်ဘဲ တစ်ချက် ကြည့်လိုက်မိရာ ဤကောင်မလေးက ရေဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ဒါဆိုရင် သွားကြတာပေါ့"
လင်းကျင်းထောင်က လမ်းပြပေးကာ သူတို့သုံးဦးလုံး ခုန်ထွက်လိုက်ပြီး ရေလွှမ်းမိုးနေသော နေရာအတွင်းသို့ လျင်မြန်စွာ ခုန်ဆင်းသွားကြသည်။
ရေအောက်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် လင်းကျင်းထောင်က ရေလူသား အသွင်သို့ ပြောင်းလဲသွားပြီး လင်းယွမ်ကို လှည့်ကြည့်လိုက်သည်။
ထိုသို့ ကြည့်လိုက်သောအခါ သူက ချက်ချင်း ကြောင်အသွားခဲ့သည်။
လင်းယွမ်ကလည်း ရေလူသား အသွင်ကို ပြသထားသောကြောင့် ဖြစ်သည်။
တစ်ခဏချင်းမှာပင် လင်းကျင်းထောင်က လင်းယွမ်အပေါ် အကြောင်းရင်းမရှိဘဲ ရင်းနှီးကျွမ်းဝင်မှု အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
သူတို့အားလုံးက တူညီသော အစွမ်းပိုင်ရှင်များ ဖြစ်ပြီး မျိုးနွယ်တူများ ဖြစ်နေကြသည် မဟုတ်ပါလား။
လင်းမြောင်မြောင်ကလည်း လင်းယွမ်ကို အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ပြီး လင်းယွမ်က စိတ်စွမ်းအင် သိုင်းပညာရှင် တစ်ဦး ဖြစ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
ဘယ်လိုလုပ်ပြီး ရေလူသားနဲ့ ဆင်တူတဲ့ အသွင်ပြောင်း အစွမ်းကိုပါ ပိုင်ဆိုင်ထားရတာလဲ။
လင်းယွမ်က လင်းမြောင်မြောင်ကို ကြည့်လိုက်ရာ သူမတွင် ရေအောက်၌ အသက်ရှူနိုင်သော စွမ်းရည် မရှိသည်ကို သတိပြုမိလိုက်သည်။
သို့သော် သူမက ရေဓာတ် အစွမ်းပိုင်ရှင် ဖြစ်သောကြောင့် ရေစီးကြောင်းများကို ထိန်းချုပ်နိုင်ပြီး သူမ၏ ဘေးပတ်လည်မှ ရေများက အလိုအလျောက် ကွဲထွက်သွားကြသည်။
ထို့ကြောင့် ရုတ်တရက် ကြည့်လိုက်လျှင် သူမ၏ ပတ်လည်တွင် ရေစီးကြောင်း အကာအကွယ် တစ်ခု ဖြစ်ပေါ်နေသကဲ့သို့ ဖြစ်နေပြီး ရေစီးကြောင်းများ အားလုံးက သူမကို ကွေ့ပတ်၍ စီးဆင်းသွားကြသည်။
လင်းယွမ်က လင်းကျင်းထောင်ကို ကြည့်ကာ ရှေ့မှ သွားရန် လက်ဟန်ပြလိုက်သည်။
လင်းကျင်းထောင်က ခေါင်းညိတ်လိုက်ပြီးနောက် ဦးတည်ချက် တစ်ခုဆီသို့ လျင်မြန်စွာ ကူးခတ်သွားခဲ့သည်။
လင်းယွမ်နှင့် လင်းမြောင်မြောင်တို့ကလည်း အနောက်မှ ကပ်၍ လိုက်ပါသွားကြပြီး သူတို့သုံးဦး၏ အမြန်နှုန်းမှာ မနှေးကွေးလှသဖြင့် မကြာမီမှာပင် မိုင်အနည်းငယ်ခန့် ကူးခတ်သွားခဲ့ကြသည်။
ထို့နောက် အရှေ့မှ လင်းကျင်းထောင်က ရပ်တန့်သွားပြီး မလှမ်းမကမ်းဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
လင်းယွမ်က လှမ်းကြည့်လိုက်ရာ အရှေ့ဘက် ရေအောက်တွင် အလွန်များပြား ထူထပ်လှသော သန္ဓေပြောင်း ငါးအုပ်ကြီး စုဝေးနေသည်ကို တွေ့လိုက်ရပြီး အကြီးအသေး အရွယ်စုံ ပါဝင်ကာ ပြည့်နှက်နေပေသည်။
ခန့်မှန်းခြေ ကြည့်ရမည်ဆိုလျှင် ထိုနေရာတွင် သန္ဓေပြောင်း ငါးကောင်ရေ ရာနှင့်ချီ၍ စုဝေးနေမည်မှာ သေချာလှသည်။
ထိုရေပြင် ဧရိယာ တစ်ခုလုံးက နောက်ကျိနေပြီး နီမှိုင်းမှိုင်း သွေးများက ရေထဲတွင် ပျံ့နှံ့နေသည်။
လင်းမြောင်မြောင်နှင့် လင်းကျင်းထောင်တို့၏ မျက်နှာများက လေးနက်သွားကြပြီး မလှုပ်ရှားရဲကြပေ။
သူတို့က မျက်စိရှေ့ရှိ ဧရာမ သန္ဓေပြောင်း ငါးအုပ်ကြီးကြောင့် ကြောက်ရွံ့သွားခဲ့ကြသည်မှာ သိသာထင်ရှားလှသည်။
လင်းကျင်းထောင်က ခေါင်းလှည့်ကာ လင်းယွမ်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ပွဲကြည့်ချင်သော အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားခဲ့သည်။
သူက "ခင်ဗျား ကျွန်တော့်ကို ခေါ်လာခိုင်းလို့ အခု ကျွန်တော် ခေါ်လာပေးပြီ"
"ခင်ဗျားမှာ အရည်အချင်းရှိရင် သွားယူလိုက်ပေါ့" ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
မျိုးရိုးဗီဇ သန္ဓေပြောင်း သားရဲရဲ့ သွေးနဲ့ အသားက အဲ့ဒီလောက် ယူရ လွယ်ကူနေလို့လား။
သို့သော် လင်းယွမ်၏ မျက်နှာပေါ်တွင် မည်သည့် လေးနက်တည်ကြည်မှုမျိုးမှ မတွေ့ရဘဲ ဆန့်ကျင်ဘက် အနေဖြင့် ဝမ်းသာအားရ ဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်ကို သူ တွေ့လိုက်ရသည်။
လင်းကျင်းထောင်က နားမလည်နိုင်အောင် ဖြစ်သွားပြီး "သူက ဘာလို့ ပျော်နေတာလဲ"
သို့သော် လင်းယွမ်က ထိုသန္ဓေပြောင်း ငါးအုပ်ကြီးဆီသို့ အလွန် လျင်မြန်စွာ ကူးခတ်သွားသည်ကို သူ တွေ့လိုက်ရသည်။
သူက ချက်ချင်း အလွန်တရာ အံ့အားသင့်သွားပြီး လင်းယွမ်အား သတိထားရန် အော်ဟစ် သတိပေးချင်သွားသည်။
သို့သော် ချက်ချင်းပင် ပါးစပ်ကို အမြန် ပိတ်ထားလိုက်သည်။
လင်းယွမ်သာ သန္ဓေပြောင်း ငါးအုပ်ကြီး၏ တိုက်ခိုက်မှုကို ခံရပါက သူနှင့် သူ၏ ညီမဖြစ်သူတို့ ချက်ချင်း ထွက်ပြေးလို့ ရပြီ မဟုတ်ပါလား။
ထိုသို့ တွေးမိလိုက်သည်နှင့် သူက အသံမထွက်စေဘဲ ညီမဖြစ်သူအား ဆွဲကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် လင်းမြောင်မြောင်က မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်သော အမူအရာများ ပေါ်လွင်လာခဲ့သည်။
လင်းကျင်းထောင်က သူမအား ဆွဲမရတော့သဖြင့် အနည်းငယ် အံ့သြသံသယဖြစ်သွားကာ အနောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုသို့ ကြည့်လိုက်သောအခါ သူ၏ တစ်သက်တာလုံး မေ့ဖျောက်၍ မရနိုင်တော့မည့် မြင်ကွင်းတစ်ခုကို ချက်ချင်း တွေ့မြင်လိုက်ရလေသည်။
လင်းယွမ်က ထိုသန္ဓေပြောင်း ငါးအုပ်ကြီးအနီးသို့ အလျင်အမြန် ချဉ်းကပ်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် ပုံသဏ္ဌာန်မဲ့သော စိတ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခုက တိုက်ခတ်ထွက်ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပေတစ်ထောင့်သုံးရာနီးပါး ပတ်လည်အတွင်းရှိ သန္ဓေပြောင်း ငါးများ အားလုံး၏ ခေါင်းများက ချက်ချင်း ပေါက်ကွဲထွက်သွားခဲ့ကြသည်။
ထိတ်လန့်ဖွယ်ကောင်းသော စိတ်ဝိညာဉ် ရိုက်ခတ်အစွမ်း၏ ခွဲခြားမှုမရှိသော ဧရိယာ တိုက်ခိုက်မှုက ပတ်ဝန်းကျင် တစ်ခုလုံးရှိ သက်ရှိအားလုံးကို တစ်စက္ကန့်အတွင်းမှာပင် သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။
လင်းယွမ်၏ စိတ်ထဲတွင်လည်း စနစ်ဆီမှ အမှတ်များ ရရှိကြောင်း အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
သူက ထိုအသံများကို တိုက်ရိုက်ပင် ပိတ်ထားလိုက်ပြီး ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်း ငါးများက မိုးရေများကဲ့သို့ ဆက်တိုက် ကျဆင်းသွားသည်ကို ကြည့်နေလိုက်သည်။
လင်းယွမ်၏ အပြုံးက ပိုမို နက်ရှိုင်းသွားပြီး လက်တစ်ချက် ဝှေ့ယမ်းကာ ထိုသန္ဓေပြောင်း ငါးများကို သူ၏ ပစ္စည်းသိုလှောင်ခန်း အတွင်းသို့ တစ်ကောင်ပြီးတစ်ကောင် ထည့်သွင်းလိုက်သည်။
ဤသန္ဓေပြောင်း ငါးများ၏ သွေး၊ အသားနှင့် အရိုးများ အားလုံးက အသုံးဝင်လှပြီး ပြန်ရောက်သွားပြီးနောက် သားသတ်ရုံသို့ ပေးလိုက်ပါက သင်္ကေတ အရိုးများပင် ရရှိလာနိုင်ခြေ ရှိပေသည်။
လင်းယွမ်က ရပ်တန့်မနေဘဲ သန္ဓေပြောင်း ငါးအုပ်ကြီး အတွင်းသို့ ဆက်တိုက် ဝင်ရောက်သွားခဲ့သည်။
မကြာမီမှာပင် အရှေ့ဘက်တွင် လူနေအိမ်တစ်လုံးကို ဖိချေထားသော ဧရာမ အသားတုံးကြီး တစ်တုံးကို သူ တွေ့လိုက်ရသည်။
ထိုအသားတုံးကြီးမှာ ပေသုံးဆယ်ခန့်ပင် မပြည့်ဘဲ ပြားချပ်ချပ် ပုံသဏ္ဌာန် ရှိနေသည်။
သို့သော် ယခုအချိန်တွင် အစွန်အဖျားရှိ အသားတုံးများကို သန္ဓေပြောင်း ငါးများက အများအပြား ကိုက်စားထားကြပြီ ဖြစ်ရာ ကြောက်မက်ဖွယ်ကောင်းသော အရိုးဖြူများပင် ပေါ်လွင်နေလေပြီ။
ထိုကိုက်စားခံထားရသော အစိတ်အပိုင်းများမှ သွေးများ အမြောက်အမြား စီးထွက်နေပြီး ရေထဲတွင် ပျံ့လွင့်နေသည်။
ပြင်းထန်လှသော သန္ဓေပြောင်းစွမ်းအင်များ ပါဝင်သည့် ဤသွေးသား အဆီအနှစ်များကပင် သန္ဓေပြောင်း သတ္တဝါ အမြောက်အမြားကို ဆွဲဆောင်ထားခြင်း ဖြစ်ပေသည်။
လင်းယွမ်က ထိုပြားချပ်ချပ် သွေးသားတုံးကြီး အရှေ့သို့ လျှောက်သွားလိုက်ရာ အသားတုံး၏ မျက်နှာပြင်ပေါ်တွင် မာကျောသော အကြေးခွံ အမြောက်အမြား ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
ထိုသန္ဓေပြောင်း ငါးများက အစွန်အဖျား အစိတ်အပိုင်းများကိုသာ ကိုက်စားနေကြသည်မှာ မဆန်းလှပေ။ ဤအပေါ်ယံ အကြေးခွံများက အရမ်း မာကျောလွန်းနေသည် မဟုတ်ပါလား။
ဓားမြီး ပင်လယ်မြွေကြီး သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဤအကြေးခွံများကို သာမန် သန္ဓေပြောင်း ငါးများက ကိုက်ဖောက်နိုင်စွမ်း မရှိကြပေ။
သူတို့က ဟင်းလင်းပြင် အက်ကြောင်းကြောင့် ပြတ်တောက်သွားသော အစိတ်အပိုင်းများ တစ်လျှောက်ကိုသာ ကိုက်ဖြတ်နိုင်ကြခြင်း ဖြစ်သည်။
လင်းယွမ်က လက်လှမ်းကာ ဤပြတ်တောက်နေသော အမြီးကြီးကို ဖမ်းဆုပ်လိုက်ပြီး တစ်ခုလုံးကို ပစ္စည်းသိုလှောင်ခန်း အတွင်းသို့ တိုက်ရိုက်ပင် ထည့်သွင်းလိုက်သည်။
ခန့်မှန်းခြေ တွက်ကြည့်ရမည်ဆိုလျှင် ဤပြတ်နေသော အမြီးကြီးက တန်ချိန် ဆယ်ဂဏန်းခန့် အလေးချိန် ရှိပေမည်။
လင်းကျင်းထောင် မသယ်နိုင်ခဲ့သည်မှာလည်း အံ့သြစရာ မရှိတော့ပေ။
ယခုမူ မျက်စိရှေ့တွင် လင်းယွမ်က လက်ဖြင့် တစ်ချက် ထိလိုက်ရုံဖြင့် တန်ချိန် ဆယ်ဂဏန်းခန့် အလေးချိန်ရှိသော ပြတ်နေသည့် အမြီးကြီးက လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့လေပြီ။
လင်းကျင်းထောင်က ချက်ချင်း မျက်လုံးပြူးသွားပြီး အလွန်တရာ တုန်လှုပ်ချောက်ချားသွားသော အမူအရာများ ပေါ်လွင်လာခဲ့သည်။
"ဒါ... ဒါ... ဒါက ဘာသဘောလဲ" လင်းကျင်းထောင်က အံ့သြတကြီး ရေရွတ်လိုက်ရာ သူ၏ ပါးနှစ်ဖက်မှ ပူဖောင်းများက ဘလူးဘလူး လည်ပတ်ထွက်ပေါ်လာခဲ့သည်။
လင်းမြောင်မြောင်ကလည်း မျက်လုံးပြူးသွားပြီး နှလုံးခုန်သံများ မြန်ဆန်လာကာ ရုတ်တရက် သတိဝင်လာပြီး "ဟင်းလင်းပြင် အမျိုးအစား အစွမ်းပဲ... သူ... သူက ဟင်းလင်းပြင် အမျိုးအစား အစွမ်းပိုင်ရှင်ပဲ" ဟု ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ပါဘူး... သူက ရေလူသား အသွင်ပြောင်း အစွမ်းပိုင်ရှင် ဖြစ်နေတာလေ" လင်းကျင်းထောင်က မနေနိုင်ဘဲ ပြောလိုက်သည်။
လင်းမြောင်မြောင်ကလည်း ချက်ချင်း သတိဝင်လာပြီးနောက် "ဒါဆိုရင် သူ့မှာ ဟင်းလင်းပြင် အမျိုးအစား အသုံးအဆောင် ပစ္စည်းတွေ ရှိနေလို့ ဖြစ်ရမယ်" ဟု ထပ်ပြောလိုက်သည်။
ထိုခန့်မှန်းချက်က လင်းကျင်းထောင်ကိုပါ ချက်ချင်း သဘောပေါက်သွားစေခဲ့သည်။
ဟုတ်ပေသည်။ ဟင်းလင်းပြင် အမျိုးအစား အသုံးအဆောင် ပစ္စည်းများက ဤမျှ ကြီးမားသော အရာဝတ္ထုများကို တိုက်ရိုက် သိမ်းဆည်းနိုင်စွမ်း ရှိပေသည်။
သို့သော် ဟင်းလင်းပြင် အမျိုးအစား အသုံးအဆောင် ပစ္စည်းများ ဆိုသည်မှာ ဟင်းလင်းပြင် အမျိုးအစား သန္ဓေပြောင်း သားရဲများ၏ ခန္ဓာကိုယ်ပေါ်တွင်သာ ရှိနိုင်သော အရာများ ဖြစ်သည်။
မည်သည့် ဟင်းလင်းပြင် အမျိုးအစား သန္ဓေပြောင်း သားရဲမဆို အလွန်တရာ အစွမ်းထက်သော သက်ရှိများသာ ဖြစ်ကြပေသည်။
ဒီလူက ဟင်းလင်းပြင် အမျိုးအစား အသုံးအဆောင် ပစ္စည်းကိုတောင် ပိုင်ဆိုင်ထားတာလား။
လင်းယွမ်က ပြတ်နေသော အမြီးကြီးကို သိမ်းဆည်းလိုက်ပြီး ထိုမောင်နှမနှစ်ဦး၏ ပုံမှန်မဟုတ်သော အခြေအနေကို ဂရုမစိုက်အားဘဲ ပတ်ဝန်းကျင် အခြေအနေကို လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။
သူက တစ်ပတ် လှည့်ပတ် ကြည့်ရှုလိုက်ရာ မြေပြင်ပေါ်တွင် ဧရာမ စွပ်ကြောင်းကြီး တစ်ခု ရှိနေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။
ဤစွပ်ကြောင်းကြီးက ခေါက်ချိုး ဟင်းလင်းပြင် အတွင်းရှိ စွပ်ကြောင်းကြီးနှင့် ခပ်ဆင်ဆင်ပင် တူညီနေပေသည်။
ထိုမျှမက ဤစွပ်ကြောင်းကြီး အတွင်း၌ သွေးများ အမြောက်အမြား ကျန်ရစ်နေသေးပေသည်။
"ဒါ ဟိုဓားမြီး ပင်လယ်မြွေကြီးပဲ"
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် ဤစွပ်ကြောင်းကြီး တစ်လျှောက် လျင်မြန်စွာ လိုက်လံ ခြေရာခံသွားခဲ့သည်။
အနောက်တွင် ကျန်ရစ်နေခဲ့သော လင်းမြောင်မြောင်နှင့် လင်းကျင်းထောင်တို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
လင်းမြောင်မြောင်က တိုးညှင်းသော အသံဖြင့် "အစ်ကို... သူ သွားပြီ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ" ဟု မေးလိုက်သည်။
လင်းကျင်းထောင်၏ မျက်လုံးများက တောက်ပသွားပြီး "သူက ငါတို့ကို ဒုက္ခပေးဖို့ တကယ် ရည်ရွယ်ချက် မရှိဘူး ထင်တယ်" ဟု ပြောလိုက်သည်။
အကြိမ်ကြိမ် စဉ်းစားပြီးနောက် လင်းကျင်းထောင်က လေးနက်သော အသံဖြင့် "သွားမယ်... ငါတို့ ဒီနေရာကနေ ထွက်သွားကြရအောင်" ဟု ပြောလိုက်သည်။
လင်းမြောင်မြောင်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီး "ဒါပေမဲ့ အစ်ကိုက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သန္ဓေပြောင်း သားရဲကို ရှာပြီး... မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို အဆင့်တက်ချင်နေတာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
လင်းကျင်းထောင်က ခေါင်းအနည်းငယ် ခါလိုက်ပြီး "ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သန္ဓေပြောင်း သားရဲကို ငါ ဖြည်းဖြည်းချင်း ရှာလို့ ရတယ်... ဒါပေမဲ့ နင့်ကို ငါနဲ့အတူ စွန့်စားခိုင်းလို့မဖြစ်ဘူး... ငါတို့ အရင် ပြန်ကြမယ် နောက်မှပဲ သေချာ ပြန်တိုင်ပင်ကြတာပေါ့" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းမြောင်မြောင်က မသွားချင်တော့ဘဲ သွားကိုက်ကာ "အစ်ကို... ညီမကြောင့် ဒီအခွင့်အရေးကို လက်လွတ်မခံစေချင်ဘူး"
"ဒီလူက ကြည့်ရတာ လူဆိုးတော့ မဟုတ်လောက်ဘူး... အခု သူက အဲ့ဒီ ပြတ်နေတဲ့ အမြီးကြီးကို ရသွားပြီဆိုတော့ သွေးအဆီအနှစ် အမြောက်အမြားကို ပိုင်ဆိုင်သွားပြီလို့ ဆိုလိုတာပဲ... ညီမတို့ သူ့နောက်ကို လိုက်သွားပြီး အပေးအယူ လုပ်ကြည့်ရအောင်... သူ့ဆီကနေ အဆီအနှစ် နည်းနည်းပါးပါးတော့ ရရင်ရမှာ"
"သူ တစ်ယောက်တည်းက အဲ့ဒီလောက်များတဲ့ သွေးအဆီအနှစ်တွေကို သုံးလို့ ကုန်မှာ မဟုတ်ဘူး"
လင်းကျင်းထောင်က မျက်မှောင်ကြုတ်လိုက်ပြီး "လူ့စိတ်ဆိုတာ ခန့်မှန်းရ ခက်တယ်... အခု သူကငါတို့ကို လွှတ်ပေးလိုက်ပေမဲ့ ဆက်ပြီး လိုက်သွားမယ်ဆိုရင်... သူ့မှာ တခြား အကြံအစည်တွေ ရှိလာမလားဆိုတာကို ငါလောင်းကြေးမထပ်ရဲဘူး"
သို့သော် လင်းမြောင်မြောင်က အလျှော့မပေးဘဲ "အစ်ကို... အနည်းဆုံးတော့ သူနဲ့ စကားပြောလို့ ရသေးတယ်လေ... သန္ဓေပြောင်း သားရဲနဲ့သာ ရင်ဆိုင်ရရင် အပေးအယူ လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... အစ်ကို မသွားရင် ညီမ သူ့ကို သွားပြောမယ်" ဟု ပြောလိုက်သည်။
ထိုသို့ ပြောပြီးသည်နှင့် သူမက လင်းကျင်းထောင်၏ လက်ကို ရုန်းထွက်လိုက်ပြီး လင်းယွမ်ရှိရာသို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။
လင်းကျင်းထောင်၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး "ညီမလေး" ဟု အော်ခေါ်ကာ ချက်ချင်း နောက်မှ လိုက်သွားခဲ့သည်။
လင်းယွမ်တွင် ဤမောင်နှမနှစ်ဦးအား အကျပ်ရိုက်စေလိုသော အကြံအစည် လုံးဝ မရှိခဲ့သည်မှာ အမှန်ပင် ဖြစ်ရာ ထိုနှစ်ဦးကို ဆက်လက်၍ ဂရုမစိုက်တော့ဘဲ မြေပြင်ပေါ်ရှိ စွပ်ကြောင်းကြီး တစ်လျှောက်ကိုသာ လိုက်လံ ခြေရာခံနေခဲ့သည်။
မကြာမီမှာပင် သူ၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားပြီး အရှေ့ဘက်တွင် ဧရာမ ဈေးဝယ်စင်တာကြီး တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဈေးဝယ်စင်တာ၏ ဝင်ပေါက်တွင် ကြီးမားသော အပေါက်ကြီး တစ်ခု ပွင့်နေပြီး တစ်စုံတစ်ခုက အတင်း ဝင်တိုက်ကာ တိုးဝင်သွားခဲ့သည့်အလား ဖြစ်နေသည်။
လင်းယွမ်၏ မျက်လုံးထဲတွင် အလင်းတန်း တစ်ချက် လက်သွားပြီး သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ချဉ်းကပ်သွားခဲ့သည်။
သူက ဤဧရာမ ဈေးဝယ်စင်တာကြီးကို စိတ်စွမ်းအင်ဖြင့် အရင် ဖြန့်ကြက် ကြည့်ရှုလိုက်ရာ ဤနေရာတွင် ပြင်းထန်သော သန္ဓေပြောင်းစွမ်းအင် လှိုင်းဂယက်များ တည်ရှိနေကြောင်း ချက်ချင်း ခံစားမိလိုက်သည်။
"အဲ့ဒီ ဓားမြီး ပင်လယ်မြွေကြီး များလား"
လင်းယွမ်က မျှော်လင့်နေသော အရိပ်အယောင် အနည်းငယ် ပေါ်လွင်သွားပြီး သူ၏ ခန္ဓာကိုယ်က တစ်ချက် လက်သွားကာ ဈေးဝယ်စင်တာ အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။
ဈေးဝယ်စင်တာ အတွင်း၌ ပရမ်းပတာ ဖြစ်နေပြီး နံရံများနှင့် ဆိုင်ခန်း အများအပြား ပြိုကျပျက်စီးနေကာ မြေပြင်ပေါ်တွင်လည်း အလေးချိန်စီးသော အရာဝတ္ထု တစ်ခုခု တိုးဝင် ဖြတ်သန်းသွားသည့် အရာများ ရှိနေပေသည်။
မြေပြင်ပေါ်တွင် သွေးများ ပြည့်နှက်နေပြီး လင်းယွမ်က အတွင်းဘက်သို့ ပေရာဂဏန်းခန့် ကူးခတ်ဝင်ရောက်သွားပြီးနောက် သူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဈေးဝယ်စင်တာ၏ အလယ်ဗဟိုတွင် အလွန် ကြီးမားလှသော မြွေအမျိုးအစား သန္ဓေပြောင်း သားရဲကြီး တစ်ကောင်က မစင်ပုံကြီး တစ်ပုံကဲ့သို့ ဈေးဝယ်စင်တာ၏ မြေပြင်ပေါ်တွင် ခွေခွေကြီး ရစ်ခွေနေသည်ကို သူ တွေ့လိုက်ရသည်။
၎င်း၏ အမြီးနေရာမှာ ပြောင်သလင်းခါနေပြီး တစ်ပိုင်း ပြတ်တောက်သွားခဲ့သည်မှာ သိသာထင်ရှားလှကာ သွေးများ အမြောက်အမြား စီးကျနေပေသည်။
သို့သော် ယခုအချိန်တွင် ထိုဒဏ်ရာနေရာမှ မှိန်ပျပျ အလင်းရောင် တစ်ခု ပေါ်ထွက်လာပြီး သွေးထွက်ခြင်းကို ရပ်တန့်စေခဲ့သည်။
ဤအကောင်က ထိုဓားမြီး ပင်လယ်မြွေကြီး ဖြစ်ကြောင်းကို လင်းယွမ်က ချက်ချင်း အတည်ပြုလိုက်နိုင်လေသည်။
ဤသားရဲကြီး၏ မူလ ခန္ဓာကိုယ်မှာ ခွေခွေကြီး နေနေလျှင်တောင်မှ ဤဈေးဝယ်စင်တာ၏ အလယ်ဗဟိုကို အပြည့်အမောက် ဖြစ်စေခဲ့သည်။
မြွေကြီး၏ ခေါင်းက ဈေးဝယ်စင်တာ ပဉ္စမထပ်၏ အမြင့်ဆုံး မျက်နှာကြက်နှင့်ပင် ထိလုနီးပါး ဖြစ်နေပေသည်။
ယခုအချိန်တွင် ၎င်းက မျက်လုံးမှိတ်ထားပြီး အနားယူကာ အင်အား ပြန်လည် ဖြည့်တင်းနေပုံရသည်။
လင်းယွမ်က ချက်ချင်း မလှုပ်ရှားရဲဘဲ တစ်ပတ် လှည့်ပတ်ကာ သေချာစွာ အကဲခတ်လိုက်သည်။
ဤနေရာတွင် ဤဓားမြီး ပင်လယ်မြွေကြီး တစ်ကောင်တည်းသာ ရှိကြောင်း အတည်ပြုလိုက်နိုင်သောအခါ သူ၏ စိတ်ထဲတွင် မကောင်းသော ခံစားချက် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
"လီချင်းဟွာ ဒီမှာ မရှိဘူးလား... ဒီတိရစ္ဆာန်က မသေသေးဘူး ဆိုတော့ လီချင်းဟွာက သူ့လက်ချက်နဲ့များ..."
လင်းယွမ် သံသယ ဝင်နေစဉ်မှာပင် ရုတ်တရက် မျက်စိကျိန်းမတတ် စူးရှသော အလင်းတန်း တစ်ခုက ပဉ္စမထပ်တွင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။
ဆက်ရန်...
***