တပ်မှူးလီရဲ့ အသံက ပြောင်းလဲလာ၏။ မျက်လုံးများက အေးစက်လာသည်။ “ဆရာကြီး... စာလုံး ရေးပြီးပြီလို့ ပြောနေတယ်လေ။ စဟောတော့လေ။ ဘာစာလုံးလဲ။ ကျုပ် ဘာဒုက္ခ ရောက်နေတာလဲ။ ဘယ်လို ဖြေရှင်းရမလဲ။”
သူ့လက်က ဓားရိုးကို လှမ်းကိုင်လိုက်သည်။ ယွင်ကျုံးဟဲ့သာ မှားယွင်းသွားပါက လူလိမ်ဟု သတ်မှတ်ပြီး မျက်နှာပြောင်တိုက်မှု မရှိအောင် သုတ်သင်ပစ်တော့မည်။
‘ငါ့လို မြို့စောင့်တပ် တပ်မှူးကို လမ်းဘေးက လူလိမ်တစ်ယောက်က လာကစားရဲတယ်ပေါ့လေ။’
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ထားဆဲဖြစ်၏။
လီထျန် စိတ်ထဲကနေ ရေတွက်နေသည်။ “တစ်ဆယ်၊ ကိုး၊ ရှစ်...” ရေတွက်လို့ ပြီးသည်နှင့် ယွင်ကျုံးဟဲ့ စကားမပြောသေးရင် သတ်ပစ်မည်။
စိတ်ဝေဒနာရှင်များကတော့ ရောက်မလာကြသေးပေ။ အမှတ် (၁၆) တင်မက မည်သူမှ ရောက်မလာချေ။ ယွင်ကျုံးဟဲ့ မျက်လုံးဖွင့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ ယခုတော့ သူ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် ကံတရားကိုပဲ အားကိုးရတော့မှာ ဖြစ်သည်။
“သုံး... နှစ်... တစ်” လီထျန် ရေတွက်လို့ ပြီးသွားပြီဖြစ်၏။
သူက ဓားကို လက်မဝက်လောက် ဆွဲထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ “ယွင်ဆရာကြီး... ကျုပ် စိတ်ထဲက စာလုံး ရေးပြီးပြီ။ ခင်ဗျား နတ်မျက်စိ ရထားတယ်ဆို... ဟောလေ။ ဘာစာလုံးလဲ။ ကျုပ် ဘာပြဿနာ တက်နေတာလဲ။ ဘယ်လို ဖြေရှင်းရမလဲ။
ခင်ဗျားသာ မှန်အောင် ဟောနိုင်ရင် ဒီစာအိတ်ကို မြို့စားအိမ်တော်က သခင်လေး ကျင်းဝူပြန်းဆီ ကိုယ်တိုင် သွားပို့ပေးမယ်။ ဒါပေမဲ့ မှားခဲ့ရင်တော့ စိတ်မရှိပါနဲ့။ အယူသည်းပြီး လိမ်လည်လှည့်ဖြားတဲ့ လူတွေကို နှိမ်နင်းရတာ ကျုပ်တို့ မြို့စောင့်တပ်ရဲ့ တာဝန်ပဲ။ ကျုပ်ကို ရက်စက်တယ်လို့ မထင်ပါနဲ့။”
ယွင်ကျုံးဟဲ့၏ ဦးနှောက်သည် အလွန်အမင်း အလုပ် လုပ်နေရသည်။ ယခုအချိန်သည် သူ၏ ဉာဏ်ပညာကို စမ်းသပ်မည့် အချိန်ပင်။ ဤအရေးကြီးသော အချိန်တွင် ရဲရဲဝံ့ဝံ့ မှန်းဆကြည့်ရန်သာ ရှိတော့သည်။ မြို့စောင့်တပ် တပ်မှူးလီထျန် ရင်ဆိုင်နေရသော အသက်အန္တရာယ် ပြဿနာသည် မည်သည့်အရာ ဖြစ်နေသနည်း။
လတ်တလော ဖြစ်ပျက်ခဲ့သော အရေးကြီး ကိစ္စရပ်များကို ပြန်စဉ်းစားကြည့်လိုက်သည်။ ယွင်ကျုံးဟဲ့၏ အနီးနားတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် တစ်ခုရှိသည်။ မြို့စားအိမ်တော၏် အိမ်တော်ထိန်း လီထန်သည် ဘဏ္ဍာငွေ အလွဲသုံးစားမှုဖြင့် အဖမ်းခံထားရခြင်း ဖြစ်သည်။
အိမ်တော်ထိန်း လီထန်နှင့် တပ်မှူး လီထျန်... နှစ်ယောက်စလုံး ‘လီ’ မျိုးရိုး တူနေသည်။ သူတို့နှစ်ယောက် ဆက်စပ်မှု ရှိနိုင်သည်လား။ ပို၍ ရဲရဲဝံ့ဝံ့ မှန်းဆရလျှင် လီထန်သည် လီထျန်၏ ကျောထောက်နောက်ခံ ဖြစ်နိုင်သည်။ ကျောထောက်နောက်ခံ ပြိုလဲသွားသောကြောင့် လီထျန်သည် ကြောက်ရွံ့တုန်လှုပ်နေပြီး မည်သို့ ဆုံးဖြတ်ရမည်မသိ ဖြစ်နေခြင်းမှာ အဖြစ်နိုင်ဆုံးပင်။
‘ဟုတ်တယ်။ ဒါ အဖြစ်နိုင်ဆုံးပဲ။ ဒါပေမဲ့ အဓိက သော့ချက်က လီထျန် စိတ်ထဲမှာ ရေးထားတဲ့ စာလုံးက ဘာလဲ ဆိုတာပဲ။’
ပင်လယ်ထဲ အပ်ရှာသလို ခက်ခဲလှသည်။ ယွင်ကျုံးဟဲ့သည် လီထျန်အကြောင်း တစ်ခုမှ မသိပေ။ မှန်းဆရန် အစအန မရှိချေ။ သို့သော်ငြား လီထန်၏ ကိုယ်ရေးရာဇဝင်ကို အလွတ်ကျက်ထားဖူးသည်။ လီထန်၏ အဘိုးသည် မူလက ‘လွီ’ မျိုးရိုး ဖြစ်သည်။ ဆင်းရဲလွန်းသောကြောင့် ‘လီ’ အိမ်သို့ မွေးစားခံလိုက်ရပြီး မျိုးရိုး ပြောင်းသွားခြင်း ဖြစ်သည်။
လီထန်သည် ထိုကိစ္စကို စိတ်ထဲ အမြဲထားရှိပြီး မူလမျိုးရိုးကို ပြန်မယူနိုင်သောကြောင့် ဝမ်းနည်းနေတတ်သည်။ လီထန်သည် စာပေအနုပညာကို မြတ်နိုးသူ ဖြစ်သောကြောင့် ယွင်ကျုံးဟဲ့က သူ့ကို ဖားရန်အတွက် သူ့လက်ရေးများကို လေ့လာခဲ့ဖူးသည်။
လီထန် အများဆုံး ရေးလေ့ရှိသော စာလုံး၊ အလှဆုံး ရေးသော စာလုံးမှာ ‘လွီ’ ဖြစ်သည်။ လီထျန်သည် လီထန်၏ တူတော်စပ်လျှင် သူ့မျိုးရိုးသည်လည်း ‘လွီ’ ဖြစ်ပေလိမ့်မည်။ သူသည်လည်း လီထန်၏ လွှမ်းမိုးမှု ခံထားရပြီး ‘လွီ’ စာလုံးကို စွဲလမ်းနေနိုင်သည်လား။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “တပ်မှူးလီ... ခင်ဗျား စိတ်ထဲက စာလုံးက မျိုးရိုးစဉ်ဆက်နဲ့ သက်ဆိုင်နေတယ် မဟုတ်လား။”
ဤအရာက စမ်းသပ်မေးခွန်း ဖြစ်သည်။ မည်သည့်စာလုံးမဆို မျိုးရိုးနှင့် ဆက်စပ်၍ ရသည် မဟုတ်ပါလား။ ယွင်ကျုံးဟဲ့ မှားသည်ဟု ပြော၍လည်း မရနိုင်ပေ။ အကယ်၍ လီထျန်သာ ချက်ချင်း ဝန်ခံလိုက်သည်ဆိုပါက ထိုစာလုံးက ‘လွီ’ ဖြစ်ဖို့ သေချာသလောက် ရှိသွားပြီဖြစ်သည်။
လီထျန် အနည်းငယ် အံ့သြသွားပြီး ခေါင်းညိတ်လိုက်သည်။ “မှန်တယ်။”
သူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ တခြားစာလုံး ဆိုလျှင် စဉ်းစားနေဦးမည်။ ယခု ချက်ချင်း ခေါင်းညိတ် လိုက်ခြင်းက ‘လွီ’ ဖြစ်နိုင်ခြေ ပိုများစေသည်။ လီထျန်သည်လည်း လီထန်ကဲ့သို့ပင် မူလမျိုးရိုးကို ပြန်မယူနိုင်သောကြောင့် စိတ်ဒုက္ခ ရောက်နေပုံရသည်။ စိတ်ထဲတွင် စာလုံးတစ်လုံး ရေးပါ ဆိုလျှင် ‘လွီ’ ကိုသာ ပြေးမြင်မိပေလိမ့်မည်။
“ ‘လွီ’ ခင်ဗျား စိတ်ထဲက စာလုံးက ‘လွီ’ ပဲ။”
အမှောင်ထဲတွင် ပုန်းနေသော ရွှီအန်းထင် (အမျိုးသမီး) သည် လေးကို လီထျန်ထံ ချိန်ရွယ်ထား၏။ ယွင်ကျုံးဟဲ့ မှားသွားပြီး လီထျန်က တိုက်ခိုက်လာလျှင် ချက်ချင်း ပစ်သတ်ရန် အသင့် ပြင်ထားသည်။
ယွင်ကျုံးဟဲ့၏ အဖြေကို ကြားလိုက်ရချိန်မှာတော့ လီထျန် ကြောင်အသွား၏။ သူ့နားကို သူ မယုံနိုင် ဖြစ်နေသည်။ ခဏကြာမှ ဓားကို ပြန်သိမ်းလိုက်ပြီး ဦးညွှတ်လိုက်၏။ “နတ်ဆရာကြီးက တကယ့် ပညာရှင်ပါပဲ။ ကျုပ် စိတ်ထဲက စာလုံးကို တကယ် သိနေတာပဲ။”
ယွင်ကျုံးဟဲ့ သက်ပြင်းချလိုက်သည်။ ‘မှန်သွားပြီ။ ဉာဏ်ပညာ (၃၀) ရာခိုင်နှုန်း၊ ကံတရား (၇၀) ရာခိုင်နှုန်း အသုံးချလိုက်ရတယ်။’
လီထျန်၏ လေးစားမှု အပြည့်ဖြင့် ဆက်ဆံပုံကို မြင်ချိန်မှာတော့ ယွင်ကျုံးဟဲ့ အေးစက်စွာ မေးလိုက်၏။ “စောစောက ကျုပ်ကို ဓားနဲ့ ခုတ်မလို့လား။”
လီထျန်က ပြာပြာသလဲ တောင်းပန်လိုက်သည်။ “ကျုပ်က မျက်ကန်းမို့လို့ပါ နတ်ဆရာကြီး။ ခွင့်လွှတ်ပါ။”
“ထားလိုက်ပါတော့။ အခု ခင်ဗျားရဲ့ ပြဿနာကို ရှင်းရအောင်။”
ယွင်ကျုံးဟဲ့က မြေကြီးပေါ်တွင် ‘လွီ’ စာလုံးကို ရေးလိုက်၏။
“ ‘လွီ’ စာလုံးမှာ ပါးစပ်ပေါက် (၂) ပေါက် ပါတယ်။ ရှေးခေတ်တုန်းက ဒီစာလုံးက အိမ်တစ်လုံးကို ကိုယ်စား ပြုတယ်။ အထက်က အပေါက်က ပြတင်းပေါက်၊ အောက်က အပေါက်က တံခါးပေါက်။ ဒါပေမဲ့ အိမ်ခေါင်မိုးပေါ်မှာ ပြတင်းပေါက် ဖောက်ထားတဲ့ အိမ်မျိုးက ထောင်ပဲ ရှိတယ်။ အကျဉ်းသားတွေ ထွက်မပြေးနိုင်အောင် အမြင့်မှာ ဖောက်ထားတာ။ တပ်မှူးလီ... ခင်ဗျားအတွက် အရေးကြီးတဲ့ လူတစ်ယောက် ထောင်ကျနေတယ် မဟုတ်လား။”
လီထျန် လုံးဝ အံ့သြသွားသည်။ “နတ်ဆရာကြီးက တကယ့်ကို နတ်မျက်စိ ရထားတာပဲ။ ကျုပ် လက်ခံပါပြီ။ ထောင်ကျနေတာက ကျုပ် ဦးလေးပါ။ မြို့စားအိမ်တော် အိမ်တော်ထိန်း လီထန်လေ။ သူက ကျုပ်ရဲ့ ကျောထောက်နောက်ခံပဲ။ အခု သူတို့က ကျုပ်ကို ဦးလေးရဲ့ အပြစ်တွေကို ဖော်ထုတ်ခိုင်းနေတယ်။ မပြောရင် ကျုပ်ကိုပါ ဖမ်းမယ်တဲ့။ ကျုပ် ဘယ်လို လုပ်ရမလဲ။ ဦးလေးကို သစ္စာဖောက်ရမလား။ သစ္စာစောင့်သိရမလား။ အဓိက က ဦးလေးက ဒီအမှုကနေ လွတ်နိုင်ပါ့မလား ဆိုတာပါပဲ။”
‘ရှင်းသွားပြီ။ လီထျန်က ဦးလေးဖြစ်သူ လွတ်နိုင်မလွတ်နိုင် မသေချာလို့ ဝေခွဲမရ ဖြစ်နေတာပဲ။ သစ္စာဖောက်လိုက်လို့ လီထန် ထောင်က လွတ်လာတဲ့အခါ လီထျန် သေလိမ့်မယ်။ သစ္စာစောင့်သိလိုက်လို့ လီထန် မလွတ်တဲ့အခါ လီထျန်ပါ သေလိမ့်မယ်။’
လီထျန်က အားကိုးတကြီးဖြင့် မေးလိုက်၏။ “နတ်ဆရာကြီး... ကူညီပါအုံး။ ကျုပ် ဦးလေး လွတ်နိုင်မလား။ ကျုပ် ဘယ်လို လုပ်သင့်လဲ။”
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ပြီး လက်ချောင်းလေးတွေ တွက်ချက်ဟန် ပြုလိုက်သည်။ “ခင်ဗျား ဦးလေးရဲ့ မူလမျိုးရိုးက ‘လွီ’ မဟုတ်လား။ နောက်မှ ‘လီ’ ပြောင်းသွားတာ။”
လီထျန် ပိုပြီး အံ့သြသွားသည်။ ‘ဒါတွေကိုပါ သိနေတယ် ဆိုတော့ တကယ့် နတ်ဘုရားပါပဲ။’
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “ ‘လွီ’ စာလုံးကို ကြည့်လိုက်။ အထက်က အပေါက်က ပြတင်းပေါက်၊ အောက်က အပေါက်က တံခါးပေါက်။ ထောင်နဲ့ တူတယ်။ ဒါပေမဲ့ ‘လွီ’ ကနေ ‘လီ’ ပြောင်းသွားတယ် ဆိုတာ ထောင်ထဲကနေ လွတ်မြောက်သွားတာကို ပြတာပဲ။
ဒါကြောင့် ခင်ဗျားရဲ့ဦးလေးက ဒီတစ်ခါ အန္တရာယ်ကနေ လွတ်မြောက်နိုင်လိမ့်မယ်။ ခင်ဗျား သူ့ကို သစ္စာမဖောက်နဲ့။ သူ့ဘက်က ရပ်တည်ပေးလိုက်။ အခုလောလောဆယ် ဒုက္ခရောက်နိုင်ပေမယ့် နောင်ကျရင် ကောင်းကျိုး ခံစားရလိမ့်မယ်။”
လီထျန် ဝမ်းသာအားရဖြင့် ရေရွတ်လိုက်သည်။ “မှန်တယ်။ မှန်တယ်။ ကောင်းကင်ဘုံက လမ်းပြနေတာပဲ။ ကျေးဇူးတင်ပါတယ် နတ်ဆရာကြီး။”
သူက ငွေ (၁၀၀) ပါသော သေတ္တာကို ကမ်းပေးလိုက်သည်။
ယွင်ကျုံးဟဲ့က လက်ကာပြလိုက်၏။ “ကျုပ် ပြောပြီးသားလေ။ ပိုက်ဆံ မယူဘူးလို့။ ကိစ္စပြီးရင် ဒီပိုးအိတ်ကလေးကို သခင်လေး ကျင်းဝူပြန်းဆီ သွားပို့ပေး။ ဒါဆို ကျေပြီ။”
“တကယ်လို့ ဆရာကြီး ဟောတာ မှန်ခဲ့ရင် ခေါင်းပြတ်ခံပြီး သွားပို့ပေးပါ့မယ်။” တပ်မှူးလီ ကျေးဇူးတင်စကား ဆိုပြီး ပြန်သွားလေသည်။
ယွင်ကျုံးဟဲ့ သက်ပြင်းချလိုက်၏။ မြို့စားအိမ်တော်ထဲ ဝင်နိုင်မဝင်နိုင် ဆိုခြင်းမှာ ထိုပိုးအိတ်ကလေး အပေါ်မှာ မူတည်နေပြီဖြစ်၏။
………………
တပ်မှူးလီ အိမ်ပြန်ရောက်ပြီး ပိုးအိတ်ကလေးကို သေချာ သိမ်းထားလိုက်သည်။ ထို့နောက် အိပ်ပျော်သွား တော့သည်။
နောက်တစ်နေ့ ရုံးတက်ချိန်တွင် တပ်မှူးလီ အဖမ်းခံလိုက်ရသည်။ သွေးနက်ဂိုဏ်းက သူ့ကို နှိပ်စက်ပြီး ဦးလေးဖြစ်သူ လီထန်၏ အပြစ်များကို ဝန်ခံခိုင်း၏။
ပုံမှန်ဆိုလျှင် တပ်မှူးလီ ဝန်ခံလိုက်ပြီး မိမိ၏ ဦးလေးကို ရောင်းစားလိုက်ပေမည်။ သို့သော်ငြား မနေ့ညက နတ်ဆရာကြီး၏ ဟောပြောချက်ကြောင့် သူ၏ စိတ်ဓာတ်က ကျောက်စိုင်ကျောက်သားကဲ့သို့ ခိုင်မာနေလေသည်။
“ဟား ဟား ဟား... ကျုပ်ရဲ့ ဦးလေးကို သစ္စာဖောက်ရမယ် ဟုတ်လား။ အိပ်မက်မက်နေလိုက်။ ဦးလေးက ကျုပ်ရဲ့ ကျေးဇူးရှင်။ ကျုပ် လီထျန်က ကျေးဇူးကန်းတဲ့ကောင် မဟုတ်ဘူး။ သတ်ချင်သတ်လိုက်... ကျုပ်ဘယ်တော့မှ သစ္စာမဖောက်ဘူး။”
နှိပ်စက်သူများက ကြိမ်ဒဏ် (၃) ကြိမ် ပေးသော်လည်း လီထျန် မမှုပေ။
…………
“လီထျန် ဝန်ခံလား။” အမျိုးသမီး တစ်ဦးက မေးလိုက်သည်။ သူမသည် သွေးနက်ဂိုဏ်း၏ ခေါင်းဆောင် လန်ပိ ဖြစ်သည်။ ကျင်းကျုံးယွဲ့၏ လက်ရုံးတစ်ဆူဖြစ်ပြီး သူလျှိုများကို နှိမ်နင်းရာတွင် နာမည်ကြီးသည်။
ဂိုဏ်းသားက ပြောလိုက်၏။ “ဝန်မခံဘူး။ သတ်ရင်သတ် သစ္စာမဖောက်ဘူးတဲ့”
လန်ပိက အံ့အားသင့်သွားသည်။ “အင်း... မထင်ရဘူး။ ဒီလူက သစ္စာရှိလှချည်လား။”
ဂိုဏ်းသားက မေးလိုက်၏။ “သခင်မ... သူ့ကို သတ်ပစ်လိုက်ရမလား။”
လန်ပိက ပြောလိုက်သည်။ “မသတ်နဲ့။ လေခွင်းမြို့မှာ သစ္စာရှိတဲ့သူ ရှားတယ်။ ဆက်မနှိပ်စက်နဲ့တော့။”
ဂိုဏ်းသားက ထပ်မေးလိုက်၏။ “လီထန် ကိစ္စကရော။”
လန်ပိက ဖြေလိုက်သည်။ “မြို့စားကတော်ကြီး ဝင်ပြောထားလို့ မြို့စားမင်းက လီထန်ကို မသတ်တော့ဘူး။”
ဂိုဏ်းသားက မေးလိုက်ပြန်၏။ “ဒါဆို ဒီအတိုင်း လွှတ်ပေးလိုက်ရမလား။”
လန်ပိက ခေါင်းညိတ်လိုက်သည်။ “မြို့စားမင်း ဆုံးဖြတ်ပြီးပြီ။”
..........
နေ့တစ်ဝက် ကြာပြီးနောက် အိမ်တော်ထိန်း လီထန် ပြန်လွတ်လာသည်။ အလွဲသုံးစားလုပ်ထားသော ငွေ (၃) သောင်း ပြန်လျော်ရပြီး ရာထူးဖြုတ်ကာ ရွာပြန်ပို့လိုက်၏။
တပ်မှူး လီထျန်လည်း ပြန်လွတ်လာသည်။ အပြစ်မရှိကြောင်း ကြေညာပြီး မြို့စားမင်းက ဆုချသည်။ တကယ်တမ်းတွင် မြို့စားမင်း ကိုယ်တိုင် မဟုတ်ဘဲ သွေးနက်ဂိုဏ်း ခေါင်းဆောင် လန်ပိက ကိုယ်စား တွေ့ဆုံခြင်း ဖြစ်သည်။
လန်ပိက လီထျန်ကို (၁၀) မိနစ်လောက် ဆူပူကြိမ်းမောင်းလိုက်သည်။ သို့သော်ငြား လီထျန် ပျော်ရွှင်နေသည်။ ဆူပူခံရခြင်းက သူ့ကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း နားလည်သည်။ သူ့သစ္စာရှိမှုကို မြို့စားမင်း သဘောကျသွားပြီ ဖြစ်၏။
ယနေ့ လီထန်ကို သစ္စာမဖောက်လျှင် နောင်တစ်ချိန် ကျင်းမိသားစုကိုလည်း သစ္စာဖောက်မည် မဟုတ်ပေ။
လီထျန်သည် သာမန် တပ်မှူးလေး တစ်ယောက်သာ ဖြစ်သည်။ ယခုအခါ မြို့စားမင်း၏ အာရုံစိုက်မှုကို ရရှိသွားပြီ ဖြစ်သောကြောင့် အနာဂတ်တွင် ရာထူးတက်လာတော့မည်။
လီထျန်၏ စိတ်ထဲတွင် “ယွင်နတ်ဆရာကြီးက တကယ် နတ်ဘုရားပဲ” ဟူသော အတွေးသာ ရှိတော့သည်။ အလွန် မှန်ကန်လွန်းလှ၏။ ထို့ကြောင့် ယခု ယွင်နတ်ဆရာကြီး ခိုင်းထားသော ကိစ္စကို လုပ်ရန်သာ ကျန်တော့သည်။
လီထျန်သည် ဒဏ်ရာများကို ဂရုမစိုက်ဘဲ အိမ်ပြန်ပြေးကာ ပိုးအိတ်ကလေးကို ယူလိုက်သည်။ ဖွင့်ကြည့်ချင်စိတ် ရှိသော်လည်း မကြည့်ရဲပေ။ သခင်လေး ကျင်းဝူပြန်းနှင့် ပတ်သက်နေသောကြောင့် အန္တရာယ် များလှ၏။
ပိုးအိတ်ကို ရင်ခွင်ထဲ ထည့်ပြီး မြို့စားအိမ်တော်သို့ ပြေးသွားလေသည်။
***