စစ်ပွဲက ဤမျှမြန်မြန်ဆန်ဆန် စတင်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားသလို ယဲ့မိသားစုမှ စစ်သူကြီးငယ်လေးက ပထမဆုံး အောင်ပွဲကို ရယူနိုင်လိမ့်မည်ဟုလည်း မထင်ထားခဲ့ကြပေ။
ဤအချိန်တွင် နန်းတွင်း၌ အနေရခက်ဆုံးလူမှာ ပြီးခဲ့သည့်ရက်ကမှ မင်ရှိုးယွမ်ကို လူလွှတ်၍ "သတိပေး" ခဲ့သော မယ်တော်ကြီးပင် ဖြစ်၏။ သို့သော်လည်း သူမကတော့ အမှားဝန်ခံလိမ့်မည် မဟုတ်ပေ။
" အိုက်ကျား က မယ်တော်ကြီးပဲလေ၊ ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်တွေကို ဆုံးမတာ ဘာဖြစ်လို့လဲ" ဟုသာ ခေါင်းမာမာဖြင့် ဆိုနေတော့သည်။
ဖူမားမားမှာ စိတ်မသက်မသာဖြင့် သက်ပြင်းချနေရသော်လည်း မယ်တော်ကြီးက မင်ရှိုးယွမ်ကို ထပ်မံ၍ ပြဿနာမရှာတော့သည်ကိုပင် ကျေးဇူးတင်နေမိသည်။
စစ်ပွဲစတင်ပြီဆိုသည်နှင့် ရိက္ခာနှင့် စစ်သည်အင်အားမှာ မရှိမဖြစ် လိုအပ်လာသည်။ စစ်ဘက်ဆိုင်ရာဝန်ကြီးဌာနမှာမူ လင်ကျိုးနှင့် ကျားစခ်နယ်မြေတို့တွင် စစ်သည်အင်အား လုံလောက်စွာ ရှိနေသေးသဖြင့် လောလောဆယ်တွင် အရန်အဖြစ်သာ ပြင်ဆင်ထားရသည်။ သို့သော် ဘဏ္ဍာရေးဝန်ကြီးဌာနမှာမူ မတူပေ၊ စစ်ရိက္ခာများကို အမြန်ဆုံး စုစည်း၍ စစ်မြေပြင်သို့ ပို့ဆောင်ပေးရမည် ဖြစ်သည်။
ထိုဘဏ္ဍာရေးဝန်ကြီးမှာ ယောင်ရှန်း၏ ဖခင်ဖြစ်သူ ရှုန့်ယွမ်ဟို ယောင်ပင်းရှော့ ပင် ဖြစ်သည်။ ထို့ကြောင့် ရှေ့တန်းစစ်သည်များအတွက် ရိက္ခာထောက်ပံ့မှုမှာ ယောင်မိသားစု၏ လက်ထဲတွင် ရောက်ရှိနေချေပြီ။
ယဲ့ယွင် ရင်ထဲတွင် မတင်မကျ ဖြစ်နေမိသည်။ ယောင်ရှန်းတစ်ယောက်တည်းကို ကြည့်ရုံနှင့်ပင် ယောင်မိသားစုတစ်ခုလုံးအပေါ် သူမ၏အမြင်က မကောင်းလှပေ။ ယခု အစ်ကိုဖြစ်သူ၏ ရိက္ခာထောက်ပံ့မှုကို ထိုကဲ့သို့သော မိသားစုလက်ထဲ ထည့်ထားရသည်မှာ သူမအတွက် လုံးဝ စိတ်မအေးစရာပင်။ သို့သော် တိုင်းရေးပြည်ရာများကို သူမက ဝင်ရောက် စွက်ဖက်၍ မရပေ။
သေချာစွာ စဉ်းစားပြီးနောက် သူမသည် နန်းပြင်ရှိ သူမ၏ အဘိုးအိမ်တော်သို့ လျှို့ဝှက်စာ ပေးပို့လိုက်သည်။
....
ချူရှို့ဝမ်သည် တူမဖြစ်သူ၏စာကို ရရှိသောအခါ သားငယ် ချူယွမ်ဟုန်ကိုခေါ်၍ ဖခင်ဖြစ်သူ ချူဖေရိ၏ စာကြည့်တိုက်သို့ သွားခဲ့သည်။
"အဘိုး... ယဲ့ယွင်ရဲ့ ဆိုလိုရင်းကတော့ ယောင်မိသားစုကို စိတ်မချလို့ ယဲ့ကျယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားစေချင်တာပါ" ဟု ချူရှို့ဝမ်က ဆိုသည်။
စာကို ဖတ်ပြီးနောက် ချူအဘိုးအို၏မျက်နှာမှာ လေးနက်သွားတော့သည်။
"ယဲ့ယွင်နဲ့ အဲဒီယောင်မိသားစုက မိန်းကလေးက နန်းတွင်းမှာ အတူနေလာတာ နှစ်တွေ အများကြီး ရှိပြီပဲ၊ သူမ ဒီလို စိုးရိမ်နေတယ်ဆိုရင် အကြောင်းတစ်ခုခုရှိမှာ သေချာတယ်။ ရှေ့တန်းမှာ စစ်ပွဲက အကြီးအကျယ်ဖြစ်လာပြီဆိုရင် ရိက္ခာက ပုံမှန်ထက် ပိုပြီးတော့လည်း လိုမယ်၊ ပိုပြီးတော့လည်း မြန်မြန်ကုန်မယ်၊ အကယ်၍ ထောက်ပံ့မှုက အချိန်မီမရောက်ရင် ပြဿနာကြီးလိမ့်မယ်"
ချူယွမ်ဟုန်က စိုးရိမ်တကြီးဖြင့် - "ကျွန်တော်တို့ အိမ်မှာ ရိက္ခာတွေရှိပေမဲ့ ကျွန်တော်တို့က ကုန်သည်တွေလေ၊ ချူမိသားစုရဲ့ နာမည်နဲ့ တိုက်ရိုက် သွားပို့လို့ မရဘူး၊ အကယ်၍ အတိအလင်း ပို့မယ်ဆိုရင်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လက်ထဲကို ဖြတ်ရမှာပဲ၊ အဲဒါဆိုလည်း အပိုပဲ မဟုတ်လား"
ရိက္ခာတွေ အများကြီး ပို့လိုက်သည့်တိုင်အောင် ယောင်ပင်းရှော့ကသာ ထိန်းထားလျှင် ယဲ့ကျယ်၏ လက်ထဲသို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။
"အဲဒါကြောင့်ပဲ ယဲ့ယွင်က နည်းလမ်းရှာခိုင်းနေတာပေါ့" ချူဖေရိက မျက်မှောင်ကြုတ်လျက် ဆိုသည်။
စာကြည့်တိုက်အတွင်းရှိ မျိုးဆက်သုံးဆက်လုံး တိတ်ဆိတ်စွာဖြင့် ဤရိက္ခာများကို မည်သို့လျှို့ဝှက်စွာ ပို့ဆောင်ပေးရမလဲဟု အသည်းအသန် စဉ်းစားနေကြသည်။ ထိုစဉ် အပြင်ဘက်မှ အုပ်ချုပ်ရေးမှူးက လာရောက် တင်ပြလေသည်။
နှစ်သစ်ကူးမတိုင်မီက ကျားစခ်နယ်မြေမှ ကုန်သည်တစ်ဦးသည် ချူမိသားစုထံတွင် လက်ဖက်ရည်နှင့် လက်ဖက်ရည်အိုး အစုံလိုက်ကို မှာယူထားခဲ့သည်။ သို့သော် ယခု စစ်ပွဲဖြစ်လာသဖြင့် ထိုကုန်သည်မှာ အလုပ်မဖြစ်တော့ဘဲ မှာယူထားသည်များကို ပယ်ဖျက်၍ ငွေပြန်အမ်းရန် လူလွှတ်လိုက်ခြင်း ဖြစ်သည်။
စာကြည့်တိုက်အတွင်းရှိ သုံးဦးလုံးက တစ်ပြိုင်နက်တည်း ခေါင်းမော့လိုက်ပြီး အုပ်ချုပ်ရေးမှူးအား ကြည့်ကာ - "ငွေပြန်မအမ်းနဲ့!" ဟု အော်လိုက်ကြတော့သည်။
အုပ်ချုပ်ရေးမှူးမှာ ထိတ်လန့်သွားကာ "ဟုတ်... ဟုတ်ကဲ့၊ အခုပဲ သွားပြောလိုက်ပါ့မယ်"
"နေဦး..." ချူအဘိုးအိုက လက်ကာပြကာ "သူ့ကို သွားပြောလိုက်၊ အခု စစ်ဖြစ်နေပြီဆိုတော့ ကျားစခ်က ညီနောင်တွေလည်း နယ်စပ်မှာ တိုင်းပြည်အတွက် အသက်ပေးနေကြတာပဲ၊ ငါတို့ နန်ချီတစ်ခုလုံးက စိတ်ချင်း တစ်ထပ်တည်းပါပဲလို့။ မှာထားတဲ့ ကုန်ပစ္စည်းတွေကို မပယ်ဖျက်ဘူး၊ ဒါပေမဲ့ ငွေကိုတော့ အကုန်ပြန်အမ်းပေးမယ်။ ဒီကုန်ပစ္စည်းတွေကို ငါတို့ ချူမိသားစုက လက်ဆောင်အနေနဲ့ ပေးလိုက်မယ်လို့။ အဲဒီကုန်သည်ကို သူ့ဆီပြန်ပြီး သတင်းပို့ခိုင်းလိုက်၊ တစ်ရက်ရက်ကျရင် ငါတို့ လူလွှတ်ပြီး ပို့ပေးမယ်လို့ ပြောလိုက်"
အုပ်ချုပ်ရေးမှူး ကြောင်သွားရသည်။ ၎င်းမှာ ငွေပမာဏ နည်းနည်းနောနော မဟုတ်ပေ။ သို့သော် သခင်ကြီး သုံးဦးလုံးက အလေးအနက် ပြောနေခြင်းဖြစ်သဖြင့် အံ့သြစွာဖြင့်ပင် ထွက်သွားတော့သည်။ ချူမိသားစုသည် ဤနှစ်များအတွင်း အလှူအတန်းများ များစွာ လုပ်ဆောင်ခဲ့သဖြင့် ယခု တိုင်းပြည် ဘေးဒုက္ခရောက်ချိန်တွင် ဤသို့လုပ်ဆောင်ခြင်းမှာ အဓိပ္ပာယ်ရှိလှသည်။
ထိုသတင်းကို ကြားရသော ကျားစခ်ကုန်သည်မှာလည်း အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ နောက်ဆုံးတွင် သူက မူလဈေးနှုန်း၏ တစ်ဝက်ကိုသာ ပြန်ယူရန် ဆုံးဖြတ်ခဲ့သည်။
ထိုကုန်သည် ထွက်သွားသည်နှင့် ချူအဘိုးအိုက သားဖြစ်သူကို ညွှန်ကြားတော့သည်။
"ဒီတစ်ခါ လက်ဖက်ရည် ပို့တဲ့အခါမှာ မင်း ယုံကြည်စိတ်ချရတဲ့ လူအချို့ကို ရှာလိုက်၊ ကုန်တင်လှည်းတွေရဲ့ အပေါ်မှာ လက်ဖက်ရည်နဲ့ အိုးတွေကို တင်ထားပြီး အောက်ဘက်မှာတော့ ဆန်နဲ့ ရိက္ခာတွေကို ဝှက်ထားလိုက်။ ကျားစခ်ကို ရောက်တာနဲ့ အဲဒီကနေတစ်ဆင့် လင်ကျိုးက ယဲ့ကျယ်ဆီကို လျှို့ဝှက် ပို့ခိုင်းလိုက်"
ချူရှို့ဝမ်ကလည်း ဤနည်းလမ်းကို သဘောကျသဖြင့် ချက်ချင်းပင် စီစဉ်တော့သည်။ ချူယွမ်ဟုန်မှာမူ အဘိုးဖြစ်သူနှင့် စကားဆက်ပြောပြီးမှ ထွက်ခွာခဲ့သည်။ ယခုအခါ မြေးကြီးဖြစ်သူ ချူယွမ်ဟွိုင်မှာ လန်ကျိုးဒေသတွင် အမှုထမ်းနေသဖြင့် နန်းတွင်းသတင်းများကိုမူ ဒုတိယမြေး ချူယွမ်ဟုန်ကသာ စုံစမ်းပေးရသည်။
ယဲ့ယွင် ကိုယ်ဝန်ရှိနေသဖြင့် ချူမိသားစုက အရာရာကို ကြိုတင်ပြင်ဆင်ထားကြခြင်း ဖြစ်၏။ အကယ်၍ သားတော်မွေးလာခဲ့လျှင် အပြိုင်အဆိုင်များ ရှိလာမည်မှာ သေချာသည်။ ပြဿနာမရှာသည့်တိုင်အောင် သူမတို့ သားအမိနှစ်ယောက် ဘဝတစ်လျှောက်လုံး ဘေးကင်းစေရန် သူတို့ ကာကွယ်ရပေလိမ့်မည်။ ချူမိသားစုမှာ အလွန်ပင် အမြော်အမြင်ရှိကြသည်။ ယဲ့ယွင်နှင့် သူတို့မှာ သွေးသားရင်းချာများဖြစ်ရာ 'ဂုဏ်တက်ရင် အတူတူ၊ ပျက်စီးရင် အတူတူ' ပင် ဖြစ်သည်။
အစီအစဉ်များ ချမှတ်ပြီးနောက် နန်းတွင်းရှိ ယဲ့ယွင်ထံသို့လည်း စကားပါးလိုက်သည်။ ဤ လျှို့ဝှက်စွာ စီစဉ်ခြင်းနည်းလမ်းကို ယဲ့ယွင်လည်း အလွန်သဘောကျသွားသည်။ အရေးကြီးသော အချိန်တွင် အရန်ရိက္ခာ ရှိနေခြင်းက ပို၍ စိတ်ချရသည်မဟုတ်လား။
စစ်ပွဲကြောင့် နန်းပြင်တွင် တင်းမာနေသလို နန်းတွင်းတွင်လည်း ထို့အတူပင် ဖြစ်သည်။ နန်ချီ၏ ဘဏ္ဍာတိုက်မှာ ကြွယ်ဝသော်လည်း စစ်တိုက်ရာတွင် ငွေစင်မှာ များလေ ကောင်းလေဖြစ်ရာ မိဖုရားခေါင်ကြီး ဦးဆောင်မှုဖြင့် အဆောင်တိုင်း၏ အသုံးစရိတ်ကို ၄၀ ရာခိုင်နှုန်း လျှော့ချလိုက်သည်။ ၎င်းမှာ ငွေအများကြီး မထွက်သော်လည်း နန်းတွင်းအမျိုးသမီးများ၏ တိုင်းပြည်အပေါ် ထားရှိသော စေတနာနှင့် သဘောထားကို ဖော်ပြခြင်း ဖြစ်သည်။
သို့သော်လည်း ဤသို့ လျှော့ချခြင်းမှာ ကိုယ်ဝန်ဆောင်နှစ်ဦး၏ အပေါ်သို့တော့ သက်ရောက်မှု မရှိပေ။ ယဲ့ယွင်နှင့် ယောင်ရှန်းတို့မှာ အရေးကြီးဆုံးအချိန် ရောက်နေသဖြင့် ၎င်းတို့ကိုမူ မလျှော့ချဝံ့ကြပေ။
တစ်ချိန်တည်းမှာပင် ပရှေ့နန်းဆောင်မှလည်း လင်ကျိုးနှင့် ကျားစခ်နယ်မြေသို့ စစ်ကူများ စေလွှတ်ရန် အမြန်ဆုံး ညွှန်ကြားလိုက်သည်။ စစ်သည်အင်အား အများကြီး မလိုသေးသော်လည်း စစ်သေနာပတိများကို စေလွှတ်ခြင်းမှာ ဧကရာဇ်၏ ထောက်ခံအားပေးမှုကို ပြသခြင်းပင်။ ထိုစေလွှတ်ခံရသူများထဲတွင် ယောင်ရှန်း၏ အစ်ကို ယောင်ရှု လည်း ပါဝင်သည်။
၄လပိုင်း ၂၅ ရက်နေ့တွင် လျောင်နိုင်ငံသားများသည် ပထမဆုံးအကြိမ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီးနောက် နန်ချီနိုင်ငံသို့ အကြီးအကျယ် ကျူးကျော်လာခဲ့ကြသည်။ စစ်မြေပြင်မှာ အလွန်ကျယ်ပြန့်လှသည်။ လျောင်နိုင်ငံသားများသည် မြင်းစီးကျွမ်းကျင်ကြသလို လှံရှည်နှင့် ဓားကောက်များကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြသည်။
တရားဝင် တိုက်ခိုက်ကြသည့်အခါ ကျားစခ်နယ်မြေမှာ လျောင်နိုင်ငံနှင့် စစ်ဗျူဟာချင်း တူညီသဖြင့် ရင်ဘောင်တန်းနိုင်သော်လည်း လင်ကျိုးမှာမူ အနည်းငယ် ပင်ပန်းနေရသည်။ ခြေလျင်တပ်နှင့် မြင်းတပ် ယှဉ်ပြိုင်ရာတွင် မြင်းတပ်က ပို၍ အားသာနေခဲ့သည်။ နန်ချီသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ရာ နွားအလွန်များသော်လည်း မြင်းမှာမူ ရှားပါးလှသည်။ စစ်မြင်းများကို ကျားစခ်နယ်မြေမှသာ ရရှိလေ့ရှိပြီး အရေအတွက်နှင့် အရည်အသွေးမှာ လျောင်နိုင်ငံ၏ စစ်မြင်းများကို မမီကြပေ။
ယဲ့ကျယ်သည် အတွေ့အကြုံ နည်းပါးသော်လည်း သူ၏ စရိုက်မှာ တည်ငြိမ်ရင့်ကျက်သဖြင့် အခြေအနေ မသေချာလျှင် မြို့ရိုးပေါ်ကနေသာ ခံစစ်ပြင်ပြီး ရန်သူကို အလွယ်တကူ ထွက်မတိုက်ပေ။ သို့သော် အခြားတစ်ဖက်ရှိ စစ်သူကြီးရှင်း ဘက်တွင်မူ ပြဿနာ တက်တော့သည်။
သူသည် ဝါရင့်စစ်သူကြီးဖြစ်ပြီး အရင်က အောင်ပွဲများ ရရှိခဲ့ဖူးသော်လည်း ငါးနှစ်၊ ခြောက်နှစ်ခန့် အေးချမ်းနေခဲ့ခြင်းက သူ့ကို ပေါ့ဆသွားစေခဲ့သည်။ သူသည် တပ်ကို ဦးဆောင်ကာ မြို့ပြင်သို့ ထွက်တိုက်ခဲ့ပြီး ရန်သူကို အသည်းအသန် လိုက်လံတိုက်ခိုက်စဉ် ရန်သူ၏ ထောင်ချောက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ဒုတိယစစ်သူကြီးက အသက်စွန့် ကာကွယ်ပေးခဲ့ခြင်းကြောင့်သာ အပြင်မှာ သေဆုံးမသွားခဲ့ခြင်း ဖြစ်သည်။
ဤတိုက်ပွဲတွင် စစ်သူကြီးရှင်းဘက်မှ စစ်သည် ၃,၀၀၀ ခန့် ဆုံးရှုံးခဲ့ရာ လင်ကျိုးတစ်ခုလုံးအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ ခေါ်ဆောင်သွားသော စစ်သည် ၅,၀၀၀ မှာ အဆင့်မြင့် မြင်းတပ်သားများ ဖြစ်နေသောကြောင့်ပင်။
ထိုသတင်းမှာ မြို့တော်သို့ ရောက်ရှိလာသောအခါ ယဲ့ကျယ်၏ အောင်ပွဲသတင်းကြောင့် ပျော်ရွှင်နေမှုများမှာ ပျောက်ကွယ်သွားရတော့သည်။ နင်ချန်သည် စိတ်ပူလွန်းသဖြင့် မိမိကိုယ်ကို စာကြည့်တိုက်ထဲတွင် ပိတ်ထားကာ မည်သူ့ကိုမျှ မတွေ့တော့ပေ။
နောက်ဆုံးတွင် သူသည် အမိန့်တော် တစ်စောင် ထုတ်ပြန်လိုက်သည်။ ရှူးဖေး၏ ဖခင်ဖြစ်သူ ယွိကျိုးဒေသ စစ်သေနာပတိ ယန်ပင်း အား စစ်သည် တစ်သောင်းနှင့်အတူ စစ်ကူလွှတ်ရန်နှင့် ယွိကျိုးမှာပင် ရှိနေသော ဟိုချိုက်ရန်၏ အစ်ကို ဟိုဖျင်ပေ စစ်သူကြီးအား စစ်သည် တစ်သောင်းနှင့်အတူ ယဲ့ကျယ်ထံသို့ စစ်ကူသွားရန် ညွှန်ကြားလိုက်တော့သည်။
***