လျောင်နိုင်ငံ၏ ထူးခြားသော လှုပ်ရှားမှုများက နန်ချီနိုင်ငံအပေါ် ကြီးကြီးမားမားမတက်ရောက်နိုင်သော်လည်းအနည်းငယ်တော့ ဖိအားပေးနေဆဲပင်။ နန်ချီ၏ နိုင်ငံတော်ဘဏ္ဍာမှာ ကြွယ်ဝသဖြင့် စစ်တိုက်ရန် မကြောက်သော်လည်း စစ်ပွဲဆိုသည်မှာ တိုင်းပြည်အားထိခိုက်စေပြီးပစ္စည်းဥစ္စာများကိုလည်း ပြုန်းတီးစေသော ကိစ္စပင် ဖြစ်သည်။
ပို၍အရေးကြီးသည်မှာ နင်ချန်သည် စစ်ပွဲနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိခြင်းပင်။ သူ မင်းသားဘဝတုန်းကပင် ခမည်းတော် ဧကရာဇ်ဟောင်းမှာ စစ်တိုက်ရာတွင် ကျွမ်းကျင်သော်လည်း စစ်မြေပြင်သို့ ခေါ်သွားလေ့ရှိသည်မှာ မင်းသားကြီး နင်ကျယ်သာဖြစ်ပြီး သူကဲ့သို့ သားငယ်မှာမူ ထည့်သွင်းစဉ်းစားခြင်း မခံခဲ့ရပေ။ သို့သော် ကံကောင်းသည်မှာ ဧကရာဇ်ဟောင်း၏ ဘုန်းတန်ခိုးက ကျန်ရှိနေဆဲဖြစ်သလို နန်ချီတွင်လည်း စွမ်းရည်ထက်မြက်သော စစ်သည်တော်များစွာ ရှိနေသဖြင့် စစ်ဖြစ်လျှင်ပင် ရှုံးနိမ့်စရာ အကြောင်းမရှိပေ။
ဤကဲ့သို့ တင်းမာသော အခြေအနေများကြားမှပင် ၄လပိုင်းသို့ ရောက်ရှိလာခဲ့သည်။ တတိယမင်းသားလေး၏ တစ်နှစ်ပြည့်မွေးနေ့မှာ ဝမ်းမြောက်စရာ ကိစ္စဖြစ်သဖြင့် တင်းမာမှုများကို အနည်းငယ် ပြေလျော့စေခဲ့သည်။
ယောင်ရှန်း၏ ကိုယ်ဝန်မှာလည်း ရှစ်လပြည့်၍ ကိုးလထဲသို့ ရောက်ရှိနေပြီဖြစ်ရာ အချိန်မရွေး မွေးဖွားနိုင်သော အခြေအနေ ဖြစ်နေသည်။ ယဲ့ယွင်မှာလည်း ထို့အတူပင်ဖြစ်ကာ ယောင်ရှန်းထက် ရက်သတ္တပတ် နှစ်ပတ်ခန့်သာ နောက်ကျသည်။
နင်ချန်သည် ရှေ့နန်းဆောင်မှ အလုပ်များကို လုပ်ကိုင်ရင်း တစ်ဖက်မှလည်း အနောက်နန်းဆောင်ရှိ ကိုယ်လုပ်တော်များကို စိုးရိမ်သဖြင့် ဟိုဘက်ဒီဘက် ပြေးလွှားနေရသည့်အတွက်ပင်ပန်းလွန်းသဖြင့် လူမှာပင် သိသိသာသာ ပိန်ကျသွားတော့သည်။
မယ်တော်ကြီးသည် ကျိုချန်နန်းဆောင်သို့ စွပ်ပြုတ်ပို့ခိုင်းလိုက်ရာမှ သားတော်မှာ အတော်လေး ပိန်သွားသည်ကို သတိထားမိလိုက်သည်။
"ဧကရာဇ်က အရှေ့နန်းဆောင်မှာ ထမင်းစားဖို့တောင် အချိန်မရှိအောင် အလုပ်များနေတာကို... ဒီကိုယ်လုပ်တော်တွေက တကယ်ကို အလိုက်မသိဘူး၊ လူကို အတင်းဆွဲခေါ်နေကြတုန်းပဲ၊ ကိုယ်ဝန်ရှိတာလေး တစ်ခုနဲ့ပဲ ဘယ်သူမှ ကလေးမမွေးဖူးတာကျနေတာပဲ၊ သူတို့ဗိုက်ထဲမှာ ရွှေတုံးကြီး ထည့်ထားသလိုများ မှတ်နေကြလား မသိဘူး!"
ဤစကားမှာ ယဲ့ယွင်ကို ရည်ရွယ်ပြောကြားခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း နင်ချန်သည် နန်းတွင်းသို့ ခြောက်ကြိမ် လာခဲ့သည်။ ညအိပ်ညနေ မနေခဲ့သော်လည်း လေးကြိမ်မှာ ကျောက်ချွန်းနန်းဆောင် သို့ သွားခဲ့ခြင်းဖြစ်ကာ မိဖုရားခေါင်ကြီးနှင့် ဖန်းကျယ်ယွီတို့ဆီသို့ တစ်ကြိမ်စီသာ သွားခဲ့သည်။
"မယ်တော်ကြီး... အရှင်မင်းကြီးလည်း စိုးရိမ်လို့ ဖြစ်မှာပါ၊ အခု နယ်စပ်မှာ လှုပ်ရှားမှုတွေ ရှိနေတော့ မင်ရှိုးယွမ်ရဲ့ အစ်ကို ကျုံးယုံဟိုက လင်ကျိုးမှာ ခံတပ်စောင့်နေရတာ မဟုတ်လား။”
ဖူမားမားက လျှောက်တင်သည်။
သူမ၏ အစ်ကိုမှာ စစ်အာဏာကို ဆုပ်ကိုင်ထားသလို သူမကိုယ်တိုင်လည်း မွေးဖွားခါနီး ဖြစ်နေသည်၊ အစကတည်းပင် အနောက်ဆောင်၌ မျက်နှာသာပေးခံရဆုံးကိုယ်လုပ်တော်ဖြစ်သဖြင့်အရှင်မင်းကြီးအနေဖြင့် ပို၍ ဂရုစိုက်မိသည်မှာ မဆန်းပေ။ သို့သော် ထိုစကားက မယ်တော်ကြီး၏ နားထဲတွင် အခြားကိစ္စများကိုပါ ပြန်လည်တွေးတောမိစေသည်။ မိဖုရားခေါင်ကြီးကို ပြန်တွေးမိပြီး ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။
သူမသည် နှာခေါင်းရှုံ့လိုက်ကာအမိန့်ပေးလိုက်သည်။
"ကျောက်ချွန်းနန်းဆောင်ကို သွားပြီး စကားပါးလိုက်စမ်း၊ ကိုယ်လုပ်တော်တွေမှာ ကိုယ်ဝန်ရှိရင် ဧကရာဇ်ကို ဝတ်ပြုနိုင်မှာ မဟုတ်ဘူး၊ အခုလို နိုင်ငံရေးကိစ္စတွေ များနေချိန်မှာ ပိုပြီးတော့တောင် မောက်မာရိုင်းစိုင်းပြီး ဧကရာဇ်ကို အနှောင့်အယှက် မပေးသင့်ဘူး၊ ဒါမှ ဧကရာဇ်က တိုင်းရေးပြည်ရာတွေကို အာရုံစိုက်နိုင်မှာ"
"မယ်တော်ကြီး... ဒါက..."
"ဘာလဲ... အိုက်ကျား ရဲ့ စကားက အခုဆိုရင် အရာမဝင်တော့ဘူးလား?"
မယ်တော်ကြီးက အေးစက်သော မျက်လုံးဖြင့် ကြည့်လိုက်သည်။
"ဖူကျစ်... အိုက်ကျား ကြည့်ရတာ မင်းက အသက်ကြီးလာလေလေ အတ္တကြီးလာလေလေပဲ၊ အိုက်ကျား ပြောသမျှကို အမြဲတမ်း တားဆီးနေတာပဲ၊ အိုက်ကျား ဒီလောက်တော့ဝေခွဲတတ်ပါသေးတယ်၊ ဒီကိစ္စက တိုင်းပြည်အတွက်ရော ဧကရာဇ်ရဲ့ ကျန်းမာရေးအတွက်ပါ စဉ်းစားပြီး ပြောတာပါ"
ဖူမားမားသည် မယ်တော်ကြီး ဤသို့ ပြောလာလိမ့်မည်ဟု မထင်ထားသဖြင့် ထိတ်လန့်သွားသလို ရင်ထဲတွင်လည်း ဝမ်းနည်းသွားရသည်။ သူမသည် အမြန်ပင် ဒူးထောက်၍ အပြစ်ဝန်ခံရတော့သည်။
"မယ်တော်ကြီး အမျက်ဖြေပါ၊ ကျွန်တော်မျိုးမ စကားများသွားမိပါတယ်၊ အခုပဲ သွားပြီး စကားပါးလိုက်ပါ့မယ်"
ဖူမားမား ထွက်သွားပြီးနောက် မယ်တော်ကြီးမှာ စိတ်မကြည်မလင်ဖြစ်ကာ ခေါင်းကိုက်လာတော့သည်။ သူမသည် ဘေးနားရှိ အစေခံမလေးအား အမိန့်ပေးလိုက်ပြန်သည်။
"ချိုးကွေ့ကို ခေါ်လာခဲ့၊ အိုက်ကျား ကို ခေါင်းနှိပ်ပေးဖို့"
မကြာမီမှာပင် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ပြုံးရွှင်စွာဖြင့် အထဲသို့ ဝင်လာခဲ့သည်။ သူမသည် မယ်တော်ကြီး၏ ဘေးတွင် ကျွမ်းကျင်စွာ နေရာယူကာ ခေါင်းကို စတင်နှိပ်ပေးတော့သည်။
"မင်းရဲ့ ဒီနှိပ်ကွက်က သမားတော်တွေရဲ့ ဆေးထက်တောင် ပိုထိရောက်သေးတယ်၊ နှိပ်လိုက်တိုင်း နေလို့ကောင်းသွားတာပဲ၊ ဖူကျစ် လေ့လာထားပေမဲ့ မင်းကိုတော့ မမီဘူး"
မယ်တော်ကြီးက မျက်လုံးမှိတ်ထားရင်း ကျေနပ်စွာဆိုသည်။
"မယ်တော်ကြီးအတွက် အမှုထမ်းရတာ ကျွန်တော်မျိုးမရဲ့ ကံကောင်းခြင်းပါ၊ ဖူမားမားက မယ်တော်ကြီးရဲ့ အစစအရာရာကို စီမံပေးနေရတာဆိုတော့ အလုပ်တွေ အရမ်းများမှာပေါ့၊ အရာရာကိုတော့ မစေ့စပ်နိုင်တာ မဆန်းပါဘူး၊ မယ်တော်ကြီး နေလို့မကောင်းရင် ကျွန်တော်မျိုးမကိုပဲ အမြဲခေါ်လိုက်ပါ"
ထိုအမျိုးသမီးမှာ အပြောအဆို အလွန်ညက်ညောလှသဖြင့် မယ်တော်ကြီး အလွန်ပင် သဘောကျနေတော့သည်။ ဤ ယန်ချိုးကွေ့ မှာ နန်းတွင်း၌ အမြဲ အမှုထမ်းခဲ့သူ မဟုတ်ပေ။ မူလက နို့ထိန်းအဖြစ် ဝင်ရောက်ခဲ့သော်လည်း အသက်ကြီးလာသဖြင့် နို့ရည်မထွက်တော့ရာ ဆက်လက် အမှုထမ်းရန် မဖြစ်နိုင်တော့ပေ။ သို့သော် သူမမှာ အနေအထိုင် ပါးနပ်လှသဖြင့် နန်းတွင်းမှာပင် ဆက်လက်နေထိုင်ခွင့်ရခဲ့ပြီး ယခုအခါ မင်းသားကြီး၏ အဆောင်တွင် အကြီးအကဲမားမားအဖြစ် တာဝန်ပေးခြင်း ခံထားရသည်။
တစ်ခါက မင်းသားကြီးကို ခေါ်ဆောင်၍ မယ်တော်ကြီးနှင့်အတူ စားသောက်စဉ် မယ်တော်ကြီး ခေါင်းကိုက်နေသည်ကို သိသဖြင့် သူမကိုယ်တိုင် နှိပ်ပေးခဲ့ရာမှ အလွန်ထိရောက်သဖြင့် ထိုအချိန်မှစ၍ မယ်တော်ကြီးက သူမကို မကြာခဏ ခေါ်ယူစေတော့သည်။ သူမက နှိပ်ရုံတင်မကဘဲ ဆံပင်ပြင်ဆင်ရာတွင်လည်း အလွန်ကျွမ်းကျင်လှသည်။ မယ်တော်ကြီးအနေဖြင့် အချစ်တော်ဖြစ်ရန် ပြင်ဆင်စရာ မလိုသော်လည်း မည်သည့်အမျိုးသမီးက မလှချင်ဘဲ နေပါမည်နည်း။ ထို့ကြောင့် ယန်ချိုးကွေ့မှာ ချီနင်နန်းဆောင် တွင် နာမည်ကြီးသူတစ်ဦး ဖြစ်လာခဲ့သည်။
....
အခြားတစ်ဖက်တွင်မူ ဖူမားမားသည် ကျောက်ချွန်းနန်းဆောင် သို့ ရောက်ရှိလာခဲ့သည်။ မယ်တော်ကြီး အနားကလူ ရောက်လာသဖြင့် ယဲ့ယွင်လည်း ထူးဆန်းနေမိသော်လည်း အမြန်ပင် ထ၍ ကြိုဆိုလိုက်သည်။
"ကျွန်တော်မျိုးမ မင်ရှိုးယွမ်ကို ဂါရဝပြုပါတယ်" ဖူမားမားက အလေးပြုသည်။
ယဲ့ယွင်က အမြန်လက်ကာပြကာ "မားမား... မြန်မြန်ထပါ၊ ချန်းချဲ့က မားမားရဲ့ ဂါရဝပြုမှုကို ဘယ်လိုခံယူဝံ့ပါ့မလဲ"
ဟွေယွဲ့က ချက်ချင်းပင် ရှေ့တိုး၍ သူမအား တွဲထူပေးလိုက်သည်။
ယဲ့ယွင်က အရင်စကားစလိုက်သည်။
"မားမား... ကျွန်မဆီကိုဘာကိစ္စကြောင့်များရောက်လာတာလဲ။”
ဖူမားမားသည် စကားလုံးများကို သေချာစဉ်းစားပြီးမှ ပြုံးလျက် ပြောလိုက်သည်။
"သိပ်ပြီးတော့ ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ မယ်တော်ကြီးက ရှိုးယွမ်ကို စိတ်ပူနေလို့ ကျွန်တော်မျိုးမကို စကားပါးခိုင်းလိုက်တာပါ"
ထိုသို့ပြောသော်လည်း ဖူမားမား၏ မျက်နှာတွင် စကားပြောရန် ဝန်လေးနေသည်ကို ယဲ့ယွင် ရိပ်မိလိုက်သည်။ ၎င်းမှာ သေချာပေါက် ကောင်းသောကိစ္စ မဟုတ်ပေ။
ခေတ္တမျှ ရပ်ပြီးနောက် ဖူမားမားက ဆက်ပြောသည်။ "အခု တိုင်းရေးပြည်ရာတွေက အရမ်းကို အရေးကြီးနေတော့ အရှင်မင်းကြီးလည်း အလုပ်တွေ အရမ်းများနေတာပါ၊ ဒါပေမဲ့ သူက ရှိုးယွမ်ကို အမြဲတမ်း စိတ်ပူပြီးတော့ အလုပ်ကြားထဲကနေ နန်းဆောင်ကို ခဏခဏ လာကြည့်တတ်တယ်၊ ဒီရက်ပိုင်းမှာ အရှင်မင်းကြီး ပိန်သွားတာကို မယ်တော်ကြီး သိလို့ စိတ်မကောင်း ဖြစ်နေရပါတယ်၊ ရှိုးယွမ်က အလိုက်အသိဆုံးနဲ့ အရှင်မင်းကြီးကို အချစ်ဆုံးဆိုတာ မယ်တော်ကြီး သိပါတယ်၊ အဲ့တာကြောင့်တခြားလူတွေ ပြောရင် အရှင်မင်းကြီး နားဝင်မှာမဟုတ်တော့... ရှိုးယွမ်ကပဲ အရှင်မင်းကြီးကို အလုပ်တွေကိုပဲ အဓိကထားဖို့၊ နန်းတွင်းကိစ္စတွေကို ဒီအချိန်မှာ သိပ်စိတ်မပူဖို့ တိုက်တွန်းပေးစေချင်တာပါ"
ပြောရင်းနှင့် ဖူမားမားကိုယ်တိုင်ပင် အားနာသဖြင့် မျက်နှာပျက်နေရသော်လည်း မယ်တော်ကြီး၏ အလိုကိုတော့ ဖော်ပြနိုင်ခဲ့သည်။ ယဲ့ယွင် ကြားလိုက်ရချိန်တွင် မျက်ဝန်းများမှာ ချက်ချင်း အေးစက်သွားသော်လည်း မယ်တော်ကြီး၏ အမိန့်ဖြစ်သဖြင့် သူမ မငြင်းသာပေ။
သူမက အေးဆေးစွာ ပြုံးလိုက်ပြီး အလိုက်သင့်ပြန်ဖြေလိုက်သည်။
"မယ်တော်ကြီးက အရှင်မင်းကြီးကို ချစ်သလို ချန်းချဲ့လည်း အရှင်မင်းကြီးကို ချစ်ပါတယ်၊ မားမား ပြန်သွားရင် မယ်တော်ကြီးကို ချန်းချဲ့ကိုယ်စား ဂါရဝပြုပေးပြီးချန်းချဲ့ နားလည်ပါပြီလို့လည်း လျှောက်တင်ပေးပါ"
"ကောင်းပါပြီ... ဒါဆိုရင်တော့ ကျွန်တော်မျိုးမ မနှောင့်ယှက်တော့ပါဘူး၊ အခုပဲ ပြန်ပါရစေဦး" ဖူမားမားက နှုတ်ခမ်းကို အသာစေ့ကာ ဂါရဝပြုပြီး အမြန်ထွက်ခွာသွားတော့သည်။
ယဲ့ယွင် အခန်းထဲ ပြန်ရောက်ချိန်တွင် မျက်နှာမှာ လုံးဝ တည်တင်းသွားတော့သည်။ သူမ လူမိုက်မဟုတ်ရာ မယ်တော်ကြီး၏ မူလစကားမှာ ဤကဲ့သို့ နူးညံ့လိမ့်မည်မဟုတ်မှန်း သိသာလှသည်။ ဖူမားမားက ကြားထဲကနေ ချော့မော့ပြောပေးလိုက်ခြင်းသာ ဖြစ်မည်။
မယ်တော်ကြီးတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ဆောင်နေတဲ့ ကိုယ်လုပ်တော်ကို အရှင်မင်းကြီးကို မမြှူဆွယ်ပါနဲ့လို့ လာသတိပေးတာလား၊ ဒါက ဘယ်လိုအတွေးအခေါ်မျိုးလဲ? သူမက ဒီဗိုက်ကြီးပြပြီး သူ့သားကို မြှူဆွယ်နေတယ်ပေါ့လေဟာသပဲ။
အရှင်မင်းကြီးက သူမဆီကို ကိုယ့်ဘာသာကိုယ် လာတာလေ။ ပြီးတော့ သူမက မွေးခါနီးဖြစ်နေပြီ... ကလေးရဲ့ အဖေက စိတ်မပူလို့ ဖြစ်ပါ့မလား။
ယဲ့ယွင်သည်မယ်တော်ကြီး၏အတွေးအခေါ်ကို ဒေါသထွက်လွန်းလို့၍ ရယ်မိပေတော့သည်။
ဘေးနားက အစေခံများမှာလည်း မယ်တော်ကြီးကို အပြစ်မပြောဝံ့သလို ဘယ်လိုချော့ရမှန်းလည်း မသိသဖြင့် ငြိမ်သက်နေကြရသည်။
ထိုစဉ် လျန်မားမားက အ့ကျောင်းစွပ်ပြုတ်ကို ယူဆောင်လာရာ အခန်းထဲက အခြေအနေ မကောင်းမှန်း ရိပ်မိသွားသည်။ လျန်မားမားကို မြင်လိုက်ရသောအခါ ယဲ့ယွင်က သက်ပြင်းတစ်ချက်ချကာ မေးလိုက်သည်။
"မားမား... မားမားက နန်းတွင်းထဲက လူဟောင်းတစ်ယောက်ပဲလေ၊ ချန်းချဲ့မှာ အမြဲတမ်း သိချင်နေတဲ့ မေးခွန်းတစ်ခု ရှိတယ်၊ ဒီနေ့ပဲ မေးလိုက်တော့မယ်... မယ်တော်ကြီးက အရင်တုန်းက ကိုယ်လုပ်တော်ဘဝမှာ အရှင်မင်းကြီးရဲ့ အချစ်တော် ဖြစ်ခဲ့ဖူးလား?"
ဤမေးခွန်းကြောင့် လျန်မားမားပင် ကြောင်သွားရသည်။ သူမသည် ခေတ္တစဉ်းစားပြီးမှ စွပ်ပြုတ်ခွက်ကို ချကာ ပြန်လည် လျှောက်တင်လေတော့သည်။
***