"အဲ့တုန်းကဧကရာဇ်ဟောင်းရဲ့ နန်းတွင်းမှာ ကိုယ်လုပ်တော်တွေ အများကြီးရှိပေမဲ့ ဧကရာဇ်ဟောင်းကပြတ်သားသူဖြစ်လို့ကိုယ်လုပ်တော်တွေရဲ့ ကိစ္စတွေကို သူက တစ်ခါမှ ဂရုမစိုက်ခဲ့ဘူး၊ အဲဒါကြောင့်လည်း အဲဒီတုန်းက နန်းတွင်းထဲမှာ အပြိုင်အဆိုင်တွေ အရမ်းပြင်းထန်ခဲ့ပြီး သားသမီးရတနာ ထွန်းကားတာလည်း နည်းခဲ့တယ်၊ အခု အရှင်မင်းကြီးကို မွေးဖွားနိုင်ခဲ့တာကလည်း အဲဒီတုန်းက မယ်တော်ကြီးကိုယ်တိုင် ပါဝင်ကာကွယ်ပေးခဲ့လို့ပါ"
"အဲဒီအချိန်တုန်းက မိဖုရားခေါင်ကြီးဟောင်းရဲ့အာဏာကြီးလွန်းတော့ ထိုက်ကွေ့ဖေးကလွဲလို့ ကျန်တဲ့ ကိုယ်လုပ်တော်တွေ အကုန်လုံး အဖိနှိပ်ခံခဲ့ရတာ၊ ဒါပေမဲ့ ကလေးမွေးဖွားနိုင်ခဲ့တဲ့ သူတွေကတော့ အဆင့်မြင့် ရာထူးတွေရခဲ့ကြတာပေါ့"
ဤစကားမှာ တိုက်ရိုက်ပြန်မဖြေခြင်း ဖြစ်သော်လည်း အရာအားလုံးကို ပြောပြလိုက်ခြင်းပင်။ ဆိုလိုသည်မှာ မယ်တော်ကြီးသည် တကယ်တမ်းတွင် ဧကရာဇ်ဟောင်း၏ အချစ်တော် မဟုတ်ခဲ့ပေ။ သူမ ကိုယ်ဝန်ရလာချိန်တွင် ဧကရာဇ်ဟောင်း၌ သားသမီးနည်းပါးနေသဖြင့် မယ်တော်ကြီးက သူမကို ကာကွယ်ပေးခဲ့သောကြောင့်သာ ကလေးမွေးဖွားနိုင်ခဲ့ပြီး နန်းတွင်း၌ နေရာတစ်နေရာ ရခဲ့ခြင်း ဖြစ်သည်။
ယဲ့ယွင် ဘာပြောရမှန်းပင် မသိတော့ပေ။ တကယ်ပင် ကံကြမ္မာ၏ ကျီစားမှုကြောင့် မယ်တော်ကြီး ကံကောင်းခဲ့သည်ဟုသာ ဆိုရပေလိမ့်မည်။ ကိုယ်လုပ်တော်ဘဝမှာ ကံကောင်းထောက်မစွာ ကလေးမွေးနိုင်ခဲ့သဖြင့် အချစ်ခံရသလိုဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သားဖြစ်သူက ဧကရာဇ်ဖြစ်လာပြန်ရာ သူမလည်း မယ်တော်ကြီး ဖြစ်လာခဲ့သည်။
ထို့ကြောင့်ပင် သိပ်ပြီး မထက်မြက်လှသော မယ်တော်ကြီးတစ်ဦး ပေါ်ထွက်လာခြင်းဖြစ်ပေသည်။ တကယ်ပင် ကံတရားက လူကို ကျီစားတတ်လှသည်။
ထိုက်ကွေ့ဖေးသည် အရင်က အချစ်တော်
ဖြစ်ခဲ့သလို ထက်မြက်ပြီး ရည်မှန်းချက်ကြီးမားခဲ့သော်လည်း သူမ မွေးဖွားခဲ့သော ဖိန်ဝမ် မှာမူ သူမနှင့် နည်းနည်းလေးမျှ မတူပေ။ သူ၏ ဘွဲ့အမည် 'ဖိန်' (အေးချမ်းခြင်း) ဆိုသည့်အတိုင်းပင် သာမန်ကာလျှံကာ နေတတ်ပြီး အေးဆေးသော ဘဝကိုသာ ပို၍ နှစ်သက်သူ ဖြစ်သည်။
အကယ်၍သာ ထိုက်ကွေ့ဖေးက နင်ချန်ကို မွေးဖွားပြီး မယ်တော်ကြီး ဖြစ်လာခဲ့မည်ဆိုလျှင် နန်းတွင်းအခြေအနေမှာ မည်သို့ရှိနေမည်ကို စဉ်းစားကြည့်ရန်ပင် မဖြစ်နိုင်တော့ပေ။
"ရှိုးယွမ်က ဘာလို့ ဒါတွေကို ရုတ်တရက် မေးနေရတာလဲ။”
လျန်မားမားက ထူးဆန်းစွာ မေးသည်။
ယဲ့ယွင် အတွေးစကို ဖြတ်လိုက်ကာ နှုတ်ခမ်းလေးတွန့်လျက် နူးညံ့စွာဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်းသိချင်လို့ မေးကြည့်တာပါ၊ အ့ကျောင်းစွပ်ပြုတ် ပြီးပြီလား? အခုပဲ သောက်လိုက်တော့မယ်၊ ကြာရင် အေးသွားလိမ့်မယ်။”
ယဲ့ယွင်က ဘာမှမပြောသဖြင့် လျန်မားမားလည်း ထပ်မမေးတော့ဘဲ စွပ်ပြုတ်ကိုသာ တိုက်လိုက်သည်။ မယ်တော်ကြီး၏ သတိပေးစကားများနှင့် ပတ်သက်၍မူ...
ယဲ့ယွင်အနေနဲ့ နားတစ်ဖက်ကဝင် တစ်ဖက်ကထွက် လုပ်လိုက်ပြီး နင်ချန်ရှေ့တွင် ဘာမှပြောလိမ့်မည် မဟုတ်ပေ။
....
ဤတင်းမာသော အငွေ့အသက်များမှာ အကြာကြီး မတည်မြဲခဲ့ပေ။ နောက်ဆုံးတွင် ၄လပိုင်း ၁၂ ရက်နေ့ ည၌ အရာအားလုံးပေါက်ကွဲထွက်လာခဲ့တော့သည်။
လျောင်နိုင်ငံသားများသည် ကျားစခ်နယ်မြေ မင်းသားလေးပါး၏ နယ်မြေမှတစ်ဆင့် ကျူးကျော်မည်ဟု လူတိုင်း ထင်မှတ်ထားခဲ့သော်လည်း ၎င်းတို့က လင်ကျိုးဒေသကို ရုတ်တရက် တိုက်ခိုက်ခဲ့ပြီး ယဲ့ကျယ်၏ နယ်မြေမှ စတင်လက်စွမ်းပြခဲ့ခြင်း ဖြစ်သည်။
လင်ကျိုးကို စောင့်ကြပ်နေသည်မှာ ယဲ့ကျယ် တစ်ယောက်တည်း မဟုတ်ပေ။ ယဲ့ကျယ်မှာငယ်သေးသဖြင့် တပ်မတော်ကြီး တစ်ခုလုံးကို ဦးဆောင်ရန် မဖြစ်နိုင်သေးပေ။ လင်ကျိုးတွင် စစ်သူကြီး သုံးဦး ရှိရာ အခြားနှစ်ဦးမှာ လျောင်နိုင်ငံနှင့် တိုက်ခိုက်ဖူးသော ဝါရင့်စစ်သူကြီးများ ဖြစ်သည့် စစ်သူကြီးရှင်း နှင့် စစ်သူကြီးလု တို့ ဖြစ်ကြသည်။
ယဲ့ကျယ်၏ လက်အောက်ရှိ စစ်သည်အင်အားမှာ ဖခင်ထံမှ ဆက်ခံခဲ့သော လူပေါင်း ၈၅,၀၀၀ ရှိသည်။ ၎င်းမှာ အရင်ကထက် လျှော့ချခံထားရခြင်း ဖြစ်သည်။ယခင်စစ်သူကြီးယဲ့ လက်ထက်တွင် ယဲ့မိသားစုတပ်ဖွဲ့ မှာ အင်အား ၁၅၀,၀၀၀ အထိ ရှိခဲ့သည်။ ထို့ကြောင့်ပင် လျောင်နိုင်ငံသားများက ယဲ့ကျယ်ရှိရာဘက်မှ ဖောက်ထွက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အသက် ၂၀ ကျော် စစ်သူကြီးငယ်တစ်ဦးမှာ ဝါရင့်စစ်သူကြီးများထက် ကိုင်တွယ်ရ ပိုလွယ်ကူလိမ့်မည်ဟု ထင်နေကြသည်။
သို့သော် ဤတစ်ကြိမ်တွင် လျောင်နိုင်ငံသားများ တကယ်ပင် အထင်မှားသွားခဲ့သည်။ ယဲ့ကျယ်သည် ဤရက်ပိုင်းတွင် ၎င်းတို့ကို သတိကြီးစွာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ မိမိ၏ ဝါရင့်မှု မရှိသေးခြင်းနှင့် စစ်မှုထမ်းကောင်းမှု မရှိသေးခြင်းကြောင့် လျောင်နိုင်ငံသားများက မိမိကို အနိုင်ကျင့်ရလွယ်သော ကြက်ပျော့ဟု ထင်မည်ကို သူ သိသဖြင့် စစ်သည်များအားလုံးကို အမြဲတမ်း အမြင့်ဆုံး သတိပေးချက်ဖြင့် အသင့်ပြင်ခိုင်းထားခဲ့သည်။
ထို့ကြောင့် ထိုညတွင် လျောင်နိုင်ငံသားများက ညအချိန်မတော် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း ယဲ့မိသားစုတပ်ဖွဲ့မှာ ခဏတာသာ လှုပ်ခတ်သွားခဲ့ပြီး ယဲ့ကျယ်က အချက်ပြမီးရှူးမီးပန်းများ လွှတ်လိုက်သည်နှင့် ချက်ချင်းပင် တုံ့ပြန်
နိုင်ခဲ့ကြသည်။
သူ ယဲ့ကျယ် နှစ်ပေါင်းများစွာ လေ့ကျင့်လာသမျှမှာ သေချာပေါက်အခုအခိုက်အတန့်အတွက်ပင်။ ယဲ့ကျယ်သည် ရှေ့ဆုံးမှ ဦးဆောင်ကာ ဖခင်ချန်ထားရစ်ခဲ့သော လှံရှည်ကို ကိုင်စွဲလျက် ရန်သူ့ကြားသို့ တိုးဝင်ခဲ့သည်။ ယင်မိသားစုမှာလည်း မဟာမိတ်များဖြစ်ကြသဖြင့် ယင်ရှီ၏ ဖခင်နှင့် အစ်ကိုနှစ်ဦးမှာလည်း ယဲ့ကျယ်၏ အနောက်မှ ကပ်လျက် လိုက်ပါခဲ့ကြသည်။
ဤစစ်ပွဲကို ယဲ့ကျယ် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာလှပြီဖြစ်သလို ယဲ့မိသားစုတပ်ဖွဲ့ တစ်ခုလုံးကလည်း စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။ မိမိတို့၏စစ်သူကြီးငယ်သည် စစ်သူကြီးဟောင်း၏ ခြေရာကို အမှန်တကယ် နင်းနိုင်သူဖြစ်ကြောင်း တစ်စိုက်မတ်မတ် ယုံကြည်ခဲ့ကြသည်။ ဤနှစ်များအတွင်း အခြားစစ်တပ်များ၏ အထင်သေးမှုကို ခံခဲ့ရသဖြင့် ၎င်းတို့ကိုယ်တိုင် သက်သေပြရန် အလွန်ပင် ဆာလောင်နေကြပြီ ဖြစ်သည်။
စိတ်ဓာတ်ကလည်း တက်ကြွနေသလို အသင့်ပြင်ဆင်မှုကလည်း ပြည့်စုံနေသဖြင့် ရှုံးနိမ့်စရာ အကြောင်းမရှိပေ။ လပြည့်ဝန်း အချိန်အခါဖြစ်၍ ညကောင်းကင်ယံတွင် လမင်းမှာ အလွန်ပင် လင်းလက်နေသည်။ စစ်သည်တော်များသည် ဓားများကို ဆွဲကိုင်လျက် လျောင်စစ်တပ်နှင့် လျင်မြန်စွာ ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။
လျောင်နိုင်ငံသားများသည် ဤကဲ့သို့သော ရလဒ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းတို့က ရုတ်တရက်ဝင်တိုက်ခြင်းဖြစ်၍ စစ်သည်အင်အား များများစားစား မပါဝင်ခဲ့သောကြောင့်တစ်နာရီခွဲခန့်အတွင်းမှာပင် အရေးနိမ့်စပြုလာခဲ့သည်။ ခေါင်းဆောင်ဖြစ်သူက အခြေအနေ မဟန်မှန်း သိသဖြင့် ချက်ချင်းပင် စည်တီးကာ တပ်ဆုတ်ခိုင်းလိုက်တော့သည်။
ဤတိုက်ပွဲတွင် ယဲ့မိသားစုတပ်ဖွဲ့မှာ အကြီးအကျယ် အောင်မြင်ခဲ့သည်။ အောင်ပွဲသတင်းကို နေ့ညမနား မြင်းအမြန်လွှတ်၍ မြို့တော်သို့ ပေးပို့ခဲ့ကြသည်။
နင်ချန်သည် ထိုသတင်းကို ရရှိချိန်တွင် နှစ်ရက်အကြာ ညဘက်တွင် ဖြစ်သည်။ အစကတည်းက အောင်ပွဲရရှိခြင်းမှာ အမှန်ပင် ဝမ်းမြောက်စရာ ကိစ္စဖြစ်သလို စစ်သည်တော်များ၏ စိတ်ဓာတ်ကိုလည်း များစွာ မြှင့်တင်ပေးနိုင်ခဲ့သည်။ နန်ချီ၏ အသက် ၂၀ ကျော် လူငယ်စစ်သူကြီးတစ်ဦးက ဤမျှအထိ စွမ်းဆောင်နိုင်မှတော့ လျောင်နိုင်ငံနှင့် တရားဝင် စစ်ခင်းရန် မည်သို့ ကြောက်နေပါမည်နည်း။
ထိုအောင်ပွဲသတင်း ရရှိပြီးနောက်မှာပင် လျောင်နိုင်ငံသည် နန်ချီနိုင်ငံသို့ တရားဝင် စစ်ကြေညာခဲ့သည်။ အသက် ၃၅ နှစ်အရွယ် လျောင်ဘုရင် ထော့ပါ့ချင်းသည် အားအင်ပြည့်ဝနေချိန်ဖြစ်၏။ ဤစစ်ပွဲအတွက် သူသည် ငါးနှစ်တိုင်တိုင် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ အရင်က သူ၏ဖခင်မှာ နန်ချီဧကရာဇ်ဟောင်း၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ဖူးရာ ယခုတစ်ကြိမ်တွင် သူသည် ထိုအရှက်ကို သေချာပေါက် ဆေးကြောပေလိမ့်မည်။
"ဝေါယာဉ်ပြင်စမ်း... ကျန်း ကျောက်ချွန်းနန်းဆောင်ကို သွားမယ်!"
နင်ချန်သည် အောင်ပွဲသတင်းကြောင့်စိတ်အခြေအနေ အလွန်ကောင်းနေသည်။ မကြာမီမှာပင် ဧကရာဇ်၏ ဝေါယာဉ်သည် ကျောက်ချွန်းနန်းဆောင် တံခါးဝသို့ ဆိုက်ရောက်လာခဲ့သည်။
ယဲ့ယွင် ထွက်ကြိုသည်ကိုပင် မစောင့်တော့ဘဲ နင်ချန်သည် ပြုံးရွှင်စွာဖြင့် အထဲသို့ အပြေးအလွှား ဝင်လာခဲ့သည်။ သူမကို မြင်သည်နှင့် ရုတ်တရက် ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်လိုက်တော့သည်။ ယဲ့ယွင်မှာ လန့်သွားကာ သူမ၏ဗိုက်ကို အမြန်ကာကွယ်လိုက်ရသည်။ မွေးခါနီးဖြစ်နေပြီကိုဘယ်လိုလုပ် ရုတ်တရက်လာပွေ့ဖက်နေတာလဲ။
"အရှင်မင်းကြီး... အရှင်မင်းကြီး... အသာလုပ်ပါဦး၊ ချန်းချဲ့ရဲ့ ဗိုက်ကို ဖိမိနေပြီ!"
"... ကျန်း မေ့သွားတယ်၊ စိတ်လှုပ်ရှားသွားလို့ပါ၊ မထိခိုက်သွားဘူး မဟုတ်လား?"
နင်ချန် သတိဝင်လာကာ အမြန်ပင် ပြန်ခွာလိုက်ပြီး စိုးရိမ်တကြီး ဖြစ်သွားတော့သည်။ သူသည် ယဲ့ယွင်၏ ပုခုံးကို ကိုင်လျက် ဟိုကြည့်ဒီကြည့် စစ်ဆေးနေမိသည်။
"ရပါတယ်... ချန်းချဲ့ ဘာမှမဖြစ်ပါဘူး၊ ဒါနဲ့ အရှင်မင်းကြီး ဘာဖြစ်လို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ၊ ချန်းချဲ့ကိုတောင် လန့်သွားအောင် လုပ်လိုက်တာပဲ"
နင်ချန်သည် မဖုံးကွယ်နိုင်ဘဲ ရယ်မောလိုက်ကာ သူ၏ ရင်ခွင်ထဲမှ အောင်ပွဲသတင်းကို ထုတ်၍ သူမအား ကမ်းပေးလိုက်သည်။
"မြန်မြန် ကြည့်…. မင်းရဲ့ အစ်ကိုက ပထမဆုံးတိုက်ပွဲမှာ အနိုင်ရလိုက်ပြီ၊ လျောင်စစ်တပ်ရဲ့ ညဘက် ဝင်တိုက်တာကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ရုံတင်မကဘဲ ရန်သူ ၃၀၀ ကျော်ကိုပါ အရှင်ဖမ်းမိခဲ့တယ်၊ တကယ်ကို စစ်သူကြီးယဲ့ရဲ့သားပီသတယ်ပြောရမယ်။”
"စစ်က စဖြစ်နေပြီလား?"
ယဲ့ယွင် အံ့သြသွားကာ စာအိတ်ကို အမြန်ဖွင့်ကြည့်လိုက်ရာ တကယ်ပင် အစ်ကိုဖြစ်သူ၏ လက်ရေး ဖြစ်နေသည်။ အရေးအသားမှာ ထက်မြက်ပြီး ခိုင်မာလှရာ ဤအောင်ပွဲသတင်း တစ်စောင်တည်းနှင့်ပင် အစ်ကိုဖြစ်သူ မည်မျှအထိ တက်ကြွပြီး ရည်မှန်းချက် ကြီးမားနေသည်ကို သူမ မြင်ယောင်လိုက်နိုင်သည်။
"အစ်ကို စစ်ရေးစစ်ရာကိုနှစ်ပေါင်းများစွာ သင်ယူခဲ့တာက အခုလိုအချိန်အတွက်အဆင်သင့်ဖြစ်ဖို့နဲ့ တိုင်းပြည်အပေါ် သစ္စာစောင့်သိဖို့ပါပဲ။”
ယဲ့ယွင်သည် နင်ချန်ကို မော့ကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။ သူမ သိနေခဲ့သည်မှာ သူမ၏ အစ်ကိုကို ယုံကြည်ခဲ့သည်မှာ မမှားခဲ့ပေ၊ ယခုတွင် သူမ စိတ်အေးသွားပြီ ဖြစ်သည်။
"အရှင်မင်းကြီး နေ့လည်စာ စားဖို့ နေဦးမလား?"
"မနေတော့ဘူး... ကျန်း စစ်ဘက်ဆိုင်ရာဝန်ကြီး နဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ကို ကျိုချန်နန်းဆောင်မှာ ဆွေးနွေးဖို့ ခေါ်ထားတယ်၊ တရားဝင် စစ်စခင်းပြီဆိုတော့ အစီအစဉ်တွေ ဆွဲရတော့မယ်၊ ကျန်း က တကယ်ကို ဝမ်းသာလွန်းလို့ မင်းကို တစ်ချက်လောက် လာပြတာပါ"
နင်ချန်သည် ယဲ့ယွင်၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ထပ်မံ၍ အသာအယာ ပွေ့ဖက်လိုက်ပြန်သည်။
"စစ်စဖြစ်ပြီဆိုတော့ ကျန်း ခဏခဏ လာနိုင်မှာ မဟုတ်တော့ဘူး၊ မင်းကတော့ လိမ္မာလိမ္မာနဲ့ ကျန်း အတွက် ကလေးလေးကို မွေးပေးနော်၊ သားအမိနှစ်ယောက်လုံး ဘေးကင်းနေမှဖြစ်မယ်။”
"ဒါဆိုရင်တော့ အရှင်မင်းကြီး အပြတ်အသတ် အနိုင်ရရှိပြီး ကျွန်မတို့ နန်ချီရဲ့ ဂုဏ်သတင်း ကျော်ကြားပါစေလို့ ဆုတောင်းပေးပါတယ်"
ယဲ့ယွင်က သူ့ကို အသာအယာ ပြန်လည်ပွေ့ဖက်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ယုံကြည်ကိုးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။ နင်ချန်၏ ဝေါယာဉ် ထွက်ခွာသွားသည်ကို ကြည့်ရင်း ယဲ့ယွင်၏ မျက်နှာတွင် အပြုံးများ ရှိနေသော်လည်း မျက်ဝန်းအောက်တွင်မူ စိုးရိမ်စိတ်အချို့ ကိန်းအောင်းနေဆဲပင်။
သူမသည် နင်ချန်ကို ကလေးတစ်ယောက်လို ဝမ်းမြောက်စရာရှိလျှင် သူမဆီသို့ တကူးတက လာပြောတတ်သည်ဟု တွေးမိသလို၊ တစ်ဖက်တွင်လည်း ဝေးလံသော နယ်စပ်တွင်ရှိနေသည့် အစ်ကိုဖြစ်သူ ဒဏ်ရာရမှာကို စိုးရိမ်မိသည်။ စစ်မြေပြင်ဆိုသည်မှာ ဓားမဦးချ အရဲစွန့်ရသည့် နေရာဖြစ်ရာ အောင်မြင်မှု ဂုဏ်သတင်းဆိုသည်မှာ လွယ်လွယ်နှင့် ရရှိနိုင်သည်မှ မဟုတ်လား။
***