လူမိုက်များက “နတ်ဆရာကြီး” ဟု ခေါ်ဝေါ်လိုက်ချိန်တွင် လူမိုက်ခေါင်းဆောင် ကျန်းတာဟူ၏ မျက်ဝန်းအိမ် အနည်းငယ် လှုပ်ခါသွားပြီး ကြောက်ရွံ့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို ယွင်ကျုံးဟဲ့ သတိထားမိ လိုက်သည်။
ဤအရာက မည်သည့် သဘောသက်ရောက်သနည်း။ လက်ရှိအချိန်တွင် ကျန်းတာဟူသည် ယွင်ကျုံးဟဲ့အပေါ် ကြည်ညိုလေးစားစိတ် ရှိနေပြီး ရန်လိုခြင်း မရှိတော့ပေ။
သို့သော်ငြား “နတ်ဆရာကြီး” ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် တုန်လှုပ်သွားခြင်းကို ကြည့်ရပါက လေခွင်းမြို့တွင် ထိုအမည်နာမကို လက်ဝါးကြီးအုပ်ထားသူ ရှိနေကြောင်း သိသာထင်ရှားလှသည်။ ထိုပုဂ္ဂိုလ်သည် အာဏာရှိသူဖြစ်ပြီး လူမိုက်ခေါင်းဆောင်က မြွေဆိုးတစ်ကောင်ကို ကြောက်ရွံ့သကဲ့သို့ ကြောက်ရွံ့နေရခြင်း ဖြစ်နိုင်၏။
“နတ်ဆရာကြီး... ဒါက ကျုပ်ရဲ့ ပူဇော်ငွေပါ။”
ကျန်းတာဟူက ငွေတုံးနှစ်တုံးကို ကမ်းပေးလိုက်သည်။ စုစုပေါင်း ငွေသား အလေးချိန် ပြား(၂၀) ခန့် ရှိပေလိမ့်မည်။ လေခွင်းမြို့ကဲ့သို့ စည်ကားသော နေရာမျိုးတွင်ပင် ငွေပြား(၂၀) ဆိုသည်မှာ မိသားစုတစ်စု လအတော်ကြာ စားသောက်နေထိုင်နိုင်သော ပမာဏ ဖြစ်သည်။
ယွင်ကျုံးဟဲ့ မျက်လုံးကို မှိတ်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။ “ကျုပ် ပြောပြီးသားလေ။ ခင်ဗျားအတွက် ဗေဒင်ဟောပေးတာကို ဆက်ကြေးပေးတယ်လို့ပဲ သဘောထားလိုက်တော့။ ပိုက်ဆံပေးစရာ မလိုဘူး။”
“ဘယ်ဖြစ်ပါ့မလဲ နတ်ဆရာကြီးရယ်။ ဘယ်ဖြစ်ပါ့မလဲ။”
ကျန်းတာဟူက ခါးကိုင်းဦးညွှတ်၍ ပြောလိုက်သည်။ “နတ်ဆရာကြီး နည်းတယ်လို့ မထင်ပါနဲ့။ ကျုပ် ဒီနေ့ ပါလာတာ ဒါအကုန်ပါပဲ။”
ယွင်ကျုံးဟဲ့က ဆူငေါက်လိုက်၏။ “မယူဘူးဆို မယူဘူးပေါ့။ ဘာစကားတွေ များနေတာလဲ။”
ကျန်းတာဟူက ယွင်ကျုံးဟဲ့ကို အတန်ကြာ စိုက်ကြည့်လိုက်သည်။ ဟန်ဆောင်ငြင်းပယ်နေခြင်း မဟုတ်ဘဲ အမှန်တကယ် လက်မခံကြောင်း သိလိုက်ရချိန်မှာတော့ ပို၍ လေးစားသွားတော့သည်။
ကျန်းတာဟူက ပြောလိုက်၏၊ “နတ်ဆရာကြီးက တကယ့် နတ်ဘုရားပါပဲ။ ပိုက်ဆံ မယူဘူးဆိုတော့ တခြားနည်းနဲ့ ကျေးဇူးဆပ်ပါရစေ။ နတ်ဆရာကြီး လိုချင်တာရှိရင် ပြောပါ၊ ကျုပ် လုပ်ပေးပါ့မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား တကယ် စေတနာရှိရင် စားစရာနဲ့ အရက် နည်းနည်းလောက် သွားဝယ်ပေးချေ။ ကျုပ်ဗိုက်က ဆာလှပြီ။”
ကျန်းတာဟူက အံ့ဩသွား၏။ “ဒါလေးပဲလား။”
“မြန်မြန်သွားစမ်းပါ။ ကျုပ် ဆာနေပြီ။” ယွင်ကျုံးဟဲ့က စိတ်မရှည်စွာ ပြောလိုက်သည်။
ခဏအကြာတွင် စားကောင်းသောက်ဖွယ်များနှင့် အတူ စောင်အသစ်၊ ခေါင်းအုံးအသစ်များ ရောက်ရှိလာ၏။
ယွင်ကျုံးဟဲ့သည် အားရပါးရ စားသောက်လိုက်သည်။ ပေါက်စီတစ်လုံးဖြင့် နှစ်ရက်ကြာ နေထိုင်ခဲ့ရ သောကြောင့် ဝမ်းခေါင်းက တော်တော် ဟာတာနေပြီ ဖြစ်သည်။
“နတ်ဆရာကြီး... နတ်ဆရာကြီးက တန်ခိုးကြီးလွန်းတော့ နတ်ဆရာကြီး နာမည်ကြီးအောင်၊ စီးပွားရေး ကောင်းအောင် ကျုပ် လိုက်ကြော်ငြာပေးပါ့မယ်။” ကျန်းတာဟူက မျက်နှာလိုမျက်နှာရ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဘာကြော်ငြာမှာလဲ။ ကျုပ်ကို ဂေါ်ဖီထုပ် ရောင်းနေတယ်များ မှတ်နေလား။ ကျုပ်က တစ်နေ့ တစ်ကြိမ်ပဲ ဟောတာကွ။”
ကျန်းတာဟူက မျက်နှာပျက်သွားပြီး ပို၍ တောင်းပန်တိုးလျှိုးလိုက်သည်။ “နတ်ဆရာကြီးက တကယ့် နတ်ဘုရားပါပဲ။ ကျုပ်တို့လို လူကြမ်းတွေက နတ်ဆရာကြီးရဲ့ အဆင့်အတန်းကို နားမလည်ပါဘူး။”
ထို့နောက် သူက ဦးညွှတ်နှုတ်ဆက်လိုက်သည်။ “နတ်ဆရာကြီး... ကျုပ်ကို သွားခွင့်ပြုပါအုံး။ နောက်မှ ပြန်လာကန်တော့ပါ့မယ်။”
လူမိုက်ခေါင်းဆောင်က အလျင်စလို ထွက်ခွာသွားလေ၏။ ဤအပြုအမူမှာ အနည်းငယ် ပုံမှန် မဟုတ်ပေ။ ပုံမှန်ဆိုလျှင် ကျန်းတာဟူကဲ့သို့ လူမျိုးသည် ယွင်ကျုံးဟဲ့ကို ကပ်ဖားယက်ဖား လုပ်နေသင့်သည်။ ယခုမူ မြွေပွေးကို ရှောင်သကဲ့သို့ အမြန် ထွက်ပြေးသွား၏။
ယွင်ကျုံးဟဲ့ကို ရန်ငြိုးထား၍ မဟုတ်ဘဲ ကြောက်ရွံ့၍ ဖြစ်သည်။ အိမ်ပြန်ရောက်မှ အသိဝင်လာပြီး တစ်စုံတစ်ယောက်ကို ကြောက်ရွံ့သောကြောင့် ယွင်ကျုံးဟဲ့အနား မကပ်ရဲတော့ခြင်းသာ ဖြစ်နိုင်သည်။
ယွင်ကျုံးဟဲ့သည် စားသောက်ပြီးသည်နှင့် ချက်ချင်း အိပ်ပျော်သွားလေ၏။
………………
နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့၏ ဆိုင်မှာ တိတ်ဆိတ်ခြောက်ကပ်နေဆဲ ဖြစ်သည်။ မည်သည့် စီးပွားရေးမှ မဖြစ်ပေ။
မနေ့က အံ့ဖွယ်အမှုများ ပြသခဲ့ပြီးပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် လူမိုက်များက ယွင်ကျုံးဟဲ့အကြောင်း ချဲ့ကားပြောဆိုကြသောကြောင့် ယနေ့တွင် လူများ ဝိုင်းအုံနေသင့်ပြီ ဖြစ်၏။
လေခွင်းမြို့မှ အထက်တန်းလွှာများ မလာလျှင်တောင် အခြား လူမိုက်ခေါင်းဆောင်များ ရောက်လာသင့်သည်။ ယခုမူ အခြေအနေက ထူးဆန်းနေသည်။
ယွင်ကျုံးဟဲ့ ဗေဒင်ဆိုင် ဖွင့်ရခြင်း ရည်ရွယ်ချက်မှာ နာမည်ကြီးလို၍ ဖြစ်သည်။ ကျင်းဝူပြန်း ဆိုသော လူယုတ်မာ သတိထားမိပြီး သူ့ကို ခေါ်ဆောင်သွားစေရန် ဖြစ်သည်။ မြို့စားအိမ်တော်အတွင်း ရောက်ရှိမှသာ ကျင်းကျုံးယွဲ့ကို ဖြားယောင်းနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် ပထမ အဆင့်ဖြစ်သော “ကျားကြီး ငါးမျှားသလို စိတ်လိုသူမှ လာဟေ့” စီမံကိန်းသည် အလွန် အရေးကြီးသည်။
မနေ့က လူမိုက်ခေါင်းဆောင်က ယွင်ကျုံးဟဲ့ နာမည်ကြီးအောင် လုပ်ပေးမည်ဟု ပြောခဲ့သည်။ ယွင်ကျုံးဟဲ့က ဟန်ဆောင်ငြင်းပယ်ခဲ့သော်လည်း သူ တကယ် မလုပ်ပေးတော့ဘူးလား။ သူ မလုပ်ပေးလျှင်တောင် သူ့တပည့်များက ပါးစပ်သရမ်းပြီး လျှောက်ပြောသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ယနေ့ ဤမျှ တိတ်ဆိတ်နေရသနည်း။
တစ်ရက် ကုန်ဆုံးသွားသည်။ နှစ်ရက် ကုန်ဆုံးသွားသည်။ သုံးရက် ကုန်ဆုံးသွားသည်။
ယွင်ကျုံးဟဲ့၏ ဆိုင်တွင် ယင်ကောင်တစ်ကောင်မှ မနားပေ။ ယခင်က တစ်နေ့လျှင် လူ (၁၀) ယောက်ခန့် ဖြတ်သန်းသွားလာသော်လည်း ယခုမူ (၇) ယောက် (၈) ယောက်ခန့်သာ ရှိတော့၏။
ဤနှစ်ရက်လုံး ယွင်ကျုံးဟဲ့ ရေသာ သောက်ပြီး နေရသည်။ ထမင်းတစ်လုပ်မှ မစားရသေးပေ။ မျက်စိများ ပြာဝေနေပြီ ဖြစ်သည်။
လူမိုက်ခေါင်းဆောင်က လာတွေ့မည်ပြောပြီး ပေါ်မလာပေ။ ပေါက်စီ လာပေးသော သူတောင်းစားလည်း ပျောက်ချင်းမလှ ပျောက်နေသည်။ ပိုက်ဆံရသောကြောင့် ပျော်ပါးနေသည် ဖြစ်လောက်၏။
ရွှီအန်းထင်က ထမင်းလာပို့ချင်သော်လည်း ယွင်ကျုံးဟဲ့၏ မှာကြားချက်ကြောင့် မလာရဲပေ။ ငတ်သေလျှင်တောင် မလာနှင့်ဟု မှာထားသည် မဟုတ်လား။
ရွှီအန်းတင် (အမျိုးသမီး)ကမူ မနေနိုင်သောကြောင့် လွန်ခဲ့သော နှစ်ရက်က ထမင်းတစ်ခါ လာပို့ဖူးသည်။ ထိုစဉ်က ယွင်ကျုံးဟဲ့ ကြိမ်းမောင်းလိုက်သောကြောင့် နောက်ထပ် မလာတော့ပေ။ ထို့ကြောင့် ယွင်ကျုံးဟဲ့ အဆာငတ်နေသည်မှာ နှစ်ရက် သုံးည ရှိပြီ ဖြစ်သည်။ အခြေအနေက မကောင်းတော့ပေ။
‘ငါ ယွင်ကျုံးဟဲ့ မအောင်မြင်ခင် ငတ်သေတော့မှာလား။ ပထမ အဆင့် စီမံကိန်း ပျက်စီးတော့မှာလား။’
အမှန်တကယ်၌ ယွင်ကျုံးဟဲ့ ဤနေရာမှ ထွက်ခွာပြီး လူစည်ကားသော နေရာသို့ ပြောင်းရွှေ့၍ ရသည်။ သို့သော်ငြား ထိုသို့လုပ်လိုက်ပါက သိက္ခာကျသွားမည်ဖြစ်၏။ ထို့ကြောင့် သူ အံကြိတ်ပြီး ဆက်အိပ်နေလိုက်သည်။ လှုပ်ရှားမှုနည်းလျှင် ကယ်လိုရီလောင်ကျွမ်းမှု နည်းပြီး ဗိုက်ဆာသက်သာသည် မဟုတ်ပါလား။
ဤခန္ဓာကိုယ် ပိုင်ရှင်ဟောင်းသည် ငယ်စဉ်တည်းက ငတ်ပြတ်ပြီး နေခဲ့ရသောကြောင့် ဗိုက်ဆာဒဏ်ကို ခံနိုင်ရည် ရှိသည်။ အိမ်သာမသွားဘဲ ဆီးအောင့်ထားလျှင် ခန္ဓာကိုယ်အပူချိန် မဆုံးရှုံးဘူး ဆိုသည်အထိပင် နားလည်ထားသည်။
..................
သန်းခေါင်ယံအချိန်...
ယွင်ကျုံးဟဲ့ မှေးခနဲ အိပ်ပျော်နေစဉ် ရုတ်တရက် လန့်နိုးသွား၏။ လူတစ်ယောက် ရောက်လာသည်ကို သိလိုက်ရသည်။ သူ မျက်လုံး မဖွင့်ပေ။ ဆက်ပြီး အိပ်ချင်ယောင် ဆောင်နေလိုက်၏။
“ဟေး... ဟေး...” လာသူက ယွင်ကျုံးဟဲ့ ပခုံးကို ပုတ်လိုက်သည်။
ယွင်ကျုံးဟဲ့ မျက်လုံး မဖွင့်ဘဲ မေးလိုက်၏။ “ဘာကိစ္စလဲ။”
“ဗေဒင် လာမေးတာ။” ထိုလူက တိုးတိုးလေး ဖြေသည်။
ယွင်ကျုံးဟဲ့က နောက်မှ လူကို မမြင်ရသော်လည်း ဦးနှောက်ကို အမြန် အလုပ်ပေးလိုက်သည်။ မည်သူဖြစ်သည် ဆိုသည်ကို ချက်ချင်း သိလိုက်၏။ “ခင်ဗျားက မြို့စောင့်တပ်က တပ်မှူး လီထျန် မဟုတ်လား။”
ထိုလူ အံ့သြသွားသည်။ “ဆရာကြီးက လှည့်မကြည့်ဘဲနဲ့ ဘယ်သူလဲ ဆိုတာ သိတယ်ပေါ့။”
ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်၏။ “ခင်ဗျားက လေခွင်းမြို့က နတ်ဆရာလန်ကို ကြောက်လို့ နေ့ဘက် မလာရဲဘဲ ညဘက်မှ ခိုးလာတာ မဟုတ်လား။”
ထိုလူက ရှက်ရွံ့စွာ ဝန်ခံသည်။ “ကျုပ်လည်း မတတ်သာလို့ပါ။ လေခွင်းမြို့မှာ နတ်ဆရာလန်ကို ယှဉ်ရဲတဲ့သူ မရှိသလောက်ပါပဲ။ သူက ကျင်းဝူပြန်းရဲ့ လူယုံလေ။ သခင်လေးက သူ့ကို အဖေတစ်ယောက်လို ဆက်ဆံတာ။”
ယခုမှ ရှင်းသွားတော့သည်။ လူမိုက်ခေါင်းဆောင် ကျန်းတာဟူက ယွင်ကျုံးဟဲ့၏ စွမ်းရည်ကို ယုံကြည် သော်လည်း မကြော်ငြာရဲပေ။ ကြော်ငြာလိုက်လျှင် နတ်ဆရာလန်နှင့် ငြိမည်ကို ကြောက်ရွံ့သောကြောင့်ပင်။
သို့သော်ငြား တပ်မှူးလီသည် ကျန်းတာဟူ၏ ကျေးဇူးရှင် ဖြစ်သည်။ ကင်းလှည့်ခေါင်းဆောင် နေရာရအောင် လုပ်ပေးခဲ့သူ ဖြစ်သည်။ တပ်မှူးလီ ဒုက္ခရောက်နေသောကြောင့် ကျန်းတာဟူက ကျေးဇူးဆပ်သည့် အနေဖြင့် ယွင်ကျုံးဟဲ့ အကြောင်း ပြောပြလိုက်ခြင်း ဖြစ်မည်။ ထို့အပြင် သူ့အကျိုးအတွက်လည်း ပါဝင်သည်။
တပ်မှူးလီ ရာထူးပြုတ်သွားလျှင် ကျန်းတာဟူ၏ နေရာလည်း မြဲတော့မည် မဟုတ်ချေ။ တပ်မှူးလီက အန္တရာယ်ကြားမှ ညဘက်ကြီး လာရှာသည် ဆိုသောကြောင့် ပြဿနာက မသေးလှပေ။
တပ်မှူးလီက ပြောသည်။ “ဆရာကြီး... ဆရာကြီးက တကယ် နတ်မျက်စိ ရထားတယ်၊ အရမ်း တော်တယ်လို့ ကြားပါတယ်။ ဒီတစ်ခါ ကျုပ်ရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးရင် ငွေ (၁၀၀) ပေးပါမယ်။”
ယွင်ကျုံးဟဲ့က ပြန်ပြောသည်။ “ကျုပ် ပိုက်ဆံ မလိုချင်ဘူး။ ကျုပ်တွက်တာ မှန်လို့ ခင်ဗျားရဲ့ အခက်အခဲ ပြေလည်သွားရင် ကျုပ်အတွက် တစ်ခုပဲ လုပ်ပေး။”
တပ်မှူးလီက မေးလိုက်၏။ “ဘာလုပ်ပေးရမလဲ။”
ယွင်ကျုံးဟဲ့က ရင်ဘတ်ထဲမှ စာအိတ်တစ်အိတ် ထုတ်ပေးလိုက်သည်။ “ဒါက ပိုးအိတ်ကလေးပဲ။ လုံးဝ ဖွင့်မကြည့်ရဘူး။ ဖွင့်ကြည့်ရင် သွေးထွက်သံယို ဖြစ်လိမ့်မယ်။ ဒီအိတ်ကို မြို့စားအိမ်တော်က သခင်လေး ကျင်းဝူပြန်းဆီ သွားပေးရမယ်။ မှတ်ထားနော်။ ကိုယ်တိုင် သွားပေးရမယ်။ ဒီအိတ်က သူ့အသက်နဲ့ ဆိုင်တဲ့အထိ အရေးကြီးတယ်။”
တပ်မှူးလီ လန့်သွားသည်။ ဤကိစ္စက မလွယ်ကူပေ။
အဘယ်ကြောင့် ယွင်ကျုံးဟဲ့က ကျင်းဝူပြန်း လာပင့်မည့်အချိန်ကို ဆက်မစောင့်ရတော့သနည်း။ သူ နားလည်သွားပြီ ဖြစ်သောကြောင့်ပင်။ ကျူးကော့လျန်ကို လျူပေ့ လာခေါ်ခြင်းမှာ သူရဲကောင်းဖြစ်သောကြောင့်ပင်။
‘ငါနဲ့ ကျင်းဝူပြန်းက ဘာကောင်တွေမို့လို့ အဲဒီလို ဆက်ဆံခံရမှာလဲ။ လူယုတ်မာ အချင်းချင်း တွေ့ကြတာပဲ။ ဟန်ဆောင်နေစရာ မလိုပါဘူး။ တိုက်ရိုက် သွားတွေ့တာ ပိုကောင်းတယ်။’
အရေးကြီးဆုံး အချက်မှာ သူ ယွင်ကျုံးဟဲ့ ဗိုက်ဆာလို့ သေတော့မည်ဖြစ်သည်။
တပ်မှူးလီက စာအိတ်ကို ကိုင်ပြီး တွေးနေ၏။ ‘ငွေ (၁၀၀) ပေးရတာကမှ သက်သာအုံးမယ်။ ဒီကိစ္စ လုပ်ရတာ အရမ်း အန္တရာယ် များသလိုပဲ။ ကျင်းဝူပြန်းက စိတ်မမှန်တဲ့လူ။ ဒီစာအိတ်ကို မြင်ပြီး ဓားနဲ့ ထိုးသတ်လိုက်ရင် ဘယ်လို လုပ်မလဲ။ ဒါပေမဲ့ လက်ခံလိုက်ရမှာပဲ။ ကိုယ့်ပြဿနာ ပြေလည်ဖို့က ပိုပြီး အရေးကြီးတယ်။’
ဤအခက်အခဲကို မကျော်ဖြတ်နိုင်ရင် လီထျန် သေရတော့မည်။ ခေါင်းပြတ်မည်။ မိန်းမက သူများမယား ဖြစ်သွားမည်။ ကလေးတွေက သူများသားသမီး ဖြစ်သွားမည်။ သူ့မိန်းမ စရိုက်နှင့်ဆိုလျှင် လီထျန် ထောင်ထဲ ဝင်သည့်နေ့မှာတင် တခြားလူ၏ အိပ်ရာပေါ် ရောက်သွားလောက်သည်။
‘ဟူး... ယောကျ်ားတွေကမှ ကိုယ့်မိန်းမအကြောင်း ကိုယ်သိတာ။’
တပ်မှူးလီက ပြောလိုက်၏။ “ကျုပ် အခု ဒုက္ခအကြီးကြီး ရောက်နေတယ်။ ပြောရရင်တော့ ပုံပြင်တစ်ပုဒ်လို ရှည်လျားပါတယ်။”
“မပြောနဲ့။ ခင်ဗျား ဘာဒုက္ခ ရောက်နေလဲ ကျုပ် သိတယ်။ ကျုပ်က နတ်မျက်စိ ရထားတာ။ အကုန် မြင်တယ်။”
တပ်မှူးလီ အံ့သြသွားပြီး မယုံသင်္ကာ ဖြစ်လာ၏။ ကျန်းတာဟူက ယွင်ကျုံးဟဲ့အကြောင်း အမွှန်းတင် ပြောထားသော်လည်း တပ်မှူးလီက အတွေ့အကြုံ ရှိသည့်သူဖြစ်သောကြောင့် လမ်းဘေး ဟာသ တစ်ခုဟုသာ ထင်မှတ်ထားခြင်းပင်။ ယခု ဒုက္ခရောက်လွန်းသောကြောင့် ကောက်ရိုးတစ်မျှင် လာဆွဲကြည့်ခြင်းဖြစ်သည်။ တကယ်တမ်း မျှော်လင့်ချက် သိပ်မထားချေ။
“ဟုတ်လား... ဆရာကြီး ပြောပြပါအုံး။”
တပ်မှူးလီ ဆုံးဖြတ်လိုက်သည်။ ‘ယွင်ကျုံးဟဲ့ ပြောတာ မှန်ရင် ဆက်လုပ်မယ်။ မှားရင်တော့ သူက လူလိမ်ပဲ။ ဒါဆိုရင် ငါ ယွင်ကျုံးဟဲ့ရဲ့ လျှာကို ဖြတ်ပစ်မယ်။ အန္တရာယ်များတဲ့ အချိန်မှာ လာနောက်နေတာမလို့။ နတ်ဆရာလန် သိသွားရင် ငါ အရေခွံ အခွာခံရလိမ့်မယ်။ ဒါပေမဲ့ နတ်ဆရာလန်က ဈေးကြီးလွန်းတယ်။ တစ်ခါဟောရင် ငွေ (၃၀၀၀) တောင်းတယ်။’
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပုံမှန် အတိုင်းပဲ။ ခင်ဗျား စိတ်ထဲမှာ စာလုံး တစ်လုံး ရေးလိုက်။ မှတ်ထားနော်။ စိတ်ထဲမှာပဲ ရေးရမယ်။ ကျုပ်က နတ်မျက်စိနဲ့ ကြည့်ပြီး ခင်ဗျား ဘာရေးလဲ ဆိုတာ သိအောင် လုပ်မယ်။ ပြီးရင် အဲဒီ စာလုံးကို အခြေခံပြီး ဟောပေးမယ်။”
“ကောင်းပြီ။ ကျုပ် ရေးလိုက်ပြီ။”
ယွင်ကျုံးဟဲ့ စိတ်ထဲကနေ ရေရွတ်လိုက်သည်။ “အမှတ် (၁၆) စိတ်ဝေဒနာရှင်... ဝင်ပူးစမ်း။”
ဘာမှ မထူးခြားချေ။
“အမှတ် (၁၆)... ဝင်ပူးစမ်းပါကွာ” ဘာမှ မထူးခြားလာသေးပေ။
‘သောက်ကျိုးနည်း... ဘာဖြစ်တာလဲ။ အရင်တုန်းက ခေါ်ရင် ချက်ချင်း ရောက်လာတာလေ။’
“အမှတ် (၂၃) ဒါဗင်ချီ... ဝင်ပူးစမ်း။”
မရပေ။
“အမှတ် (၈) ဘီသိုဗင်... ဝင်ပူးစမ်း။”
မရသေးပေ။
‘သောက်ကျိုးနည်း... စိတ်ဝေဒနာရှင်ကြီးများ... မနောက်ပါနဲ့ဗျာ။ အရေးကြီးနေပြီ။ အသက်နဲ့ ရင်းနေရပြီ။ ဘယ်လိုခေါ်ခေါ် ဘယ်ကောင်မှ ရောက်မလာဘူး။ အမျိုးတွေ ရောက်လာလို့လား။ လစဉ် ခံစားရတဲ့ ဝေဒနာ (ဓမ္မတာ) ခံစားနေရလို့ အလုပ်မဆင်းချင်ကြတာလား။’
ထိုအချိန်တွင် တပ်မှူးလီက ပြောသည်။ “ဆရာကြီး... စာလုံး ရေးပြီးပြီ။ ဟောပါတော့။”
‘သောက်ကျိုးနည်း... အမှတ် (၁၆) မရှိဘဲ ဘယ်လို ဟောရမလဲ။ တပ်မှူးလီရေ... ကျုပ် အမျိုးတွေ ရောက်လာလို့ နေမကောင်းဘူး။ အလုပ်မဆင်းချင်ဘူးလို့ ပြောရင် ခင်ဗျား လက်ခံမလား။ လက်မခံလောက်ဘူးနော်။’
ယွင်ကျုံးဟဲ့ ဘာမှ ပြန်မပြောဘဲ မျက်လုံးမှိတ်၊ လက်ချောင်းလေးတွေ တွက်ချက်ဟန် ပြုနေသည်။ အပြင်ပန်းက တည်ငြိမ်နေဟန် ဖြစ်သော်လည်း ရင်ထဲမှာ မီးလောင်နေပြီဖြစ်သည်။ ‘သောက်ရူးတွေ... ငါ့ကို လက်စားချေ နေတာလား။ ငါ ရုပ်ချောလို့ မနာလို ဖြစ်နေကြတာလား။’
ဆယ်ကြိမ်လောက် ခေါ်သော်လည်း အမှတ် (၁၆) ရောက်မလာချေ။
‘သောက်ကျိုးနည်း... ဘယ်တွေ ရောက်နေကြတာလဲ။ အရေးကြီးတဲ့အချိန် မင်းတို့ ဘယ်သွားနေတာလဲ။ အခုမှ မလာရင် ငါ သေတော့မယ်ကွ။ အမှတ် (၁၆) ဘယ်ဆီကိုများ ရောက်နေလဲ။ ဘယ်တွေကိုများ သွားနေတာလဲဟေ...’
***