‘ဟမ်... အဲလောက်တောင် ကြမ်းတာလား။’
ယွင်ကျုံးဟဲ့က သူ၏ မူလလေသံ ပြန်ပြောင်းက မေးလိုက်၏။ “နာမည်ထဲမှာ ယွဲ့ပါတဲ့ မိန်းမတွေက ဒီလောက် ကြမ်းကြုတ်ကြတာလား။ ကျုပ်ရဲ့ လမင်းကြီး။”
ကျင်းကျုံးယွဲ့က ပြုံးကာ ပြောလိုက်သည်။ “ရှင် နောက်ဆုံး ပြောလိုက်တဲ့ စကား ၄ လုံးကြောင့် ကျွန်မ ရှင့်ကို ရိုက်သတ်သင့်ပေမဲ့ အခု ရှင် ဝမ်းနည်းပူဆွေးနေတာကို ထောက်ထားပြီး ခွင့်လွှတ်လိုက်မယ်။”
ယွင်ကျုံးဟဲ့က အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ကျုပ် ဝမ်းနည်းနေတာ သိသာနေလား။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “သေလောက်အောင်တော့ မဟုတ်ပါဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျားက ထင်သလောက် သွေးအေးတဲ့လူ မဟုတ်ပါဘူး။ သူများကို နာကျင်စေတဲ့ အချိန်မှာ ကိုယ်တိုင်လည်း နာကျင်ရတာပါပဲ။ ခင်ဗျားအတွက် ကျုပ် နင်ချင်းကို စွန့်လွှတ်ခဲ့တယ်။ နင်ချင်းက ကျုပ်နဲ့ နာရီဝက်လောက် ချစ်ခွင့်ရလိုက်ပြီး ဝမ်းနည်းပူဆွေး ကျန်ရစ်ခဲ့ရတယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ရှင် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ ပို့ခဲ့တာပဲ။ နင်ချင်းအခန်းထဲက ထွက်လာရင် သေနိုင်တယ်ဆိုတာ သိရက်နဲ့ ထွက်လာခဲ့တယ် မဟုတ်လား။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “ကျုပ် နင်ချင်းကို နားလည်သလောက် ဆိုရင် မနက်ဖြန် အစီရင်ခံစာအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ သူ စိတ်ငြိမ်သွားရင် ဘာလုပ်ရမလဲ ဆိုတာ သိပါလိမ့်မယ်။ အထူးသဖြင့် ကျုပ် အသက်အန္တရာယ် ကြုံနေရတာ သိသွားရင် ပိုသေချာသွားမှာပါ။ ဒါကြောင့် ဒီတာဝန် အောင်မြင်ပြီလို့ ပြောလို့ ရပါတယ်။”
“မနက်ဖြန်ကျမှ သိရမှာပေါ့။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “မနက်ဖြန် ညနေကျရင် ကျွန်မရယ်၊ ချိုရွှေမြို့စားရယ်၊ ရှီးယွီမြို့ သံတမန်ရယ်၊ ထန်ထိုင်မျိုးနွယ်စု သံတမန်ရယ်၊ မဟာမိတ်အဖွဲ့ အရာရှိတွေရယ် ရဲတိုက်ကို သွားကြမယ်။ အဲဒီကျရင် နင်ချင်းက အစီရင်ခံစာကို တရားဝင် ထုတ်ပြန်လိမ့်မယ်။ အဲဒါက လေခွင်းမြို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမှာပဲ။”
လူကြီးလူကောင်းများ စုံညီသော ပွဲကြီး ဖြစ်သည်။ ပိုင်ရှင်မဲ့ နယ်မြေ၏ အားပြိုင်ပွဲကြီး ဖြစ်၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “အောက်ထျန်း... မနက်ဖြန် ကျွန်မနဲ့အတူ လိုက်ခဲ့။ ဒီဇာတ်လမ်းကို အဆုံးသတ်ပြီး နောက်ဇာတ်လမ်း တစ်ခုကို အစပျိုးကြရအောင်။”
.................
အချိန်ခဏကြာပြီးနောက် ကျင်းကျုံးယွဲ့က မေးမြန်းလိုက်၏။ “ယွင်အောက်ထျန်း... နင်ချင်းရဲ့ အစီရင်ခံစာက ဘယ်လို ဖြစ်လာမယ်လို့ ထင်လဲ။”
ယွင်ကျုံးဟဲ့က ပြန်လည်ဖြေလိုက်သည်။ “မြို့စားမင်း အရင် ခန့်မှန်းကြည့်ပါ။”
ကျင်းကျုံးယွဲ့သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောဆိုလိုက်၏။ “ရှင်က နင်ချင်းကို စွန့်ပစ်ခဲ့လို့ သူ ရှင့်ကို မုန်းနေလိမ့်မယ်။ ချိုရွှေမြို့နဲ့ ရှီးယွီမြို့ကလည်း သူ့ကို လုပ်ကြံခဲ့လို့ သူတို့ကိုလည်း မုန်းနေလိမ့်မယ်။ ဒါကြောင့် သူက စစ်ပွဲတာဝန်ကို ချိုရွှေမြို့အပေါ် ပုံချလိမ့်မယ်။
ဒါပေမဲ့ ကျွန်မကိုတော့ ပိုကြီးလေးတဲ့ အပြစ်တစ်ခု ပေးလိမ့်မယ်။ ဥပမာ ချိုရွှေမြို့က အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်မှု ဆိုပြီးပေါ့။ ပြီးရင်မြို့နှစ်မြို့လုံးကို အရေးယူဖို့ အကြံပြုလိမ့်မယ်။”
ယွင်ကျုံးဟဲ့သည် အချိန်အတော်ကြာ စဉ်းစားပြီးမှ ခေါင်းခါလိုက်သည်။ “ကျုပ်တော့ အဲဒီလို မထင်ဘူး။”
ကျင်းကျုံးယွဲ့က အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ပြောပြစမ်း။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် ထင်တာကတော့။ သူက တာဝန်အားလုံးကို ချိုရွှေမြို့အပေါ် ပုံချလိုက်ပြီး ချိုရွှေမြို့ကို အရေးယူဖို့ အကြံပြုလိမ့်မယ်လို့ ထင်တယ်။”
ကျင်းကျုံးယွဲ့က မယုံကြည်နိုင်သည့် လေသံဖြင့် မေးလိုက်၏။ “ဘာဖြစ်လို့လဲ။ ဒါက ယုတ္တိမရှိဘူး။”
ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “မာနကြီးပြီး လှပတဲ့ အမျိုးသမီးတစ်ယောက် အစွန့်ပစ်ခံရရင် ဘယ်လို တုံ့ပြန်တတ်လဲ သိလား။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “လက်စားချေမှာပေါ့။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ လက်စားချေမယ်။ ဒါပေမဲ့ လက်စားချေတာထက် ပိုပြင်းထန်တဲ့ ဆန္ဒက တစ်ဖက်လူကို နောင်တရစေချင်တာပဲ။”
ကျင်းကျုံးယွဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “ဘယ်လိုမျိုးလဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “ဥပမာ ပြောရရင်... ကျုပ်ရဲ့ ချစ်သူက ကျုပ် အသုံးမကျလို့ ဆိုပြီး တခြားလူနဲ့ လက်ထပ်လိုက်တယ် ဆိုပါစို့။ ကျုပ် အလုပ်ချင်ဆုံးက ကိုယ့်ကိုယ်ကိုယ် ပိုတော်အောင် လုပ်ပြီး သူ့ရှေ့မှာ ပြန်ပေါ်လာဖို့ပဲ။ သူ့ယောကျ်ားထက် အဆတစ်ရာ သာလွန်ကြောင်း ပြချင်တယ်။
တိုက်ဆိုင်စွာနဲ့ပဲ သူ ဒုက္ခရောက်နေချိန်မှာ ကျုပ်က ကယ်တင်ရှင်အဖြစ် ပေါ်လာပြီး သူ့ကံကြမ္မာကို ပြောင်းလဲပေးလိုက်ရင် အဲဒါက အကောင်းဆုံး လက်စားချေမှုပဲ။ သာမန် လက်စားချေတာက အဆင့်နိမ့်တယ်။ မာနကြီးတဲ့သူတွေက အဲဒီလို မလုပ်ဘူး။”
ကျင်းကျုံးယွဲ့က ခေါင်းဆတ်ကာ ပြောလိုက်၏။ “ဆက်ပြော။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သူက ကျုပ်ကို ခင်ဗျားနဲ့ သူ... နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးခိုင်းခဲ့တယ်။ ကျုပ်က ခင်ဗျားကို ရွေးခဲ့တယ်။ ခင်ဗျားရဲ့ လက်ပါးစေ ဖြစ်ရတာကို ပိုလိုလားတယ်လို့ ပြောခဲ့တယ်။ ဒါက သူ့အတွက် အရှက်ရစရာပဲ။ ဒေါသထွက်စရာပဲ။ ဒါကြောင့် သူက ခင်ဗျားထက် သာလွန်ကြောင်း ပြချင်နေလိမ့်မယ်။ တစ်နေ့ကျရင် ကျုပ် နောင်တရပြီး မျက်လုံးကန်းခဲ့မိလေခြင်းလို့ တွေးမိစေချင်လိမ့်မယ်။”
ကျင်းကျုံးယွဲ့က မရေရာသည့် အသံဖြင့် ပြောလိုက်၏။ “ကျွန်မ နည်းနည်း နားလည်သလို ရှိတယ်။”
ယွင်ကျုံးဟဲ့က ထပ်ရှင်းပြလိုက်သည်။ “သူ ခင်ဗျားထက် သာလွန်ကြောင်း ဘယ်လို ပြမလဲ။ လွယ်လွယ်လေးပဲ။ ခင်ဗျားကို ကယ်တင်လိုက်မှာပေါ့။ ခင်ဗျား ဒုက္ခရောက်နေချိန်မှာ သူက မြင့်မြတ်တဲ့ ဟန်ပန်နဲ့ ကယ်တင်လိုက်ရင် သူက ခင်ဗျားထက် သာလွန်ကြောင်း ပြသရာ ရောက်တာပေါ့။”
ကျင်းကျုံးယွဲ့ အံ့ဩသွားသည်။ ယွင်ကျုံးဟဲ့သည် အမှန်တကယ်ပင် လှည့်ဖြားခြင်း အတတ်ပညာ၌ ဆရာတစ်ဆူ ဖြစ်၏။
ကျင်းကျုံးယွဲ့က သိလိုစိတ်ဖြင့် မေးလိုက်၏။ “ရှင်ကော အဲဒီလို လုပ်မှာလား။ ရှင့်ချစ်သူက ရှင့်ကို စွန့်ပစ်ပြီး တခြားလူနဲ့ လက်ထပ်သွားရင်၊ ရှင် ကြီးပွားလာတဲ့အခါ သူတို့လင်မယား ဒုက္ခရောက်နေရင် နတ်ဘုရားတစ်ပါးလို ဆင်းလာပြီး ကယ်တင်မှာလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ကယ်တင်မှာပေါ့။ သူ့ယောကျ်ားကို ကယ်တင်ပြီး သူ့ကို ပြန်ပြီး လေးစားလာအောင် လုပ်မယ်။ ပြီးရင် သူ့ယောကျ်ားကို တစ်စုံတစ်ယောက်နဲ့ ဖောက်ပြန်စေပြီး ဒုက္ခရောက်အောင် လုပ်ပစ်မယ်။ သူ့ကို ငရဲထဲမှာ ထားခဲ့ပြီး နေ့တိုင်း ငိုကြွေးနေစေရမယ်။ ဒါပေမဲ့ ကျုပ်ကတော့ တစ်ချက်ကလေးတောင် လှည့်ကြည့်မှာ မဟုတ်ဘူး။”
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်မိ၏။ “ကျွန်မက အချစ်ရေးမှာ ထုံထိုင်းပေမဲ့ ရှင် တစ်ခုခုကို အရိပ်အမြွက် ပြောနေသလို ခံစားနေမိတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား ထင်တာ မှန်ပါတယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ရှီးယွီမြို့က ဒီအတိုင်း ငြိမ်နေမယ် မထင်ဘူး။ သူတို့ နင်ချင်းကို ခြိမ်းခြောက်ကြလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “သေချာပေါက် ခြိမ်းခြောက်မှာပေါ့။ ဒါပေမဲ့ အခုချိန်မှာ နင်ချင်းကို ခြိမ်းခြောက်လို့ မရတော့ဘူး။ ပိုဆိုးသွားလိမ့်မယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “တကယ်လို့ ရှီးယွီမြို့က မော့မျိုးနွယ်စုက နင်ချင်းရဲ့ သေကွင်းသေကွက်ကို ကိုင်ထားရင်ကော။”
“သေကွင်းသေကွက် ဟုတ်လား။”
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ပြီး စဉ်းစားလိုက်သည်။ “ကိစ္စမရှိပါဘူး။”
မိုးမလင်းမီ နှစ်နာရီအလိုတွင် အရိပ်မဲတစ်ခုက ရဲတိုက်အတွင်းသို့ ဝင်ရောက်လာကာ ပြောလိုက်၏။ “သခင်မနင်ချင်းနဲ့ တွေ့ချင်တယ်။”
လူစိမ်းက ခေါင်းဆောင်းကို ချွတ်လိုက်၏။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ရှီးယွီမြို့၏ စာရေးတော်ကြီး ယန်ရွေ့ရှန် ဖြစ်၏။
“တောင်းပန်ပါတယ်။ သခင်မ အိပ်နေပါပြီ။” အမျိုးသမီး စစ်သည်တစ်ဦးက တားမြစ်လိုက်သည်။
ယန်ရွေ့ရှန်က အေးစက်စွာ ပြောဆိုလိုက်၏။ “သွားလျှောက်တင်လိုက်ပါ။ ကျုပ် သူ့ကို မဖြစ်မနေ တွေ့ရမယ်။ လက်မခံရင် တစ်သက်လုံး နောင်တရသွားလိမ့်မယ်။”
စစ်သည်က ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ သခင်မက မိုးပြိုကျရင်တောင် ဘယ်သူ့ကိုမှ မတွေ့ဘူးလို့ မှာထားပါတယ်။”
ယန်ရွေ့ရှန်က အေးစက်စက် ပြောလိုက်၏။ “သူ့ရဲ့ ပထမဆုံး ခင်ပွန်း သေဆုံးမှုနဲ့ ပတ်သက်တယ်။”
စစ်သည်မလေး ထိတ်လန့်သွားပြီး အမြန် ဝင်ရောက်လျှောက်တင်လိုက်သည်။
ခဏအကြာတွင် ယန်ရွေ့ရှန်သည် စာကြည့်ခန်းအတွင်း၌ နင်ချင်းကို တွေ့ဆုံခွင့် ရရှိလိုက်၏။
နင်ချင်း၏ ပုံစံမှာ ထူးဆန်းနေသည်။ ယခင်ကထက် ပိုမို လှပနေသော်လည်း မျက်လုံးများ နီရဲနေပြီး ငိုထားသည်မှာ ထင်ရှားနေသည်။
အဆိုးရွားဆုံး အခြေအနေ ဖြစ်ပျက်ခဲ့ပြီ ဖြစ်၏။
သူတော်စင်မဟု အမည်ခံထားသော မုဆိုးမသည် အခြား ယောကျ်ားတစ်ဦး၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ မျက်နှာသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် အတူနေခဲ့ကြောင်း သိသာနေသည်။
သို့ပေမည့် ဝမ်းနည်းပူဆွေးနေသော မျက်လုံးများကို ကြည့်ခြင်းအားဖြင့် စွန့်ပစ်ခံလိုက်ရကြောင်း ခန့်မှန်းနိုင်၏။
ဤအရာမှာ လေခွင်းမြို့က ယွင်အောက်ထျန်း လက်ချက်လား။ ထိုသို့ဆိုလျှင် ထိုသူ၏ အစွမ်းမှာ အံ့ဩဖွယ်ရာ ဖြစ်သည်။
“သခင်မနင်ချင်း... မနက်ဖြန် အစီရင်ခံစာ အဆင်သင့် ဖြစ်ပြီလား။” ယန်ရွေ့ရှန်က မေးမြန်းလိုက်၏။
“ဖြစ်ပါပြီ။” နင်ချင်းက အေးစက်စွာ ဖြေကြားလိုက်သည်။
ယန်ရွေ့ရှန်က မေးလိုက်၏။ “အထဲမှာ ဘာပါလဲ သိခွင့်ရှိမလား။”
နင်းချင်းက ငြင်းပယ်လိုက်သည်။ “မရှိပါဘူး။”
ယန်ရွေ့ရှန်က ပြောလိုက်၏။ “ကောင်းပါပြီ။ ဘာပဲဖြစ်ဖြစ် ချိုရွှေမြို့က ခင်ဗျားကို လုပ်ကြံတာ မေ့လိုက်ပါ။ အစီရင်ခံစာထဲမှာ လေခွင်းမြို့ကို အပြစ်ကြီးကြီး ပေးရမယ်။ အထူးသဖြင့် ပြည်သူတွေကို သတ်ဖြတ်တဲ့ အမှုကို ပုံကြီးချဲ့ရေးပါ။ အချုပ်အားဖြင့် လေခွင်းမြို့ကို ပိတ်ဆို့အရေးယူဖို့ အကြံပြုပါ။”
“ကျွန်မ ဘာလုပ်ရမယ် ဆိုတာ ရှင် လာသင်ပေးစရာ မလိုဘူး။” နင်ချင်းက တင်းမာခက်ထန်စွာဖြင့် ပြောလိုက်သည်။
ယန်ရွေ့ရှန်၏ မျက်လုံးများ အေးစက်သွား၏။ “သခင်မနင်ချင်း... ခင်ဗျားရဲ့ ပထမဆုံး ခင်ပွန်း ယွင်ဝမ်လီ သေဆုံးတာ တကယ်ပဲ ရုတ်တရက်လား။ ခင်ဗျား လုပ်ကြံတာ မဟုတ်ဘူးလား။”
ရုတ်တရက် နင်ချင်း၏ မျက်နှာ ပျက်ယွင်းသွားသည်။
ယန်ရွေ့ရှန်သည် စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်၏။ “သေချာ ကြည့်လိုက်ပါ။ ရင်းနှီးနေသလား။ မူးမေ့ဆေးတစ်စက်ကို မှတ်မိသေးလား။ မွှေးပျံ့တဲ့ ရနံ့လေးလေ။ ဒီလျှို့ဝှက်ချက်ကို ဖွင့်ချလိုက်ရင် ခင်ဗျားလို သူတော်စင်မက လင်ယောက်ျားကိုသတ်တဲ့ မိန်းမတစ်ယောက် ဖြစ်သွားမယ်လေ။ ဂုဏ်သိက္ခာ ကျဆင်းသွားမှာ မကြောက်ဘူးလား။ ဒုက္ခရောက်ချင်နေတာလား။”
နင်ချင်း၏ မျက်နှာ ဖြူဖျော့သွားသည်။
“ဒီအထောက်အထား ရှိရက်နဲ့ ဘာလို့ အစောကြီးတည်းက မထုတ်သုံးတာလဲ။” သူမ တုန်ယင်စွာ မေးမြန်းလိုက်၏။
“မျက်နှာမပျက်ချင်လို့လေ။ ဒါပေမဲ့ အခြေအနေတွေ ပြောင်းလဲသွားမယ်လို့ ဘယ်သူ ထင်မှာလဲ။”
ယန်ရွေ့ရှန် မတ်တတ်ထရပ်လိုက်သည်။ “မနက်ဖြန် ဘာလုပ်ရမလဲ ဆိုတာ သိလောက်ပါပြီ။ ဂုဏ်သိက္ခာ မကျချင်ရင် အစီရင်ခံစာထဲမှာ လေခွင်းမြို့ကို အသေသတ်လိုက်ပါ။”
ထို့နောက် သူ ထွက်ခွာသွား၏။
နင်ချင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး လက်ထဲမှ စာရွက်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်လေတော့သည်။
နောက်တစ်နေ့ နံနက်တွင် ယွင်ကျုံးဟဲ့သည် ယွင်အောက်ထျန်းအသွင် (ရုပ်ဆိုးသော သူတောင်းစား) ဖြင့် ကျင်းကျုံးယွဲ့နှင့်အတူ ရဲတိုက်သို့ လိုက်ပါသွား၏။
ကျင်းကျုံးယွဲ့ နောက်ကျမှ ရောက်ရှိလာ၏။ ခန်းမထဲတွင် လူများ စုံလင်နေကြပြီ ဖြစ်သည်။
သူမ ဝင်ရောက်လာသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။
အားလုံး၏ အကြည့်များသည် သူမထံသို့ ရောက်ရှိလာကြ၏။ စွဲလမ်းခြင်း၊ မုန်းတီးခြင်း၊ ချစ်ခင်ခြင်းများ ရောပြွမ်းနေကြသည်။
အမှန်တကယ်ပင် လှပလွန်းလှသည်။ ကျင်းကျုံးယွဲ့သည် ကြည့်လေလှလေ အမျိုးအစား ဖြစ်၏။
နူးညံ့သိမ်မွေ့သော ရုပ်သွင်အောက်တွင် ရက်စက်ကြမ်းကြုတ်သော နှလုံးသားကို ဖုံးကွယ်ထားသည်။ ထို ဆန့်ကျင်ဘက် အခြေအနေက သူမကို ပိုမို ဆွဲဆောင်မှု ရှိစေသည်။
ချိုရွှေမြို့၏ သခင်လေး ချိုယီမင်သည် သူမကို မုန်းတီးသော်လည်း စွဲလမ်းနေမိ၏။
ကျင်းကျုံးယွဲ့သည် အမျိုးသား ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ပိုမို၍ မိန်းမဆန်နေသည်။
ခန်းမထဲရှိ အမျိုးသား အများစုမှာ သူမ၏ ရန်သူများ ဖြစ်သော်လည်း သူမကို စွဲလမ်းနေကြသူများလည်း ဖြစ်ကြ၏။ ရှုပ်ထွေးလှသော အခြေအနေပင်။
ကျင်းကျုံးယွဲ့သည် ဘယ်ဘက်ထိပ်ဆုံးရှိ လူကြီးတစ်ဦးကို ဦးညွှတ်လိုက်သည်။ “ဆရာကျူ့ကို ဂါရဝပြုပါတယ်။”
“ယွဲ့လေး ရောက်လာပြီလား။” လူကြီးက လက်ကာပြလိုက်၏။
ဤလူကြီးမှာ ကျူ့ထျန်းဖန်ဖြစ်ပြီး ‘တာရှီ’စာသင်ကျောင်း၏ ကျောင်းအုပ်ကြီး ဖြစ်သည်။ မြို့စားမင်းများ၏ သားသမီး အားလုံးလိုလို သူ့ထံတွင် ပညာသင်ကြားဖူးကြသည်။
သူသည် မဟာမိတ်အဖွဲ့၏ စစ်ဗျူဟာမှူးလည်း ဖြစ်ပြီး နင်ချင်း၏ အထက်အရာရှိလည်း ဖြစ်သည်။ ပိုင်ရှင်မဲ့ နယ်မြေတွင် လေးစားခံရဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်၏။
ကျင်းကျုံးယွဲ့သည် သူမ၏ နေရာတွင် ဝင်ထိုင်လိုက်သည်။
သူမ ထိုင်လိုက်ပုံက အလွန် ကျက်သရေရှိသောကြောင့် အမျိုးသားများ၏ အသက်ရှူသံများ မြန်ဆန် လာကြ၏။
ယွင်အောက်ထျန်းမှာမူ နောက်လိုက် ဖြစ်သောကြောင့် မတ်တတ်ရပ်နေရသည်။
ထိုအချိန်ကျမှ လူများသည် သူ့ကို သတိထားမိကြသည်။ အချို့က သူ့ကို မသိကြသောကြောင့် ကျင်းကျုံးယွဲ့သည် ဤမျှ ရုပ်ဆိုးသော သူတောင်းစားကို အဘယ်ကြောင့် ခေါ်ဆောင်လာသနည်းဟု အံ့ဩနေကြ၏။
လူစုံသလောက် ရှိနေပြီ ဖြစ်သည်။ ချိုရွှေမြို့ သခင်လေး ချိုယီမင်သည် ကျင်းကျုံးယွဲ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
တစ်ယောက် လိုနေသေးသည်။ ကျောင်းအုပ်ကြီး၏ မျက်နှာချင်းဆိုင် ခုံလွတ်နေ၏။
မည်သူနည်း။ ရှီးယွီမြို့မှလူ ဖြစ်နိုင်၏။ သို့ပေမည့် ကျင်းကျုံးယွဲ့ထက် မြင့်သော နေရာတွင် ထိုင်ခွင့် ရှိနေသည်လား။
***