မျက်နှာသာပေးခံရမှု များလာသည်နှင့်အမျှ ဖားယားလိုသော အခြေအနေမျိုးစုံနှင့် ကြုံတွေ့ရမြဲဖြစ်ရာ ယဲ့ယွင်သည်လည်း ထိုအရာများကို ပြုံးရွှင်စွာဖြင့်သာ လက်ခံခဲ့သည်။
သူမသည် ဟွေယွဲ့နှင့် နန်ကျစ်တို့ကို ညွှန်ကြားကာ လာရောက်သောအစေခံများအားလုံးကို ဆုလာဘ်ငွေများ ဝေငှပေးလိုက်သည်။ လူချစ်လူခင်ပေါများခြင်းဆိုသည်မှာ သူတစ်ပါး မြှောက်ပင့်ပေးရုံနှင့် မရဘဲ မိမိကိုယ်တိုင်လည်း စေ့စပ်စွာ စီမံခန့်ခွဲရသလို၊ အထက်အောက် လက်ဆောင်ပေးကမ်းခြင်းကိစ္စတွင်လည်း ငွေကို လုံးဝ တွန့်တို၍ မရပေ။
ဤနှစ်များအတွင်း ယဲ့ယွင်သည် ဆုလာဘ်ပေးခြင်းကိစ္စတွင် တစ်ခါမျှ ကပ်စေးနှဲခြင်းမရှိသလို မိမိအဆောင်ရှိ အစေခံများအပေါ်တွင်လည်း ပို၍ပင် ရက်ရောလှသည်။ ယခုဆိုလျှင် နန်းတွင်းတစ်ခုလုံးတွင် 'မင်ရှိုးယွမ်သည် သခင်ကောင်းတစ်ဦးဖြစ်သည်' ဟု မချီးကျူးသူမရှိသလို၊ သူမအနားတွင် အမှုထမ်းရန် ကြိုးစားနေသူများမှာလည်း မနည်းလှပေ။
သို့သော် ကျောက်ချွန်းနန်းဆောင်သို့ မည်သူမဆို အလွယ်တကူ ဝင်ရောက်နိုင်သည်တော့ မဟုတ်ပေ။ ယဲ့ယွင်သည် လူအများကြီး ဝိုင်းဝန်းခစားနေသည်ကို မနှစ်သက်သဖြင့် ကျောက်ချွန်းနန်းဆောင်ရှိ အစေခံဦးရေမှာ မများလှပေ။ စည်းကမ်းအတိုင်းဆိုလျှင် အစေခံ ငါးဦးခန့် ထပ်မံဖြည့်စွက်ရဦးမည် ဖြစ်သော်လည်းယခု သူမသည် ကိုယ်ဝန်နှင့်ဖြစ်၍ အလွန်သတိထားနေရချိန်ဖြစ်ရာ လူသစ်များကို အနားသို့ လုံးဝ အကပ်ခံခြင်းမရှိတော့ပေ။
အပြင်ဘက်တွင် အစေခံများ ပန်းပင်စိုက်ပျိုးနေသည်ကို ယဲ့ယွင် ခဏတာ ကြည့်ရှုပြီးနောက် ပျင်းရိလာသဖြင့် အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ လျန်မားမားက သူမအား တွဲ၍ ထိုင်စေပြီးနောက် ခြေထောက်ကို စတင်နှိပ်ပေးတော့သည်။ ယခု သူမတွင် ကိုယ်ဝန် ခုနစ်လခန့်ရှိနေပြီဖြစ်ရာ ခြေထောက်များမှာ အနည်းငယ် ဖောယောင်စပြုနေပြီ ဖြစ်သည်။ နေ့တိုင်း ဤသို့ နှိပ်ပေးမှသာ သက်သောင့်သက်သာ ရှိတော့သည်။
လျန်မားမားသည် ဤအလုပ်တွင် အလွန်ကျွမ်းကျင်လှသည်။ သူမ၏ နှိပ်ကွက်မှာ အဆင့်အတန်း မြင့်မားလှ၏။ ဟွေယွဲ့နှင့် နန်ကျစ်တို့ကို သင်ကြားပေးထားသော်လည်း ထိုမိန်းကလေးနှစ်ဦးမှာ လျန်မားမား၏ လက်ရာကို မမီကြသဖြင့် ပုံမှန်အားဖြင့် လျန်မားမားကိုယ်တိုင်သာ နှိပ်ပေးလေ့ရှိသည်။
ဤသို့ဖြင့်ထိုင်နေရင်း ယဲ့ယွင်က စကားစလိုက်သည်။
"မားမား... ကျွန်မ ကလေးမွေးပြီးရင် ခါးတွေ ဘာတွေက အရင်ကထက် အများကြီး ပိုတုတ်သွားမှာလား။”
"ရှိုးယွမ် စိတ်ချပါ၊ သခင်မ ကလေးမွေးပြီးတာနဲ့ ကျွန်တော်မျိုးမက နှိပ်နယ်ပေးပါ့မယ်၊ မီးနေသည်ကာလ တစ်လကျော်သွားရင် အရင်အတိုင်း ပြန်ဖြစ်သွားမှာပါ၊ သခင်မက ကိုယ်ဝန်ဆောင်စဉ်မှာ အစားအသောက်ကို ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့တော့ ကိုယ်လုံးက အများကြီး မဝလာသလို ဗိုက်မှာလည်း အကြောပြတ်ရာတွေ မရှိဘူးလေ၊ အဲဒါကြောင့် ပြန်လည် ပြုပြင်ရတာ လွယ်ကူမှာပါ။”
လျန်မားမားက နှိပ်ပေးရင်း ပြုံးလျက် ရှင်းပြသည်။ ယဲ့ယွင်၏ မျက်ဝန်းများ တောက်ပသွားကာ -
"အဲ့လိုဆန်းကြယ်တဲ့ နှိပ်ကွက်မျိုး ရှိသေးတာလား၊ သူများတွေ ပြောတာတော့ ကလေးမွေးပြီးရင် ခါးတုတ်သွားတတ်တယ် ဆိုလို့ပါ"
"တကယ်တော့ နည်းနည်ဍတော့ တုတ်သွားတတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်မျိုးမရဲ့ ဒီနှိပ်ကွက်နဲ့ တစ်လလောက် နှိပ်ပေးရင် တကယ်ကို ထိရောက်ပါတယ်၊ အဲဒီအချိန်ကျရင် ဟွေယွဲ့တို့ကိုလည်း သင်ပေးထားမယ်၊ နေ့တိုင်း မှန်မှန်နှိပ်ပေးမယ်ဆိုရင် ခြောက်လအတွင်းမှာ မူလအတိုင်း ပြနဖြစ်သွားမှာပါ"
ထို့နောက် သူမက နောက်ထပ်ကိစ္စတစ်ခုကို တင်ပြပြန်သည်။
"ရှိုးယွမ် ကလေးမွေးဖို့ နှစ်လလောက်ပဲ လိုတော့တယ်၊ ဝမ်းဆွဲမားမားတွေကိုတော့ ယုံကြည်စိတ်ချရတဲ့သူတွေပဲ ရွေးရပါမယ်၊ နန်းတွင်းရေးရာဌာနက ပြင်ဆင်ထားတာ ရှိပေမဲ့ ရှိုးယွမ်ရဲ့ မိသားစုဘက်ကနေလည်း စိတ်ချရတဲ့သူတွေကို ရှာထားသင့်ပါတယ်"
ရှေးယခင်ကတည်းက အမျိုးသမီးများ ကလေးမွေးဖွားခြင်းမှာ 'သေမင်းနှင့် တစ်ဖက်စီ' ရှိနေသော ကိစ္စပင် ဖြစ်သည်။ အထူးသဖြင့် ဆေးပညာ မတိုးတက်သေးသော ဤခေတ်တွင် မွေးဖွားရခက်ခဲ၍ သေဆုံးကြသူများမှာ မနည်းလှပေ။ ဤအဆင့်တွင် လုံးဝ အမှားခံ၍ မဖြစ်ပေ။
သို့သော် ဤကိစ္စကို လျန်မားမား သတိမပေးခင်ကတည်းက ယဲ့ယွင်သည် မိခင်ဖြစ်သူထံသို့ လူလွှတ်၍ အကြောင်းကြားထားပြီးသား ဖြစ်သည်။ ချူရှီသည်လည်း ဤကိစ္စကို အလွန်အလေးထားသဖြင့် အတွေ့အကြုံရင့် ဝမ်းဆွဲသည် အချို့ကို ရွေးချယ်ပြီး ၎င်းတို့၏ မိသားစုဝင်များအပါအဝင် အိမ်တော်သို့ ခေါ်ယူကာ 'သေခြင်းရှင်ခြင်းစာချုပ်' ချုပ်ဆို၍ ထိန်းသိမ်းထားခဲ့သည်။
ယခုအချိန်အထိ လေ့လာပြီးနောက် အတော်ဆုံး လေးဦးကို အတည်ပြုထားပြီး ကျန်သူများကိုလည်း အပြင်သို့ ပြန်မလွှတ်တော့ဘဲ ယဲ့အိမ်တော်မှာပင် အမှုထမ်းစေခဲ့သည်။ ဤကိစ္စကို လျှို့ဝှက်စွာ လုပ်ဆောင်ထားသဖြင့် မည်သူမျှ မသိရှိကြပေ။
သို့သော် ယနေ့ လျန်မားမားက ပြောလာသဖြင့် ယဲ့ယွင်လည်း သဘောတူဟန်ပြကာ ဟွေယွဲ့အား ဟန်ဆောင်ပန်ဆောင်ဖြင့် အပြင်သို့ တစ်ခေါက် ထွက်ခိုင်းလိုက်သည်။ ၎င်းမှာ လျန်မားမားကို မယုံကြည်ခြင်းကြောင့် မဟုတ်ပေ။ ကလေးမွေးဖွားခြင်းဆိုသည်မှာ မိမိအသက်ကို သူတစ်ပါးလက်ထဲ ပုံအပ်ထားရခြင်းဖြစ်သောကြောင့်နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့သူမှလွဲ၍ သူမ မည်သူ့ကိုမျှ မယုံကြည်ဝံ့သောကြောင့် ဖြစ်သည်။
.....
ထိုအချိန်တွင် ကျိုချန်နန်းဆောင် ၌ မိဖုရားခေါင်ကြီးသည် နင်ချန်နှင့် ဝမ်းဆွဲသည်များ ရွေးချယ်ရေးကိစ္စကို ပြောဆိုနေသည်။
"အရှင်မင်းကြီး... မင်ရှိုးယွမ်နဲ့ ဖန်းကျယ်ယွီတို့ မကြာခင် မွေးကြတော့မှာဆိုတော့ ချန်းချဲ့လည်း ဝမ်းဆွဲသည်တွေကိုနည်းနည်းပါးပါး ရွေးချယ်ထားပါတယ်၊ အရှင်မင်းကြီးလည်း တစ်ချက်လောက် ကြည့်ပေးပါဦးလား။”
"ဒီလိုကိစ္စမျိုးကို မိဖုရားခေါင်ကြီးပဲ ဆုံးဖြတ်လိုက်ပါ၊ နန်းတွင်းရေးရာဌာနက ရွေးထားတဲ့သူတွေဆိုတော့ နောက်ခံကတော့ သန့်ရှင်းမှာပါ၊ အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင်တော့ ဘယ်သူက ရွေးချယ်ခဲ့တာလဲဆိုတာကို ကြည့်ပြီး ကျန်း က အပြစ်ပေးရုံပါပဲ၊ မိဖုရားခေါင်ကြီးအနေနဲ့ ဒီစကားကို အောက်ကလူတွေကို ပြောပြထားလိုက်ပါ၊ တကယ်လို့ မရိုးသားတဲ့သူရှိခဲ့ရင် ကိုယ့်အသက်နဲ့ကိုယ် စမ်းကြည့်ချင်လည်း စမ်းကြည့်နိုင်တယ်လို့"
နင်ချန်သည် အေးဆေးတည်ငြိမ်စွာဖြင့် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။ သို့သော် သူ၏ စကားလုံးများမှာ သိသာလှသော သတိပေးချက်များ ပါဝင်နေသည်။ ဤသတိပေးချက်မှာ အစေခံများအတွက်လား၊ သို့မဟုတ် မိဖုရားခေါင်ကြီးအတွက်လား ဆိုသည်မှာမူ သိနိုင်ရန် ခက်ခဲလှသည်။
"ချန်းချဲ့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်၊ အခု ရွေးထားတဲ့သူတွေထဲမှာ ရှူးဖေးနဲ့ ယိရွှင်ရုန်တို့ မွေးတုန်းက ကူညီပေးခဲ့တဲ့ ဝါရင့်အတွေ့အကြုံရှိသူတွေလည်း ပါဝင်တာမို့ အမှားအယွင်း ရှိမှာမဟုတ်ပါဘူး။”
မိဖုရားခေါင်ကြီးက ပြုံးလျက် ကမ်းပေးထားသော အမည်စာရင်းကို ပြန်သိမ်းလိုက်သည်။
နင်ချန်က ခေါင်းငြိမ့်ကာပြန်ပြောလိုက်သည်။
"မိဖုရားခေါင်ကြီး လုပ်တာကို ကျန်း စိတ်ချပါတယ်။”
"အရမ်းလည်းစိတ်မပူပါနဲ့၊ ချန်းချဲ့နဲ့ အရှင်မင်းကြီးက လင်မယားတွေပဲလေ၊ အဲ့တာကြောင့်အရှင်မင်းကြီးနဲ့ စိတ်ချင်း တစ်
ထပ်တည်းပါပဲ။”
မိဖုရားခေါင်ကြီးက ပြုံးပြီးနောက် ရုတ်တရက် စကားစလိုက်ပြန်သည်။
"ဒါနဲ့... ချန်းချဲ့မှာ အရှင်မင်းကြီးကို ပြောဖို့ မေ့နေတဲ့ ကိစ္စတစ်ခု ရှိသေးတယ်၊ အခုမှ သတိရလာလို့ပါ"
"ဘာကိစ္စလဲ?"
"သိပ်ပြီးတော့ ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ စည်းကမ်းနဲ့ မညီမှာကို စိုးရိမ်မိလို့ပါ"
မိဖုရားခေါင်ကြီး ခေတ္တရပ်ကာ နင်ချန်၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ပြီးမှ ဆက်ပြောသည်။
"အရင်ရက်က ချန်းချဲ့ ဖန်းကျယ်ယွီဆီ သွားလည်တုန်းက သူမ ဝေ့ရွယ်အဆောင်ရဲ့ အရှေ့ဘက်ဆောင်ငယ်လေးမှာ နေနေရတာကို တွေ့ခဲ့ပါတယ်၊ မေးကြည့်တော့မှ ယိရွှင်ရုန်က 'ကျယ်ယွီ' ဘွဲ့နဲ့ အဆောင်မကြီးမှာ နေတာ စည်းကမ်းနဲ့ မညီဘူးလို့ ပြောတာကြောင့် သူ ပြောင်းသွားခဲ့ရတာလို့ သိရပါတယ်၊ ချန်းချဲ့ တွေးမိတာက ဖန်းကျယ်ယွီက ကိုယ်ဝန်နဲ့ဖြစ်ပြီး ကလေးမွေးရင်လည်း ရာထူးတက်မှာပဲလေ... ဒါကြောင့် အဆောင်မကြီးမှာ အရင်နေတာလည်း ဘာမှမဖြစ်ပါဘူးဆိုပြီး ချန်းချဲ့ကပဲ ပြန်ပြောင်းခိုင်းလိုက်ပါတယ်၊ အရှင်မင်းကြီး ချန်းချဲ့ကို အပြစ်မတင်ပါဘူးနော်"
နင်ချန်သည် မိဖုရားခေါင်ကြီးကို တစ်ချက်ကြည့်လိုက်ကာ မျက်ဝန်းများကို မှေးလျက် ဆိုသည်။
"ဒါတွေက ကိစ္စအသေးအဖွဲတွေပါ၊ မိဖုရားခေါင်ကြီးပဲ ဆုံးဖြတ်လိုက်ပါ"
မိဖုရားခေါင်ကြီး စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြုံးရွှင်စွာဖြေလိုက်သည်။
"ဒါဆိုရင်တော့ ချန်းချဲ့ စိတ်အေးရပါပြီ၊ ယိရွှင်ရုန်ကလည်း စည်းကမ်းတွေကို အရမ်းတင်းကြပ်လွန်းပါတယ်၊ ဖန်းကျယ်ယွီကလည်း လိမ္မာလွန်းတော့ အပြောခံလိုက်ရတာပေါ့၊ တကယ်လို့ ချန်းချဲ့သာ သွားမကြည့်မိရင် အဲဒီကျပ်ညပ်နေတဲ့ အဆောင်ငယ်ထဲမှာ ကိုယ်ဝန်ဆောင်တစ်ယောက် ဘယ်လိုနေမလဲနော်။”
"ယိရွှင်ရုန်က ငယ်သေးတော့ အရာရာကို နားမလည်သေးတာပါ၊ မိဖုရားခေါင်ကြီးကပဲ သူ့ကို ပိုပြီး သတိပေး ဆုံးမပေးလိုက်ပါ"
နင်ချန်က ခပ်ပြတ်ပြတ်သာဆိုလိုက်သည်။
၎င်းမှာ ဤကိစ္စကို ဆက်မပြောလိုတော့ကြောင်း သိသာလှသည်။ မိဖုရားခေါင်ကြီးသည်လည်း အခြေအနေကို နားလည်သဖြင့် ဆက်မပြောတော့ဘဲ ခွင့်ပန်လိုက်
တော့သည်။
"ချန်းချဲ့ မှတ်သားထားပါ့မယ်၊ အရှင်မင်းကြီးမှာ အလုပ်တွေ ရှိသေးတာဆိုတော့ ချန်းချဲ့ မနှောင့်ယှက်တော့ပါဘူး၊ အခုပဲ ခွင့်ပြုပါဦး"
နင်ချန်က ခေါင်းငြိမ့်ပြကာခပ်အေးအေးဆိုလိုက်သည်။
"အင်း... ပြန်တော့။”
...
မိဖုရားခေါင်ကြီး ကျိုချန်နန်းဆောင်မှ ထွက်လာချိန်တွင် ယိရွှင်ရုန်၏ အဆောင်မှ အစေခံနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိသည်။ နေ့လည်စာ စားချိန်နီးပြီဖြစ်ရာ အရှင်မင်းကြီးအား လာရောက်ဖိတ်ကြားခြင်းဖြစ်မှန်း သိသာလှသည်။
မှန်းသည့်အတိုင်းပင် ထိုအစေခံမှာ အရှင်မင်းကြီးအား လန်ဟွာနန်းဆောင် သို့ နေ့လည်စာ စားရန် လာရောက်ဖိတ်ကြားခြင်း ဖြစ်၏။ သို့သော် မိဖုရားခေါင်ကြီးက ခုနတင် နင်ချန်၏ ရှေ့တွင် ယိရွှင်ရုန်အား သွယ်ဝိုက်၍ အပြစ်တင်ထားခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် လာရောက်ဖိတ်ကြားခြင်းမှာ အချိန်မကိုက်လှပေ။
ကိုယ်ဝန်ဆောင် အဆင့်နိမ့်ကိုယ်လုပ်တော်တစ်ဦးကို စည်းကမ်းနှင့်အညီ ဆိုသော်ငြားလည်း နှိပ်ကွပ်ခြင်းမှာ မြင်မကောင်းလှပေ။ အလွန် သဘောထားသေးသိမ်ရာ ရောက်လှသည်။ အရင်တုန်းက စူးရှီ ကိုယ်ဝန်ရှိစဉ် ယဲ့ယွင်ကို ရန်စခဲ့ချိန်တွင်ပင် ယဲ့ယွင်သည် စူးရှီ၏ အနီးကပ်အစေခံကိုသာ ပါးရိုက်ခဲ့ပြီး တခြားဘာမှ မလုပ်ခဲ့ပေ။
ယိရွှင်ရုန်၏ လုပ်ရပ်မှာ တမင်တကာ နှိပ်ကွပ်ရန် ရည်ရွယ်ထားမှန်း သိသာလှသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် လန်ဟွာနန်းဆောင်မှ လာခေါ်သောသူမှာ အချည်းနှီးသာ ပြန်သွားခဲ့ရသည်။ ပုံမှန်ဆိုလျှင် အရှင်မင်းကြီးသည် ဤမျှအထိ မျက်နှာမပျက်စေခဲ့ဖူးပေ။
ယိရွှင်ရုန် စိတ်မသက်မသာ ဖြစ်သွားရုံတင်မကဘဲ ထူးဆန်းသည်ဟုလည်း ခံစားရသဖြင့် လူလွှတ်၍ စုံစမ်းခိုင်းလိုက်သည်။ ထိုအခါမှ မိဖုရားခေါင်ကြီးသည် ကျိုချန်နန်းဆောင်မှ ခုလေးတင် ထွက်ခွာသွားကြောင်း သိလိုက်ရတော့သည်။
မည်သို့မျှ တွေးတောနေရန် မလိုတော့ပေ၊ မိဖုရားခေါင်ကြီး တစ်ခုခု လုပ်လိုက်ပြီဆိုသည်မှာ သေချာသည်။
"ဟောင်တဲ့ခွေးက မကိုက်ဘူးဆိုသလိုပဲ... ပုံမှန်ဆိုရင် မိဖုရားခေါင်ကြီးက ဘာမှမလုပ်တတ်သလိုနဲ့၊ အခုတော့ ငါ့ခေါင်းပေါ်ကို လာနင်းနေပြီပဲ"
ယိရွှင်ရုန်က မျက်နှာထား တည်တင်းစွာ ဆိုသည်။
ယွင်ရှို့ ကလည်း ဒေါသထွက်နေမိသည်။ "သူမက ကျောက်ချွန်းနန်းဆောင်နဲ့ ဝေ့ရွယ်အဆောင်က လူနှစ်ယောက်ကို မထိရဲတော့ ကျွန်တော်မျိုးမတို့ ရွှင်ရုန်ကို လာပြီး နှိပ်ကွပ်နေတာပဲ။”
ယိရွှင်ရုန်က အေးစက်စွာ ရယ်မောလိုက်ပြီးမာထန်စွာဆိုလိုက်သည်။
"ငါ့ကို နှိပ်ကွပ်ချင်တယ်ဆိုရင်လည်း သူ့လက်အောက်က လူနှစ်ယောက်က ငါ့ထက် သာအောင် အရင်လုပ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့!"
***