နင်ချင်း၏ စကားကြောင့် ယွင်ကျုံးဟဲ့ မှင်တက်သွား၏။
အမျိုးသမီးများမှာ ဤမျှပင် ရဲတင်းတတ်ကြသည်လား။ စာပေပညာရှင် တစ်ဦး၊ အဆင့်မြင့် မုဆိုးမ တစ်ဦးက ဤကဲ့သို့သော စကားမျိုးကို ပြောဆိုသင့်ပါရဲ့လား။
“မစဉ်းစားကြည့်ချင်ဘူးလား။”
နင်ချင်းက ဆက်ပြောလိုက်၏။ “ရှင့်မှာ ပါရမီရှိတယ်ဆိုရင် ကျွန်မနားမှာ နေလို့ရတယ်။ ပိုင်ရှင်မဲ့ နယ်မြေက စာပေကန္တာရ ဆိုပေမဲ့ ကျွန်မတို့က ယဉ်ကျေးမှု မျိုးစေ့တွေ ချပေးလို့ ရတယ်။”
“မလုပ်ပါရစေနဲ့။”
ယွင်ကျုံးဟဲ့က ငြင်းပယ်လိုက်သည်။ “ကျုပ်က စည်းစိမ်ချမ်းသာကိုပဲ မက်မောပါတယ်။ သခင်မနားမှာ နေရင် ဂုဏ်သတင်းပဲ ရမှာ။ ကျင်းကျုံးယွဲ့ အနားမှာနေရင် အာဏာရမယ်။ တစ်နေ့ကျရင် သူက ကျုပ်ကို လက်ထပ်လိုက်ရင် ဘဝပြောင်းသွားမှာ။”
နင်ချင်းသည် စိတ်ပျက်သွားဟန် ရှိ၏။ “ကောင်းပြီလေ။ လမ်းကြောင်းမတူရင် အတူတူ မသွားသင့်ဘူးပေါ့။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သခင်မ... အစီရင်ခံစာကို ပြင်ဖို့ တကယ် စဉ်းစားမပေးနိုင်ဘူးလား။ ပိတ်ဆို့မှု လုပ်ခံရရင် လေခွင်းမြို့ ပျက်စီးသွားလိမ့်မယ်။”
နင်ချင်းက ခေါင်းမာမာဖြင့် ပြောလိုက်၏။ “မရဘူး။ သေချင်သေပါစေ။ မပြင်နိုင်ဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်မက တရားမျှတမှုအတွက်လား။ ဒါမှမဟုတ် ဂုဏ်သိက္ခာ အတွက် လုပ်နေတာလား။”
နင်ချင်းက ပြောလိုက်၏။ “ဂုဏ်သိက္ခာအတွက်လုပ်နေတာလေ။ ကျွန်မမှာ ဒါပဲ ရှိတော့တယ်။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “ဂုဏ်သိက္ခာအတွက် လူတွေအများကြီး သေကြေပျက်စီးရမှာကို လက်ခံနိုင်တယ်ပေါ့။”
နင်ချင်းက ခေါင်းညိတ်လိုက်၏။ “လက်ခံနိုင်တယ်။ မူလက ကျွန်မ ရှင့်ကို ကယ်တင်ပေးချင်ပေမဲ့ ရှင်က ငြင်းလိုက်တာကိုး။”
ယွင်ကျုံးဟဲ့သည် ပခုံးတွန့်လိုက်သည်။ “လမ်းကြောင်းမတူတော့ ပြန်တော့မယ်။ သခင်မက ကျင်းကျုံးယွဲ့ကို သိပ်ကြောက်နေပုံ ရတယ်။ ကျုပ် ဆက်နေရင် အစီရင်ခံစာ ပြင်ပေးဖို့ တောင်းဆိုနေမှာ စိုးရိမ်နေတာလား။”
နင်ချင်းက ဧည့်သည်ကို နှင်ထုတ်ဟန် ပြလိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် ပြန်တော့မယ်။ ဒါပေမဲ့ နောက် ၂ ရက်နေရင် ပြန်လာခဲ့မယ်။ ဆေးလာပို့ပေးမလို့။ သခင်မက သွေးအားနည်းပြီး ဆံပင်ကျွတ်နေတယ်။ ဒီရောဂါကို ကုနိုင်တာ ကျုပ် တစ်ယောက်တည်း ရှိတယ်။”
နင်ချင်းက သတိပေးလိုက်၏။ “ရှင် ကုပေးရင်လည်း ကျွန်မက အစီရင်ခံစာ ပြင်ပေးမှာ မဟုတ်ဘူးနော်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သိပါတယ်။ ဂုဏ်သိက္ခာက အသက်ထက် အရေးကြီးတယ် ဆိုတာကို။ နောက် ၂ ရက်နေရင် တွေ့မယ်။”
နင်ချင်းက ပြောလိုက်၏။ “လိုက်မပို့တော့ဘူး။”
“နှုတ်ဆက်ပါတယ်။”
ယွင်ကျုံးဟဲ့ ထွက်ခွာသွားသည်။
ရဲတိုက်အပြင်သို့ ရောက်ချိန်မှာတော့ သူ နောက်လှည့်ကြည့်လိုက်မိ၏။
သူ့တာဝန်ကျရှုံးသွားပြီလား။ သူ နင်ချင်းကို စည်းရုံး၍ မရခဲ့ချေ။
သို့သော်ငြား ဤအမျိုးသမီးသည် အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလှပေသည်။ ကြင်နာတတ်သည်။ ရက်စက်တတ်သည်။
ဂုဏ်သိက္ခာကို တန်ဖိုးထားသော်လည်း ဟန်ဆောင်မှု ကင်းမဲ့၏။ မာနကြီးသော်လည်း နှိမ့်ချတတ်၏။
သန့်ရှင်းစင်ကြယ်သော်လည်း ရဲရင့်သည်။ တကယ့် ပဟေဠိဆန်သော အမျိုးသမီး ဖြစ်ပေသည်။
အထူးသဖြင့် သူမ၏ အလှတရားနှင့် ကိုယ်လုံးအလှတို့မှာ ပြောဖွယ်ရာ မရှိပေ။ မိုးမခပင်လေးကဲ့သို့ နွဲ့နှောင်းပြီး ရင့်ကျက်သော အလှတရားကို ပိုင်ဆိုင်ထား၏။
နှမြောစရာ ကောင်းသည်မှာ သူမ၏ စိတ်ဓာတ်သည် အလွန် မာကျောလွန်းလှသောကြောင့် ပြောင်းလဲရန် မလွယ်ကူခြင်း ဖြစ်သည်။
သူမသည် နှစ်ကြိမ်တိုင်တိုင် မုဆိုးမ ဖြစ်ခဲ့ရသောကြောင့် ဂြိုဟ်ဆိုး ဟု အခေါ်ခံခဲ့ရသည်။ ယခုအခါ သူမ၌ ဂုဏ်သိက္ခာမှလွဲ၍ အခြားမည်သည့်အရာမှ မရှိတော့ချေ။
.................
တောဝက်နယ်မြေ နယ်စပ်သို့ ရောက်သည်နှင့် ယွင်ကျုံးဟဲ့အား စစ်သည်နှစ်ဦးက ခေါ်ဆောင်သွားသည်။ သတ်ဖြတ်ခြင်း မပြုဘဲ ကျင်းကျုံးယွဲ့၏ တဲသို့ ခေါ်ဆောင်သွားခြင်း ဖြစ်၏။
ကျင်းကျုံးယွဲ့သည် အဝတ်အစား လဲလှယ်ထားပြီးဖြစ်သည်။ လွန်ခဲ့သော ၂ ရက်က ဝတ်စုံနှင့် ဆင်တူ သော်လည်း မတူညီပေ။ ရွှေချည်ထိုး အဖြူရောင် ဝတ်စုံ ဖြစ်သော်လည်း ပုံစံ ကွဲပြားသည်။
ဤအမျိုးသမီးသည် အမှန်တကယ်ပင် ခန့်ညားထည်ဝါစွာ နေထိုင်တတ်သူ ဖြစ်၏။ ထို့အတူ လှပသည်မှာလည်း ငြင်းမရသော အမှန်တရား ဖြစ်နေ၏။
ယွင်ကျုံးဟဲ့ ဝင်လာသည်ကို မြင်ချိန်မှာတော့ ကျင်းကျုံးယွဲ့ နှာခေါင်းကို ပိတ်လိုက်သည်။
ယွင်ကျုံးဟဲ့သည် ၂ ရက်လုံးလုံး ရေမချိုးရသေးသောကြောင့် ချွေးများ၊ ဖုန်များဖြင့် နံစော်နေပြီ ဖြစ်၏။
နင်ချင်းသည် ပါရမီရှင်များကို တန်ဖိုးထားသူ ဖြစ်သောကြောင့် ယွင်ကျုံးဟဲ့၏ အနံ့အသက်ကို ဂရုမစိုက် သော်လည်း ကျင်းကျုံးယွဲ့မှာမူ ညစ်ပတ်ခြင်းကို မနှစ်သက်ပေ။
မည်သည့်အရာမှ မမှားယွင်းချေ။ နှစ်ယောက်လုံးသည် ဆွဲဆောင်မှု ကိုယ်စီ ရှိကြသူများ ဖြစ်ကြသည်။
“ထွက်သွားကြ။” ကျင်းကျုံးယွဲ့ လက်ဝှေ့ယမ်းလိုက်၏။
အားလုံး ထွက်ခွာသွားကြသည်။
ကျင်းကျုံးယွဲ့သည် သမင်သားကင်ကို စားသုံးနေသော်လည်း ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ စားချင်စိတ် ကုန်ခမ်းသွား၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... လွန်ခဲ့တဲ့ တစ်လလုံးလုံး ဘယ်သူမှ ရဲတိုက်ထဲ မဝင်နိုင်ခဲ့ဘူး။ ရှင် ဝင်နိုင်ခဲ့တယ်။ ဒါလေး တစ်ခုနဲ့တင် ရှင်က တခြားလူတွေထက် သာနေပြီ။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”
ကျင်းကျုံးယွဲ့သည် ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်သည်။ “မေးခွန်းတစ်ခု မေးချင်တယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “မေးပါ။ ခင်ဗျားက နင်ချင်းထက် ပိုလှပါတယ်။ ဘယ်သူနဲ့ ယှဉ်ယှဉ် ခင်ဗျားက ပိုလှပါတယ်။”
ကျင်းကျုံးယွဲက လက်ကာပြကာ ပြောလိုက်သည်။ “ကျေးဇူးပဲ။ ဒါနဲ့ နောက် ၃ လှမ်းလောက် ဆုတ်ပေးပါလား။ ရှင့်အနံ့က ပြင်းလွန်းလို့။”
“ကောင်းပါပြီ။” ယွင်ကျုံးဟဲ့ နောက်ဆုတ်လိုက်၏။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဖြစ်စဉ်ကို ပြောပြပါအုံး။”
ယွင်ကျုံးဟဲ့က အသေးစိတ် ရှင်းပြလိုက်သည်။ သခင်ကြီးထိုက်အာ၏ ကဗျာကိစ္စကိုမူ ချန်လှပ် ထားလိုက်သည်။ စာမတတ်သောပုံစံ ကို ဆက်လက် ထိန်းသိမ်းထားချင်သောကြောင့် ဖြစ်၏။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “အစီရင်ခံစာကို မြင်ခဲ့လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မြင်ခဲ့ပါတယ်။”
ကျင်းကျုံးယွဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဘယ်လိုလဲ။”
ယွင်ကျုံးဟဲ့က အံအားသင့်လွန်းလှသည့် ဟန်ပန်ဖြင့် ပြောလိုက်၏။ “အံ့ဩစရာပါပဲ။ တောဝက်နယ်မြေ ပုန်ကန်တာက ချိုရွှေမြို့ သွေးထိုးလို့ မဟုတ်ဘဲ ခင်ဗျားရဲ့ သူလျှိုတွေ မြှောက်ပေးလို့ ဆိုတာ သိလိုက်ရတယ်။ ခင်ဗျားက တကယ် ရက်စက်တာပဲ။ ချိုရွှေမြို့ကို ဝင်တိုက်တုန်းက လူသောင်းချီ သတ်ခဲ့ရုံမက လယ်မြေတွေကိုပါ ဆားဖြူးပြီး ဖျက်ဆီးခဲ့တာကိုး။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “အဲဒါ ဘာဖြစ်လဲ။ ကျွန်မကို ဝေဖန်မလို့လား။”
ယွင်ကျုံးဟဲ့ကာ ခေါင်းခါလိုက်၏။ “မဟုတ်ပါဘူး။ လေးစားလို့ပါ။ ဒါမှ ပြည့်စုံတဲ့ ခေါင်းဆောင် ဖြစ်မှာပေါ့။”
ကျင်းကျုံးယွဲ့က မေးဆက်ကာ ပြောလိုက်သည်။ “ဆက်ပြော။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “အစီရင်ခံစာက လေခွင်းမြို့အတွက် သိပ်ဆိုးတယ်။ အပြစ်အားလုံးကို လေခွင်းမြို့အပေါ် ပုံချထားတယ်။ ခင်ဗျားကို မိစ္ဆာမလို့ ရေးထားတယ်။ ပိတ်ဆို့အရေးယူဖို့ အကြံပြုထားတယ်။”
ကျင်းကျုံးယွဲ့က အံ့အားသင့်သွားသည်။ “သူ အဆိပ်ခတ်ခံရတာကို ကျွန်မလူတွေ ကယ်ပေးခဲ့တာလေ။ ဒါကိုတောင် သူက စိတ်မပြောင်းဘူးလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မပြောင်းဘူး။ သူက သေချင်သေပါစေ။ ရပ်တည်ချက်ကို မပြောင်းနိုင်ဘူးတဲ့။ အစီရင်ခံစာ ပြင်ဖို့ဆိုတာ ကောင်းကင်ပေါ် တက်တာထက် ခက်တယ်တဲ့။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဒါဆို ရှင့်တာဝန် ကျရှုံးသွားပြီပေါ့။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဟုတ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူက ကျုပ်ကို ကယ်တင်ပေးမယ်။ လက်ခံထားမယ်လို့ ပြောတယ်။ ကျုပ်က ခင်ဗျားအတွက် ငြင်းပယ်ခဲ့တယ်။”
ကျင်းကျုံးယွဲ့က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ “ကျွန်မ စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ ကျရှုံးတာက ကျရှုံးတာပဲ။ ရှင် ရဲတိုက်ထဲ ဝင်နိုင်ခဲ့တာ။ အစီရင်ခံစာကို ကြိုမြင်ခဲ့တာတွေက ကောင်းကျိုးတော့ ရပါတယ်။ အဲဒါကြောင့် သေဒဏ်ကလွတ်ပေမဲ့ အပြစ်ဒဏ်တော့ ခံရမယ်။ ရှင့်ရဲ့ တတိယ တပ်မှူးချုပ် ရာထူးကို ပြန်ရုပ်သိမ်းလိုက်ပြီ။”
ယွင်ကျုံးဟဲ့ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ မျက်နှာပြောင်တိုက်မှုမှာ လျင်မြန်လွန်းလှ၏။
“ကဲ... ထွက်သွားတော့။ ကျွန်မ စဉ်းစားစရာ ရှိတယ်။” ကျင်းကျုံးယွဲ့သည် တည်ငြိမ်နေသည်။
အစီရင်ခံစာကြောင့် လေခွင်းမြို့ ပျက်စီးနိုင်သည်ဟု ဆိုသော်လည်း သူမ မကြောက်ရွံ့ပေ။
လွန်ခဲ့သော တစ်နှစ်ကလည်း ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးသည် မဟုတ်ပါလား။ စစ်ပွဲကို မတားဆီးနိုင်လျှင် စစ်ပွဲကို ဖန်တီးလိုက်ပေမည်။
ကျင်းကျုံးယွဲ့သည် စစ်မှန်သော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အခက်အခဲ ကြုံလာလျှင် စိတ်ဓာတ်မကျဘဲ စိန်ခေါ်မှုကို ရင်ဆိုင်ရဲ၏။ ယွင်ကျုံးဟဲ့ကိုလည်း အပြစ်မတင်သလို၊ နင်ချင်းကိုလည်း ဆဲဆိုခြင်း မပြုပေ။
“အစီရင်ခံစာ တင်လိုက်ရင် ပိတ်ဆို့ခံရမယ်။ လေခွင်းမြို့ ပျက်စီးမယ် ဆိုတာ သေချာလား။” ယွင်ကျုံးဟဲ့ မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သေချာတယ်။”
ကျင်းကျုံးယွဲ့ မတ်တတ်ရပ်လိုက်သည်။ “ပြင်ဆင်ကြ။ လေခွင်းမြို့ကို ချက်ချင်း ပြန်မယ်။ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ရမယ်။”
“နေပါအုံး မြို့စားမင်း။”
ယွင်ကျုံးဟဲ့က တားလိုက်၏။ “ကျုပ် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တယ်။ နင်ချင်းရဲ့ စိတ်ကို ပြောင်းလဲနိုင်တယ်။ အစီရင်ခံစာကို ပြင်ခိုင်းနိုင်တယ်။”
ကျင်းကျုံးယွဲ့က မယုံကြည်သည့် လေသံဖြင့် မေးလိုက်သည်။ “ရှင်ပဲ ပြောတာလေ။ နင်ချင်းက သေချင်သေမယ်။ စိတ်မပြောင်းဘူးဆို။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ ဒါပေမဲ့ ကျုပ်အတွက်တော့ လွယ်ပါတယ်။ ၂ ရက်အတွင်း ပြီးစေရမယ်။”
ကျင်းကျုံးယွဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ရှင့်အစီအစဉ်က ဘာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လွယ်လွယ်လေးပါ။ ခွေးနဲ့ ကြောင် ညားကြသည် စစ်ဆင်ရေး။”
ကျင်းကျုံးယွဲ့က အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ဘယ်သူနဲ့ ဘယ်သူလဲ။”
ယွင်ကျုံးဟဲ့က ဗီလိန်ဆန်သည့် လေသံဖြင့် ပြောလိုက်၏။ “ကျုပ်နဲ့ နင်ချင်းပေါ့။ ၂ ရက်အတွင်း သူ့ကို ကျုပ်အိပ်ရာပေါ် ရောက်အောင် ခေါ်လာခဲ့မယ်။ အဝတ်အစား မပါဘဲနဲ့ပေါ့။”
***