ရွှီအမျိုးသမီး (အထိန်းတော်ကြီး)၏ ဤစကား ထွက်ပေါ်လာသောအခါ ထိုနေရာရှိ လူအချို့၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွား၏။
‘ငတုံးမ... ခင်ဗျား အခုအချိန်မှာ သေရင်သေပါစေဆိုပြီး အသေခံ ငြင်းဆန်ရမှာလေ။ အဲဒီလိုဆိုရင် ခင်ဗျား သေသွားရင်တောင် ခင်ဗျားရဲ့ သားနဲ့ မိသားစုဝင်တွေ အသက်ရှင်ခွင့် ရနိုင်သေးတယ်။ အခု ခင်ဗျား ဝန်ခံလိုက်တော့ ခင်ဗျား သေရုံသာမက မိသားစု တစ်စုလုံးပါ လိုက်သေရတော့မှာပေါ့။’
သို့ပေမည့် ဤရွှီအမျိုးသမီးသည် သာမန် အမျိုးသမီး တစ်ဦးသာ ဖြစ်သည်။ ဤမျှ ကြောက်စရာကောင်းသော အခြေအနေမျိုးတွင် မည်သို့ ဝန်မခံဘဲ နေမည်နည်း။
ရွှီအမျိုးသမီးကို ထားလိုက်ပါဦး။ စာဖတ်နေကြသော ကျေးဇူးရှင်များ ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော ရက်စက်သည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရင်ဆိုင်ရပါက သေချာပေါက် ကြောက်ရွံ့သွားကြပေလိမ့်မည်။
သူမ ဝန်ခံလိုက်သည်နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့မှ လူငယ် အရာရှိများနှင့် လေခွင်းမြို့မှ လာဘ်ထိုးထားသော အရာရှိများ အားလုံး ဆူညံသွားကြပြီး ဒေါသတကြီးဖြင့် မကျေမနပ် ဖြစ်နေကြ၏။
“ထင်တဲ့အတိုင်းပဲ။ ထင်တဲ့အတိုင်းပဲ။”
“ရှီးယွီမြို့က တကယ် ယုတ်မာတာပဲ။ မော့မိသားစုက အရမ်း ယုတ်မာတယ်။ ချိုးယွဲ့မြို့က အရမ်း ယုတ်မာတယ်။”
“အခုတော့ အမှန်တရား ပေါ်ပေါက်သွားပြီ။”
“ကျုပ်တို့ ညတွင်းချင်း နယ်စား မဟာမိတ်အဖွဲ့ဆီ စာတင်ပြီး ချိုးယွဲ့မြို့နဲ့ ရှီးယွီမြို့ရဲ့ အရှက်မရှိတဲ့ အကြံအစည်ကို ဖော်ထုတ်ရမယ်။”
အခြေအနေ ကောင်းလာလျှင် ရပ်တန့်တတ်ရန် လိုအပ်ပြီး အလွန်အကျွံ မလုပ်သင့်ပေ။
ယခုအချိန်တွင် ယွင်ကျုံးဟဲ့ သရုပ်ဆောင်နေသည်မှာ တောင်ပိုင်းကျိုးအင်ပါယာမှ ပြိုင်ဘက်ကင်း အလှပိုင်ရှင် မှူးမတ်မျိုးနွယ်ဝင် မိန်းကလေး တစ်ဦး ဖြစ်သည်။
သူမ၏ ရည်ရွယ်ချက်မှာ ကလဲ့စားချေရန် သတ်သတ်သာဖြစ်ပြီး ပိုင်ရှင်မဲ့နယ်မြေရှိ နယ်စားများ၏ အားပြိုင်မှုများကို အနည်းငယ်မှ စိတ်ဝင်စားမည် မဟုတ်ပေ။
“ကဲ... အခု အမှန်တရား ပေါ်ပေါက်သွားပြီဆိုတော့ ရှင်တို့ ပိုင်ရှင်မဲ့နယ်မြေက နယ်စားတွေရဲ့ ညစ်ပတ်တဲ့ ကိစ္စတွေကို ကျွန်မ စိတ်မဝင်စားဘူး။”
ယွင်ကျုံးဟဲ့က အေးစက်စွာ ပြောသည်။ “ကျွန်မ ရှုယွဲ့ယဲ့ ဂရုစိုက်တာ တစ်ခုတည်းပဲ ရှိတယ်။ စောစောက အစ်မနင်ချင်းကို ထောင်ချောက်ဆင်တဲ့သူ သေချာပေါက် သေရမယ်။ စောစောက ကျွန်မကို စော်ကားတဲ့ သူလည်း သေချာပေါက် သေရမယ်။”
‘သောက်ကျိုးနည်း... သူက အရှက်မရှိ ရှုယွဲ့ယဲ့ ဟူသော နာမည်ကို ယူသုံးလိုက်သေးတယ်။’
ထို့နောက် သူက ဘာမှ ထပ်မပြောတော့ဘဲ ဓားမြှောင် တစ်လက်ကို ဆွဲထုတ်ကာ အထိန်းတော်ကြီး ရွှီအမျိုးသမီး၏ နှလုံးတည့်တည့်သို့ ထိုးစိုက်လိုက်၏။
ဤသက်လတ်ပိုင်း အမျိုးသမီးသည် အော်ဟစ်သံပင် မထွက်နိုင်လိုက်ဘဲ ချက်ချင်း အသက်ထွက်သွားသည်။
ထို့နောက် သူသည် ဓားမြှောင်ကို ကိုင်ကာ အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီး သိုင်းသမား ရှောင်မင်၏ ရှေ့သို့ ရောက်သွား၏။
ထိုအမျိုးသမီးက ယွင်ကျုံးဟဲ့ကို သတိမေ့အောင်ရိုက်ပြီး နင်ချင်း၏ စောင်အောက်သို့ ထိုးထည့်ခဲ့သူ ဖြစ်သည်။
သေချာပေါက် ယွင်ကျုံးဟဲ့ သူမကို သတ်ရခြင်းမှာ ကလဲ့စားချေရန် မဟုတ်ဘဲ အချိန်ကြာလာလျှင် ပြဿနာများ ပေါ်လာမည်ကို စိုးရိမ်၍ နှုတ်ပိတ်ရန်အတွက် သတ်ဖြတ်ခြင်း ဖြစ်၏။
ယခုအချိန်တွင် သူတို့ အားလုံး ကြောင်အမ်းနေကြပြီး ချက်ချင်း တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။
သို့ပေမည့် ထိုအမျိုးသမီး သတိပြန်ဝင်လာပြီး သူ၏ သခင်ထံ သတင်းပေးပို့လိုက်ပါက နောက်ကွယ်တွင် ရှိနေသော ထိုအကြံအစည်ကြီးသည့် လူကြီးများသည် အကြံအစည်တစ်ခုကို ဆွဲထုတ်နိုင်မည်မှာ သေချာသည်။
ထိုကောက်ချက်မှာ ဤတောင်ပိုင်းကျိုးအင်ပါယာမှ မှူးမတ်မျိုးနွယ်ဝင် သမီးတော်ဆိုသူသည် ယွင်အောက်ထျန်း ဟန်ဆောင်ထားခြင်း ဖြစ်သည်ဟူသည့် အကြောင်းပင်။
ထိုရလဒ်သည် မည်မျှပင် ယုံကြည်နိုင်စရာမရှိဘဲ အဓိပ္ပာယ်မဲ့နေပါစေ၊ တခြားသော ရှင်းပြစရာ အကြောင်းပြချက် မရှိပါက ထိုအရာသည်သာ အမှန်တရား ဖြစ်လာပေမည်။
သို့ပေမည့် ယွင်ကျုံးဟဲ့ လက်မရွေ့ရသေးမီမှာပင် သိုင်းသမားအချို့က သူ၏ ရှေ့တွင် လာပိတ်ရပ်ကာ ထိုအနက်ရောင် ဝတ်စုံဝတ် အမျိုးသမီး သိုင်းသမားကို သတ်မည့် အရေးကို တားဆီးလိုက်ကြ၏။
“သခင်မလေး... သူမက သခင်မနင်ချင်းရဲ့ အစေခံ မဟုတ်ဘူး။ နယ်စား မဟာမိတ်အဖွဲ့ရဲ့ အစောင့် ဖြစ်တယ်။ သတ်ချင်တယ် ဆိုရင်တောင် နယ်စား မဟာမိတ်အဖွဲ့ကို အရင် သတင်းပို့ရမယ်။ ကိုယ့်သဘောနဲ့ ကိုယ် သတ်ခွင့် မရှိဘူး။” အရာရှိ တစ်ဦးက အေးစက်စွာ ပြောလိုက်၏။
“ယွဲ့ယဲ့က သတ်လို့ မရဘူးဆိုရင် ကျွန်မကကော သတ်လို့ ရမလား။” နောက်ဘက်မှ မုဆိုးမ နင်ချင်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
‘အစ်မကြီး... ခင်ဗျား နောက်ဆုံးတော့ သတိလစ်ချင်ယောင် ဆောင်မနေတော့ဘူးပေါ့။’
နင်ချင်းသည်လည်း ဤအနက်ရောင် ဝတ်စုံဝတ် အမျိုးသမီး သိုင်းသမားကို အရှင်ထား၍ မရမှန်း သိနေကြောင်း ထင်ရှား၏။
သူမသည် ကုတင်ပေါ်မှ ထလာပြီး ဓားတစ်လက်ကို ဆွဲထုတ်ကာ အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီး သိုင်းသမား ရှေ့သို့ တိုက်ရိုက် ရောက်လာသည်။
“သခင်မ နင်ချင်း... ဒါက စည်းကမ်းနဲ့ မညီဘူး။” အရာရှိ တစ်ဦးက တားဆီးလိုက်၏။
နင်ချင်းက အေးစက်စွာ ပြောလိုက်သည်။ “စည်းကမ်း ဟုတ်လား။ ရှင်တို့ ကျွန်မကို ထောင်ချောက်ဆင်တုန်း ကရော စည်းကမ်း ရှိခဲ့လို့လား။ အခု ပြန်ရောက်တာနဲ့ နယ်စား မဟာမိတ်အဖွဲ့က ရာထူးတွေ အားလုံးကနေ ကျွန်မ နှုတ်ထွက်မယ်။ စည်းကမ်းတွေ ဘာတွေ ကျွန်မ ဂရုမစိုက်တော့ဘူး။”
ထို့နောက် သူမသည် ဓားကို ကိုင်ကာ ထိုအနက်ရောင် ဝတ်စုံဝတ် အမျိုးသမီး သိုင်းသမား၏ နှလုံးတည့်တည့်သို့ ဖြည်းညင်းစွာ ထိုးစိုက်လိုက်သည်။
စောစောက ယွင်ကျုံးဟဲ့ ရွှီအမျိုးသမီးကို သတ်စဉ်က လှုပ်ရှားမှုသည် အလွန် လျင်မြန်ပြီး ထက်မြက်လှ၏။
ယခု နင်ချင်း လူသတ်ရာတွင်မူ လှုပ်ရှားမှုက အလွန် နှေးကွေးနေသည်။
ထိုအနက်ရောင် ဝတ်စုံဝတ် အမျိုးသမီး သိုင်းသမားသည် အလွန် နာကျင်နေပုံရပြီး ပါးစပ်မှ သွေးများ အဆက်မပြတ် ထွက်ကျလာသော်လည်း စကားတစ်ခွန်းမှ မဟနိုင်ဘဲ တစ်ကိုယ်လုံး တုန်ယင်ကာဖြင့် လဲကျသွား၏။
“အခု လူတိုင်း ထွက်သွားကြတော့။”
နင်ချင်းက ပြောလိုက်သည်။ “မနက်ဖြန် အားလုံး ပုံမှန်အတိုင်းပဲ။ ချိုးယွဲ့မြို့နဲ့ လေခွင်းမြို့ရဲ့ စစ်ပွဲ အစီရင်ခံစာကို တရားဝင် ထုတ်ပြန်မယ်။”
...
ဆယ့်ငါးမိနစ် အကြာတွင် နင်ချင်း၏ အခန်းထဲမှ လူအားလုံး ထွက်သွားကြ၏။
“အရမ်းတော်တဲ့ လက်ရာပဲ သခင်မလေး ရှုယွဲ့ယဲ့။”
နင်ချင်းက အေးစက်စွာ ပြောသည်။ “ဒါတွေ အားလုံးက ရှင့်ရဲ့ လှည့်ကွက်တွေပဲ။ တစ်ယောက်တည်း အင်အားနဲ့ အခြေအနေ အားလုံးကို ပြောင်းပြန်လှန်ပစ်ပြီး လူတိုင်းကို လက်ခုပ်ထဲ ထည့်ကစားသွားတယ်။ ကျွန်မ အပါအဝင်ပေါ့။”
နင်ချင်း အလွန် ဒေါသထွက်နေ၏။
ယွင်ကျုံးဟဲ့၏ ဤလုပ်ရပ်သည် အခြားသူများကို စော်ကားရုံသာမက နင်ချင်းကိုပါ စော်ကားလိုက်ခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတော့ဘူး။ ခင်ဗျား လွတ်လွတ်လပ်လပ် စကားပြောလို့ ရပါပြီ။”
နင်ချင်းသည် ယွင်ကျုံးဟဲ့ကို အပေါ်အောက် အတော်ကြာအောင် ကြည့်ရှုနေပြီး အလွန်အမင်း ဒေါသထွက် နေသည့်ကြားမှပင် သူမ၏ စိတ်ထဲမှ အံ့ဩမှင်တက်မှုကို လုံးဝ ဖုံးကွယ်မထားနိုင်ပေ။
သူမသည် ယွင်ကျုံးဟဲ့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းရုံသာ ခန့်မှန်းထားခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမ ကိုယ်တိုင်လည်း မည်သည့် အားနည်းချက်ကိုမျှ မတွေ့ရဘဲ မျက်မှောက်ရှိ ဤလူသည် တကယ့် မိန်းကလေး တစ်ယောက်ဟုသာ ထင်ရသောကြောင့်ပင်။
“ရှင် တကယ်ပဲ ယွင်အောက်ထျန်း ဟုတ်လား။” နင်ချင်းက မယုံကြည်နိုင်သလို မေးလိုက်သည်။
“ဟုတ်တယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။
နင်ချင်းက ပြောလိုက်သည်။ “ရှင့်ကို နာရီဝက် အချိန်ပေးမယ်။ မျက်နှာစစ်ကို ပြန်ပြောင်းပြီး ကျွန်မကို လာပြ။ ဒီအထဲမှာ အခန်းငယ် တစ်ခု ရှိတယ်။”
........
နာရီဝက် အကြာတွင် မျက်နှာစစ်ကို ပြန်လည် ပြောင်းလဲထားသော ယွင်ကျုံးဟဲ့သည် နင်ချင်း၏ ရှေ့တွင် ပေါ်လာ၏။
သူသည် အမျိုးသား ဝတ်စုံ ယူမလာခဲ့သော်လည်း နင်ချင်းက အမျိုးသားနှင့် အမျိုးသမီး ရောနှောထားသော အဝတ်အစားများကို နှစ်သက်သောကြောင့် အမျိုးသား ဝတ်ရုံ အချို့ ရှိနေသည်။
ထို့နောက် နင်ချင်း ထပ်မံ၍ မှင်တက်သွားပြန်၏။ ဤယွင်အောက်ထျန်းက ဤမျှလောက်အထိ ချောမောလိမ့်မည်ဟု သူမ တကယ် မထင်ထားခဲ့ပေ။
သူ မိန်းမ ဟန်ဆောင်လိုက်သောအခါ ဤမျှ လှပသွားသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ ဤမျက်နှာက တကယ်ကို မိစ္ဆာဆန်လွန်းလှသည်။
အမျိုးသား တချို့သည် ချောမောမှု အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ ယောက်ျားလား၊ မိန်းမလား ခွဲခြားရ ခက်ခဲသွားတတ်၏။
ထိုအရာက ယွင်ကျုံးဟဲ့ ကဲ့သို့သော လူမျိုးကို ဆိုလိုခြင်း ဖြစ်သည်။ သူက တကယ့်ကို ပြဿနာ ကောင်လေးပင် ဖြစ်သည်။
နင်ချင်း၏ နှလုံးသားပင်လျှင် ပြင်းထန်စွာ ခုန်ပေါက်သွားပြီး အသက်ရှူပင် အနည်းငယ် မြန်ဆန်လာ၏။
အကယ်၍ ထိပ်တန်း အချောအလှလေး တစ်ယောက်က သူမရှေ့တွင် ရိုးရိုးလေး ပေါ်လာမည် ဆိုပါက ဤမျှလောက်အထိ စိတ်လှုပ်ရှားသွားမည် မဟုတ်ပေ။
သို့ပေမည့် ဤလူ၏ ယခင် ပုံစံမှာ အိုမင်းပြီး အရုပ်ဆိုးသော သူတောင်းစားကြီး တစ်ယောက် ဖြစ်ခဲ့၏။ ထိုတင်သာမက မကြာသေးမီကပင် သူသည် နင်ချင်းနှင့် စောင်တစ်ထည်တည်း အတူတူ ခြုံခဲ့သေးသည်။
နင်ချင်းသည် ကံကြမ္မာအရ မုဆိုးမ ဖြစ်လာခဲ့ရသူသာဖြစ်ပြီး မွေးရာပါ မဟုတ်ပေ။
ထို့ကြောင့် ယွင်ကျုံးဟဲ့ ကဲ့သို့သော မိစ္ဆာဆန်သည့် အချောအလှလေးကို ရင်ဆိုင်ရချိန်တွင် သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေ၏။
“ကျင်းကျုံးယွဲ့က ရှင့်ကို ဒီလောက် ညစ်ပတ်ပြီး အောက်တန်းကျတဲ့ တာဝန်မျိုး ပေးရက်တာ တကယ်ကို အံ့ဩစရာပဲ။” နင်ချင်းက အေးစက်စက် ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ပညာရပ်တိုင်းမှာ သူ့ကျွမ်းကျင်မှုနဲ့သူ ရှိကြတာပဲလေ။ ကျုပ်က မူလတည်းက ညစ်ပတ်ပြီး အောက်တန်းကျတဲ့ လူပဲဟာ။”
မုဆိုးမ နင်ချင်းက ဖြည်းညင်းစွာ ထိုင်လိုက်ပြီး ပြောလိုက်သည်။ “ယွင်အောက်ထျန်း... ရှင် အခု အရမ်း ကျေနပ်နေမှာပေါ့။ တစ်ယောက်တည်း အင်အားနဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့တယ်လေ။ ရှင်က အလုပ်ပြီးသွားပြီလို့ ထင်နေတာလား။”
သူမ၏ အကြည့်များက အေးစက်နေပြီး အသံကလည်း ဒေါသထွက်နေ၏။
“ဒါပေမဲ့ ယွင်အောက်ထျန်း... ကျွန်မက ဒီအစီရင်ခံစာကို တကယ် ပြင်ပေးမယ်လို့ ရှင် ထင်နေတာလား။”
နင်ချင်းက အေးစက်စွာ ပြောလိုက်သည်။ “ဒါဆို ကျွန်မ ရှင့်ကို ပြောပြမယ်။ ရှင် ဘယ်လောက်ပဲ ကောက်ကျစ်ပါစေ၊ ရှင့်ရဲ့ နည်းလမ်းတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ အလကားပဲ။ ကျွန်မက တစ်လုံးမှ ပြင်မှာ မဟုတ်ဘူး။ ကျွန်မရဲ့ အစီရင်ခံစာထဲမှာ စစ်ပွဲရဲ့ တာဝန်က လေခွင်းမြို့ အပေါ်မှာပဲ ရှိနေအုံးမှာပဲ။ နယ်စား မဟာမိတ်အဖွဲ့ကို လေခွင်းချိုင့်ဝှမ်းအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ဖို့ ဆက်ပြီး အကြံပြုအုံးမှာပဲ။ ရှင့်ရဲ့ တာဝန်က ကျရှုံးနေတုန်းပဲ။”
ယွင်ကျုံးဟဲ့ စကားမပြောဘဲ နင်ချင်း၏ အနောက်သို့ လျှောက်သွားကာ သူမ၏ ပခုံးနှင့် လည်ပင်းကို ညင်သာစွာ နှိပ်နယ်ပေးလိုက်၏။
“ကျွန်မကို မထိနဲ့။ ရှင့်ရဲ့ ညစ်ပတ်တဲ့ လက်တွေကို ဖယ်လိုက်။” နင်ချင်းက အော်လိုက်သည်။
ယွင်ကျုံးဟဲ့က သူမကို ဂရုမစိုက်ဘဲ သူမ၏ နားထင်ကို ဆက်လက် နှိပ်နယ်ပေးနေသည်။ ချက်ချင်းပဲ မုဆိုးမ နင်ချင်း၏ အသက်ရှူသံက ပိုမို မြန်ဆန်လာပြီး လည်ပင်း တစ်ခုလုံး နီရဲသွား၏။
“ဘာလို့လဲ။ ဘာလို့လဲ။”
နင်ချင်းက ရုတ်တရက် ဒေါသတကြီး မေးလိုက်သည်။ “ဘာလို့ ကျွန်မအနားက လူတွေ အားလုံးက ကျွန်မကို သစ္စာဖောက်ကြတာလဲ။ ဘာလို့ လူတိုင်းက ကျွန်မကို ကြံစည် နေကြတာလဲ။ ရှင့်လို ညစ်ပတ်တဲ့လူ အပါအဝင်ပေါ့။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “လောကကြီးက အကျိုးအမြတ်အတွက်ပဲ လှုပ်ရှားနေကြတာ။ အကျိုးအမြတ် ရှိရင် သစ္စာဖောက်မှု ဆိုတာလည်း သေချာပေါက် ရှိလာမှာပဲ။ တချို့ အချိန်တွေမှာ သစ္စာရှိတယ် ဆိုတာ သစ္စာဖောက်ဖို့ အပေးအယူ မလုံလောက်သေးလို့ပဲ။”
နင်ချင်းက မေးလိုက်သည်။ “တကယ့် မြင့်မြတ်မှုနဲ့ သစ္စာရှိမှု ဆိုတာ မရှိတော့ဘူးလား။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ရှိတာပေါ့။ တကယ် မြင့်မြတ်တဲ့ သူတွေရဲ့ အနားမှာ တကယ် သစ္စာရှိတဲ့ သူတွေ ဝိုင်းရံနေတတ်ကြတယ်။ သူတို့မှာ တူညီတဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းချက်တွေ ရှိကြပြီး အကျိုးအမြတ်တွေကြောင့် ယိမ်းယိုင်မသွားကြဘူး။ ဒါပေမဲ့ ခင်ဗျားက တကယ် မြင့်မြတ်တဲ့သူ မဟုတ်ဘူးလေ။ ခင်ဗျားက အတင်းအကျပ် မြင့်မြတ်ခိုင်းခံထားရတဲ့လူလေ။”
***