ဆယ့်ငါးမိနစ်ခန့် ကြာချိန်မှာတော့ နင်ချင်း၏ အခန်းအတွင်း၌ အထိန်းတော်ကြီးက မေးလိုက်သည်။ “သခင်မ... ညဉ့်နက်နေပါပြီ။ အိပ်တော့မလား။”
နင်ချင်း သက်ပြင်းချလိုက်မိ၏။ သူမ အိပ်ရမည်ကို ကြောက်ရွံ့နေမိ၏။
အိပ်မပျော်သော ညများက ငရဲပမာ ပူလောင်လွန်းလှသည်။ အိပ်ချင်သော်လည်း အိပ်မပျော်သော ဒုက္ခ၊ နံနက်မိုးလင်းသည်အထိ မျက်လုံးကြောင်နေရသည့် ခံစားချက်မှာ ဆိုးရွားလွန်းလှပေသည်။
ယွင်ကျုံးဟဲ့ ပေးလိုက်သော အိပ်ဆေးကို စမ်းသပ်ကြည့်သင့်သည်လား။ သူမ မစမ်းသပ်ချင်ပေ။
ယွင်ကျုံးဟဲ့၏ စိတ်သဘောထားကို မယုံကြည်ရချေ။ သူသည် လူယုတ်မာတစ်ဦး ဖြစ်သလို ရုပ်ရည်ကလည်း ဆိုးဝါးလှသေးသည်။
နင်ချင်းသည် မှန်ရှေ့သို့ သွား၍ အဝတ်အစားများကို ချွတ်လိုက်သည်။ အတွင်းခံလေးသာ ကျန်တော့်သည်။
မှန်ထဲရှိ မိမိပုံရိပ်ကို ကြည့်ရှုပြီး ကိုယ်တိုင်ပင် သဘောကျမိနေ၏။ နှမြောစရာ ကောင်းလှသည်။ ဤမျှ လှပသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ရောဂါသည် ဖြစ်နေရသည်။
ထို့နောက် သူမသည် ပေါ့ပါးသော ညဝတ်အင်္ကျီကို လဲလှယ်ဝတ်ဆင်ပြီး အိပ်ရာဝင်လိုက်၏။
“အမေကြီး... ဘယ်သူ့ကိုမှ အသံမထွက်စေနဲ့နော်။ မနက်ဖြန် အစီရင်ခံစာ တင်ရတော့မယ်။ ဒီညတော့ နှစ်နာရီလောက်ဖြစ်ဖြစ် အိပ်ချင်တယ်။” နင်ချင်းက မှာလိုက်သည်။
“စိတ်ချပါ သခင်မ... အခန်းနား ဘယ်သူမှ မကပ်စေရပါဘူး။ အိပ်ဆေးအမွှေးတိုင် ထွန်းလိုက်မယ်နော်။” အထိန်းတော်ကြီးက ပြောလိုက်၏။
“ကောင်းပြီ။” နင်ချင်းက အိပ်ယာပေါ်တွင် လဲလျောင်းကာ အိပ်ပျော်ရန် ကြိုးစားလိုက်သည်။
အထိန်းတော်ကြီးသည် အမွှေးတိုင် ထွန်းပေးလိုက်၏။
နင်ချင်းသည် မျက်လုံးများကို မှိတ်ထားလိုက်သည်။
မနက်ဖြန်တွင် အစီရင်ခံစာ တင်သွင်းလိုက်ပါက လေခွင်းမြို့ ပျက်စီးသွားမည်မှာ သေချာသလောက် ရှိနေသည်။ သို့သော်ငြား သူမ ဂရုမစိုက်ပေ။
ကျင်းကျုံးယွဲ့သည် ရက်စက်လွန်းသောကြောင့် သေသင့်ပေသည်။ ယွင်ကျုံးဟဲ့ကို မကယ်တင်နိုင်သည်မှာ နှမြောစရာ ဖြစ်သော်လည်း သူရွေးချယ်သော လမ်းပင် ဖြစ်လေရာ မည်သူ့ကို အပြစ်တင်ရမည်နည်း။
သူ့ကျေးဇူးကိုလည်း သိပ်အရေးမလုပ်လိုတော့ချေ။ သူမ တန်ဖိုးထားသည်မှာ ဂုဏ်သိက္ခာသာ ဖြစ်သည်။ အသက် မဟုတ်ပေ။
အကြောင်းအရာ တစ်ခုတည်းကိုသာ စိတ်ထဲတွင် တနုံ့နုံ့ တွေးတောနေမိသည်။ သခင်ကြီးထိုက်အာ ကဗျာသည် ယွင်ကျုံးဟဲ့ ရေးသားသည်မှာ ဟုတ်နေသည်လား။ သူသည် ပါရမီရှင်လား။ သို့မဟုတ် စာမတတ်သော သူတောင်းစားလား။
မကြာမီ မျက်ခွံများ လေးလံလာပြီး အိပ်ချင်စိတ် ဖြစ်ပေါ်လာ၏။ ဝမ်းသာစရာပင်။ ယနေ့ည အိပ်ပျော်တော့မည်။
သူမ အိပ်ပျော်သွားသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခြင်း ဖြစ်သည်။
မည်မျှနှိုးနှိုး မနိုးထနိုင်လောက်အောင် အိပ်ပျော်သွားသည်။ အဘယ်ကြောင့်ဆိုသော် အမွှေးတိုင်ထဲတွင် မေ့ဆေးများ ပါဝင်နေသောကြောင့် ဖြစ်၏။
.................
ခဏကြာချိန်မှာတော့ အခန်းတံခါး ပွင့်လာပြီး ပြန်ပိတ်သွားသည်။
အရိပ်မဲတစ်ခု ဝင်ရောက်လာ၏။ ကျောပေါ်တွင် အိတ်တစ်လုံး ပါလာ၏။
အိတ်ကို ဖွင့်လိုက်ချိန်မှာတော့ အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ ဆံပင်ဖွာလန်ကြဲနှင့် ရုပ်ဆိုးသော အမျိုးသားတစ်ဦးပင်။ ယွင်ကျုံးဟဲ့ ဖြစ်သည်။
အရိပ်မဲသည် မျက်နှာဖုံးကို ခွာလိုက်၏။ သာမန်ရုပ်ရည်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်နေ၏။
အထိန်းတော်ကြီးက တီးတိုး ပြောဆိုလိုက်သည်။ “ကဲ... ရှင်တာဝန် ယူလိုက်တော့။”
အမျိုးသမီးက ပြန်ပြောလိုက်၏။ “ရွှီအမျိုးသမီး.... ကျွန်မတို့သခင်က ရှင့်ရဲ့ ကျေးဇူးကို မမေ့ပါဘူး။”
အထိန်းတော်ကြီးက ပြောလိုက်သည်။ “ကတိတည်ဖို့ပဲ လိုတယ်။ ကျွန်မသား စစ်လေ့ကျင့်ရေးကျောင်းက ဆင်းတာနဲ့ တပ်မှူး ဖြစ်ရမယ်။”
အမျိုးသမီးက ပြောလိုက်၏။ “စိတ်ချပါ။ မြန်မြန်လုပ်... နာရီဝက်နေရင် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေ လာဖမ်းကြလိမ့်မယ်။”
အထိန်းတော်ကြီးက ပြောလိုက်သည်။ “သိပြီ။ မင်း သွားတော့။”
အမျိုးသမီးက ပြောလိုက်၏။ “ကျွန်မ ကူညီပေးမယ်။”
ထိုအမျိုးသမီးသည် “ယွင်အောက်ထျန်း... ရှင်က ကံကောင်းတဲ့ကောင်ပဲ။ သခင်မနင်ချင်းနဲ့ တစ်ည ရှိခွင့် ရတယ်ဆိုတာ ဘယ်လောက်ကြီးတဲ့ ကောင်းကျိုးလဲ။ နောက်မှ အပိုင်းပိုင်း အခုတ်ခံရရင်တောင် တန်ပါတယ်။”
အထိန်းတော်ကြီး၏ မျက်နှာ ပျက်ယွင်းသွား၏။ “ဟုတ်တာပေါ့။ သခင်မရဲ့ အသားအရေက ကောင်းကင်ဘုံက နတ်သမီးလိုပဲ။ ဒီလို အောက်တန်းစားက ထိခွင့်ရတာ လွန်လွန်းတယ်။”
ယွင်ကျုံးဟဲ့ကို နင်ချင်း၏အိပ်ရာထဲသို့ ထည့်လိုက်ကြသည်။ နှစ်ယောက်သား ပူးကပ်စွာ အိပ်စက်နေ သကဲ့သို့ ပြင်ဆင်လိုက်ကြသည်။
ယွင်ကျုံးဟဲ့နှင့် နင်ချင်း နှစ်ယောက်စလုံး သတိမရကြပေ။
အမျိုးသမီးက မေးလိုက်၏။ “ဘယ်လိုလဲ။”
အထိန်းတော်ကြီးက ဖြေလိုက်သည်။ “ပြီးပြည့်စုံတယ်။ မြစ်ထဲ ခုန်ချလည်း မသန့်စင်တော့ဘူး။”
အမျိုးသမီးက ပြောလိုက်၏။ “သွားကြစို့။ အပြင်က စောင့်နေ။ ဘယ်သူမှ မကပ်စေနဲ့။”
အထိန်းတော်ကြီးက တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။ “ဒီမေ့ဆေးက စိတ်ချရတယ်နော်။ နိုးမလာဘူး မဟုတ်လား။”
အမျိုးသမီးက အာမခံလိုက်၏။ “မိုးကြိုးပစ်ရင်တောင် နိုးမှာ မဟုတ်ဘူး။ အခန်းကလည်း လုံတယ်။ ခြင်တစ်ကောင်တောင် မဝင်နိုင်ဘူး။”
အထိန်းတော်ကြီးက ပြောလိုက်သည်။ “ကောင်းပြီ။”
အမျိုးသမီးက အသိပေးသလို ပြောလိုက်၏။ “နာရီဝက်နေရင် လာဖမ်းမယ်။”
နှစ်ယောက်သား ထွက်ခွာသွားကြသည်။
ထိုအမျိုးသမီး ပျောက်ကွယ်သွားပြီး အထိန်းတော်ကြီးကမူ တံခါးဝတွင် ထိုင်စောင့်ရန် ကျန်နေရစ်ခဲ့၏။
အချိန်များ ကုန်ဆုံးသွားသည်။
ယွင်ကျုံးဟဲ့၏ ဝမ်းဗိုက်ထဲရှိ ဆေးတောင့် ပျော်ဝင်သွားပြီ ဖြစ်သလို နှာခေါင်းထဲ ထည့်ထားသော ဆေးလုံးလည်း ပျော်ဝင်သွား၏။
မကြာမီ အာရုံကြောကို လှုံ့ဆော်ပေးသော ဆေးများ အစွမ်းပြလာသောကြောင့် ယွင်ကျုံးဟဲ့ နိုးထလာသည်။
မွှေးပျံ့သော ရနံ့တစ်ခုကို ရရှိလိုက်၏။ မျက်လုံးဖွင့်ကြည့်လိုက်ရာ နင်ချင်းနှင့် မျက်နှာချင်းဆိုင် အိပ်စက်နေသည်ကို တွေ့မြင်လိုက်ရ၏။
‘ကောင်းကင်ဘုံ... လှလိုက်တာ’
နင်ချင်း၏ မျက်နှာလေးမှာ ပြစ်မျိုးမှဲ့မထင် ရှိလှပြီး အသားအရေမှာ ကျောက်စိမ်းတုံးကဲ့သို့ ဖြူဝင်းနေသည်။
သို့သော်ငြား အချိန်မရှိတော့ချေ။ ယွင်ကျုံးဟဲ့ အသာထလိုက်ပြီး ကုတင်အောက်မှ အထုပ်တစ်ထုပ်ကို ဆွဲထုတ်လိုက်၏။
ထိုအရာမှာ သူ ယူဆောင်လာခဲ့သော ဆေးထုပ်ဖြစ်၏။ သို့သော်ငြား ဆေးဝါးများသာမက အခြား ပစ္စည်းများ လည်း ပါဝင်နေသည်။
ဆေးရောင်စုံ၊ ပန်းဝတ်မှုန်၊ ပျားရည်၊ ဟင်္သာပြဒါး၊ ဝက်သားရေနှင့် ပြုလုပ်ထားသော အထူးပစ္စည်းများပင်။
ယွင်ကျုံးဟဲ့က မှန်ရှေ့သို့ သွားပြီး အလုပ်စတင်လိုက်သည်။
ခေတ်သစ် ကမ္ဘာ၏ မိတ်ကပ်လိမ်းခြယ်ခြင်း ပညာကို ထုတ်သုံးလိုက်ခြင်း ဖြစ်၏။
လျင်မြန်သည်။ တိတ်ဆိတ်သည်။ စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
နောက် မိနစ် ၃၀ အကြာတွင် လာရောက် ဖမ်းဆီးကြပေတော့မည်။ ထိုအချိန်တွင် ပွဲကောင်း ကြည့်ရပေဦးမည်။
ရဲတိုက်၏ အခြားအခန်းတစ်ခုတွင် အရာရှိ ၁၀ ဦးခန့်က ကောလာဟလ တစ်ခု ကြားသိထားရသောကြောင့် စိတ်ညစ်နေကြသည်။
နင်ချင်းသည် အစီရင်ခံစာကို ပြင်ဆင်လိုက်ပြီး ချိုရွှေမြို့အပေါ် အပြစ်ပုံချလိုက်ပြီ ဟူသည့် ကောလဟလပင်။
စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ၁၅ ယောက် ရှိသော်လည်း နင်ချင်းက ခေါင်းဆောင် ဖြစ်သောကြောင့် သူမ၏ ဆန္ဒသာ အဓိက ဖြစ်နေသည်။
“ဘယ်လို လုပ်မလဲ။ မနက်ဖြန် အစီရင်ခံစာ တင်တော့မယ်။”
“ကျုပ် သွားမေးဖူးတယ်။ ဒါပေမဲ့ သူက မထီမဲ့မြင် လုပ်နေတယ်။”
ဤအဖွဲ့ထဲတွင် ချိုရွှေမြို့၊ ရှီးယွီမြို့နှင့် ထန်ထိုင်မျိုးနွယ်စု၏ ဘက်တော်သားများစွာ ပါဝင်နေသည်။ လေခွင်းမြို့ဘက်တော်သားမှာမူ လူနည်းစုသာ ပါဝင်သည်။
“ယွင်အောက်ထျန်းက သူ့ကို ကယ်လိုက်လို့ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြင်ပေးလိုက်တာတဲ့။”
“ပေါက်ကရတွေ... နင်ချင်းက တရားမျှတပါတယ်။ ဘယ်တော့မှ ဘက်မလိုက်ပါဘူး။”
“ကျုပ် ကြားတာတော့ သူတို့နှစ်ယောက်က ဇာတ်လမ်း ရှိနေတယ်တဲ့။”
လူတိုင်း ဒေါသထွက်သွားကြ၏။ နင်ချင်း ဆိုသည်မှာ သူတို့၏ အိပ်မက်နတ်သမီး ဖြစ်ပေသည်။ သူတောင်းစား တစ်ယောက်ကို နှစ်သက်သည် ဆိုခြင်းမှာ ဖြစ်နိုင်ပါမည်လား။
ထိုစဉ် အမျိုးသမီး စစ်သည်တစ်ဦး ဝင်ရောက်လာပြီး အရာရှိတစ်ဦးကို တီးတိုး သတင်းပို့လိုက်သည်။
“ဘာ... မဖြစ်နိုင်ဘူး။” ထိုအရာရှိက အော်ဟစ်လိုက်၏။
“ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။”
“ရှောင်မင်… မင်း ပြောပြလိုက်။”
အမျိုးသမီး စစ်သည်က ပြောပြလိုက်သည်။ “ညနေက ယွင်အောက်ထျန်း ရောက်လာတယ်။ ပြန်သွားသလို ဟန်ဆောင်ပြီး တကယ်တမ်းကျတော့ သခင်မနင်ချင်း အခန်းထဲ ပြန်ဝင်သွားတယ်။”
အားလုံး ကြောင်အသွားကြ၏။
အမျိုးသမီး စစ်သည်က ထပ်ပြောလိုက်သည်။ “ဒါတင် မကဘူး။ အထိန်းတော်ကြီးက တံခါးဝမှာ စောင့်နေတယ်။ ဘယ်သူမှ မကပ်ရဘူးတဲ့။ ကျွန်မတို့ အပေါ်ထပ်ကနေ နားထောင်ကြည့်တော့ အထဲမှာ ရယ်သံတွေ၊ ညည်းသံတွေ ကြားရတယ်။ အခု နာရီဝက် ကျော်နေပြီ။ ပြန်မထွက်လာသေးဘူး။”
အားလုံး၏ မျက်နှာများ ပျက်ယွင်းကုန်ကြ၏။ နင်ချင်းကဲ့သို့သော သူတော်စင်မက ဖောက်ပြန်နေသည် ဆိုသည်မှာ ဟုတ်ပါ့မည်လား။
ဆယ်နှစ်ကျော်တိုင်အောင် ယောကျ်ားနှင့် မထိတွေ့ခဲ့သော အမျိုးသမီးက သူတောင်းစား တစ်ယောက်နှင့် ဖောက်ပြန်နေခြင်းလား။
“ကျွန်မ ကိုယ်တိုင် မြင်ခဲ့တာပါ။ မယုံရင် တခြားလူတွေကို မေးကြည့်ပါ။” ရှောင်မင်က ကျိန်တွယ် ပြောဆိုလိုက်သည်။
အရာရှိများ ဒေါသထွက်ကုန်ကြ၏။ “ဒါ အမှန်ဆိုရင် ပြဿနာ ကြီးပြီ။”
“သူတောင်းစားကြောင့် အစီရင်ခံစာ ပြင်ရေးတယ် ဆိုတာ သေချာသွားပြီ။”
“မဟာမိတ်အဖွဲ့ကို စော်ကားတာပဲ။ သေဆုံးသွားတဲ့ စစ်သည်တွေကို စော်ကားတာပဲ။”
“ဒါ ရာဇဝတ်မှုပဲ။”
“လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး။ တရားမျှတမှုအတွက် ဖော်ထုတ်ရမယ်။”
“မြန်မြန် သွားရအောင်။ သူတို့ ပြီးသွားရင် ထွက်ပြေးသွားလိမ့်မယ်။”
“စိတ်မပူပါနဲ့။ လူတွေ ဝိုင်းထားပါတယ်။ ယင်ကောင်တောင် မထွက်နိုင်ပါဘူး။”
“သွားစို့။ သွား ဖမ်းကြမယ်။”
“တကယ် ဖမ်းမိရင် ဘယ်လို လုပ်မလဲ။”
“မိရင် ပြီးတာပဲလေ။ ကုတင်ပေါ် အတူရှိနေမှ မဟုတ်ဘူး။ အခန်းထဲမှာ ရှိနေရင်ကို မလွတ်တော့ဘူး။”
“ဟုတ်တယ်။”
“နင်ချင်းက ဖောက်ပြန်တဲ့ မိန်းမ ဖြစ်သွားရင် အစီရင်ခံစာလည်း ပျက်ပြယ်သွားမှာပဲ။ ယွင်အောက်ထျန်း ကိုတော့ သင်းကွပ်ပြီး ရိုက်သတ်ပစ်မယ်။”
ပိုင်ရှင်မဲ့ နယ်မြေတွင် ဖောက်ပြန်သူကို မိပါက သင်းကွပ်ပြီး ကျောက်ခဲဖြင့် ထုသတ်သော ဥပဒေ ရှိသည်။
“သွားကြစို့။”
“မဟာမိတ်အဖွဲ့ ဂုဏ်သိက္ခာအတွက်။ တရားမျှတမှုအတွက်။”
အရာရှိ ၁၀ ဦးခန့်သည် နင်ချင်း၏ အခန်းဆီသို့ ပြေးထွက်သွားကြ၏။
***