နာရီဝက်ခန့် ကြာချိန်မှာတော့ နင်ချင်းနှင့် ယွင်ကျုံးဟဲ့တို့သည် အတူ အိပ်ပျော်သွားကြ၏။
“အောက်ထျန်း... ကျင်းကျုံးယွဲ့ဆီ ပြန်မသွားပါနဲ့တော့။ ကျွန်မတို့ နေရာတစ်နေရာမှာ ပုန်းအောင်းပြီး အေးအေးဆေးဆေး နေကြရအောင်နော်။”
နင်ချင်းသည် ယွင်ကျုံးဟဲ့၏ ရင်ခွင်ထဲတွင် မှီတွယ်လျက် ချွဲနွဲ့စွာ ပြောဆိုလိုက်သည်။ “ကျွန်မက ရှင့်ထက် အသက်ကြီးပေမဲ့ အမြဲတမ်း လှပနေအောင် ကြိုးစားပါ့မယ်။ တကယ် ပြောတာပါ။ မလိမ်ပါဘူး။”
ယွင်ကျုံးဟဲ့ ပြန်မဖြေပေ။
နင်ချင်းက ဆက်ပြောလိုက်၏။ “အောက်ထျန်း... အဲဒီလို နေရရင် သိပ်ပျော်စရာ ကောင်းမှာ။ နေ့တိုင်း စောင်းတီးမယ်။ ကဗျာစပ်မယ်။ နမ်းမယ်။ ချစ်မယ်။ အားတဲ့အခါ ကလေးတွေ အများကြီး မွေးမယ်။ တစ်သက်လုံး ပူပင်စရာ မလိုဘဲ နေကြမယ်။
ကျင်းကျုံးယွဲ့ဆီ ပြန်မသွားပါနဲ့။ သူက ရက်စက်လွန်းတယ်။ လေခွင်းမြို့ကလည်း ပျက်စီးမှာ သေချာနေပြီ။ ကျင်းကျုံးယွဲ့ ပေးနိုင်တာတွေကို ကျွန်မလည်း ပေးနိုင်ပါတယ်။”
ယွင်ကျုံးဟဲ့ ဆက်လက် တိတ်ဆိတ်နေသောကြောင့် နင်ချင်း၏ မျက်နှာထား ပြောင်းလဲသွားသည်။
ထို့နောက် သူမ၏ လေသံသည် မာကျောလာ၏။ “ယွင်အောက်ထျန်း... ရှင် ရွေးချယ်ရမယ်။ ကျွန်မကို ရွေးပြီး ကျင်းကျုံးယွဲ့ကို စွန့်လွှတ်လိုက်။ ဒါဆိုရင် မနက်ဖြန် အစီရင်ခံစာမှာ လေခွင်းမြို့ဘက် ပါပေးမယ်။ ရှီးယွီမြို့နဲ့ ချိုရွှေမြို့ရဲ့ ယုတ်မာမှုတွေကို ဖွင့်ချပေးမယ်။ မဟုတ်ရင် ကျွန်မ အစီရင်ခံစာကို မပြင်ဘူး။ လေခွင်းမြို့ကို သေလမ်းပို့မယ်။”
ပြောပြီးသည်နှင့် နင်ချင်းသည် ယွင်ကျုံးဟဲ့၏ အဖြေကို စောင့်ဆိုင်းနေသည်။
“မဖြစ်မနေ ရွေးချယ်ရမှာလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
နင်ချင်းက ပြန်ဖြေလိုက်သည်။ “ရွေးရမယ်။ သူရှိရင် ကျွန်မ မရှိဘူး။ ကျွန်မရှိရင် သူ မရှိရဘူး။”
“တောင်းပန်ပါတယ်။ မရပါဘူး။” ယွင်ကျုံးဟဲ့က ပြတ်သားစွာ ငြင်းပယ်လိုက်၏။
နင်ချင်း၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး အေးစက်သွားသည်။
“ဘာလို့လဲ။ ကျင်းကျုံးယွဲ့က ကျွန်မထက် ငယ်လို့လား။ ကျွန်မထက် လှလို့လား။ ကျွန်မထက် အာဏာရှိလို့လား။” နင်ချင်းက အေးစက်စက် မေးမြန်းလိုက်၏။
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ သူက ကျုပ်ရဲ့ တာဝန် မို့လို့ပါ။”
ဤစကားကို ကြားချိန်မှာတော့ နင်ချင်းသည် အမြီးအနင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ ခုန်ထလိုက်၏။
“ရှင် ဘာပြောလိုက်တာလဲ။ ကျင်းကျုံးယွဲ့ကို မစွန့်လွှတ်နိုင်ဘူး ဆိုတဲ့ သဘောလား။”
နင်ချင်းက အော်ဟစ်လိုက်သည်။ “ရှင်က တကယ့် လူယုတ်မာပဲ။ ညစ်ပတ်တဲ့ကောင်။ ကျွန်မရဲ့ ကိုယ်ရော စိတ်ရော လှည့်စားပြီးမှ ရက်ရက်စက်စက် ထွက်သွားမယ်ပေါ့။ ရှင် ဝဋ်လည်လိမ့်မယ်။”
ထို့နောက် နင်ချင်းသည် ခါးသီးစွာ ရယ်မောလိုက်၏။ “ကိစ္စမရှိပါဘူး။ ကိစ္စမရှိပါဘူး။ စောစောက အတူတူ နေချင်တယ်ဆိုတာ လျှောက်ပြောတာပါ။ ရှင့်လို ကောင်မျိုးကို ကျွန်မက ဘယ်လိုလုပ် ကြိုက်မှာလဲ။ ပြည့်တန်ဆာ တစ်ယောက်ကို ဝယ်အိပ်လိုက်တယ်လို့ပဲ သဘောထားလိုက်မယ်။ တန်တောင် တန်သေးတယ်။ ထွက်သွား။ ကျွန်မအခန်းထဲက ထွက်သွား။ ရှင်က အောက်တန်းစားပဲ။”
ယွင်ကျုံးဟဲ့ မတ်တတ်ထရပ်လိုက်သည်။ “ကျုပ် ပြောသားပဲ။ ကျုပ် အလုပ်က လှည့်စားခြင်းပဲလို့။ ဒါပေမဲ့ ခင်ဗျားက လှလွန်းတယ်။ ချစ်ဖို့ကောင်းလွန်းတယ်။ အထီးကျန်လွန်းတယ်။ မာနကြီးလွန်းတယ်။ သနားစရာ ကောင်းလွန်းတယ်။ ဒါကြောင့် တစ်ဝက်ပဲ လှည့်စားလိုက်တာ။ တကယ်ဆို အစီရင်ခံစာ တင်ပြီးမှ တိတ်တဆိတ် ထွက်သွားလို့ ရတယ်။ ဒါပေမဲ့ အဲဒီလို မလုပ်ချင်ဘူး။”
“ထွက်သွား။ ကျွန်မကို သနားစရာ မလိုဘူး။ ထွက်သွား။ ရှင့်လို ညစ်ပတ်တဲ့ကောင် ကျွန်မအခန်းထဲက ထွက်သွား။ ကျွန်မရဲတိုက်ထဲက ထွက်သွား။” ငြင်းပယ်ခံရသော နင်ချင်းသည် ဒေါသတကြီး အော်ဟစ်လိုက်၏။
ယွင်ကျုံးဟဲ့ ထွက်ခွာသွားသည်။ ယခုအချိန်တွင် ရဲတိုက်မှ ထွက်ခွာခြင်းသည် အသက်အန္တရာယ် ရှိကြောင်း သိသော်လည်း ထွက်သွားသည်။
မုဆိုးမ နင်ချင်းသည် လိုက်လာပြီး တုန်ယင်စွာ ပြောဆိုလိုက်၏။ “လူယုတ်မာ... ရပ်လိုက်စမ်း။ ဒီတံခါးက ထွက်သွားရင် နောက်တစ်ခါ ပြန်မလာနဲ့တော့။”
ယွင်ကျုံးဟဲ့ ဆက်လက် ထွက်ခွာသွားသည်။
နင်ချင်းသည် အသံကို နှိမ့်ချပြီး နာကျင်စွာ အော်ဟစ်လိုက်၏။ “ရှင် လိုချင်တာ ရမယ် မထင်နဲ့။ အစီရင်ခံစာကို ကျွန်မ မပြင်ဘူး။ လေခွင်းမြို့ကို ပိုဆိုးအောင် ရေးမယ်။ မဟာမိတ်အဖွဲ့ကို ပိတ်ဆို့ခိုင်းမယ်။ နင့်တာဝန် ကျရှုံးစေရမယ်။ ကျင်းကျုံးယွဲ့က ရှင့်ကို သတ်ပစ်အောင် လုပ်မယ်။ ရှင်နဲ့ ကျင်းကျုံးယွဲ့ အတူတူ သေရမယ်။”
“ကြိုက်သလို လုပ်ပါ။” ယွင်ကျုံးဟဲ့သည် ခြေလှမ်းမရပ်တန့်ဘဲ ထွက်ခွာသွားသည်။ မည်သို့မှ တောင်းပန်ခြင်း မပြုပေ။
မုဆိုးမ နင်ချင်းသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။ “ရှင်က ယုတ်မာတဲ့ကောင်။ ကျွန်မ ရှင့်ကို မုန်းတယ်။”
.................
သန်းခေါင်ယံ အချိန်...
နှင်ထုတ်ခံရပြီးနောက် မိန်းမအသွင် ဝတ်ဆင်ထားသော်လည်း ယွင်ကျုံးဟဲ့ ရဲတိုက်မှ ထွက်လာသည်နှင့် လူများ၏ နောက်ယောင်ခံလိုက်ခြင်းကို ခံရသည်။
ယခုအချိန်တွင် နင်ချင်း၏ အခန်းမှ ထွက်လာသူ မည်သူ့ကိုမဆို စောင့်ကြည့်နေကြခြင်း ဖြစ်၏။
တစ်ယောက်။
နှစ်ယောက်။
သုံးယောက်။
လေးယောက်။
ငါးယောက်...
ဤလူများသည် ရှီးယွီမြို့နှင့် ချိုရွှေမြို့မှ လူများ ဖြစ်ကြသည်မှာ သေချာလှသည်။
ရဲတိုက်နှင့် ဝေးကွာလာချိန်မှာတော့ ဓားများကို ထုတ်ယူလိုက်ကြ၏။
“တောင်ပိုင်းကျိုးအင်ပါယာက သခင်မလေး ရှုယွဲ့ယဲ့ ဟုတ်လား။ စောစောက အဘွားကြီးတွေ စစ်ဆေးတာ သေချာရဲ့လား။ ကျုပ်တို့ ညီအစ်ကိုတွေက ထပ်ပြီး သေချာအောင် စစ်ဆေးပေးရမလား။”
စစ်သည် ၅ ဦးသည် မြင်းစီး၍ ယွင်ကျုံးဟဲ့ကို ဝိုင်းရံလိုက်ကြသည်။
“မရှက်ပါနဲ့ သခင်မလေး... ယောက်ျားလား မိန်းမလား ဆိုတာ ကြည့်ရအောင်လေ။ ယောက်ျား ဖြစ်နေရင်တောင် ဒီလောက် လှနေမှတော့ ကိစ္စမရှိပါဘူး။”
ခေါင်းဆောင်ဖြစ်သူက ရက်စက်စွာ ရယ်မောလိုက်ပြီး လက်ကို ဆန့်တန်းကာ ယွင်ကျုံးဟဲ့ဆီသို့ ပြေးဝင်လာ၏။
ယွင်ကျုံးဟဲ့သည် လက်ထဲတွင် အဆိပ်အပ်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ထိုစဉ် အနက်ရောင် အရိပ်များ ပြေးဝင်လာကြ၏။
“သခင်မလေး... ပြေးတော့။” အရိပ်တစ်ခုက အော်ဟစ်လိုက်ပြီး ရန်သူ့မြင်းနှင့် ဝင်တိုက်လိုက်သည်။
ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ အရိပ်များ ထွက်ပေါ်လာပြီး ယွင်ကျုံးဟဲ့ကို ကာကွယ်ပေးကြ၏။
ဤသူများသည် လေခွင်းမြို့၏ သူလျှိုများ ဖြစ်ကြသော သွေးနက်ဂိုဏ်းမှ အမျိုးသမီး စစ်သည်များ ဖြစ်ကြ၏။
ခဏအကြာတွင် မြင်းတစ်စီး ဒုန်းစိုင်း ရောက်ရှိလာသည်။
ယွင်ကျုံးဟဲ့ကို အမျိုးသမီး စစ်သည်တစ်ဦးက မြင်းပေါ်သို့ ဆွဲတင်လိုက်ပြီး တောဝက်နယ်မြေဘက်သို့ မောင်းနှင်သွားတော့၏။
“ဟား ဟား... လေခွင်းမြို့က လူတွေပဲ။ သက်သေ မိပြီဟေ့။” ရန်သူများက ရယ်မောလိုက်ကြသည်။
ထို့နောက် လူအများအပြား ထွက်ပေါ်လာကြသည်။ စက္ကန့်ပိုင်းအတွင်း လေခွင်းမြို့ သူလျှိုများ အားလုံး အသတ်ခံလိုက်ရ၏။
ရန်သူ စစ်သည်များက ယွင်ကျုံးဟဲ့တို့နောက်သို့ လိုက်ပါလာကြသည်။ “သခင်မလေး ရှုယွဲ့ယဲ့... မပြေးပါနဲ့အုံး။”
“ပြေးမယ် ဆိုရင်တောင် အထီးလား အမလား ကြည့်ရအောင်လေ။”
“စိတ်ချပါ။ ညီအစ်ကိုတွေက သေမထူး နေမထူး ဖြစ်အောင် ပြုစုပေးပါ့မယ်။”
ရန်သူ စစ်သည် ဆယ်ဂဏန်းခန့်က ယွင်ကျုံးဟဲ့တို့ကို ဝိုင်းရံလိုက်ကြ၏။ အခြေအနေမှာ မျှော်လင့်ချက် မရှိတော့ချေ။
“တောင်းပန်ပါတယ် သခင်မလေး... ကာကွယ်မပေးနိုင်တော့ဘူး။ သခင်မလေး နာမည်တောင် မသိရသေးဘူး။” ယွင်ကျုံးဟဲ့ကို ကယ်တင်လာသော စစ်သည်မလေးက ပြောဆိုလိုက်သည်။
“အပြစ်မတင်ပါဘူး။ ကျွန်မ အမှားပါ။ စိတ်လှုပ်ရှားပြီး သတိလက်လွတ် ဖြစ်သွားတာပါ။” ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။
စစ်သည်မလေးသည် ဓားကို ဆွဲထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။ “သေရမှာ မကြောက်ဘူး။ တိုက်မယ်။”
သူမသည် မြင်းကို ဒုန်းစိုင်းမောင်းနှင်ပြီး ဖောက်ထွက်ရန် ကြိုးစားလိုက်သည်။ ဤသည်မှာ သေလမ်းရှာခြင်းပင် ဖြစ်၏။
ရန်သူများက လေးများဖြင့် ချိန်ရွယ်ထားကြပြီ ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် ဖြူကောင်ကဲ့သို့ မြားများ စိုက်ဝင်သွားပေတော့မည်။
သို့သော်ငြား ထိုအချိန်တွင် မွှေးပျံ့သော ရနံ့တစ်ခု လေနှင့်အတူ ပါလာပြီး အရိပ်တစ်ခု လျှပ်စီးကဲ့သို့ ရောက်ရှိလာ၏။
“ရွှီ... ရွှီ... ရွှီ...”
ကြောက်မက်ဖွယ်ရာ မြားများ ပျံဝဲလာပြီး ရန်သူများကို တရစပ် ပစ်ခတ်လိုက်သည်။ မျက်လုံးပါသကဲ့သို့ တိကျလှသည်။
ထို့နောက် အလွန် လှပသော အရိပ်တစ်ခုသည် မြင်းဖြူတစ်စီးကို စီးနင်းလျက် ပြေးဝင်လာ၏။
သူမ တစ်ဦးတည်းဖြင့် ရန်သူ ဆယ်ဂဏန်းကို ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။ ကျားမကြီး တစ်ကောင်က ခွေးအများကို ဝင်ရောက်တိုက်ခိုက်လိုက်သကဲ့သို့ပင်။
သူမ၏ ဓားချက်များက လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။
ရွှပ်... ရွှပ်... ရွှပ်...
သုံးမိနစ်ခန့် အကြာတွင် ရန်သူ စစ်သည်များအားလုံး သေဆုံးကုန်ကြ၏။
ထိုလှပသော အရိပ်သည် မြင်းပေါ်မှ မဆင်းဘဲ ယွင်ကျုံးဟဲ့ အနားသို့ ရောက်ရှိလာသည်။
မျက်နှာဖုံးကို ဖွင့်လိုက်ချိန်မှာတော့ အလွန် လှပသော မျက်နှာလေး ပေါ်ထွက်လာသည်။ နှလုံးခုန် ရပ်တန့်သွားစေနိုင်လောက်အောင် လှပလှ၏။
ကောင်းကင်ပေါ်က လမင်းကြီးကဲ့သို့ပင်။ လရောင်ကိုပင် မှေးမှိန်သွားစေနိုင်သော အလှတရား ဖြစ်လို့နေသည်။
ဤအချိန်တွင် ကျင်းကျုံးယွဲ့သည် ပြိုင်ဘက်ကင်းသော ဆွဲဆောင်မှု ရှိနေသည်။ လူကို မိန်းမောသွားစေနိုင်၏။
ထိုစဉ် မြင်းခွာသံများ ဆူညံစွာ ထွက်ပေါ်လာပြီး နောက်လိုက် စစ်သည်များ ရောက်ရှိလာကြသည်။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို မျက်နှာချင်းဆိုင် ကြည့်ရှုလိုက်သည်။ ယွင်ကျုံးဟဲ့သည် မိန်းမအသွင်ဖြင့် ရှိနေဆဲ ဖြစ်၏။
သူမ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်အောင် ဖြစ်သွားသည်။
“ကျွန်မ... ကျွန်မ...” သူမ စကားမဆက်နိုင်တော့ချေ။
ထို့နောက် ယွင်ကျုံးဟဲ့၏ လည်ပင်းကို ဆွဲကိုင်ကာ သူမ၏ မြင်းပေါ်သို့ တင်လိုက်သည်။ ဝတ်ရုံဖြင့် ယွင်ကျုံးဟဲ့ကို လွှမ်းခြုံပေးလိုက်ပြီး တောင်ပေါ်သို့ မောင်းနှင်ထွက်ခွာသွားလေတော့သည်။
နောက်လိုက် စစ်သည်များက နှစ်ဖွဲ့ခွဲလိုက်ကြသည်။ တစ်ဖွဲ့က အလောင်းများကို ရှင်းလင်းရန် ကျန်ရစ်ခဲ့ပြီး၊ ကျန်တစ်ဖွဲ့က ကျင်းကျုံးယွဲ့နောက်သို့ လိုက်ပါသွားကြ၏။
ဤတစ်ကြိမ်တွင် တဲသို့ ပြန်မသွားဘဲ ရဲတိုက်ငယ်လေး တစ်ခုသို့ ရောက်ရှိသွားကြသည်။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိ၏။ ယွင်ကျုံးဟဲ့လည်း သူမကို ပြန်လည် စိုက်ကြည့်နေမိ၏။
လမင်းကြီးက ပိုလှပသည်။ ကျင်းကျုံးယွဲ့သည် မုဆိုးမ နင်ချင်းထက် ပိုမို လှပသည်။ မည်သူနှင့် ယှဉ်ယှဉ် သူမက ပိုလှပသည်။
အထူးသဖြင့် စောစောက ရန်သူများကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့စဉ်က ပုံရိပ်မှာ အလွန် လှပလွန်းလှ၏။
“အခု ရှင့်ကို ဘယ်နာမည်နဲ့ ခေါ်ရမလဲ မေးလို့ ရမလား။ ရှင့်လောက် လှတဲ့ မိန်းမမျိုး ကျွန်မ ဒုတိယအကြိမ် တွေ့ဖူးတာပဲ။” ကျင်းကျုံးယွဲ့က ပြောဆိုလိုက်သည်။
“ပထမ တစ်ယောက်က ဘယ်သူလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
“ကျွန်မပေါ့။” ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။
ယွင်ကျုံးဟဲ့က နံပါတ် (၂၇) အသံဖြင့် ပြောလိုက်၏။ “ကျွန်မကို ရှုယွဲ့ယဲ့လို့ ခေါ်ပါ။”
ကျင်းကျုံးယွဲ့က မယုံကြည်နိုင်သလို မေးလိုက်သည်။ “လျှောက်ပေးထားတဲ့ နာမည်လား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မဟုတ်ပါဘူး။ ကျွန်မက အားနည်းတယ်။ ရှင်က လမင်းကြီး။ ညရဲ့ သံယောဇဉ်။ ဒါကြောင့် ရှုယွဲ့ယဲ့ လို့ ပေးလိုက်တာ။”
ကျင်းကျုံးယွဲ့ ကြောင်အသွားသည်။ “ကျွန်မ ပြောပြရအုံးမယ်။ တောင်ပိုင်းကျိုးအင်ပါယာမှာ ရှုယွဲ့ယဲ့ ဆိုတဲ့ မိန်းမတစ်ယောက် တကယ် ရှိတယ်။ အရမ်း နာမည်ကြီးတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လှလို့လား။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ အရမ်း လှတယ်။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “အထက်တန်းလွှာ မို့လို့လား။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ နာမည်ကြီးတာ အဲဒါကြောင့် မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့ အံ့ဩသွား၏။ “ဘာကြောင့်လဲ။”
ကျင်းကျုံးယွဲ့က ရှင်းပြလိုက်သည်။ “သူက စေ့စပ်ထားတဲ့ ခင်ပွန်းလောင်း ၃ ယောက်ကို ရိုက်သတ်ခဲ့တယ်။ ခင်ပွန်းလောင်း တစ်ယောက်ရဲ့ တစ်မိသားစုလုံးကိုလည်း သတ်ပစ်ခဲ့တယ်။”
***