လူမိုက်ခေါင်းဆောင်က မေးလိုက်သည်။ “ပုံမှန် ဗေဒင်ဟောတာက ဘယ်လို လုပ်ရသလဲ။ ဟုတ်တယ်... စာလုံးဖတ်တာပဲ။ စာလုံး တစ်လုံး ရေးခိုင်းပြီး အဲဒီစာလုံးကို အခြေခံပြီး ဟောတာ မဟုတ်လား။”
ယွင်ကျုံးဟဲ့ ပြန်ဖြေ၏။ “မှန်တယ်။”
ထိုခေတ် ဗေဒင်ဟောနည်း အများစုက စာလုံးရေးသားကာ ဟောပြောကြခြင်းဖြစ်သည်။ စာလုံးခွဲခြား၍ ဗေဒင် ဟောခြင်းပင်။
လူမိုက်ခေါင်းဆောင်က ဆက်ပြောသည်။ “မင်းက နတ်ဘုရား ဗေဒင်ဆရာလို့ ပြောနေတယ် မဟုတ်လား။ နတ်မျက်စိ ရထားတယ် မဟုတ်လား။ ဒါဆို ငါ စာလုံး မရေးတော့ဘူး။ စိတ်ထဲမှာပဲ မှတ်ထားလိုက်မယ်။ မင်း ငါ့ကို ဟောပေးချင်ရင် ငါ့စိတ်ထဲက စာလုံးကို အရင် သိအောင် လုပ်ရမယ်။”
ထိုစကားကို ကြားချိန်မှာတော့ ဘေးနားမှ လူမိုက်များ အံ့သြသွားကြသည်။ ‘ဆရာကြီးက ဒီလူလိမ်ကို သေချာပေါက် ရိုက်ချိုးတော့မှာပဲ။ သူက ဝမ်းထဲက သန်ကောင်မှ မဟုတ်တာ။ ဘယ်လိုလုပ် စိတ်ထဲက စာလုံးကို သိမှာလဲ။ နတ်ဘုရား မဟုတ်ရင် မဖြစ်နိုင်ဘူးလေ။’
ထိုလူမိုက်ခေါင်းဆောင်က ပြောလိုက်၏။ “မသိနိုင်ဘူး မဟုတ်လား။ မင်းက နတ်ဘုရား မဟုတ်လား။ ဟောလေ။”
လူမိုက်ခေါင်းဆောင် စိတ်ထဲတွင် မည်သည့်စာလုံး မှတ်ထားသနည်း။ အလွယ်တကူ မသိနိုင်စေရန်အတွက် ရှားပါးသော စာလုံး တစ်လုံးကို ရွေးချယ်ထားသည်။ ‘ချီ’။
ဗေဒင်ဆရာ အများစု သုံးလေ့ရှိသော စာလုံးများကို သူ ကောင်းကောင်း သိထားသောကြောင့် ထိုစာလုံးများကို ရှောင်လိုက်ခြင်း ဖြစ်၏။ ‘ချီ’ ဆိုတဲ့ စာလုံးက ဘယ်က ရလာသနည်း။
ထိုအရာက မကြာခင် မွေးဖွားလာမည့် သူ့သားလေးအတွက် ပေးထားသော နာမည် ဖြစ်သည်။ မည်သူ့ကိုမှ ပြောမပြဖူးပေ။ နတ်ဘုရားမှလွဲ၍ မည်သူမှ မသိနိုင်ပေ။ ထို့အပြင် ကိုယ်ဝန်ဆောင်နေသော မိန်းမမှာ သူ့မယားငယ် ဖြစ်သောကြောင့် သူ့တပည့်များပင် မသိကြပေ။
သူက ယွင်ကျုံးဟဲ့ကို အနိုင်ကျင့်နေခြင်းမှာ ဆက်ကြေး လိုချင်၍ မဟုတ်ပေ။ တစ်စုံတစ်ယောက်က ငွေပေးပြီး ယွင်ကျုံးဟဲ့၏ ခြေလက်များကို ရိုက်ချိုးခိုင်းထားသောကြောင့်ပင်။
“မသိဘူး မဟုတ်လား။ လုပ်ကြ... သူ့ခြေလက်တွေကို ရိုက်ချိုးလိုက်။” လူမိုက်ခေါင်းဆောင် အမိန့်ပေးလိုက်သည်။
လူမိုက်များက သံတုတ်များကို မြှောက်ကာ ရိုက်ချိုးရန် ပြင်လိုက်ကြသည်။ အားကုန် လွှဲရိုက်လိုက်လျှင် အရိုးများ ကြေမွသွားနိုင်၏။
“ချီ” ယွင်ကျုံးဟဲ့ အော်ပြောလိုက်သည်။
လူမိုက်ခေါင်းဆောင် ကြောင်အသွားသည်။ ထို့နောက် ချက်ချင်း အော်ဟစ်လိုက်၏။ “ရပ်လိုက်... ရပ်လိုက်ကြ။”
လူမိုက်များ အရှိန်သတ်လိုက်ကြသည်။
ထိုလူမိုက်ခေါင်းဆောင်က မေးလိုက်၏။ “မင်း သေချာ ပြောစမ်း။ ငါ့စိတ်ထဲက စာလုံးက ဘာလဲ။”
ယွင်ကျုံးဟဲ့ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ခင်ဗျား စိတ်ထဲက စာလုံးက ‘ချီ’။ အဲဒါ ခင်ဗျား မွေးလာမယ့် ကလေးအတွက် နာမည်ပေးထားတာ။ ကိုယ်ဝန်က (၈) လ ရှိနေပြီ။ ဗိုက်က ချွန်နေတော့ သားယောကျ်ားလေး ဖြစ်ဖို့ များတယ်။”
ထိုစကားကို ကြားချိန်မှာတော့ လူမိုက်ခေါင်းဆောင် ကြက်သီးမွေးညှင်း ထသွားသည်။ ယွင်ကျုံးဟဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိ၏။
အမှတ် (၁၆) လူနာ၏ စိတ်ဖတ်ခြင်း ပညာက တကယ် ကြောက်စရာ ကောင်းလှသည်။ လူမိုက်ခေါင်းဆောင်က အသံထွက်အောင် မပြောသော်လည်း ပါးစပ်က “သားလေးရေ... နောက်တစ်လ နေရင် ဖေဖေနဲ့ တွေ့ရတော့မယ်” ဟု တီးတိုး ရေရွတ်လိုက်၏။
ယွင်ကျုံးဟဲ့သည် အမှတ် (၁၆) ၏ စွမ်းရည်ဖြင့် ထိုစကားကို ဖတ်ယူနိုင်ခဲ့ပြီး အခြေအနေကို ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား လူမိုက်ခေါင်းဆောင် အနေဖြင့် ထိတ်လန့်သွားသည်မှာ အမှန်ပင်။
‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ ဘယ်သူ့ကိုမှ မပြောဖူးဘူး။ မိန်းမကိုတောင် မပြောဖူးဘူး။ ဒီလူက တကယ်ပဲ နတ်မျက်စိ ရထားတာလား။’
“ဆရာကြီး... သူ လျှောက်ပြောနေတာ ဖြစ်မယ်။ ကျုပ်တို့ ခြေလက်တွေ ရိုက်ချိုးပြီး ခွေးစာကျွေးလိုက်ရမလား။” ဘေးနားမှ လူမိုက်တစ်ယောက်က အော်ပြောလိုက်သည်။
လူမိုက်ခေါင်းဆောင် သတိပြန်ဝင်လာပြီး ထိုလူမိုက်ကို ပါးရိုက်လိုက်၏။ “ပါးစပ်ပိတ်ထားစမ်း။ ဆရာကြီးကို မြန်မြန် ထူပေးလိုက်။ နေအုံး... ငါ ကိုယ်တိုင် ထူပေးမယ်။”
သူသည် ယွင်ကျုံးဟဲ့ကို ကိုယ်တိုင် ထူမပေးပြီး ဖျာပေါ်တွင် ပြန်ထိုင်ခိုင်းလိုက်သည်။ “ဆရာကြီး... ထိုင်ပါဗျာ။”
ယွင်ကျုံးဟဲ့သည် ဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ပြုံးပြလိုက်၏။
လူမိုက်ခေါင်းဆောင်သည် ယွင်ကျုံးဟဲ့ကို သေချာ ကြည့်လိုက်သည်။ မယုံနိုင်စရာ ကောင်းနေဆဲပင်။ ‘ဒီအဘိုးကြီးက တကယ် နတ်ဘုရားလား။ ငါ့စိတ်ထဲက အရာတွေကိုတောင် သိနေတယ် ဆိုတော့...’
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “စာလုံးကတော့ မှန်သွားပြီ... ‘ချီ’ တဲ့။ ခင်ဗျား ဘာသိချင်လို့လဲ။”
လူမိုက်ခေါင်းဆောင် ဘာမေးရမှန်း မသိတော့ပေ။ သူက ယွင်ကျုံးဟဲ့ကို သူတောင်းစား၊ အရူးဟုထင်ပြီး ရိုက်နှက်ဖို့ လာခဲ့ခြင်းဖြစ်သည်။ ဗေဒင်မေးဖို့ စိတ်ကူးမရှိခဲ့ပေ။ သို့သော်ငြား ယခု ဤလူက တကယ် တတ်ကျွမ်းနေပုံ ရသည်။ အခွင့်အရေးကို လက်လွတ်မခံသင့်ပေ။
‘ဘာမေးရမလဲ။ အိမ်ထောင်ရေး၊ ရှေ့ရေး၊ အသက်ရှည်မရှည်... အိမ်ထောင်ရေးကတော့ ထားလိုက်ပါတော့။ အသက်ကြီးနေပြီ။ မယားကြီး ရှိတယ်၊ မယားငယ် ရှိတယ်။ ဘာလိုသေးလဲ။ အသက်ရှည်မရှည်... ဒါက ကြောက်စရာ ကောင်းတယ်။ မသိချင်ဘူး။ ဘယ်တော့ သေမလဲ ဆိုတာ သိရရင် စိတ်ဆင်းရဲရမယ်။ ဒါဆို ရှေ့ရေးပဲ မေးရမယ်။’
ပုံမှန် လူတွေကတော့ “ကျုပ် ရှေ့ရေး ကံကောင်းလား။ ဒီနှစ် ကံကောင်းမလား” ဟု မေးကြမှာဖြစ်၏။ သို့သော်ငြား လူမိုက်ခေါင်းဆောင်က လက်တွေ့ကျသည်။
“ဆရာကြီး... ကျုပ် မေးချင်တာက အခု လျှောက်ထားတဲ့ အလုပ်က ဖြစ်ပါ့မလားလို့ သိချင်ပါတယ်။”
ယွင်ကျုံးဟဲ့က လက်ချောင်းများကို တွက်ချက်ဟန် ပြုလိုက်သည်။ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး ဘာမှ မပြောဘဲ ဖျာလိပ်၊ ဆိုင်းဘုတ်ဖြုတ်ကာ ထွက်ပြေးရန် ပြင်လိုက်၏။
လူမိုက်ခေါင်းဆောင် ကြောင်သွားသည်။ “ဆရာကြီး... ဘာဖြစ်တာလဲဗျ။ ဘာလို့ ပြေးတာလဲ။”
ဘေးနားမှ လူမိုက်က ပြောလိုက်၏။ “ဆရာကြီး... သူ မဟောနိုင်လို့ ထွက်ပြေးတာ ဖြစ်မယ်။ ဖမ်းပြီး ရိုက်ချိုးလိုက်ရမလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လူကြီးမင်း... ခင်ဗျားက လေခွင်းမြို့ မြို့စောင့်တပ်မှာ ကင်းလှည့်ခေါင်းဆောင် နေရာရဖို့ ငွေ (၁၀၀) လာဘ်ထိုးထားတယ် မဟုတ်လား။ အဲဒီကိစ္စ အောင်မြင်သွားပြီ။ ခင်ဗျားတို့ အဖွဲ့က ကျုပ်တို့လို ဗေဒင်သည်တွေကို ဖမ်းဆီးမယ့် အဖွဲ့လေ။ အခု မပြေးရင် ဘယ်တော့ ပြေးရမလဲ။”
ကင်းလှည့်ခေါင်းဆောင် ဆိုသည်မှာ ခေတ်သစ် စည်ပင်သာယာရေး အဖွဲ့ဖြစ်သည်။ လမ်းဘေးဈေးသည်တွေကို ဖမ်းဆီးအရေးယူတဲ့ အဖွဲ့ပင်။
လူမိုက်ခေါင်းဆောင် လုံးဝ ကြောင်အသွားသည်။ ‘ဒါ... ဒါက တော်တော် ထူးဆန်းနေပြီ။’
သူက တပ်မှူးလီကို ငွေ (၁၀၀) ပေးပြီး ကင်းလှည့်ခေါင်းဆောင်နေရာ တောင်းထားခြင်းဖြစ်၏။ ထိုမှသာ ဆက်ကြေးကောက်ခြင်းမှာ တရားဝင် ဖြစ်ပေမည်။ သို့သော်ငြား ဤကိစ္စကို သူ တစ်ယောက်တည်း တိတ်တိတ်လေး လုပ်ခဲ့ခြင်းဖြစ်ပြီး မည်သူမှ မသိချေ။
‘ဒီဗေဒင်ဆရာက ဘယ်လိုလုပ် သိနေတာလဲ။ မယုံနိုင်စရာပဲ။’
ထိုအချိန်တွင် ပို၍ မယုံနိုင်စရာ ကောင်းသော အဖြစ်အပျက် တစ်ခု ဖြစ်လာသည်။ လူတစ်ယောက် အဝေးမှ ပြေးလာပြီး အမောတကောဖြင့် အော်ပြောလိုက်၏။
“ဆရာကြီး... ဝမ်းသာစရာဗျို့... ဝမ်းသာစရာ... မြို့စောင့်တပ်က အမိန့်စာ ထွက်လာပြီ။ ဆရာကြီးက ဒီလမ်း (၃) လမ်းကို တာဝန်ယူရမယ့် ကင်းလှည့်ခေါင်းဆောင် ဖြစ်သွားပြီ။”
ဤတစ်ကြိမ်၌ လူမိုက်ခေါင်းဆောင်တင်မက သူ့တပည့်တွေပါ ကြောင်အသွားကြသည်။ သူတို့နားကို သူတို့ မယုံနိုင် ဖြစ်နေကြပြီး ယွင်ကျုံးဟဲ့ကို ပြူးပြူးကြီး ကြည့်နေကြသည်။ ‘ဒါ... ဒါက တကယ် နတ်ဘုရားပဲ။’
သတင်းလာပို့တဲ့ လူက အံ့သြနေ၏။ ‘ဘာဖြစ်တာလဲ။ ဒါ ဝမ်းသာစရာ သတင်းလေ။ ဘာလို့ ဘယ်သူမှ မပျော်ကြတာလဲ။ ရာထူးတောင် မရသေးဘူး ဘဝင်မြင့်နေကြတာလား။’
ခဏကြာမှ လူမိုက်ခေါင်းဆောင်က ယွင်ကျုံးဟဲ့ကို ဦးညွှတ်လိုက်သည်။ “နတ်ဆရာကြီးက တကယ့် နတ်ဘုရားပါပဲ။ ကျုပ် ကျန်းတာဟူ ဂါရဝပြုပါတယ်။”
သူသည် (၉၀) ဒီဂရီ ကိုင်းညွှတ်ပြီး ဂါရဝပြုလိုက်သည်။ ထို့နောက် သူ့တပည့်များကို လှည့်ငေါက်လိုက်၏။ “ဘာရပ်ကြည့်နေတာလဲ။ နတ်ဆရာကြီးကို ဦးမချကြဘူးလား။ မင်းတို့လို ကောင်တွေက နတ်ဆရာကြီးကို ဖူးမြော်ခွင့် ရတာ ကံကောင်းလို့ကွ။”
လူမိုက်များ အားလုံး ဒူးထောက်ချလိုက်ကြသည်။ “နတ်ဆရာကြီးကို ဂါရဝပြုပါတယ်။ နတ်ဆရာကြီးကို ဂါရဝပြုပါတယ်။”
လူမိုက်ခေါင်းဆောင် ကျန်းတာဟူက မေးလိုက်၏။ “နတ်ဆရာကြီး... ဘယ်လို လုပ်ပြီး သိတာလဲဗျာ။ ကျုပ် ငွေ (၁၀၀) လာဘ်ထိုးတာကို ဘယ်လို သိတာလဲ။ ကိစ္စ အောင်မြင်တာကို ဘယ်လို သိတာလဲ။”
ယွင်ကျုံးဟဲ့ ဘယ်လို သိသနည်း။ လွယ်လွယ်လေးပင်။ သတင်းလာပို့သည့်လူက အဝေးက ပြေးလာရင်း ပါးစပ်က “ဆရာကြီး... အောင်မြင်ပြီ... ကင်းလှည့်ခေါင်းဆောင် ဖြစ်ပြီ” ဟု အော်ရန် ပြင်လိုက်တာကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
သို့သော်ငြား အကွာအဝေး ဝေးနေသေးသောကြောင့် အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံ လှုပ်လိုက်သည်ကို ကျန်းတာဟူတို့က ကျောပေးထားသောကြောင့် မမြင်ရပေ။ ယွင်ကျုံးဟဲ့က မျက်နှာချင်းဆိုင် ဖြစ်နေ၍ ရှင်းရှင်းလင်းလင်း မြင်ရခြင်းဖြစ်၏။
အမှတ် (၁၆) လူနာရဲ့ စွမ်းရည်နဲ့ နှုတ်ခမ်းလှုပ်ရှားမှုကို ဖတ်လိုက်ခြင်းပင်။ ထို့ကြောင့် ကြိုသိနေခြင်း ဖြစ်သည်။ ငွေ (၁၀၀) ကိစ္စကတော့ ဤရာထူးက ငွေ (၁၀၀) လောက်သာ တန်သောကြောင့်ပင်။
သို့သော်ငြား ထိုအကြောင်းကို ပြောပြ၍ မဖြစ်ချေ။ နတ်ဘုရား ဂုဏ်ပုဒ် ကျသွားပေလိမ့်မယ်။ စာလုံးဖတ်ခြင်းက ပိုပြီး ဆွဲဆောင်မှု ရှိသည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က မုတ်ဆိတ်ကို သပ်ပြီး ပြောလိုက်သည်။ “ခင်ဗျား ရေးထားတဲ့ ‘ချီ’စာလုံးကို ခွဲလိုက်ရင် ‘တောင်’နဲ့ ‘ကိုင်း’ရတယ်။ ဟုတ်တယ်မလား။”
ကျန်းတာဟူက စာမတတ်သော်ငြား ထိုမျှလောက်တော့ သိ၏။ သူက ခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့... မှန်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ ‘တောင်’ ဆိုတာ တောင်ပုံရာပုံ၊ ကျောထောက်နောက်ခံ ကို ဆိုလိုတယ်။ ခင်ဗျားမှာ ကျောထောက်နောက်ခံ ရှိတယ်။ ဒါကြောင့် ကိစ္စ အောင်မြင်တာပေါ့။”
ကျန်းတာဟူက မေးလိုက်၏။ “ဒါဆို ငွေ (၁၀၀) ကိစ္စကို ဘယ်လို သိတာလဲ။”
ယွင်ကျုံးဟဲ့က ထပ်ရှင်းပြလိုက်သည်။ “ ‘ကိုင်း’ စာလုံးကို ကြည့်လိုက်။ ‘ဆယ်’ နဲ့ ‘ထပ်မံ’ ပေါင်းထားတာ။ ‘ထပ်မံ’ ဆိုတာ နောက်ထပ် တစ်ခုလို့ အဓိပ္ပာယ်ရတယ်။ ဆယ်ကို ဆယ်နဲ့ မြှောက်ရင် တစ်ရာ မရဘူးလား။ ဒါကြောင့် ခင်ဗျား ငွေ (၁၀၀) လာဘ်ထိုးခဲ့တာပေါ့။”
ယွင်ကျုံးဟဲ့၏ ရှင်းပြချက်ကို ကြားချိန်မှာတော့ ကင်းလှည့်ခေါင်းဆောင်သစ် ကျန်းတာဟူ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ ‘ကောင်းကင်ဘုံ... ဒီဆရာကြီးက တကယ် တတ်ကျွမ်းတာပဲ။ အရမ်း တော်တာပဲ။’
***