မကြာမီ လူတစ်ယောက်က စက္ကူကြမ်းကြီး တစ်ရွက် သွားရှာပေးလာ၏။
ယွင်ကျုံးဟဲ့ ဝမ်းသာအားရ ဖြစ်သွားပြီး စုတ်တံကို လျှာဖြင့်လျက်ကာ မင်စိမ်လိုက်သည်။ ထို့နောက် စက္ကူကြမ်းပေါ်တွင် ကတိစာချုပ် ရေးချလိုက်လေသည်။ စာချုပ်ပါ အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်၏။
“သခင်လေး ကျင်းဝူပြန်း၏ ကုမရသော ရောဂါဆိုးကြီးကို မကုသနိုင်ပါက ယွင်အောက်ထျန်းအား မတရား အနိုင်ကျင့်၍ သတ်ဖြတ်နိုင်သည်။”
‘ဆီးကျိတ်ရောင်ရမ်းခြင်းက ဘယ်တုန်းက ကုမရတဲ့ ရောဂါဆိုး ဖြစ်သွားတာလဲ။’
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “တကယ်လို့ ခင်ဗျားရဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုပေးနိုင်ခဲ့ရင် ခင်ဗျား ကျုပ်ကို ဝေါယာဉ်နဲ့ မြို့စားအိမ်တော်ထဲ ပြန်ခေါ်ရမယ်။”
“ကိစ္စမရှိဘူး။” ကျင်းဝူပြန်းက ကတိပေးလိုက်သည်။
“မင်းသာ ငါ့ရောဂါကို ပျောက်အောင် ကုပေးနိုင်ရင် မင်းက ငါ့ကျေးဇူးရှင်ပဲ။ ဒီနေ့ကစပြီး မြို့စားအိမ်တော်က မင်းအိမ်ပဲ။ ငါက မင်းရဲ့ ကျောထောက်နောက်ခံပဲ။ လေခွင်းမြို့ထဲမှာ မင်း ကြိုက်သလို ကန့်လန့် လမ်းလျှောက်လို့ ရတယ်။”
“ကန့်လန့် လမ်းလျှောက်တယ် ဟုတ်လား။ ဆွေမျိုးမေ့ ခြေလှမ်းမျိုးလား။”
(ကန်လန့်လမ်းလျှောက်ခြင်း - ဂဏန်းသွား သွားခြင်း၊ ဆွေမျိုးမေ့ခြေလှမ်း - လူတစ်ယောက် ရုတ်တရက် ချမ်းသာလာချိန်၊ အောင်မြင်မှု ရလာချိန်များတွင် ဆွေမျိုးများကို ဂရုမစိုက်တော့သည် အမူအရာ)
‘ဟမ်... မင်း အာရုံစိုက်တဲ့ နေရာက လွဲနေပြီလေ။’
“ဟုတ်တယ်။” ကျင်းဝူပြန်းက ခေါင်းညိတ်လိုက်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်လေးကျင်း... အဲဒီ ဆွေမျိုးမေ့ ခြေလှမ်းကို နည်းနည်းလောက် သရုပ်ပြပေးနိုင်မလား။”
“ဟမ်” ကျင်းဝူပြန်း ကြောင်သွားသည်။ ‘ဘာသဘောလဲ။ ငါ့ကို သရုပ်ပြခိုင်းတာလား။ သေချင်လို့လား။’
“ရောဂါရှိရင် နှစ်လှမ်းလောက် လျှောက်ပြပါ။ လျှောက်ပြပေးပါ။” ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။
အားလုံး အံ့ဩကုန်ကြသည်။ ‘ယွင်အောက်ထျန်းက ပုံမှန်ဖြစ်တာ တစ်မိနစ်တောင် မကြာသေးဘူး၊ ပြန်ရူးသွားပြန်ပြီလား။ သေရွာပြန်က လွတ်လာခါစ ရှိသေးတယ်၊ ထပ်ပြီး သေလမ်းရှာပြန်ပြီ။ ကျင်းဝူပြန်းက စိတ်အပြောင်းအလဲ မြန်တယ်နော်။ မင်း ဒီလို သွားစနောက်ရင် သေသွားလိမ့်မယ်။’
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “သခင်လေးကျင်း... ခင်ဗျား စိတ်ဖိစီးနေပုံရတယ်။ နည်းနည်းလောက် ပေါက်ကွဲပစ်လိုက်ဖို့ လိုတယ်။ ဆင်းလာပြီး လမ်းလျှောက်ပြပါ။ ရောဂါ မရှိလည်း လျှောက်ပါ။ ရောဂါ ရှိလည်း လျှောက်ပါ။ လျှောက်လိုက်ပါ။”
“ဟား... ဟား... ဟား...” ကျင်းဝူပြန်းသည် မျက်လုံးများ မှေးကျဉ်းသွားရာမှ ရုတ်တရက် ရယ်မောလိုက်လေ၏။
ထို့နောက် သူသည် တကယ်ပင် ထိုင်ခုံမှ ဆင်းလာပြီး လက်နှစ်ဖက်ကို ဖြန့်၊ ခြေထောက်နှစ်ဖက်ကို ကားကာ ဂဏန်းတစ်ကောင်ကဲ့သို့ မာန်ပါပါ လမ်းလျှောက်ပြလေတော့သည်။ တကယ့် အရူးတစ်ယောက်ပင်။
သို့သော်ငြား ဤလမ်းလျှောက်နည်းမှာ သူ၏ ဂုဏ်ယူစရာ လက်ရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤဂဏန်းလျှောက်လမ်းနည်း၏ ဖန်တီးရှင် ဖြစ်သောကြောင့်ပင်။ ယခင်က သူသည် ဤကဲ့သို့သာ နေ့စဉ် လမ်းလျှောက်ခဲ့ဖူးသည်။
ရောဂါရပြီးနောက်ပိုင်းတွင်မူ မလျှောက်ရဲတော့ဘဲ ဖင်ကို ကျုံ့ကာ လမ်းလျှောက်နေရသောကြောင့် လမ်းလျှောက်ရသည်မှာ အရသာ မရှိတော့ပေ။ ယခုတစ်ခေါက် ပြန်လျှောက်လိုက်ရသည့်အခါ နာကျင် သော်လည်း စိတ်ထဲတွင် ကျေနပ်သွားလေ၏။
....................
ယွင်ကျုံးဟဲ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “သခင်လေးကျင်း... ခင်ဗျားရဲ့ ခြေလှမ်းက သိပ်ပြီး စစ်မှန်ပုံမရဘူး။ သိပ် ဟန်မကျဘူးဗျ။”
“ဘာကွ... ဒီဂဏန်းလမ်းလျှောက်နည်းကို ငါကိုယ်တိုင် တီထွင်ထားတာ။ မင်းက စစ်မှန်ပုံမရဘူး ပြောရဲတယ်ပေါ့။” ကျင်းဝူပြန်း ဒေါသထွက်သွားသည်။ “မင်းရဲ့ လျှာကို ဖြတ်ပြီး ခြေထောက်ကို ရိုက်ချိုးပစ်မယ်။”
“တကယ့် ဆွေမျိုးမေ့ ခြေလှမ်းအစစ်က ဘယ်လိုလဲဆိုတာ ကျုပ် ပြမယ်။ ကြည့်ထား။”
ယွင်ကျုံးဟဲ့သည် သူတောင်းစားဝတ်ရုံကို ခါလိုက်ပြီး ခန်းမကြီးကို ဖက်ရှင်ရှိုးလျှောက်လမ်းသဖွယ် သဘောထားလိုက်သည်။
“ဒါက ဝိညာဉ်နုတ် ခြေလှမ်း။”
ယွင်ကျုံးဟဲ့သည် ခါးထောက်ကာ နွဲ့နောင်းစွာ လျှောက်ပြလိုက်သည်။ မော်ဒယ်မလေးများ လျှောက်သည့် ကြောင်လျှောက် လျှောက်နည်း (Catwalk) ဖြစ်သည်။ ဒေါက်ဖိနပ် မပါသောကြောင့် ခြေဖျားထောက်ကာ လျှောက်ပြလေသည်။ သူ၏ပုံစံမှာ မီလန်ဖက်ရှင်ရှိုးပွဲတွင် လျှောက်နေသည့်အလား အလွန်ပင် ပီပြင်လှ၏။
အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ‘ဒီ... ဒီသူတောင်းစားက ဒီလောက်တောင် “တော်” တာလား။’
ခန်းမအဆုံးထိ ကြောင်လျှောက် လျှောက်နည်းဖြင့် လျှောက်ပြီးနောက် ရုတ်တရက် လှည့်ကြည့်လိုက်၏။ “ကဲ... အခု တကယ့် ဆွေမျိုးမေ့ ခြေလှမ်းကို စမယ်။ တီးလုံးလာ။”
ယွင်ကျုံးဟဲ့သည် ပါးစပ်မှ သီချင်းဆိုကာ နောက်ခံတေးဂီတ ဖန်တီးလိုက်သည်။
“ငါ လုပ်ချင်တာ ငါလုပ်မယ်။ ငါ ခေါင်းမာချင် ခေါင်းမာမယ်။ ဘယ်သူက ငါ့ကို ဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့။ ငါ မတုန်လှုပ်ချင် မတုန်လှုပ်ဘူး။ ငါ မဝေဝါးဘူး။ ဒီထက် ဘာကများ ပိုပြီး မောက်မာစရာ ရှိအုံးမလဲ။”
သီချင်းဆိုရင်းဖြင့် ယွင်ကျုံးဟဲ့သည် ဟန်ပါပါဖြင့် ယိမ်းနွဲ့ကာ တကယ့် ဆွေမျိုးမေ့ ခြေလှမ်းအစစ်ကို လျှောက်ပြလေတော့သည်။ ရုပ်ရှင်ထဲမှ လူလည်ဇာတ်ကောင်ထက်ပင် ပို၍ ကြည့်ကောင်းနေသေးသည်။ လျှောက်ပြီးနောက် ယွင်ကျုံးဟဲ့သည် ဆံပင်ကို ခါလိုက်ပြီး လန်ပိအား မျက်စပစ်ပြလိုက်သေး၏။
“ကောင်းကင်ဘုံ....”
ခန်းမထဲရှိ လူအားလုံး ကြက်သေသေကုန်ကြပြန်သည်။ လူပြက်တစ်ယောက်ကို ကြည့်နေရသလို တိတ်ဆိတ် ငြိမ်သက်နေကြ၏။ ကျင်းဝူပြန်း တစ်ယောက်သာလျှင် အသက်ရှူမဝအောင် ရယ်မောနေလေသည်။ အရူးနှစ်ယောက် စိတ်ချင်းဆက်မိသွားကြပြီ ဖြစ်သည်။
အရူးတို့၏ ကမ္ဘာတွင် ပျော်စရာများ ပြည့်နှက်နေတတ်သည်။ ကျင်းဝူပြန်းသည် ယွင်ကျုံးဟဲ့ကို ကြည့်လေ သဘောကျလေ ဖြစ်နေ၏။
သူသည် အလွန်ပျော်ရွှင်နေသောကြောင့် လက်ခုပ်တီးလိုက်ရာ လက်ကောက်ဝတ်ရှိ ဒဏ်ရာများ ပေါ်ထွက် လာသည်။ ဒဏ်ရာအများအပြား ရှိသည့်အနက် နောက်ဆုံးတစ်ခုမှာ လတ်ဆတ်နေသေးသည်။ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားထားသော ဒဏ်ရာများမှာ အရိုးပေါ်သည်အထိ နက်ရှိုင်းလှသည်။
...................
ယွင်ကျုံးဟဲ့၏ အကွက်များကို မြင်တွေ့ရပြီးနောက် ကျင်းဝူပြန်းမှာ အလွန်ပင် နှစ်ထောင်းအားရ ဖြစ်သွားလေ၏။
အမှန်စင်စစ် ယွင်ကျုံးဟဲ့၏ ‘ဆွေမျိုးမေ့ ခြေလှမ်း’မှာ သိုင်းလောက တစ်ခွင်တွင် ဓားချီများ ထိုးဖောက်သွားသကဲ့သို့ ခန့်ညားထည်ဝါလှသည် မဟုတ်ပါလား။ လူတိုင်းက မြင်ပြီးသည်နှင့် သူ့ကို အရှင်လတ်လတ် ရိုက်သတ်ချင်လာအောင် ဆွဲဆောင်မှု ရှိလေသည်။
“ဘယ်လိုလဲ။ သင်ချင်လား။ ကျုပ် သင်ပေးမယ်လေ။” ယွင်ကျုံးဟဲ့က ကိုယ်ကို ကိုင်းကာ ပြောလိုက်၏။
“လျှို့ဝှက်ချက်ကတော့ ရှင်းရှင်းလေးပဲ။
အဲဒီနောက်မှာ ခင်ဗျားရဲ့ ကြီးကျယ်ခမ်းနားမှုကြောင့် ရင်ထဲကနေ အလိုလို ဂုဏ်ယူဝင့်ကြွားစိတ်တွေ ပေါ်လာလိမ့်မယ်။ အဲဒါဆို ခင်ဗျားရဲ့ ဆွေမျိုးမေ့ခြေလှမ်း အောင်မြင်ပြီလို့ မှတ်လိုက်ပေတော့။”
“ဒီလိုမျိုးလား။”
ကျင်းဝူပြန်းသည် ယွင်ကျုံးဟဲ့၏ လမ်းညွှန်မှုအတိုင်း ခြေလှမ်းများကို ပြန်လည် လေ့ကျင့်လေ၏။ ယွင်ကျုံးဟဲ့က ဘေးမှနေ၍ သီချင်းဆိုကာ စည်းဝါးလိုက်ပေးသည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ကျင်းဝူပြန်းသည် မိမိ၏ ခြေလှမ်းများမှာ ယခင်ကထက် ပိုမို အသက်ဝင်လာသည်ဟု ခံစားလိုက်ရ၏။
“ဟုတ်ပြီ။ ဟုတ်ပြီ။ အဲဒါပဲ။ ခင်ဗျား လိုချင်တဲ့ ပုံစံကို ရပြီ။” ယွင်ကျုံးဟဲ့က ချီးကျူးလိုက်သည်။
ကျင်းဝူပြန်းသည် သဘောကျစွာ ရယ်မောလိုက်လေသည်။ “ဟား... ဟား... ဟား... ဆရာသမားရဲ့ စကားတစ်ခွန်းက စာအုပ်ပေါင်း တစ်ထောင် ဖတ်တာထက် ပိုပြီး ထိရောက်တာပဲ။”
“ခင်ဗျားစကားက အားမပါသေးဘူး။ ဆရာသမားရဲ့ စကားတစ်ခွန်းက ဆယ်နှစ်လောက် ဟန်လုပ်နေရတာထက် ပိုထိရောက်တယ်လို့ ပြောရမှာ။” ယွင်ကျုံးဟဲ့က ပြင်ပေးလိုက်၏။
ထိုစဉ် ကျင်းဝူပြန်းသည် ဆီးအောင့်ထား၍ မရတော့သောကြောင့် အိမ်သာဘက်သို့ ဦးတည်သွားလေသည်။
“အိမ်သာသွားမလို့လား။ အတူတူ သွားကြမယ်လေ။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
ကျင်းဝူပြန်းက ဒေါသထွက်ထွက်ဖြင့် ပြောလိုက်သည်။ “မင်းကတော့ ငါ့ခေါင်းပေါ် တက်ချင်နေပြီ။ ငါက မင်းကို နည်းနည်းလေး မျက်နှာသာ ပေးလိုက်တာနဲ့ မိုးမမြင်လေမမြင် ဖြစ်လာပြီပေါ့။ ငါ့ဂုဏ်ပုဒ်က ဘယ်လိုလဲ။ နယ်စားပယ်စားရဲ့ သားကွ။ မင်းက ဘာကောင်လဲ။ သူတောင်းစား။ သန်းတစ်ကောင် လောက်တောင် အဆင့်မရှိတဲ့ကောင်။ ငါနဲ့ အတူတူ အိမ်သာတက်ဖို့ တန်ရဲ့လား။”
ကျင်းဝူပြန်းက အေးစက်စွာ ပြောလိုက်သော်လည်း စကားကို ပြန်ဆက်၏။ “ဒါပေမဲ့ ဒီည မင်းကြောင့် ငါ အများကြီး ရယ်ခဲ့ရတယ်ဆိုတော့ အတူတူ သွားခွင့်ပြုလိုက်မယ်။”
“သိပ်ကောင်းတာပေါ့။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ရိုးရိုးသားသား ဝန်ခံရရင် စောစောက ကျားကြီး ခုန်အုပ်လိုက်တဲ့ အချိန်မှာတင် တစ်ဝက်လောက်က ထွက်သွားပြီ။ ကျန်တဲ့ တစ်ဝက်ကို သွားပြီး အဆုံးသတ်လိုက်ကြတာပေါ့။”
ထို့နောက် သူတို့နှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့်ဖြင့် အိမ်သာဘက်သို့ ထွက်ခွာသွားကြ၏။
ဘေးမှ ကြည့်နေသူများမှာမူ ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့ကြသည်။ ‘ကောင်းကင်ဘုံ.... ဒါ ဘယ်နေရာလဲ။ စောစောက ဘာတွေ ဖြစ်သွားတာလဲ။ သခင်လေးက ဒီသူတောင်းစားကို ကျားစာကျွေးမယ် ဆို။ တစ်စစီ ဆွဲဖြဲပစ်မယ် ဆို။ ဘယ်လိုဖြစ်ပြီး အခု အတူတူ အိမ်သာတက်သွားကြတာလဲ။’
သာမန်လူများ အနေဖြင့် အရူးတစ်ယောက်၏ ကမ္ဘာကို နောက်ထပ် အရူးတစ်ယောက်ကသာ နားလည်နိုင်ကြောင်း မည်သို့ သိနိုင်ပါမည်နည်း။
ကျင်းဝူပြန်း၏ လုံခြုံရေးအတွက် စိုးရိမ်စရာ လိုသည်လား။ ယွင်ကျုံးဟဲ့ ကဲ့သို့ ကြက်ကလေး တစ်ကောင်ကိုပင် မသတ်နိုင်သော သူတောင်းစားက ကျင်းဝူပြန်းကို ဘာလုပ်နိုင်မည်နည်း။
.........................
မြို့စားအိမ်တော်၏ အိမ်သာမှာလည်း ရွှေရောင်ဝင်းလက်ကာ ခမ်းနားထည်ဝါလှသည်။ သို့သော်ငြား ဤနေရာတွင် လူတစ်ယောက်၏ သဘာဝကို ပိုမို လွတ်လပ်စွာ ထုတ်ဖော်နိုင်သည်။
ကျင်းဝူပြန်းက ရုတ်တရက် ပြောလိုက်၏။ “ဘာကြောင့်မှန်း မသိဘူး။ ငါ မင်းကို စတွေ့တည်းက ရင်းနှီးသလို ခံစားနေရတယ်။”
မရင်းနှီးဘဲ နေပါမည်လား။ အရူး အချင်းချင်း တွေ့ဆုံကြသည် မဟုတ်ပါလား။
“ကျုပ်လည်း အတူတူပါပဲ။ ဒါပေမဲ့ ခင်ဗျားပြောတဲ့ ရင်းနှီးသလို ခံစားရတယ်ဆိုတဲ့ စကားက သိပ်ပြီး အရှိန်အဝါ မပါဘူး။” ယွင်ကျုံးဟဲ့က ထောက်ပြလိုက်သည်။
“ဒါဆို ဘယ်လိုပြောရမလဲ။” ကျင်းဝူပြန်းက မေး၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “စာပေအသုံးအနှုန်းနဲ့ ပြောရရင်... ဒီညီလေးကို ကျုပ် အရင်က မြင်ဖူးသလိုပဲ။”
ကျင်းဝူပြန်းက ခေါင်းခါလိုက်၏။ “အဲဒါ မကောင်းပါဘူး။ သိပ်ပြီး ဆန်းကြယ်လွန်းတယ်။”
ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်သည်။ “ဒါဆိုရင် နောက်ထပ် အလွမ်းအဆွေး ပုံစံတစ်မျိုး ရှိသေးတယ်။”
ကျင်းဝူပြန်းက မေးလိုက်၏။ “ပြောပြစမ်း။”
ယွင်ကျုံးဟဲ့က ကဗျာတစ်ပုဒ် စပ်ဆိုလိုက်သည်။ “ရင်ကွဲပက်လက် တေးတစ်ပုဒ်... မိုးဆုံးမြေဖျားထိ လိုက်ရှာသော်လည်း အချစ်ဆုံး သူငယ်ချင်းကို မတွေ့ရ...”
“စကားပြောတာ နားထောင်ကောင်းသားပဲ။ ပညာတတ်ပဲ။ ဘယ်အထိ ကျောင်းတက်ခဲ့လဲ။” ကျင်းဝူပြန်းက စိတ်ဝင်တစားဖြင့် မေးလိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မူကြိုကျောင်း သုံးလလောက် တက်ပြီး ထွက်ခဲ့တာ။”
ကျင်းဝူပြန်းက နှာခေါင်းရှုံ့လိုက်၏။ “မူကြိုကျောင်းကနေ ထွက်ခဲ့တာလား။ ညံ့လိုက်တာ။ ပညာမဲ့ပဲ။”
“ခင်ဗျားရော။ ဘွဲ့ရလား။” ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။
“မင်းနိုင်သွားပြီ။” ကျင်းဝူပြန်း မျက်နှာသေဖြင့် ဖြေလိုက်၏။
‘သောက်ကျိုးနည်း.... ခင်ဗျားက မူကြိုတောင် မတက်ခဲ့ဖူးဘူးပေါ့လေ။’
ထို့နောက် ယွင်ကျုံးဟဲ့သည် ကျင်းဝူပြန်းအား လှမ်းကြည့်လိုက်သည်။ ကျင်းဝူပြန်းက ကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်ရင်း ပြောလိုက်သည်။ “ငါ ယောက်ျားတွေအပေါ် စိတ်မဝင်စားဘူး။”
ယွင်ကျုံးဟဲ့ ကြည့်နေသည်မှာ သူ၏ လက်ကောက်ဝတ် ဖြစ်သည်။ လက်ကောက်ဝတ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာအချို့ ရှိပြီး နောက်ဆုံးတစ်ခုမှာ လုံးဝပင် မကျက်သေးချေ။
သူသည် တစ်ကြိမ်မက ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့ဖူးသည့်ပုံပင်။ အဘယ်ကြောင့်နည်း။ ဆီးလမ်းကြောင်း ရောင်ရမ်းရုံလောက်နှင့် သတ်သေစရာ မလိုပေ။
ကျင်းဝူပြန်းသည် အင်္ကျီလက်ဖြင့် ဒဏ်ရာကို ဖုံးကွယ်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။ “ယွင်အောက်ထျန်း... ငါ့ကို မျှော်လင့်ချက်ပေးပြီးမှ ပြန်မရိုက်ချိုးလိုက်နဲ့။ တကယ်လို့ မင်းသာ ငါ့ကို ကုပေးနိုင်ရင် မင်းဟာ ငါ့ရဲ့ ကျေးဇူးရှင် ဖြစ်လာလိမ့်မယ်။ ငါတို့နှစ်ယောက်က ဒီလောက်အထိ ဓာတ်တည့်နေမှတော့ ငါ မင်းကို တကယ် မသတ်ချင်တော့ဘူး။”
ယွင်ကျုံးဟဲ့၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အကြောင်းမူကား ကျင်းဝူပြန်း၏ ဆီးအရောင်မှာ အညိုရင့်ရောင် ဖြစ်နေပြီး သွေးများ ပါဝင်နေသောကြောင့် ဖြစ်သည်။ သူ၏ မျက်ခွံများနှင့် လက်များမှာလည်း ဖောရောင်နေ၏။
အခြေအနေမှာ ထင်ထားသည်ထက် ပိုဆိုးရွားနေသည်။ သူသည် ကျောက်ကပ်ရောင် ရောဂါကို ပြင်းထန်စွာ ခံစားနေရပြီ ဖြစ်သည်။ နောက်ဆက်တွဲ ရောဂါများ ထပ်မဝင်လာရန်သာ ဆုတောင်းရမည်။ မဟုတ်ပါက အသက်အန္တရာယ် ရှိနိုင်သည်။
***