“အတင်းအကျပ် မြင့်မြတ်ခိုင်းခံရတာ ဟုတ်လား။” ဤစကားက နင်ချင်း၏ နှလုံးသားထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
ဟုတ်ပေသည်။ သူမသည် တကယ် မြင့်မြတ်သူ မဟုတ်ပေ။
နင်ချင်းက အလွန် ထက်မြက်ပြီး ဂန္ထဝင်မြောက် ပါရမီရှင် အမျိုးသမီး တစ်ဦးဖြစ်ကာ နာမည်ဂုဏ်သတင်းကို အလွန် မက်မောသူ ဖြစ်သည်။
ထိုသို့မဟုတ်ပါက သူမသည် တောင်ပိုင်းကျိုးအင်ပါယာသို့ ယောက်ျားဟန်ဆောင်၍ သွားရောက်ကာ အင်ပါယာ စာမေးပွဲ ဝင်ရောက် ဖြေဆိုမည် မဟုတ်ပေ။
ခင်ပွန်းနှစ်ယောက် ဆက်တိုက်ဆိုသလို သေဆုံးသွားခြင်းက သူမကို ကံကြမ္မာဆိုး ပိုင်ဆိုင်သည့် မိန်းမတစ်ယောက်ဟူသော နာမည်ဆိုးကို ရရှိစေခဲ့သည်။
သူမ ဘာလုပ်နိုင်မည်နည်း။ သေချာပေါက် မြင့်မြတ်သော နာမည်ဂုဏ်သတင်းဖြင့် ထိုအရာများကို ဆေးကြောပစ်ရန် လိုအပ်၏။
ထို့ကြောင့် သူမသည် အိမ်ခြေရာမဲ့များကို ကယ်ဆယ်ခြင်း၊ ကျောင်းများ ဖွင့်လှစ်ခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သူမသည် တကယ် မြင့်မြတ်သူ မဟုတ်ပေ။ ထို့ကြောင့် သူမသည် သူမ၏ နာမည်ဂုဏ်သတင်းကို ရူးသွပ်လုမတတ် အရေးထားခြင်း ဖြစ်၏။
တကယ် မြင့်မြတ်သူ မဟုတ်သောကြောင့် စစ်မှန်သော သစ္စာရှိသူများကို မဆွဲဆောင်နိုင်ဘဲ အကျိုးအမြတ်နောက်သို့ လိုက်ပါသူများကသာ သူမကို ဝိုင်းရံလာခြင်း ဖြစ်သည်။
“ဒါဆို ကျွန်မ တစ်သက်လုံး လုပ်ခဲ့တာတွေ အားလုံးက တန်ဖိုး မရှိတော့ဘူးလား။ ကျွန်မက ဟန်ဆောင်ကောင်းတဲ့ မိန်းမ တစ်ယောက်ပဲလား။” နင်ချင်းက မေးလိုက်၏။
“မဟုတ်ဘူး။ ခင်ဗျားက ကြီးမြတ်နေတုန်းပဲ။ အပြစ်အနာအဆာရှိတဲ့ ကြီးမြတ်မှုကမှ တကယ့် ကြီးမြတ်မှု အစစ်ပဲ။ ပြည့်စုံလွန်းတဲ့ ကြီးမြတ်မှုက လူတွေကို ကြောက်ရွံ့ထိတ်လန့်စေတယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။
“ကျုပ်တို့က ပြည့်စုံလွန်းတဲ့ ကြီးမြတ်တဲ့ လူတစ်ယောက်ကို တွေ့ရင် ကြောက်ရွံ့သင့်တယ်။ ဘာလို့လဲ ဆိုတော့ အဲဒီလူက ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မှာမို့လို့ပဲ။”
ထို့နောက် ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “ကြီးမြတ်မှု ဆိုတာ၊ မြင့်မြတ်မှု ဆိုတာ နောက်ဆုံးမှာတော့ လုပ်ရပ်ကိုပဲ ကြည့်ရမှာ။ စိတ်ရင်းကို ကြည့်လို့ မရဘူး။”
နင်ချင်းက မေးလိုက်သည်။ “အောက်ထျန်း... ဒါဆို ရှင်က ကျင်းကျုံးယွဲ့ကို သစ္စာဖောက်မှာလား။ ဘယ်လောက် ကြီးမားတဲ့ အကျိုးအမြတ်က ရှင့်ကို သစ္စာဖောက်အောင် လုပ်နိုင်မှာလဲ။ ပြော…”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဘယ်လောက် ကြီးမားတဲ့ အကျိုးအမြတ်ပဲ ဖြစ်ဖြစ် မဖြစ်နိုင်ဘူး။”
နင်ချင်းက မေးလိုက်သည်။ “ရှင်က အဲဒီလောက်တောင် မြင့်မြတ်ပြီး သစ္စာရှိတာလား။ ”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က အရူးတစ်ယောက်မို့လို့ပဲ။ ကျုပ် ဘယ်အကျိုးအမြတ်ကိုမှ ဂရုမစိုက်ဘူး။ ကျုပ်က စိတ်ထင်ရာ လုပ်ချင်တာ။”
နင်ချင်း ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းစွာ ပြောသည်။ “ယွင်အောက်ထျန်း... ကျွန်မက ဒီအစီရင်ခံစာကို မပြင်ဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်မက လေခွင်းမြို့ကို ပျက်စီးအောင် လုပ်အုံးမှာပဲ။ ရှင့်ရဲ့ တာဝန် ကျရှုံးပြီး ရှင် ကျင်းကျုံးယွဲ့ဆီ ပြန်ရောက်တဲ့အခါ ကျင်းကျုံးယွဲ့ ရှင့်ကို သတ်အောင် ကျွန်မ လုပ်အုံးမှာပဲ။”
ယွင်ကျုံးဟဲ့ တိတ်ဆိတ်သွား၏။
နင်ချင်းက ပြောလိုက်သည်။ “ဟုတ်တယ်။ ကျွန်မ ချိုးယွဲ့မြို့ကို အရမ်း မုန်းတယ်။ ရှီးယွီမြို့က မော့မိသားစုကိုလည်း အရမ်း မုန်းတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်မရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးချင်လို့ပဲ။ ကျွန်မမှာ နာမည်ဂုဏ်သတင်းကလွဲရင် ဘာမှ မရှိတော့ဘူးလေ။ ကျွန်မ သူတို့ကို အရိုးထဲထိ မုန်းတယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ပိုမုန်းတယ်။ ဘာလို့လဲဆိုတော့ ရှင်က ကျွန်မကို ပိုပြီး ထိခိုက်စေခဲ့လို့ပဲ။”
“ရှင် သွားတော့။ ရှင် ကျရှုံးသွားပြီ။”
နင်ချင်းက လက်ယမ်းကာ ပြောလိုက်၏။ “ကျွန်မကို လူလွှတ်ပြီး ရှင့်ကို အပြင် ပစ်ထုတ်ခိုင်းအောင် မလုပ်နဲ့။”
ဤအမျိုးသမီးက တကယ်ကို စာအုပ်လှန်သလို မျက်နှာပြောင်တိုက်လွန်းလှသည်။ မာနလည်း ကြီးသလို အစွန်းလည်း ရောက်လွန်းလှသည်။
ယွင်ကျုံးဟဲ့ စကားမပြောပေ။
နင်ချင်းက ပြောလိုက်သည်။ “ရှင် ကျွန်မကို မခြိမ်းခြောက်တော့ဘူးလား။ ရှင် ယောက်ျားလေး ပုံစံနဲ့ ဒီကနေ ထွက်သွားတာနဲ့ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းက ပျက်စီးသွားပြီ။ ကျွန်မတို့ နှစ်ယောက် အတူတူ သေရမှာပဲ။ ရှင့်ရဲ့ ဒီနည်းလမ်းက အရမ်း ထိရောက်သင့်တယ်။ ရှင် ကျွန်မကို အဲဒီလို ခြိမ်းခြောက်သင့်တာ။”
ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းလိုက်၏။ “အဲဒီလိုဆိုရင် ခင်ဗျား သေသွားလိမ့်မယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် မှန်ရှေ့တွင် ပြန်ထိုင်ကာ မိမိကိုယ်ကိုယ် ပြိုင်ဘက်ကင်း အလှပိုင်ရှင်လေး အဖြစ် ပြန်လည် ပြင်ဆင်လိုက်သည်။
ပြင်ဆင်ပြီးနောက် သူသည် အမှတ် (၂၇) သရဲမလေး ပူးကပ်ထားသော အမျိုးသမီး အသံဖြင့် ထပ်မံ ပြောလိုက်၏။ “အစ်မနင်ချင်း… ကျွန်မ သွားပြီနော်။ တာ့တာ။”
မည်သည့် တောင်းပန်မှုမှ မရှိ၊ မည်သည့် ဖျောင်းဖျမှုမှ မရှိပေ။ စော်ကားခြင်း၊ ပွေ့ဖက်ခြင်း၊ အတင်းအကျပ် နမ်းခြင်း စသည်တို့ဆိုလျှင် ပို၍ပင် မရှိပေ။
သူ ဤတံခါးမှ ထွက်သွားသည်နှင့် တာဝန် လုံးဝ ကျရှုံးသွားပြီဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက်၏။ လေခွင်းမြို့သည် ထပ်မံ၍ ပိတ်ဆို့ အရေးယူခံရတော့မည်ဖြစ်ပြီး ကျင်းကျုံးယွဲ့ ရှေ့တွင် သူ၏ ပထမဆုံး အရေးကြီးသော တာဝန် ကျရှုံးသွားတော့မည် ဖြစ်သည်။
နင်ချင်း၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်လာပြီး ယွင်ကျုံးဟဲ့၏ ကျောပြင်ကို ကြည့်နေ၏။
လမ်းတစ်ဝက် အရောက်တွင် ယွင်ကျုံးဟဲ့၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
နင်ချင်းက အေးစက်စွာ ပြုံးလိုက်၏။ ‘ယွင်အောက်ထျန်း... ရှင် ကျွန်မရှေ့မှာ လာသရုပ်မဆောင်နဲ့။ လိုချင်လျက်နဲ့ ဟန်ဆောင်နေတာတွေ လာမလုပ်နဲ့။ ပြန်လာပြီး ကျွန်မကို တောင်းပန်ဦးမှာ မလား။’
ယွင်ကျုံးဟဲ့သည် စုတ်တံ၊ မင်၊ စက္ကူနှင့် မင်အိုးတို့ကို ဖြန့်ခင်းကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရင်က ခင်ဗျား ပြောခဲ့တယ်မလား။ ဆယ် နဲ့ပတ်သက်တဲ့ ကဗျာတစ်ပုဒ် ရေးခိုင်းမယ်ဆိုတာလေ။ အဲဒီတုန်းက ကျုပ် စိတ်ထဲမှာ အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ် ရှိနေပြီ။ ဒါပေမဲ့ ဒေါသထွက်နေလို့ မရေးပေးခဲ့တာ။ အခု ကျုပ် သွားတော့မယ်။ နောက်ဆိုရင် ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး။ ဒီကဗျာကို ခင်ဗျားကို လက်ဆောင်ပေးခဲ့မယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် စုတ်တံကို ကိုင်ကာ နှစ်ထောင်ချီ ရှားပါးသော ဂန္ထဝင်မြောက် နာမည်ကြီး ကဗျာတစ်ပုဒ်ကို ရေးချလိုက်၏။
တကယ်ကို အတိတ်မှာရော အနာဂတ်မှာပါ ပြိုင်ဘက်ကင်းမည့် ကဗျာပင် ဖြစ်သည်။
ခမ်းနားလှသည့် ဆယ် တစ်လက်တွင် ကြိုးငါးဆယ် ရှိနေသည်။ ကြိုးတစ်ချောင်း၊ တိုင်တစ်တိုင်တိုင်းက ကုန်လွန်သွားသော နှစ်ကာလများကို လွမ်းဆွတ်စေ၏။
ကျင်ဆယ် အမည်ရသော ကဗျာကို ယွင်ကျုံးဟဲ့က ရေးသားလိုက်သည်။
နံနက်အိမ်မက်၌
ကျွမ်ဇီ လိပ်ပြာဖြစ် လွင့်ပျံ့ခဲ့၏။
နွေဦးနှလုံးကို
ဝမ်တိက ဥဩငှက်ထံ အပ်နှံခဲ့၏။
လမင်းသာသော ပင်လယ်ပြင်၌
ပုလဲတို့ မျက်ရည်ဖြစ်၍ ကြွေလေ၏။
နေရောင်နွေးသော လန်ထန့်တောင်၌
ကျောက်စိမ်းတို့ အခိုးထွက်၍ တောက်လေ၏။
ဤအချစ်အရာကား
အတိတ်ကို လွမ်းဖွယ်ဖြစ်စေမည်လော။
ထိုအခါကပင်
နှလုံးဝေခွဲ မရခဲ့ပြီးသား ဖြစ်လေ၏။
ဤကဗျာကို ရေးပြီးနောက် ယွင်ကျုံးဟဲ့သည် နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားလေတော့၏။
နင်ချင်း လျှောက်လာပြီး ဤကဗျာကို တစ်ချက် ကြည့်လိုက်သည်။
ရုတ်တရက် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
တစ်ကိုယ်လုံး ထုံကျင်ပြီး တုန်ယင်နေမှုကို မည်သည့် စကားလုံးနှင့်မှ ဖော်ပြ၍ မရနိုင်တော့ချေ။
ဤနှစ်ထောင်ချီ ရှားပါးသော နျူကလီးယားဗုံး ကဲ့သို့သော နာမည်ကြီး ကဗျာက သူမကို ဝိညာဉ် လွင့်ထွက်သွားလုမတတ် ဗုံးကြဲလိုက်ခြင်းပင် ဖြစ်သည်။
သူမ ရုတ်တရက် အပြေးအလွှား သွားကာ နောက်ဘက်မှနေ၍ ယွင်ကျုံးဟဲ့၏ ခါးကို ဖက်လိုက်ပြီး မျက်နှာကို သူ၏ ကျောပြင်တွင် အပ်ကာ နူးညံ့ပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “မသွားပါနဲ့။ မသွားပါနဲ့။ ကျွန်မအနားမှာ နေပေးပါ။”
.................
ယွင်ကျုံးဟဲ့ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ၏ နောက်မှ နွေးထွေးမွှေးပျံ့သည့် အထိအတွေ့ကို ခံစားနေမိသည်။
“သခင်မနင်ချင်း... အမှန်အတိုင်း ပြောပြရမလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
“အင်း....” နင်ချင်းက နှာသံဖြင့် ပြန်ဖြေလိုက်သည်။
ယွင်ကျုံးဟဲ့က ဆက်လက် ပြောဆိုလိုက်၏။ “ဒီ ကျင်ဆယ် ကဗျာကိုလည်း ကျုပ် ကူးချခဲ့တာပါ။ ကျုပ် ကိုယ်တိုင် ရေးတာ မဟုတ်ပါဘူး။”
နင်ချင်းသည် တုန်ယင်သွားပြီး ပြောလိုက်သည်။ “ဆက်မပြောပါနဲ့တော့။ ကျွန်မ မှားသွားတယ်ဆိုတာ သိပါပြီ။ အဲဒီနေ့က ရှင့်ကို မလှောင်ပြောင်ခဲ့သင့်ပါဘူး။”
ဤကဲ့သို့ နှစ်တစ်ထောင်မှ တစ်ကြိမ်သာ ပေါ်ထွန်းနိုင်သော ကဗျာမျိုးကို မည်သည့်နေရာမှ ကူးယူနိုင် ပါမည်နည်း။
ဤကဗျာမျိုးသည် မည်သည့်နေရာတွင် ပေါ်ထွက်လာသည်ဖြစ်စေ၊ လျင်မြန်စွာဖြင့် တစ်လောကလုံးသို့ ပျံ့နှံ့ကျော်ကြားသွားမည် ဖြစ်သည်။
ထို့အပြင် ဤခေါင်းစဉ်သည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ နင်ချင်း ကိုယ်တိုင် ပေးခဲ့သော ခေါင်းစဉ် ဖြစ်လေရာ မည်သည့်နေရာမှ ကူးယူ၍ မရနိုင်ပေ။
ယနေ့ခေတ်တွင် အမှန်တရား ပြောဆိုသည်ကိုပင် မည်သူမှ မယုံကြည်ကြတော့ချေ။
နင်ချင်းသည် ယွင်ကျုံးဟဲ့၏ ခါးကို ဖက်ထားပြီး ကျောပြင်တွင် မျက်နှာအပ်ထားသည်။
သူမသည် မိမိကိုယ်တိုင်ပင် အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသည်ကို နားမလည်နိုင်အောင် ဖြစ်နေမိ၏။ အထီးကျန်ခြင်းကြောင့်လား။
မှန်ပေ၏။ သူမသည် အလွန် အထီးကျန်လွန်းလှသည်။
ထို့အပြင် သူမ၏ အနီးကပ်ဆုံး လူနှစ်ဦးသည် သူမကို တစ်ယောက်ပြီး တစ်ယောက် သစ္စာဖောက် သွားခဲ့ကြသည်။
ရင်ခုန်ခြင်းကြောင့်လား။ ထိုအချက်လည်း ပါဝင်၏။
ယခင်က ရုပ်ဆိုးလှသော သူတောင်းစားအိုကြီး ယွင်အောက်ထျန်းသည် ယခုအခါ အလွန် ချောမောခန့်ညားသော မိစ္ဆာဆန်သည့် အမျိုးသားတစ်ဦး ဖြစ်လာခဲ့သည်။ အမျိုးသမီးတစ်ဦး၏ နှလုံးသားကို လှုပ်ခတ်စေနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။
ထို့အပြင် နင်ချင်းသည် စစ်မှန်သော သူတော်စင်မ မဟုတ်ပေ။ သူမတွင်လည်း ခံစားချက်များ၊ ရမ္မက်များ ရှိသည်။ ဆယ်နှစ်ကျော်တိုင်အောင် ဖိနှိပ်ထားခဲ့ရခြင်းသာ ဖြစ်၏။
နောက်ဆုံး အချက်မှာကား ထို ကျင်ဆယ် ကဗျာကြောင့် ဖြစ်သည်။
မှန်ပေ၏။ သူမသည် တစ်သက်လုံး ကဗျာများကို လိုက်စားခဲ့သည်။ စိတ်ဝိညာဉ်ကို ထိတွေ့နိုင်သော ကဗျာများကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ရပေ။
ယခု ဤကဗျာသည် လူတို့၏ နှလုံးသားကို တူးဆွလိုက်သကဲ့သို့ ရှိသည်။ အထူးသဖြင့် နောက်ဆုံး စာကြောင်းသည် တစ်ကိုယ်လုံးကို ထုံကျင်သွားစေပြီး အဆိပ်ပြင်းသော မြွေတစ်ကောင် နှလုံးသားထဲသို့ တိုးဝင်သွားသကဲ့သို့ ခံစားရစေ၏။
နင်ချင်း၏ နှလုံးသားသည် ယမ်းပုံကြီးကဲ့သို့ ဖြစ်နေပြီး စွမ်းအင်များ စုဆောင်းထားသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
မီးရှို့ပေးမည့် မီးခြစ်ဆံ တစ်ချောင်းသာ လိုအပ်နေခြင်း ဖြစ်သည်။ ယခုအခါ ဤနှစ်တစ်ထောင် ဂန္ထဝင် ကဗျာသည် ထိုမီးခြစ်ဆံ ဖြစ်လာခဲ့၏။
“ရှင်က လှည့်ဖြားတတ်တယ် မဟုတ်လား။ ဘယ်လို လှည့်ဖြားမလဲ ဆိုတာ သိချင်တယ်။” နင်ချင်းသည် တုန်ယင်စွာဖြင့် ပြောဆိုလိုက်သည်။
ထို့နောက် သူမသည် ယွင်ကျုံးဟဲ့၏ ရှေ့သို့ သွားကာ မျက်လုံးများကို အသာအယာ မှိတ်ပြီး လှပသော မျက်နှာလေးကို မော့လိုက်၏။
***