မုဆိုးမ နင်ချင်းသည် ကုတင်ဘေးသို့ သွားပြီး ခေါင်းအုံးထဲမှ စာရွက်တစ်ထပ်ကို ထုတ်ယူလိုက်၏။
သူမ၏ ကိုယ်ခန္ဓာ ကောက်ကြောင်းမှာ အလွန် လှပလွန်းသည်။ ကုန်းလိုက်ချိန်မှာတော့ ပို၍ပင် ဆွဲဆောင်မှု ရှိနေသည်။
ယွင်ကျုံးဟဲ့ ရင်ခုန်သံ မြန်သွား၏။
“တိရစ္ဆာန်ကောင်... သူ အဆိပ်မိထားတာ မကြာသေးဘူးလေ။ စိတ်ထိန်းစမ်း။” ယွင်ကျုံးဟဲ့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
နင်ချင်းသည် စာရွက်များကို ယွင်ကျုံးဟဲ့ရှေ့သို့ ချပေးကာ ပြောလိုက်၏။ “ဒါ ကျွန်မရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပဲ။ မဟာမိတ်အဖွဲ့ကို တင်ပြရမယ့်ဟာ၊ လေခွင်းမြို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့်ဟာပဲ။ ဖတ်ကြည့်လိုက်။”
ယွင်ကျုံးဟဲ့ ကြည့်လိုက်ချိန်မှာတော့ စာရွက်များပေါ်တွင် ဘာမှ မရှိပေ။ စာရွက်လွတ်များ ဖြစ်နေသည်။
သို့သော်ငြား သူ မအံ့ဩပေ။ ဖယောင်းတိုင်မီးအပူဖြင့် အနည်းငယ် ကင်လိုက်ချိန်မှာတော့ စာလုံးများ ပေါ်လာသည်။ ဤအရာက သူ့အတွက် အသေးအဖွဲ့ကိစ္စလေးပင်။
၁၅ မိနစ်ခန့် ကြာချိန်မှာတော့ ယွင်ကျုံးဟဲ့ စာအုပ်ကို ဖတ်ပြီးသွားသည်။ ‘ကျင်းကျုံးယွဲ့ ထင်ထားတာ မှန်တယ်။ အစီရင်ခံစာက လေခွင်းမြို့အတွက် အလွန် ဆိုးရွားနေတယ်။’
နင်ချင်း၏ သဘောထားက ပြတ်သားသည်။ လေခွင်းမြို့နှင့် ချိုရွှေမြို့ စစ်ပွဲတွင် လေခွင်းမြို့က တာဝန်ပိုရှိကြောင်း ဖော်ပြထား၏။
ကျင်းကျုံးယွဲ့သည် ရက်စက်ကြမ်းကြုတ်သူ ဖြစ်ကြောင်း၊ လေခွင်းမြို့ကို ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့သင့်ကြောင်း အကြံပြုထားသည်။
ယွင်ကျုံးဟဲ့ တစ်ခေါက်ပြီး တစ်ခေါက် ဖတ်သည်။ ထို့နောက် လှပသော အမျိုးသမီးကို မော့ကြည့်လိုက်၏။
‘နူးညံ့သိမ်မွေ့ပုံ ပေါက်ပေမဲ့ အပြုအမူက တော်တော် ပြင်းထန်တာပဲ။ ပုံမှန်ဆိုရင် ဒီလို အစီရင်ခံစာမျိုးက နှစ်ဖက်စလုံးကို မျှမျှတတ ရေးလေ့ရှိကြတယ်။ ၇၀-၃၀ လောက်ပေါ့။ ဒါပေမဲ့ နင်ချင်းရဲ့ အစီရင်ခံစာက လေခွင်းမြို့ကို တစ်ဖက်သတ် တိုက်ခိုက်ထားတာ။ သူမရဲ့ နှာတံလေးကို ကြည့်ရုံနဲ့ စိတ်ဓာတ်မာကျောမယ့် ပုံဆိုတာ သိနိုင်တယ်။’
“သခင်မ... ဒီအစီရင်ခံစာက လေခွင်းမြို့အတွက် မတရားဘူးလို့ မထင်ဘူးလား။” ယွင်ကျုံးဟဲ့ မေးလိုက်သည်။
ပြီးနောက် သူက ဆက်ပြောလိုက်၏။ “ဒီကိစ္စကို သေချာ မစုံစမ်းဘဲ ရေးထားတာပါ။ လေခွင်းမြို့က စတိုက်တာ မဟုတ်ပါဘူး။ ချိုရွှေမြို့က တောဝက်နယ်မြေကို ပုန်ကန်အောင် သွေးထိုးလို့ ပြန်တိုက်ရတာပါ။ သူတို့က လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး ပုန်ကန်အောင် လုပ်ပြီး မြို့စားမင်း ကျင်းကျုံးယွဲ့ကို ဖြုတ်ချချင်နေကြတာ။”
နင်ချင်း ဘာမှ ပြန်မပြောချေ။ နောက်ထပ် စာအုပ်တစ်အုပ် ထုတ်ပေးလိုက်သည်။
ဤတစ်ခါတော့ မီးကင်စရာ မလိုဘဲ စာလုံးတွေ ပေါ်နေသည်။ ဤစာအုပ်က ပိုအသေးစိတ်၏။ စစ်ပွဲ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို စာလုံးရေ သောင်းချီပြီး ရေးသားထား၏။
ယွင်ကျုံးဟဲ့ ဖတ်ပြီး အံ့ဩသွားသည်။ ကျင်းကျုံးယွဲ့ကိုလည်း လေးစားသွားမိသည်။ ‘ဒီမိန်းမ တကယ် ရက်စက်တာပဲ။’
ကျင်းကျုံးယွဲ့ မြို့စားဖြစ်လာစအချိန်တွင် သူမသည် အမျိုးသမီးတစ်ဦးဖြစ်နေသောကြောင့် လက်အောက် ငယ်သားများ၏ မကျေနပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
အထူးသဖြင့် ကျင်းမျိုးနွယ်စု၏ အသက်သွေးကြော ဖြစ်သော ဆားတွင်းများပိုင်ဆိုင်သည့် လန်ထျန် နှင့် ပိုင်ယင် မြို့စားများသည် အခြားမြို့စားများနှင့် ပူးပေါင်းကာ ပုန်ကန်ရန် ကြံစည်ခဲ့ကြ၏။
သို့သော်ငြား မြို့စားဟောင်း ကျင်းအဲ့၏ ဩဇာကို ကြောက်ရွံ့သောကြောင့် တွန့်ဆုတ်နေကြစဉ် ရှီးယွီမြို့မှ မော့မျိုးနွယ်စုနှင့် ထန်ထိုင်မျိုးနွယ်စုတို့က နောက်ကွယ်မှ မြှောက်ပေးခဲ့ကြသည်။
ကျင်းကျုံးယွဲ့သည် ဤအခြေအနေကို ငြိမ်ခံမနေဘဲ အခွင့်ကောင်းအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ သူမသည် သွေးနက်ဂိုဏ်း၏ သူလျှိုများကို အသုံးချကာ တောဝက်နယ်မြေကို ပုန်ကန်အောင် သွေးထိုးလှုံ့ဆော်ခဲ့၏။
အစီအစဉ်အရ တောဝက်နယ်မြေနှင့်အတူ လန်ထျန်နှင့် ပိုင်ယင်နယ်မြေများပါ လိုက်ပါပုန်ကန်ရမည် ဖြစ်သော်လည်း၊ ကျင်းကျုံးယွဲ့က အဆင်သင့် စောင့်ကြိုနေခဲ့သည်။
တောဝက်နယ်မြေ ပုန်ကန်သည်နှင့် ချက်ချင်းပင် တပ်ဖွဲ့အင်အား ၃,၀၀၀ ဖြင့် အပြတ်အသတ်နှိမ်နင်းကာ လဝက်အတွင်း ပုန်ကန်သူအားလုံးနှင့် နယ်မြေရှင်၏ ဆွေမျိုးခုနစ်ဆက်ကိုပါ သတ်ဖြတ်ပစ်ခဲ့၏။
ဤသို့ ရက်စက်ပြတ်သားစွာ နှိမ်နင်းပြလိုက်မှုကြောင့် ကြောက်လန့်သွားသော လန်ထျန်နှင့် ပိုင်ယင် မြို့စားများသည် ပုန်ကန်မည့် အစီအစဉ်ကို ဖျက်သိမ်းကာ ကျင်းကျုံးယွဲ့ဘက်သို့ ကူးပြောင်းသွားကြသည်။
သူမသည် ထိုမြို့စားများထံမှ စစ်သည် ၃,၀၀၀ ကိုပါ သိမ်းယူကာ စုစုပေါင်းအင်အား ၆,၀၀၀ ဖြင့် ချိုရွှေမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့၏။
ဤစစ်ပွဲတွင် ရန်သူ ၅,၀၀၀ ကို သတ်ဖြတ်၍ ခေါင်းခွံများဖြင့် ပိရမစ်တည်ဆောက်ခဲ့သလို၊ ရန်သူ့ လယ်ကွင်းများထဲသို့ ဆားများဖြူးကာ လယ်ဧကသိန်းချီကို ဖျက်ဆီးပစ်ခဲ့သည်။
ဤတိုက်ပွဲအပြီးတွင် လေခွင်းချိုင့်ဝှမ်းတစ်ခုလုံး ငြိမ်သက်သွားကာ ကျင်းကျုံးယွဲ့သည် သူမ၏ ပြတ်သား ရက်စက်သော အာဏာကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့လေ၏။
“ရှင့်သခင်အကြောင်း ကောင်းကောင်း သိသွားပြီလား။” နင်ချင်းက မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သွားပါပြီ။”
နင်ချင်းက မေးလိုက်သည်။ “ဘယ်လို ခံစားရလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အံ့ဩမိတယ်။ လေးစားမိတယ်။”
နင်ချင်းက ထပ်မေးလိုက်သည်။ “ရှင့်တာဝန်က ဘာလဲ။”
ယွင်ကျုံးဟဲ့က ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။ “ပျားရည်ထောက်ချောက်နဲ့ သခင်မကို မျှားပြီး အစီရင်ခံစာ ပြင်ရေးခိုင်းဖို့။”
နင်ချင်းက ဒေါသထွက်သွားသည်။ “ကျင်းကျုံးယွဲ့က ကျွန်မကို အဲဒီလောက်တောင် အထင်သေးတာလား။ ကျွန်မက နှစ်ပေါင်းများစွာ မုဆိုးမ ဖြစ်နေလို့ စိတ်ဖောက်ပြန်နေတယ် ထင်နေတာလား။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်မ... အဲဒါ ကျုပ်ကို ဆဲတာလား။”
နင်ချင်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”
“ကျရှုံးရင် ဘာဖြစ်မလဲ သိလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သိပါတယ်။ ကျုပ်က ဘာမှ မဟုတ်တဲ့ကောင်ပါ။ ဒီတာဝန်ကျရှုံးရင် ကျင်းကျုံးယွဲ့ မသတ်ရင်တောင် တခြားလူတွေက ကျုပ်ကို အပိုင်းပိုင်း ခုတ်ပစ်ကြမှာပါ။”
နင်ချင်းက မေးလိုက်သည်။ “ဒါဆို ရှင့်အတွက် ကျွန်မက အစီရင်ခံစာကို ပြင်ရေးပေးရမှာလား။ ရှင်က ကျွန်မရဲ့ အသက်သခင်မို့လို့လေ။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်ပါတယ်။ ပြီးတော့ သခင်မက နင်မျိုးနွယ်စုကလေ။ လေခွင်းမြို့ကို ကူညီတာ နင်မျိုးနွယ်စုအတွက်လည်း အကျိုးရှိပါတယ်။”
နင်ချင်း ရုတ်တရက် မေးလိုက်သည်။ “ယွင်အောက်ထျန်း... စောစောက ရှင်ဝန်ခံတုန်းက ပြောခဲ့တယ်။ သခင်ကြီးထိုက်အာ ကဗျာက ကြိုတင် ပြင်ဆင်ထားတာပါ၊ ရှင် ရေးတာ မဟုတ်ဘူးဆို... ဟုတ်လား။”
ယွင်ကျုံးဟဲ့က တည်ငြိမ်လေးနက်စွာဖြင့် မေးလိုက်၏။ “သခင်မက ဒါကို အရမ်း ဂရုစိုက်နေတာလား။”
နင်ချင်းက ဖြေလိုက်သည်။ “အရမ်း ဂရုစိုက်တယ်။ တကယ်လို့ ရှင် ကိုယ်တိုင် ရေးတာဆိုရင် ရှင်က ပါရမီရှင်ပဲ။ ပါရမီရှင်တွေက တန်ဖိုးရှိတယ်။ တကယ်လို့ ရှင် ရေးတာ မဟုတ်ဘူး ဆိုရင်တော့ ရှင်က တန်ဖိုးမရှိတော့ဘူး။”
ယွင်ကျုံးဟဲ့က နားမလည်နိုင်သလို ဖြစ်သွား၏။ “ဒါပေမဲ့ ကျုပ် သခင်မကို ကယ်ခဲ့တာတော့ အမှန်ပဲလေ။”
နင်ချင်းက သက်ပြင်းချကာ ပြောလိုက်သည်။ “ကျွန်မအသက်ကလည်း တန်ဖိုးမရှိပါဘူး။”
‘သောက်ကျိုးနည်း....’
ယွင်ကျုံးဟဲ့က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိ၏။ “သခင်မ စိတ်ထဲမှာ သံသယ ဝင်နေပြီ။ ကျုပ် ဘယ်လို ပြောပြော ယုံမှာ မဟုတ်တော့ဘူး။ ကျုပ်က လိမ်တတ်တဲ့ကောင် ဆိုတော့ အမှန်ပြောလည်း အလိမ်လို့ပဲ ထင်မှာ။”
နင်ချင်းက ထောက်ခံလိုက်သည်။ “ဟုတ်တယ်။ တချို့စကားတွေက လိမ်တာမှန်းသိပေမဲ့ အမှန်လို့ ထင်ချင်ကြတယ်။ တချို့ကျတော့ အမှန်ပြောလည်း လိမ်တယ်လို့ပဲ ထင်ကြတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို သခင်မ စိတ်ထဲမှာ ကျုပ်က ပါရမီရှင် အတုပေါ့။ သေသင့်တဲ့ကောင်ပေါ့။”
နင်ချင်းက ပြောလိုက်သည်။ “ဟုတ်တယ်။ ဒါမှမဟုတ် နောက်ထပ် ကဗျာတစ်ပုဒ် ထပ်ရေးပြ၊ ပါရမီရှင် ဆိုတာ သက်သေပြ။ ဒါဆို ကျွန်မ ယုံပေးမယ်။”
နင်ချင်းက အခန်းထဲ ဝေ့ကြည့်လိုက်သည်။ စင်ပေါ်ရှိ ဆယ် ဟူသော ဂီတတူရိယာ တစ်ခုကို တွေ့လိုက်ရ၏။
(ဆယ် - ကြိုး ၅၀ ပါ တရုတ်စောင်း)
နင်ချင်းက ပြောလိုက်သည်။ “ဒီ ဆယ် ကို ခေါင်းစဉ်တပ်ပြီး ကဗျာတစ်ပုဒ် ရေးပြ၊ အမွှေးတိုင် တစ်တိုင် မကုန်ခင် ရေးရမယ်။ သခင်ကြီး ထိုက်အာ ကဗျာထက် ကောင်းရမယ်။ ဒါဆိုရင် ရှင်က ပါရမီရှင် ဆိုတာ လက်ခံမယ်။ ရှင့်အသက်ကို ချမ်းသာပေးမယ်။”
ယွင်ကျုံးဟဲ့ ခေါင်းထဲတွင် ကဗျာတစ်ပုဒ် ပေါ်လာသည်။ လီရှန်ရင်၏ “ကျင်ဆယ်” ဟူသော ကဗျာဖြစ်၏။
ဤကဗျာက သမိုင်းတစ်လျှောက် အကောင်းဆုံး ကဗျာတွေထဲက တစ်ပုဒ်ဖြစ်သည်။ ထိုအရာကိုသာ ရွတ်ပြလိုက်လျှင် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားပေလိမ့်မည်။
သို့သော်ငြား ယွင်ကျုံးဟဲ့ ခေါင်းခါလိုက်သည်။ “ရေးခိုင်းတိုင်း ရေးရအောင် ကျုပ်က ဈေးပေါတဲ့ကောင် မဟုတ်ဘူး။ ကျုပ် ခေါင်းထဲမှာ နှစ်တစ်ထောင်မှ တစ်ခါပေါ်တဲ့ ကဗျာ ရှိတယ်။ ဒါပေမဲ့ မရေးပြနိုင်ဘူး။ သခင်မက စာပေကို စော်ကားတယ်လို့ ထင်ခဲ့သလို၊ ကျုပ်ကလည်း သခင်မက ကျုပ်ကို စော်ကားတယ်လို့ ထင်တယ်။”
နင်ချင်းက ပြောလိုက်၏။ “ရှင် မရေးပြနိုင်ရင် အတုလို့ပဲ သတ်မှတ်ရမှာပဲ။ ရှင်က စာမတတ်တဲ့ သူတောင်းစား၊ ပါရမီရှင် အတုပဲ။”
ယွင်ကျုံးဟဲ့က ပခုံးတွန့်ကာ ပြောလိုက်သည်။ “ကြိုက်သလို သဘောထားပါ။ ကျုပ် ဂရုမစိုက်ဘူး။”
နင်ချင်းက ပြောလိုက်၏။ “ပါရမီရှင် မဟုတ်ရင် တန်ဖိုးမရှိဘူး။ ရှင့်ကို ကာကွယ်ပေးစရာ မလိုတော့ဘူး။ ကျွန်မကို ဆေးလည်း ကုပေးစရာ မလိုတော့ဘူး။ သေချင်သေပါစေ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “တကယ်တော့ ကျုပ် ပါရမီရှင် ဖြစ်နေရင်တောင် သခင်မက အစီရင်ခံစာကို ပြင်မှာ မဟုတ်ဘူး။ ဟုတ်တယ်မလား။”
နင်ချင်းက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ကျွန်မမှာ ကျန်တာဆိုလို့ ဂုဏ်သိက္ခာပဲ ရှိတော့တာ။ အဲဒါကို အပျက်စီး မခံနိုင်ဘူး။ သေရင်သေပါစေ။ မပြင်နိုင်ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သခင်မ... ခင်ဗျားက ခင်ဗျားကို လုပ်ကြံတဲ့လူကို စိတ်မဆိုးဘူး။ ဘာလို့လဲဆိုတော့ သူတို့က ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို မထိခိုက်လို့၊ အသက်ကိုပဲ ရန်ရှာတာမလို့ ဟုတ်လား။”
နင်ချင်းက သဘောတူလိုက်၏။ “ဟုတ်တယ်။”
ယွင်ကျုံးဟဲ့က ရယ်မောလိုက်သည်. “ရယ်စရာပဲ။ ရန်သူတွေက ခင်ဗျားကို အဆိပ်ခတ်ပြီး လေခွင်းမြို့ကို ဒုက္ခပေးချင်ကြတာ။ တကယ်တမ်းကျတော့ သူတို့ ဘာမှ လုပ်စရာ မလိုပါဘူး။ ခင်ဗျားရဲ့ အစီရင်ခံစာက လေခွင်းမြို့ကို သတ်ဖို့ လုံလောက်နေပါပြီ။”
နင်ချင်းက ပြောလိုက်၏။ “ကျွန်မက ဘယ်သူ့ကိုမှ တိုက်ခိုက်တာ မဟုတ်ဘူး။ အမှန်တရားကိုပဲ ရေးတာ။ ဘယ်သူ သေသွားမလဲ ဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်မက ကျုပ်ကို ကယ်တင်မယ် ပြောတယ်နော်။ အစီရင်ခံစာ မပြင်ဘဲနဲ့ ဘယ်လို ကယ်မှာလဲ။”
နင်ချင်းက ပေါ့ပေါ့ပါးပါး ဖြေလိုက်၏။ “ရှင်သာ တကယ် ပါရမီရှင်ဆိုရင် ရှင့်အနားမှာ ခေါ်ထားလိုက်မယ်။ ကျွန်မတို့က အထက်တန်းလွှာတွေလေ။ ဘယ်သူမှ မထိရဲဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဆိုလိုတာက... ဆယ် ကဗျာကို ရေးပြနိုင်ရင် ကျုပ်ကို ကာကွယ်ပေးမယ်။ သခင်မနားမှာ နေခွင့်ပေးမယ်ပေါ့။”
နင်ချင်းက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ မလိုချင်ပါဘူး။”
နင်ချင်းက မျက်မှောင်ကြုတ်လိုက်၏။ “ဘာလို့လဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်က ကျင်းကျုံးယွဲ့ကို ပိုချစ်တယ်။”
နင်ချင်းက မေးလိုက်သည်။ “ဘာလို့လဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “သူက ပိုငယ်တယ်။ ပိုရက်စက်တယ်။ ကျုပ်ကို ဆဲတယ်။ နှိပ်စက်တယ်။ ရိုက်တယ်။ သတ်မယ်လို့ ခြိမ်းခြောက်တယ်။”
နင်ချင်း ကြောင်အသွားပြီး ယွင်ကျုံးဟဲ့ကို စိုက်ကြည့်နေသည်။ “နှိပ်စက်တာ။ ရိုက်တာတွေက ကျွန်မလည်း လုပ်တတ်ပါတယ်။”
***