ဧည့်ခန်းမဆောင်သို့ ပြန်ရောက်လာချိန်မှာတော့ ချောမောသော တာအိုဆရာလေး တစ်ပါးက ရုတ်တရက် ထကာ ပြောလိုက်၏။ “သူတောင်းစား.... မင်းရေးပေးထားတဲ့ ကတိစာချုပ်မှာ ရက်အတိအကျ မပါဘူး။ သခင်လေးရဲ့ ရောဂါကို ပျောက်အောင်ကုဖို့ အချိန်ဘယ်လောက် ယူမှာလဲ။”
သူသည် ‘လန်’ အမည်ရ နတ်ဆရာ၏ တပည့် ဖြစ်နိုင်၏။ ယခင်က သူတို့ တစ်ခွန်းမှ ဝင်မပြောခဲ့ကြသော်လည်း ယခု ကျင်းဝူပြန်းနှင့် ယွင်ကျုံးဟဲ့တို့ ရင်းနှီးသွားသည်ကို မြင်ချိန်မှာတော့ ဝင်ရောက် စွက်ဖက်လာခြင်း ဖြစ်သည်။
ဆရာဖြစ်သူ နတ်ဆရာလန်မှာ လူကြီးလူကောင်း ပုံဖမ်းထားသောကြောင့် ကိုယ်တိုင် ဝင်မပြောဘဲ တပည့်ကို ခိုင်းစေလိုက်ခြင်း ဖြစ်၏။
တပည့်ဖြစ်သူ၏ စကားကို ကြားချိန်မှာတော့ နတ်ဆရာလန်နှင့် လန်ပိတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
စောစောက ကျင်းဝူပြန်းသည် ယွင်ကျုံးဟဲ့ကို သတ်လိုသတ်၊ ကျားကျွေးလိုကျွေး သူတို့ ဂရုမစိုက်ခဲ့ကြ။ ယခုမူ ဂရုမစိုက်၍ မရတော့ပေ။ မြို့စားအိမ်တော်ထဲတွင် အရူးတစ်ယောက် ရှိနေသည်က လုံလောက်နေပြီ ဖြစ်သည်။ နောက်ထပ် အရူးတစ်ယောက် ထပ်တိုးလာ၍ မဖြစ်ချေ။
ကျင်းဝူပြန်းက မသတ်လျှင် သူတို့က နည်းလမ်းရှာပြီး သတ်ရပေမည်။ မြို့စားအိမ်တော်အတွင်း၌ ကျင်းဝူပြန်းနှင့် ရင်းနှီးသူ မည်သူမျှ မရှိစေရပေ။ နတ်ဆရာလန် တစ်ဦးတည်းကသာ ကျင်းဝူပြန်း၏ ယုံကြည်မှုကို လက်ဝါးကြီးအုပ်ထားလိုသည်။ ကျင်းဝူပြန်း၏ သံယောဇဉ်ကို ခွဲဝေယူမည့်သူ မှန်သမျှ သေရမည်။
တာအိုဆရာလေးက ဆက်ပြောသည်။ “သူတောင်းစား... ရက်အတိအကျ ပြောစမ်း။ အဲဒီရက်ပြည့်လို့မှ သခင်လေး ရောဂါ မပျောက်ရင် မင်း အသတ်ခံရမယ်။”
“ခဏနေပါအုံး။”
လန်ပိက ဖြတ်ပြောလိုက်သည်။ “ဆေးဖော်ဖို့ လက်ဝက်လောက်ဆို လုံလောက်ပြီ။ ဒီ ၁၅ ရက်အတွင်း ရှင် လိုချင်တဲ့ ဆေးပစ္စည်း မှန်သမျှ ကျွန်မတို့ဆီက တောင်းနိုင်တယ်။ ဒါပေမဲ့ ၁၅ ရက်ပြည့်လို့မှ သခင်လေး ရောဂါ မပျောက်ရင် ကျွန်မကိုယ်တိုင် ရှင့်ကို သတ်မယ်။”
ပြောပြီးသည်နှင့် လန်ပိက လှည့်ထွက်သွားလေ၏။
‘ကျွတ်... မိန်းမတွေက အပြောတစ်မျိုး အလုပ်တစ်မျိုးပါလား။ စောစောကပဲ စိတ်မဆိုးတော့ဘူး ဆိုပြီး အခုကျတော့ တင်းကျပ်နေတဲ့ ဝတ်ရုံတောင် ကွဲထွက်တော့မတတ် ဒေါသထွက်နေပြန်ပြီ။’
.........
ထိုသို့ဖြင့် ယွင်ကျုံးဟဲ့သည် မြို့စားအိမ်တော်အတွင်း၌ နေထိုင်ခွင့် ရရှိသွားပြီး ဆေးဖော်စပ်ခြင်း လုပ်ငန်းကို စတင်လေတော့သည်။
အစပိုင်းတွင် ကျင်းဝူပြန်းသည် ဟိတ်ဟန်ထုတ်ကာ ယွင်ကျုံးဟဲ့ထံ မလာဘဲ နေသေး၏။ သို့သော်ငြား ကြာကြာ မနေနိုင်ရှာပေ။ နေ့တိုင်း လာရောက် လည်ပတ်လေတော့၏။
သူတို့နှစ်ဦး၏ ဆက်ဆံရေးကို မည်သို့ တင်စားရပါမည်နည်း။ “ရွှေလေညင်းနှင့် ကျောက်စိမ်းနှင်းစက်တို့ ဆုံတွေ့ခြင်းသည် လူ့ဘုံလောက၏ ရေစက်များထက် သာလွန်ပေစွ” ဟူ၍ ဆိုရမည်လား။
မဟုတ်သေးပေ။ သူတို့က ချစ်သူရည်းစားများ မဟုတ်ကြချေ။ ထိုသို့ဆိုလျှင် “ကော်နှင့် သရက်ကဲ့သို့ ပူးကပ်နေသည်” ဟူ၍ ဆိုရမည်လား။
ထိုမျှလောက်လည်း မဟုတ်ပေ။ အတိုချုပ် ပြောရလျှင် ယွင်ကျုံးဟဲ့ ရောက်လာပြီးနောက်ပိုင်း ကျင်းဝူပြန်းသည် များစွာ ပျော်ရွှင်လာသည်။ ရယ်မောသံများ ပိုများလာသည်။ လူများကို ဒုက္ခပေးခြင်း၊ သတ်ဖြတ်ခြင်းများ လျော့နည်းသွားသည်။
သူတို့နှစ်ဦးသည် ညီအစ်ကိုများသဖွယ် ရင်းနှီးလာကြသည်။ အစပိုင်းတွင် ကျင်းဝူပြန်းသည် သခင်လေးဟန် ဖမ်းနေသော်လည်း နောက်ပိုင်းတွင် အားလုံး မေ့လျော့သွားလေသည်။ ဘာ့ကြောင့်မှန်း မသိ၊ ယွင်ကျုံးဟဲ့၏ စကားများသည် သူ့ကို အမြဲတမ်း ပျော်ရွှင်စေ၏။
အရူးတို့၏ ကမ္ဘာတွင် ပျော်စရာများ ပြည့်နှက်နေသည် ဆိုသည့်အတိုင်း မည်မျှပင် ဦးနှောက်မရှိသော ကစားနည်း ဖြစ်ပါစေ၊ သူတို့နှစ်ဦး ကစားလျှင် မြိန်ရေရှက်ရေ ရှိလှသည်။
သေချာသည်မှာ ကျင်းဝူပြန်း၏ ဉာဏ်ရည်သည် မနိမ့်ချေ။ တော်ရုံသင့်ရုံ တော်သည်ဟုပင် ဆိုနိုင်သည်။ သို့သော်ငြား သူသည် အမှန်တကယ် စိတ်ဝေဒနာ ခံစားနေရသူ ဖြစ်သည်။ စိတ်ကြွရောဂါ၊ စိတ်ကျရောဂါ နှင့် စိတ်ကစဉ့်ကလျား ရောဂါ တို့ကို ခံစားနေရ၏။
ရယ်မောနေရင်းမှ ရုတ်တရက် ငိုချင်ငိုမည်။ စကားပြောကောင်းနေရင်းမှ ရုတ်တရက် တိတ်ဆိတ်သွားကာ ငေးငိုင်နေတတ်သည်။ သူ့စိတ် မမှန်သောကြောင့် သူ ဘာတွေးနေသည်၊ ဘာလိုချင်သည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။
သို့သော်ငြား ယွင်ကျုံးဟဲ့ကမူ တစ်ချက်ကြည့်ရုံဖြင့် သူ ဘာဖြစ်နေသည်ကို သိနိုင်သည်။ လောကကြီးတွင် အရူးကို အရူးကသာ နားလည်နိုင်သည် မဟုတ်ပါလား။
............
မြို့စားအိမ်တော်၌ ရက်အနည်းငယ် နေထိုင်ပြီးနောက် ယွင်ကျုံးဟဲ့ သတိထားမိသည်မှာ ကျင်းဝူပြန်း၏ အဆင့်အတန်းသည် မြင့်မားခြင်း မရှိသည့်အပြင် နိမ့်ကျသည်ဟုပင် ဆိုနိုင်သည်။
အစေခံအားလုံး သူ့ကို ကြောက်ရွံ့ကြသော်လည်း မည်သူကမှ လေးစားခြင်း မရှိ။ မြွေပွေးမြွေဟောက် ကဲ့သို့သာ သဘောထားပြီး ရှောင်ဖယ်နေကြသည်။ သူသည် မည်မျှပင် ထင်ရာစိုင်းနေပါစေ၊ လက်တွေ့တွင်မူ စွန့်ပစ်ခံထားရသူ တစ်ဦးသာ ဖြစ်၏။
သူ ကလေးမရနိုင်သည့် ကိစ္စကို မည်သူမှ ဂရုမစိုက်ကြချေ။ အရူးတစ်ယောက်က နောက်ထပ် အရူးတစ်ယောက် မွေးထုတ်ပေးမည်ကို မည်သူက လိုလားမည်နည်း။ သူ၏ မိခင် လေခွင်းကတော် တစ်ဦးတည်းသာလျှင် မြေးချီချင်စိတ် ပြင်းပြနေရှာသည်။ မြို့စားမင်း ကျင်းကျုံးယွဲ့သည် တစ်ကြိမ်တစ်ခါမှ ပေါ်မလာပေ။
ကျင်းဝူပြန်းက မြို့စားရာထူးကို ပြန်လည်ရယူမည်ဟု ကြွေးကြော်ထားသောကြောင့် အိမ်တော်ရှိ လူများသည် အထင်လွဲခံရမည် စိုးသောကြောင့် သူနှင့် မပတ်သက်ရဲကြချေ။
ထို့ကြောင့် ကျင်းဝူပြန်း၏ ဘေးနားတွင် လူလိမ်လူကောက်များသာ ဝန်းရံနေကြသည်။ သူကိုယ်တိုင် ပြောသလိုပင် ထိုသူများသည် သူ့ဆီမှ ငွေလိမ်ယူပြီး ကွယ်ရာတွင် သူ့ကို ဆဲရေးနေကြသူများ ဖြစ်သည်။
သူသည် လေခွင်းမြို့ထဲတွင် ပြဿနာရှာလွန်းသောကြောင့် အိမ်တော် အပြင်ဘက်သို့ ခြေတစ်လှမ်းမျှ မထွက်ရ ဟူသော အမိန့်ဖြင့် အကျယ်ချုပ် ကျခံထားရသည်။ အနောက်ဘက် အဆောင်ဝင်းသည် သူ၏ လှပသော ထောင်ချောက် ဖြစ်နေ၏။
သူတို့နှစ်ဦး၏ ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ ကျင်းဝူပြန်းသည် ယွင်ကျုံးဟဲ့၏ ဆေးဖော်စပ်ရာ အဆောင်ငယ်လေးတွင် အချိန်ကုန်ဆုံးသည်က များလာသည်။ သူ အလွန် သိချင်စိတ် ပြင်းပြနေလေသည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့က ဖရဲသီးပုပ်များဖြင့် ဆေးဖော်နေသည် မဟုတ်ပါလား။
သာမန်လူများသာမက အိမ်တော်တစ်ခုလုံး အံ့ဩတကြီး ဖြစ်နေကြသည်။ အခြားသော ဆရာသမားများသည် ခဲ၊ ပြဒါး စသည်တို့ဖြင့် ဆေးဖော်စပ်ကြသော်လည်း ဤသူတောင်းစားကမူ ဖရဲသီးပုပ် ပိဿာသောင်းချီကို အသုံးပြုနေသည်။ ရယ်စရာကောင်းလွန်းလှသည်။
မြို့စားအိမ်တော်တွင် ဖရဲသီးပုပ်များ တောင်ပုံရာပုံ ဖြစ်နေပြီး အနံ့အသက်များမှာလည်း ဆိုးရွားလှ၏။ ဤအရူးသည် လူအားလုံး၏ လှောင်ပြောင်စရာ ဖြစ်လာသည်။ မည်သူကမှ ယွင်ကျုံးဟဲ့အပေါ် မျှော်လင့်ချက် မထားကြချေ။ ၁၅ ရက် ပြည့်သည်နှင့် လန်ပိ၏ လက်ချက်ဖြင့် သေဆုံးရတော့မည်ဟုသာ တွက်ဆထားကြ၏။
ကျင်းဝူပြန်းကိုယ်တိုင်ပင် မျှော်လင့်ချက် မရှိတော့ပေ။ သူသည် ပျော်ရွှင်မှုအတွက်သာ လာရောက်နေပြီး ယွင်ကျုံးဟဲ့က မည်သည့် ဆေးလုံးများ ထုတ်ပေးမည်ကို စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။
ယွင်ကျုံးဟဲ့ တောင်းဆိုသမျှ ပစ္စည်းများကို အိမ်တော်က ဖြည့်ဆည်းပေးသော်လည်း မည်သူကမှ လာရောက် ကူညီခြင်း မပြုကြပေ။ သေမည့်လူကို ဘယ်သူက ကူညီချင်ပါမည်နည်း။
ကျင်းဝူပြန်းကမူ နေ့စဉ်လာရောက်ပြီး ကူညီပေးရှာသည်။ သို့သော်ငြား သူက ကူညီသည်ထက် ရှုပ်အောင် လုပ်သည်က များသည်။ သို့သော်ငြား သူသည် ဤနေရာ၌ အလွန် စိတ်လက်ပေါ့ပါးနေသည်။ သူ့ကို အရူးဟု မမြင်သော သူငယ်ချင်းတစ်ယောက် ရှိနေသည် မဟုတ်ပါလား။
ဤခြံဝင်းငယ်လေးသည် အရူးနှစ်ယောက်၏ နိဗ္ဗာန်ဘုံလေး ဖြစ်လာသည်။ အပြင်လောကတွင်မူ လူလိမ္မာများ ရှိနေပြီး၊ ထိုလူလိမ္မာများသည် အရူးများနှင့် မရောနှောလိုကြပေ။
နတ်ဆရာလန်၏ မျက်လုံးများမှာမူ ပိုမို အေးစက်လာသော်လည်း မည်သို့မှ ဝင်ရောက် မစွက်ဖက်သေးပေ။ လဝက်ပြည့်သည်နှင့် ယွင်ကျုံးဟဲ့ သေရမည်မှာ သေချာသလောက် ရှိနေသောကြောင့်ပင်။
‘ဖရဲသီးပုပ်နဲ့ ဆေးဖော်မယ် ဟုတ်လား။ အင်ပါယာ သမားတော်ကြီးတွေတောင် လက်လျှော့ထားရတဲ့ ရောဂါကို သူတောင်းစားက ဖရဲသီးပုပ်နဲ့ ကုမယ်တဲ့လား။ အနောက်ဘက်က နေထွက်ရင်တောင် ဖြစ်နိုင်ခြေ ပိုများအုံးမယ်။’
..................
အလုပ်များပြီး ပျော်ရွှင်စရာကောင်းသော နေ့ရက်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်။ ကျင်းဝူပြန်းနှင့် ယွင်ကျုံးဟဲ့တို့မှာ ညီအစ်ကိုအရင်းများကဲ့သို့ ဖြစ်လာကြသည်။ ကျင်းဝူပြန်းသည် သခင်လေး ဟိတ်ဟန် လုံးဝ မရှိတော့ပေ။
သို့သော်ငြား တစ်နေ့တွင် ကျင်းဝူပြန်း ရောက်မလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ရောဂါ အခြေအနေ ရုတ်တရက် ဆိုးရွားလာသောကြောင့်ပင်။
သူသည် ပြင်းထန်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးကျိတ်ရောင်ရမ်းခြင်းနှင့် ကျောက်ကပ် ရောင်ခြင်းတို့ကို တစ်ပြိုင်နက် ခံစားလိုက်ရသည်။ ဆီးသွားလျှင် နာကျင်ရုံသာမက သွေးပါလာပြီး ပြည်တည်ကာ ပြန်ရည်ကျိတ်များပါ ရောင်ရမ်းလာသည်။ အမှန်တကယ်ပင် သေလုမတတ် ခံစားနေရ၏။
“အား... အား... အား...” သန်းခေါင်ယံအချိန်တွင် ကျင်းဝူပြန်း၏ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
သွေးနှင့် ပြည်များ ထွက်လာချိန်မှာတော့ သူသည် စိတ်ဖောက်ပြန်ကာ ဓားကို ဆွဲပြီး တွေ့သမျှ အရာ အားလုံးကို ခုတ်ပိုင်းလေတော့သည်။ ထိုအချိန်တွင် အိမ်တော်သားများသည် သူ့ကို သရဲတစ္ဆေကဲ့သို့ သဘောထားကာ ထွက်ပြေးတိမ်းရှောင်ကြ၏။
မကြာမီ သူသည် လူများကို လိုက်လံ မခုတ်ပိုင်းနိုင်တော့ချေ။ ကျောက်ကပ်ရောင်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများက ဦးနှောက်နှင့် အဆုတ်အထိ ပျံ့နှံ့သွားပြီ ဖြစ်သည်။
ဤနောက်ဆက်တွဲ ရောဂါများသည် လူကို သေစေနိုင်၏။ ထို့နောက်တွင်မူ သူသည် ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေရရှာ၏။
ကျောက်ကပ်ရောင်ခြင်းနှင့် ၎င်း၏ နောက်ဆက်တွဲ ရောဂါများကို ဤကမ္ဘာမှ လူများ နားမလည်ကြချေ။ သူ၏ ခန္ဓာကိုယ်သည် တစ်နေ့ထက်တစ်နေ့ ယိုယွင်းလာသည်။ သူ၏ ကိုယ်ခံအား စနစ်သည် ယခုကဲ့သို့ အလွယ်တကူ ပြိုလဲသွားစရာ အကြောင်းမရှိသော်လည်း အမှန်တကယ် ပြိုလဲသွားခဲ့၏။
မြို့စားအိမ်တော်သို့ သမားတော်များ ဝင်ထွက်သွားလာမှု များပြားလာသော်လည်း မည်သူမျှ မကုသနိုင်ကြပေ။ လေထုသည် တဖြည်းဖြည်း လေးလံအေးစက်လာသည်။
လန်ပိ၏ မျက်နှာထားသည် အေးစက်ရုံသာမက ကြမ်းတမ်းခက်ထန်လာသည်။ ကျင်းဝူပြန်း သေတော့မည်။
သူ၏ မိခင် လေခွင်းကတော်သည် ငိုကြွေးရလွန်းသောကြောင့် သတိမေ့မြောသွားရှာ၏။
.......................
ယွင်ကျုံးဟဲ့သည် ကျင်းဝူပြန်း၏ ရောဂါကို ကုသရန်အတွက် မည်သည့်ဆေးလုံးမျိုးကို ဖော်စပ်နေခြင်း ဖြစ်သနည်း။ အဖြေမှာ ပင်နီဆီလင် ဖြစ်၏။ ၎င်းကို ဒဏ္ဍာရီလာ နတ်ဆေးလုံးအသွင်ဖြင့် ဖန်တီးနေခြင်းပင်။
အမှန်စင်စစ် ဆီးလမ်းကြောင်း ရောင်ရမ်းခြင်းနှင့် ဆီးကျိတ်ရောင်ရမ်းခြင်းအတွက် အကောင်းဆုံး ကုထုံးမှာ နော်ဖလောက်ဆိုစင် (Norfloxacin) သို့မဟုတ် စီဖလော့စပိုရင် (Cephalosporin) ကဲ့သို့သော ပဋိဇီဝဆေးဝါးများ ဖြစ်သည်။
သို့သော်ငြား လက်ရှိခေတ်၏ နည်းပညာဖြင့် ထိုဆေးဝါးများကို ထုတ်လုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ယွင်ကျုံးဟဲ့သည် ဓာတုဗေဒ ဖော်မြူလာများကို နားလည်သော်လည်း လိုအပ်သော ကုန်ကြမ်းဓာတုပစ္စည်း များကို ရှာဖွေရန်မှာ အိပ်မက်မက်နေသည်နှင့် တူနေလိမ့်မည်။
ပင်နီဆီလင်သည် အကောင်းဆုံး မဟုတ်သော်လည်း လက်ရှိအခြေအနေတွင် ရရှိနိုင်သော အစွမ်းထက်ဆုံး ပဋိဇီဝဆေး ဖြစ်သည်။ အထူးသဖြင့် ဤကမ္ဘာမှ လူများသည် ပဋိဇီဝဆေးဝါးများနှင့် မထိတွေ့ဖူးသောကြောင့် ပင်နီဆီလင်၏ အာနိသင်သည် ထိရောက်မှု ပိုများပေသည်။
အဓိက အချက်မှာ ကျင်းဝူပြန်း၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည်မှာ ဆီးလမ်းကြောင်း ရောင်ရမ်းခြင်း သက်သက်မဟုတ်၊ ကျောက်ကပ်ရောင်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်၏။
ကျင်းဝူပြန်းသည် အဖျားတက်နေပြီး သတိလစ်မတတ် ဖြစ်နေပြီ ဖြစ်သည်။ သမားတော်များက သူ ဆယ်ရက်ထက် ပိုမခံနိုင်ကြောင်း ဟောကိန်းထုတ်ထားကြသည်။
ဤအချိန်တွင် ပင်နီဆီလင်သည် အမှန်တကယ် အသက်ကယ်ဆေး ဖြစ်လာနိုင်သည်။ အဖျားကျစေရန်နှင့် ရောင်ရမ်းမှုကို လျှော့ချရန်အတွက် အလွန် အရေးကြီး၏။
ပင်နီဆီလင်ကို သုံးစွဲလိုက်လျှင် ရောင်ရမ်းမှု ကျဆင်းသွားပြီး အသက်ဘေးမှ လွတ်မြောက်နိုင်မည်။ တရုတ်တိုင်းရင်းဆေးများနှင့် တွဲဖက်ကုသပါက ရောဂါပျောက်ကင်းနိုင်ခြေ များသည်။
လက်ရှိအခြေအနေတွင် ပင်နီဆီလင်သည် ကျင်းဝူပြန်းအတွက် နတ်ဆေးလုံးပင် ဖြစ်တော့သည်။ အခြား ပဋိဇီဝဆေးများနှင့် ယှဉ်လျှင် ပင်နီဆီလင် ထုတ်ယူရသည်မှာ ပိုမို လွယ်ကူ၏။
ဖရဲသီးပုပ်များမှ အစိမ်းရောင် မှိုများကို ခြစ်ယူပြီး ပြောင်းဖူးရည်တွင် မွေးမြူကာ ထုတ်ယူရခြင်း ဖြစ်သည်။ ဖရဲသီးပုပ် တစ်လုံးမှ အစိမ်းရောင်မှို တစ်စတုရန်းစင်တီမီတာလျှင် ပင်နီဆီလင် ယူနစ် ၂၀၀ ခန့် ထုတ်ယူနိုင်သည်။
ဩစတြေးလျ ရောဂါဗေဒပညာရှင် ဟောင်းဝပ် ဝေါ်လ်တာ ဖလော်ရီ (Howard Walter Florey) သည် ဤနည်းလမ်းဖြင့် နိုဘယ်လ်ဆု ရရှိခဲ့ဖူး၏။
ယွင်ကျုံးဟဲ့သည် နည်းလမ်းကို သိသော်လည်း လက်တွေ့ လုပ်ဆောင်ရာတွင် အခက်အခဲ ရှိသည်။ ရောဂါပျောက်ကင်းရန်အတွက် တစ်နေ့လျှင် ပင်နီဆီလင် ယူနစ် သိန်းချီ၍ လိုအပ်သည်။
သူတစ်ယောက်တည်း လုပ်ဆောင်ရသောကြောင့် ၂၄ နာရီလုံး မနားတမ်း လုပ်လျှင်ပင် လုံလောက်သော ပမာဏကို ရရှိရန် ခဲယဉ်းလွန်းလှသည်။ အစပိုင်းတွင် တစ်နေ့လျှင် နှစ်နာရီ သုံးနာရီခန့် အိပ်စက်သော်လည်း နောက်ပိုင်းတွင် လုံးဝ မအိပ်တော့ဘဲ ဆက်တိုက် လုပ်ဆောင်နေရ၏။
ကျင်းဝူပြန်း ရောဂါဖောက်လာပြီးနောက်ပိုင်း ယွင်ကျုံးဟဲ့၏ အနံ့ဆိုးထွက်နေသော ခြံဝင်းလေးကို လူတိုင်း မေ့လျော့ထားကြသည်။ အချိန်ပြည့်သည်နှင့် လန်ပိက ယွင်ကျုံးဟဲ့ကို သတ်လိမ့်မည်ဟုသာ မျှော်လင့်ထားကြ၏။ သို့မဟုတ် အချိန်မပြည့်ခင် ကျင်းဝူပြန်း သေဆုံးသွားလျှင်လည်း ယွင်ကျုံးဟဲ့ သေရမည်မှာ အသေအချာပင်။
***