စားသောက်ပွဲ ပြီးဆုံးသွားသော်လည်း နင်ချန်သည် ယဲ့ယွင်နှင့်အတူ ရှိနေပေးရန် ကျန်ရစ်ခဲ့သဖြင့် အခြားကိုယ်လုပ်တော်များမှာလည်း အလိုက်သိစွာပင် မိမိတို့အဆောင်များသို့ အသီးသီး ပြန်သွားကြတော့သည်။
ယိရွှင်ရုန်သည် အေးအေးဆေးဆေး ပြန်လာခဲ့ရာ သူမ၏ဘေးတွင် လီချိုက်ရန် လိုက်ပါလာသည်။
"အခုဆို အရှင်မင်းကြီးက ယဲ့ရှီအပေါ် ပိုပြီးတော့တောင် အလိုလိုက်လာပြီ၊ ကလေးမွေးတောင် မမွေးသေးဘူး၊ နာမည်တွေတောင် ကြိုစဉ်းစားထားပြီးပြီ၊ ငါ့ရဲ့ ဟန်အာတောင် မကြာသေးခင်ကမှ နာမည်ရတာလေ... ဒီအတိုင်းသာ ဆက်သွားရင် ယဲ့ရှီ ကလေးမွေးပြီးတဲ့အခါ အရှင်မင်းကြီးရဲ့ မျက်စိထဲမှာ ငါ့ကို မြင်တော့မှာတောင် မဟုတ်ဘူး"
ဤသို့ပြောနေစဉ်တွင် ယိရွှင်ရုန်၏ မျက်နှာမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေပြီး မျက်မှောင်ကြုတ်ထားမိသည်။ လီချိုက်
ရန်က ပြုံးလျက်ဆိုလိုက်သည်။
"အရှင်မင်းကြီးက သူ့ကို ဘယ်လောက်ပဲ ချစ်ပါစေ၊ သားမွေးမလား၊ သမီးမွေးမလားဆိုတာ မသိနိုင်သေးပါဘူး၊ ရွှင်ရုန်နဲ့တော့ မတူဘူးလေ၊ ကျွန်မတို့ တတိယမင်းသားလေးက ဉာဏ်လည်းကောင်း၊ ကျန်းမာလည်း ကျန်းမာတယ်၊ လက်တွေ့မြင်နေရတဲ့ မင်းသားတစ်ပါးရှိနေတာက ဗိုက်ထဲမှာရှိနေတဲ့ အရာထက် ပိုပြီး အဖိုးတန်တာပေါ့"
"စကားကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အရှင်မင်းကြီး သူမအပေါ် ကောင်းလွန်းတာက ငါ့ကို စိတ်မအေးဖြစ်စေတယ်"
ယိရွှင်ရုန်က သက်ပြင်းချလိုက်သည်။
ဘေးမှ လီချိုက်ရန်သည် နို့ထိန်း ချီထားသော တတိယမင်းသားလေးကို တစ်ချက်ကြည့်ကာ မျက်ဝန်းများကို မှေးလိုက်သည်။ သူမသည် ခြေလှမ်းအနည်းငယ် အမြန်လှမ်း၍ ယိရွှင်ရုန်၏ အနားသို့ ပိုတိုးကာ အသံကို နှိမ့်လိုက်၏။
"နန်းတွင်းထဲမှာ သူမ ကလေးမွေးတာကို မကြည့်ချင်တဲ့သူက ကျွန်မတို့တင် မဟုတ်လောက်ပါဘူး၊ အဲဒီတော့ ကျွန်မတို့လည်း 'လှေကြုံလိုက်' ရင်တော့..."
"မဖြစ်ဘူး"
ယိရွှင်ရုန်က သူမစကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။
"အရှင်မင်းကြီးက ယဲ့ရှီကို အရမ်းအလေးထားသလို ဗိုက်ထဲက သူတို့ကလေးကိုကောပဲ၊ ယဲ့ရှီကိုယ်တိုင်ကလည်း ထက်မြက်သူတစ်ယောက်ပဲ၊ အကယ်၍ သူမရဲ့ ဒီကိုယ်ဝန်သာ တစ်ခုခုဖြစ်သွားရင် အရှင်မင်းကြီးက သေချာပေါက် အမြစ်ပြတ် စုံစမ်းလိမ့်မယ်၊ ငါသာ အဲဒီထဲမှာ နည်းနည်းလေးပဲ ပါဝင်ပတ်သက်နေတာ သိသွားရင် တတိယမင်းသားလေးပါ ထိခိုက်သွားလိမ့်မယ်"
ယိရွှင်ရုန်သည်ကလေးရလာသည့်အခါ ပို၍ သတိထားလာရပြီး အလွယ်တကူ စွန့်စားခြင်း မပြုဝံ့တော့ပေ။ လီရှီ ပြောသကဲ့သို့ပင် ယဲ့ရှီ ဘေးကင်းစွာ ကလေးမွေးသည်ကို မကြည့်လိုသူများ များစွာရှိရာ သူမအနေဖြင့် ဤပြဿနာထဲသို့ ဝင်ပါရန် မလိုအပ်ပေ။
အခြေအနေကို စောင့်ကြည့်ရုံသာ ရှိတော့သည်။ သားတော်မွေးလာသည့်တိုင်အောင် သေသေချာချာ ပြုစုပျိုးထောင်နိုင်စွမ်း ရှိရဦးမည်၊ ကြီးလာသည့်အခါမှာလည်း ထီးနန်းကို လုယူနိုင်
မည့် အရည်အချင်း ရှိရဦးမည်။ ယိရွှင်ရုန်သည် ယဲ့ယွင် တစ်ဘဝလုံး အချစ်ခံရလိမ့်မည်ဟု မယုံကြည်ပေ၊ တစ်နေ့ကျရင်တော့ ထိုမေတ္တာက အေးစက်သွားမှာပင်။ ထိုအချိန်မှ လက်စွမ်းပြလျှင် ယခုထက် ပို၍ စိတ်ချရသည်။
"မင်းကလည်း... ပုံမှန်အတိုင်းအရှင်မင်းကြီးကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာပဲ စဉ်းစားစမ်းပါ၊ ငါ အရှင်မင်းကြီးရှေ့မှာ မင်းအကြောင်း ခဏခဏ ပြောပေးလို့ အရှင်မင်းကြီး မင်းဆီကို ကြွတယ်၊ ဒါတောင် မင်းက လူကို မြဲအောင် မဆွဲထားနိုင်ဘူးလား"
ယိရွှင်ရုန်က လီရှီကို တစ်ချက်ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။ လီချိုက်ရန်က အားနာစွာဖြင့် -
"ကျွန်တော်မျိုးမ ပိုပြီးတော့ ကြိုးစားပါ့မယ်၊ ရွှင်ရုန်ရဲ့ ကျေးဇူးကို မစွန့်ပစ်ပါဘူး"
"မင်း တကယ်ကို ကြိုးစားရမယ်၊ မင်းနဲ့အတူ နန်းတွင်းဝင်လာတဲ့ ယွီရှီကို ကြည့်ပါဦး၊ မိဖုရားခေါင်ကြီးက တစ်လမှာ အရှင်မင်းကြီးကို ဘယ်နှစ်ခါတွေ့ရလဲ? ဒါတောင် မိဖုရားခေါင်ကြီးက စကားအနည်းငယ် ပြောပေးရုံနဲ့ သူမက မင်းထက်တောင် အိပ်ဆောင်ဝင်ရတာ ပိုများနေပြီ၊ နောက်ပြီး ကျန်းဝမ်ရုန်ဆိုတာ အရင်တုန်းက လူဟောင်းလေ၊ မင်းက သူ့ကိုတောင် မကျော်နိုင်ရင် မခက်ဘူးလား။”
ဤစကားက လီရှီ၏ ရင်ထဲတွင် မချိတင်ကဲ ဖြစ်စေသော်လည်း သူမ ပြန်မပြောပဲ ခေါင်းငြိမ့်၍သာ ခံယူလိုက်တော့သည်။
အမှန်စင်စစ် လီချိုက်ရန် စိတ်ထဲတွင် တွေးနေသည်မှာ - မိဖုရားခေါင်ကြီးက မိဖုရားခေါင်ကြီးပဲ၊ ရှင်ကတော့ ရွှင်ရုန် အဆင့်ပဲရှိတာ၊ အချစ်ခံရလည်း ဘာဖြစ်လဲ၊ နောက်ဆုံးတော့ မိဖုရားခေါင်ကြီးလောက် စကားမကြွယ်ပါဘူး။ အရှင်မင်းကြီးကလည်း မိဖုရားခေါင်ကြီးကိုပဲ မျက်နှာပေးမှာပေါ့။
သို့သော် ဤစကားကို သူမ ထုတ်မပြောပေ၊ သူမသည် ယိရွှင်ရုန်၏ အကူအညီကို ယူနေရဆဲ ဖြစ်သည်။ လီရှီ၏ ဖခင် လီတောက်ချင်းသည် ကျင်းကျောက်ယီဖြစ်ပြီး နင်ချန်၏ လက်အောက်ငယ်သား ဖြစ်သဖြင့် မိသားစုနောက်ခံကတော့ မဆိုးလှပေ။ နန်းတွင်းဝင်လာပြီးနောက် သူမသည် ဧကရာဇ်၏ စိတ်ကို မဖမ်းစားနိုင်မှန်း သိလာသဖြင့် မိဖုရားခေါင်ကြီးထံ ချဉ်းကပ်ရန် ကြိုးစားခဲ့သော်လည်း မိဖုရားခေါင်ကြီးက သဘောထားသေးသိမ်ပြီး သူမကို မြှောက်စားရန် ငြင်းဆန်ခဲ့သည်။
နောက်ပိုင်းတွင် ယိရွှင်ရုန်က ကမ်းလှမ်းလာသဖြင့် သူမတွင် ရွေးချယ်စရာမရှိဘဲ လက်ခံခဲ့ရခြင်း ဖြစ်သည်။ ယခုလောလောဆယ်တွင်မူ ဤအတိုင်းသာ ရှင်သန်နေရဦးမည်၊ တစ်နေ့နေ့တွင် သူမကိုယ်တိုင် ရပ်တည်နိုင်ခဲ့ပါက ယိရွှင်ရုန်၏ လက်အောက်တွင် အမြဲတမ်း နေလိုစိတ်မရှိပေ။
....
ကျောက်ချွန်းနန်းဆောင်
လူအားလုံး ထွက်သွားကြသည်နှင့် ယဲ့ယွင်သည် ပါးလေးကို ပွတ်သပ်လျက် အဝတ်အစားလဲရန် အိပ်ခန်းထဲသို့ ချက်ချင်း ဝင်သွားတော့သည်။ နင်ချန်ကမူ အပြင်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း ခွေးလေးနှင့် ကစားနေသည်။
ခဏအကြာတွင် ယဲ့ယွင် ထွက်လာခဲ့သည်။ သူမသည် အပြာနုရောင် အင်္ကျီနှင့် ဂါဝန်ကို လဲလှယ်ဝတ်ဆင်ထားပြီး ဆံပင်ပေါ်ရှိ တန်ဆာပလာများကိုလည်း အကုန်ဖြုတ်ကာ ငွေသားဆံထိုး အနည်းငယ်ကိုသာ ချန်ထားတော့သည်။
"ပင်ပန်းသွားလား?" နင်ချန်က နူးညံ့စွာ မေးရင်း သူမအား လာရန် အချက်ပြလိုက်သည်။
ယဲ့ယွင်က အနားသို့ လျှောက်လာပြီး သူမ၏လက်ကို နင်ချန်၏ လက်ဖဝါးပေါ် တင်လိုက်ရာ သူက သူမအား အသာအယာတွဲ၍ ခုတင်ငယ်ပေါ်တွင် ထိုင်စေသည်။
"တစ်မနက်လုံး ပြုံးနေရတာ မျက်နှာတောင် တောင့်နေပြီ၊ နှစ်သစ်ကူးတုန်းကထက်တောင် ပိုပင်ပန်းသေးတယ်"
"စိတ်ထဲမပါတဲ့ဂုဏ်ပြုစကားတွေကိုနားထောင်ရတာတကယ်တော့စိတ်ရှုပ်စရာပဲ၊ နောက်ကျရင် မင်း သူတို့ကို မတွေ့ချင်ရင် တံခါးပိတ်ထားလိုက်ရုံပဲလေ"
နင်ချန်က ပြောရင်း စားပွဲပေါ်မှ ရေခွက်ကို ကမ်းပေးလိုက်သည်။
"အပူချိန်က အနေတော်ပဲ၊ လည်ချောင်းလေး စိုသွားအောင် သောက်လိုက်ဦး"
ယဲ့ယွင်က ပြုံးလျက် ရေကို တစ်ဝက်ခန့် သောက်လိုက်သည်။ ထို့နောက်သူမက မျက်ခုံးလေးပင့်ကာ ခပ်နွှဲ့နွှဲ့ဆိုလိုက်သည်။
"ဧည့်သည်မတွေ့ဘဲ တံခါးပိတ်ထားတာကို အရှင်မင်းကြီးက ခွင့်ပြုတာနော်၊ အကယ်၍ နောက်ကျရင် တစ်ယောက်ယောက်က ချန်းချဲ့ကို မောက်မာတယ်လို့ ပြောလာရင် အရှင်မင်းကြီးက ချန်းချဲ့ဘက်က မရပ်တည်ပေးရမယ်နော်။”
" ကျန်း က ခွင့်မပြုရင်တောင် မင်းကတော့ တံခါးပိတ်ထားမှာပဲ မဟုတ်ဘူးလား၊ မင်းရဲ့ စရိုက်က သူများ လာနှောင့်ယှက်တာကို အေးအေးဆေးဆေး ခံနေမယ့်သူမှ မဟုတ်တာ"
နင်ချန်က ရယ်မောလျက် ဆိုသည်။ သူမက ပါးနပ်လွန်းသဖြင့် သူ့ပါးစပ်ကနေ ကတိစကားထွက်အောင် လုပ်နေခြင်းမှန်း သူ ကောင်းကောင်းသိသည်။ ယဲ့ယွင်သည့်ထိုကဲ့သို့လူမျိုးပင်။ နေရာတိုင်းတွင်အကွက်စေ့လွန်းသဖြင့် မည်သူ့ကိုမျှ အပြစ်ပြောစရာ အပေါက် မချန်ထားပေ။
ယဲ့ယွင်က နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ဖဝါးကို လက်သည်းဖြင့် အသာဆိတ်လိုက်သည်။
"ချန်းချဲ့ရဲ့ စိတ်က ချန်းချဲ့ဟာပဲလေ၊ အရှင်မင်းကြီး ပြောတာကိုပဲ ကြားချင်လို့ပါ"
" ကျန်း ကို အလုပ်ခိုင်းချင်ရင်တော့ ချင်းချင်းကအလဲအလှယ်တစ်ခုခု ပေးရမှာပေါ့"
နင်ချန်က စနောက်လိုစိတ် ပေါက်လာပြီး သူမအား မြှူဆွယ်သော ပုံစံမျိုး ဖမ်းလိုက်သည်။ သူသည် သူမ၏ နူးညံ့သော လက်ကလေးကို ဆွဲယူကာ နှုတ်ခမ်းနားသို့ ယူဆောင်၍ အသာအယာ ကိုက်လိုက်သည်။ ယဲ့ယွင်က စနောက်နေသော သူ့လက်ကို ချက်ချင်းပင် ရိုက်ချလိုက်တော့သည်။
"ချန်းချဲ့က အရှင်မင်းကြီးအတွက် မင်းသမီးလေး မွေးပေးတော့မှာလေ၊ ဒါက မလုံလောက်သေးဘူးလား?"
နင်ချန်က ရယ်မောလျက် လက်ကို လွှတ်ပေးလိုက်သည်။ သူက ခေါင်းကို အနည်းငယ်မော့ကာ မျက်ဝန်းများကို မှေးလျက် ယဲ့ယွင်၏ ဗိုက်ကို အကဲခတ်လိုက်ပြီးမှ အနားသို့ ပိုတိုးကပ်လာသည်။
နင်ချန်က အသံကို နှိမ့်ကာ
“ဒါပေမဲ့ ကျန်း ကတော့... ချင်းချင်းက သားတော်လေး မွေးမယ်လို့ပဲ ခံစားနေရတယ်"
"အရှင်မင်းကြီးက မင်းသမီးလေးရဲ့ နာမည်တောင် စဉ်းစားထားပြီးသားကို အခုကျတော့ သားလေးပဲ ဖြစ်ချင်နေတာလား?"
ယဲ့ယွင်က သူ့ကို မျက်စောင်းထိုးလိုက်ပြီးသူမ၏ ပုံစံမှာ အနည်းငယ် စိတ်ပျက်ဟန် ပြနေသည်။
သူမ၏ ဤကဲ့သို့ ရဲရဲတောက်သော ပုံစံလေးကို နင်ချန်က အလွန်နှစ်သက်သဖြင့် ဆက်
မစတော့ပေ။ နင်ချန်ကသက်ပြင်းတစ်ချက် ချလိုက်ပြီးပြောလိုက်သည်။
"မင်းသားဖြစ်ဖြစ်၊ မင်းသမီးဖြစ်ဖြစ်... ကျန်း နာမည်တွေ အကုန်စဉ်းစားထားပြီးသားပါ၊ အကယ်၍ သားတော်ဆိုရင် ယွီကျင်း လို့ ပေးမယ်၊ 'ကျင်း' ဆိုတာက လင်းလက်တောက်ပတာ၊ ရိုးသားဖြောင့်မတ်
တယ်လို့အဓိပ္ပာယ်ရတယ်၊ သူ့ကိုမင်းလိုပဲ ရိုးသားပွင့်လင်းတဲ့သူ ဖြစ်လာပါစေလို့ ကျန်း မျှော်လင့်တယ်"
နင်ချန်၏ မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများကို ကြည့်ပြီး ယဲ့ယွင်လည်း နူးညံ့စွာ ပြုံးလိုက်မိသည်။ သူမသည် ကိုယ်ကို ရှေ့တိုးလိုက်ကာ သူ့မေးစေ့ပေါ်သို့ အနမ်းတစ်ပွင့် ပေးလိုက်သည်။
"အရှင်မင်းကြီးရဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ ချန်းချဲ့ ဆုတောင်းပေးပါတယ်"
ယဲ့ယွင်သည် ဗိုက်ပေါ်တွင် လက်တစ်ဖက် တင်လိုက်ရင်း စိတ်ထဲတွင် အတန်ငယ် ရှုပ်ထွေးသွားသည်။ သူမကိုယ်တိုင် သိသည်မှာ သူမသည် နင်ချန် ထင်သလောက် ကောင်းမွန်သောသူ မဟုတ်ပေ။ သူမသည် အစကတည်းက ရဲရဲတောက်ပြီး ပြတ်သားသော လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ပွင့်လင်းရိုးသားမှု ရှိသည်မှာ အမှန်ဖြစ်သော်လည်း အရာအားလုံးတော့ မဟုတ်ပေ။ သူမကိုယ်တိုင် ကတိပေးနိုင်သည်မှာ မိမိကို မစော်ကားလျှင် သူတစ်ပါးကို အရင်မထိခိုက်ဘဲ တတ်နိုင်သမျှ သန့်ရှင်းစွာ ရှင်သန်ရန်သာ ဖြစ်သည်။ သို့သော် နင်ချန်၏ အမြင်တွင်မူ နန်းတွင်းရှိ တူညီသော ပုံစံခွက်ထဲကကိုယ်လုပ်တော်များနှင့် ယှဉ်လျှင် ယဲ့ယွင်သည် အလွန်အမင်း ကောင်းမွန်သူမဟုတ်သော်လည်း ပို၍ 'စစ်မှန်' သူ ဖြစ်သည်။
ထိုစစ်မှန်မှုကြောင့်ပင် နင်ချန်သည် ဟန်ဆောင်သူများကို မြင်တွေ့ရလေလေ ယဲ့ယွင်၏ ထူးခြားမှုကို ပို၍ တန်ဖိုးထားလေလေ ဖြစ်သည်။ ၎င်းကြောင့်ပင် လူသစ်များ ဝင်လာသော်လည်း သူသည် ယဲ့ယွင်ဆီသို့သာ ပို၍ လာချင်နေခြင်း ဖြစ်သည်။
နွေဦးရာသီရောက်လာသဖြင့် ယဲ့ယွင်မှာ ပို၍ အိပ်ချင်နေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မတ်လသို့ ရောက်ရှိလာခဲ့သည်။
ရာသီဥတု သာယာလာသဖြင့် ပန်းပင်များ စိုက်ပျိုးရန် အကောင်းဆုံးအချိန် ဖြစ်သည်။ နေသာသော နေ့တစ်နေ့တွင် နန်းတွင်းရေးရာဌာနမှ လူများက ပန်းပင်ပျိုးပင်များနှင့် ပွင့်နေသော ပန်းများကို လှည်းနှစ်စီးဖြင့် တိုက်ယူလာကြသည်။
"ရှိုးယွမ်မယ်မယ်ကို နှောင့်ယှက်မိပါပြီ၊ ကျွန်တော်မျိုးတို့ ဒီနေ့ ဒါတွေကို အကုန်စိုက်ပေးပါ့မယ်၊ ရှေ့လာမယ့် လေးရာသီပတ်လုံး ရှိုးယွမ်ရဲ့ ဝင်းထဲမှာ ပန်းတွေ အမြဲပွင့်နေစေရမယ်၊ ပန်းတွေကရှိုးယွမ်လိုပဲ အမြဲတမ်း လန်းဆန်းလှပနေစေမှာပါ"
အကြီးအကဲကုန်းကုန်းက အပြောကောင်းစွာ လျှောက်တင်လေသည်။
***