လက်ရှိတွင် လင်ကျိုးဘက်၌ စစ်သူကြီးလု၏ လက်ထဲတွင် စစ်သည်အင်အား အများဆုံးဖြစ်သော ၁၂၀,၀၀၀ ရှိနေသဖြင့် လောလောဆယ် စစ်ကူမလိုသေးပေ။ ရှေ့တန်းတွင် စစ်ပွဲက အသည်းအသန် ဖြစ်ပွားနေသဖြင့် နင်ချန်မှာ နန်းတွင်းကိစ္စများကို လှည့်မကြည့်နိုင်တော့ပေ။ ၅လပိုင်းထဲသို့ ရောက်သည့်တိုင်အောင် သူသည် အနောက်နန်းဆောင်သို့ တစ်ခါမျှ မကြွနိုင်ခဲ့သလို အစေခံတစ်ဦးကိုမျှပင် လွှတ်၍ အခြေအနေ မကြည့်နိုင်ခဲ့ပေ။
၅လပိုင်း ၈ ရက်နေ့တွင် မြို့တော်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ညအထိ မရပ်မနား ရွာနေတော့သည်။ ညစာ စားချိန်တွင် ဝေ့ရွယ်အဆောင်မှ ယောင်ရှန်း ဗိုက်နာပြီး ကလေးမွေးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရောက်လာခဲ့သည်။
မိုးသည်းထန်နေသော်လည်း မိဖုရားခေါင်ကြီးအနေဖြင့် ကိုယ်တိုင်သွားရောက်၍ ကြီးကြပ်ပေးရန် တာဝန်ရှိသောကြောင့်အလျင်အမြန်ပြင်ဆင်ရတော့သည်။ နငချန်မှာမူ အရှေ့နန်းဆောင်မှ အလုပ်များကြောင့် လုံးဝ ထွက်မလာနိုင်ဘဲ ဝန်ကြီးများနှင့်အတူ စာကြည့်တိုက်တွင် ဆွေးနွေးနေဆဲပင် ဖြစ်၏။ သူသည် အစေခံတစ်ဦးကိုသာ စေလွှတ်၍ သတင်းမေးခိုင်းနိုင်ခဲ့သည်။ မိဖုရားခေါင်ကြီး ကိုယ်တိုင် ရှိနေသဖြင့် သူလည်း စိတ်အေးရသည်ဟု သဘောထားလိုက်သည်။
ယောင်ရှန်း ကလေးမွေးတော့မည်ဟူသော သတင်းကြောင့် ယဲ့ယွင်လည်း ထိတ်လန့်သွားရသည်။ အရင်က မကြောက်ဘူးဟု ဆိုခဲ့သော်လည်း တကယ့်ကို မွေးဖွားရမည့်အချိန် ရောက်လာသည့်အခါ၊ ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်သည့်အခါ မည်သူက မကြောက်ဘဲ နေနိုင်ပါမည်နည်း။ သူမသည် သေချာစဉ်းစားပြီးနောက် ပိုင်ရှု အား ကျိုချန်နန်းဆောင်သို့ လွှတ်လိုက်သည်။
ယောင်ရှန်း၏ သန္ဓေသားအနေအထားမှာ အနည်းငယ် လွဲချော်နေသဖြင့် မွေးဖွားရသည်မှာ အလွန်ပင် ခက်ခဲနေသည်။ အပြင်ဘက်တွင်လည်း မိုးသည်းထန်နေသဖြင့် အငွေ့အသက်မှာ ပို၍ တင်းမာနေတော့သည်။ ကိုယ်လုပ်တော်အမျိုးမျိုးမှာ အခန်းပြည့် ရောက်ရှိနေကြပြီး အချို့မှာ မိုးရေထဲ လာခဲ့ရသဖြင့် အဝတ်အစားများပင် စိုရွှဲနေကြသည်။ ကျင်းသယ့်ဖေးကသာ ဦးဆောင်၍ မီးဖိုများ ပြင်ဆင်ပေးကာ အားလုံးကို အနွေးဓာတ်ပေးထားရသည်။
"ဖန်းကျယ်ယွီကတော့ တကယ်ပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာပဲ၊ ဒီလိုအချိန်၊ ဒီလိုရာသီဥတုမျိုးမှာမှ မွေးရတယ်လို့" ရှူးဖေးက မကျေမနပ် ဆိုသည်။
သယ့်ဖေးကလည်း စိုးရိမ်တကြီးဖြင့် "ဒါပေါ့... အခု ကျောက်ချွန်းနန်းဆောင်က မင်ရှိုးယွမ်လည်း မွေးခါနီးဖြစ်နေပြီ၊ တော်သေးတာပေါ့ နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း မဖြစ်လို့၊ မဟုတ်ရင် ဘယ်လိုလုပ် အကုန်လုံးကို ဂရုစိုက်နိုင်ပါ့မလဲ။”
ထိုစကားကို ကြားသောအခါ မိဖုရားခေါင်ကြီး လက်ဖက်ရည်သောက်နေသော လက်မှာ ခဏတာ တုန့်ဆိုင်းသွားသည်။ ဟွေ့ရွှင်ရီကမူ ရိုးရိုးသားသားပြောလိုက်သည်။
“မင်ရှိုးယွမ်ရဲ့ ကိုယ်ဝန်က ဖန်းကျယ်ယွီထက် နှစ်ပတ်လောက် နောက်ကျသေးတယ်လေ၊ ဒီအချိန်မှာတော့ မဖြစ်နိုင်ပါဘူး၊ ဘယ်လိုလုပ် ဒီလောက်အထိ တိုက်ဆိုင်ပါ့မလဲ"
မိဖုရားခေါင်ကြီး ခေါင်းငြိမ့်ပြကာ ထောက်ခံသလိုပြန်ဖြေလိုက်သည်။
"မင်ရှိုးယွမ်နဲ့ ဖန်းကျယ်ယွီတို့က ကံကောင်းတဲ့သူတွေပါ၊ ကောင်းကင်က စောင့်ရှောက်မှာပါ၊ မင်းတို့လည်း အများကြီး စိတ်မပူကြပါနဲ့၊ ဘာမှမဖြစ်ပါဘူး"
သူမသည် ခေတ္တရပ်ကာ ဘေးနားရှိ အစေခံအား ချက်ချင်းမှာကြားလိုက်သည်။
"စုချင်... မင်း ကျိုချန်နန်းဆောင်ကို အရှင်မင်းကြီး အလုပ်တွေ ပြီးပြီလားဆိုတာတစ်ခေါက် ထပ်သွားကြည့်လိုက်ဦး။ ပြီးတော့ ပန်ကုန်း ကိုယ်စား ကျောက်ချွန်းနန်းဆောင်ကိုပါ သွားပြီး မင်ရှိုးယွမ်ကို ကြည့်ပေးလိုက်ပါဦး၊ သူ တစ်ယောက်တည်းဆိုတော့ လန့်နေမှာ စိုးလို့"
အမိန့်နာခံလျက် စုချင်သည် ထီးကိုဆောင်းကာ မှောင်မည်းနေသော မိုးရေထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
....
အခြားတစ်ဖက်တွင်မူ ပိုင်ရှုသည် ကျိုချန်နန်းဆောင် အပြင်ဘက်တွင် စောင့်နေရသည်မှာ တစ်နာရီနီးပါး ရှိနေပြီ ဖြစ်သည်။ နောက်ဆုံးတွင် တံခါးပွင့်လာပြီး ဝန်ကြီး ခုနစ်ဦး၊ ရှစ်ဦးခန့် ထွက်လာကြရာ ယွမ်ကျိုက လိုက်လံပို့ဆောင်ပေးသည်။ ယွမ်ကျိုသည် ပိုင်ရှုကို တွေ့သောအခါ လာရင်းအကြောင်းကို မေးမြန်းလေသည်။
ပိုင်ရှုက အကျိုးအကြောင်း ရှင်းပြရာ - "ဒီကိစ္စကတော့ ငါကိုယ်တိုင် ဆုံးဖြတ်လို့မရဘူး၊ မင်း အထဲဝင်ပြီး အရှင်မင်းကြီးကိုပဲ တိုက်ရိုက်လျှောက်တင်လိုက်ပါ"
ထိုသို့ပြောကာ ယွမ်ကျိုက ခွင့်ပြုလိုက်သည်။
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ကုန်းကုန်း"
ပိုင်ရှု လက်အုပ်ချီ နှုတ်ဆက်ကာ အထဲသို့ ဝင်ခဲ့သည်။
နင်ချန်သည် အဝတ်အစားလဲကာ ဝေ့ရွယ်အဆောင်သို့ သွားရန် ပြင်နေစဉ် ပိုင်ရှုကို တွေ့လိုက်ရသဖြင့် မျက်နှာမှာ ပို၍ တင်းမာသွားတော့သည်။
"ဘာလို့ ဒီအချိန်ကြီး ရောက်လာတာလဲ၊ မင်ရှိုးယွမ် တစ်ခုခု ဖြစ်လို့လား?"
ပိုင်ရှု အမြန်ဒူးထောက် လျှောက်တင်သည်။
"အရှင်မင်းကြီး စိတ်အေးအေးထားပါ၊ ရှိုးယွမ်က လောလောဆယ် ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ ကိစ္စတစ်ခုအတွက် အရှင်မင်းကြီးဆီမှာ ခွင့်တောင်းချင်လို့ ကျွန်တော်မျိုးကို စေလွှတ်လိုက်တာပါ"
"ပြောစမ်း..."
ပိုင်ရှုကနဂါး၏အရှိန်အဝါကိုအနည်းငယ်ကြောက်လန့်သော်ငြားမိမိ၏သခင်မကိုသတိရသောအခါ ကြောက်စိတ်ကိုချုပ်တည်းကာတင်ပြလိုက်သည်။
“ကျွန်တော်မျိုးတို့ ရှိုးယွမ်က သူမ ကလေးမွေးတဲ့အခါ အပြင်က ယဲ့မိသားစု ပြင်ဆင်ထားတဲ့ ဝမ်းဆွဲမားမားတွေကို နန်းတွင်းထဲ ခေါ်ယူအသုံးပြုခွင့်ပေးဖို့ အရှင်မင်းကြီးဆီမှာ အသနားခံလိုက်ပါတယ်"
"နန်းတွင်းက လူတွေကို အစကတည်းက ပြင်ဆင်ထားပြီးသား မဟုတ်လား?"
နင်ချန်က ထူးဆန်းစွာ မေးလိုက်သည်။
မိမိ၏ မိသားစုဘက်မှ အစေခံများကို အသုံးပြုလေ့ရှိသော်လည်း ပုံမှန်အားဖြင့် ကြိုတင်လျှောက်တင်ထားရပြီး မွေးခါနီးအချိန်မှသာ ခေါ်ယူရခြင်း ဖြစ်သည်။ ယဲ့ယွင်က အစောကြီးကတည်းက မပြောခဲ့ဘဲ မိဖုရားခေါင်ကြီး စီစဉ်ထားသော လူများကိုသာ လက်ခံထားခဲ့သည်။
ဧကရာဇ်အားလိမ်ညာလို့မရသဖြင့်ပိုင်ရှုက ဦးတိုက်ကာ အမှန်အတိုင်း လျှောက်တင်
လိုက်သည်။
"ရှိုးယွမ် ပြောတာကတော့... သူ့ရဲ့ အသက်ကို အရှင်မင်းကြီးနဲ့ သူ့ရဲ့ မိခင်
လက်ထဲမှာပဲ ပုံအပ်ချင်တာပါတဲ့။”
ဤစကား၏ အဓိပ္ပာယ်မှာ ရှင်းလှသည်။ ယဲ့ယွင်သည် မိဖုရားခေါင်ကြီး စီစဉ်ထားသော လူများကို မယုံကြည်ပေ။ ထို့ကြောင့် သူမသည် အစကတည်းက နန်းတွင်းက ဝမ်းဆွဲသည်များကို အသုံးပြုရန် အစီအစဉ် မရှိဘဲ မိမိလူများကိုသာ လျှို့ဝှက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
နင်ချန်သည် ယဲ့ယွင်က မိမိကိုပါ ဖုံးကွယ်ထားခဲ့သဖြင့် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်သည်။ "သူ့မှာ အစီအစဉ်ရှိတယ်ဆိုရင်လည်း ခေါ်လိုက်ပါ"
"ရှိုးယွမ်ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်!" ပိုင်ရှု နောက်တစ်ကြိမ် ဦးတိုက်လိုက်သည်။
ဤကိစ္စကို နှောင့်နှေးခြင်းမရှိစေဘဲ ထိုညမှာပင် လူလွှတ်၍ ခေါ်ယူစေတော့သည်။ နင်ချန်သည် စိတ်ထဲတွင် မတင်မကျဖြစ်နေသော်လည်း ဝေ့ရွယ်အဆောင်တွင် ယောင်ရှန်းက မွေးဖွားနေပြီဖြစ်ရာ အခြားအရာများကို စဉ်းစားမနေတော့ဘဲ အမြန်ပင် ထွက်လာခဲ့သည်။ လမ်းတွင် အရှင်မင်းကြီးကို လာပင့်သော စုချင်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့သည်။
"မိုးသည်းနေတော့ လမ်းလျှောက်ရတာ ခက်ခဲမှာပဲ၊ အရှင်မင်းကြီးရဲ့ အင်္ကျီတွေတောင် စိုကုန်ပြီ၊ မြန်မြန် သုတ်လိုက်ပါဦး"
မိဖုရားခေါင်ကြီးက ဂရုတစိုက်ဆိုပြီးနောက် ဘေးကို ကြည့်ကာ သဘောတရားပြည့်ဝသောဇနီးသည်ကဲ့သို့ဟန်ဆောင်တော့သည်။
"စုချင်... မင်းလည်း မိုးထဲရေထဲ သွားရတာ အဝတ်တွေ စိုရွှဲနေပြီပဲ၊ လမ်းမှာ ဘာမှမဖြစ်ဘူး မဟုတ်လား။”
"ကျေးဇူးတင်ပါတယ် မိဖုရားခေါင်ကြီး၊ ကျွန်တော်မျိုးမ ဘာမှမဖြစ်ပါဘူး၊ မင်ရှိုးယွမ်ဆီလည်း သွားကြည့်ခဲ့ပါတယ်၊ သူမ လဲလျောင်းပြီး နားနေပါပြီ၊ ဘာပြဿနာမှ မရှိပါဘူး။”
ထို့သတင်းကြောင့်မိဖုရားခေါင်ကြီး ခေါင်းငြိမ့်ပြကာ ဘာမှ ထပ်မပြောတော့ပေ။ နင်
ချန်က ရောက်ရောက်ချင်းပင်သမားတော်ကို ခေါ်၍ အခြေအနေ မေးမြန်းတော့သည်။
သမားတော်သည် သန္ဓေသားအနေအထား အနည်းငယ် လွဲနေသဖြင့် မွေးရခက်နေကြောင်း၊ ဝမ်းဆွဲမားမားများက နှိပ်နယ်၍ အနေအထား ပြန်လည် ပြင်ဆင်ပေးနေကြောင်း လျှောက်တင်ခဲ့သည်။ အနေအထား မှန်သွားမှသာ ကလေးကိုချောမောစွာ မွေးဖွားနိုင်ပေလိမ့်မည်။
ဤကဲ့သို့သော နာကျင်မှုကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း မဟုတ်သော်လည်း အထဲရှိ ယောင်ရှန်းမှာမူ မအောင့်နိုင်ဘဲ အသည်းအသန် အော်ဟစ် ညည်းတွားနေတော့သည်။ ယခင်ဘဝကလည်း သူမသည် ဤကဲ့သို့ပင် အနေအထားမမှန်သဖြင့် ခက်ခဲခဲ့ဖူးသည်။ သို့သော် သားတော်လေးကို မွေးဖွားနိုင်မည်ဆိုလျှင် ဤနာကျင်မှုအားလုံးက ထိုက်တန်လှသည်ဟု သူမ တွေးနေမိသည်။
ကျောက်ချွန်းနန်းဆောင်။
ယဲ့ယွင်သည် လဲလျောင်းနေသော်လည်း အိပ်မပျော်နိုင်ဘဲ ရှိနေသည်။ သူမ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ ယနေ့ညတွင် နန်ကျစ်က အစောင့်အဖြစ် တာဝန်ကျသဖြင့် သူမ၏ ခြေရင်းတွင် ထိုင်ကာ စကားပြောပေးနေသည်။
"ရှိုးယွမ်... သိပ်မကြောက်ပါနဲ့၊ လျန်မားမား ပြောတာတော့ ရှိုးယွမ်ရဲ့ သန္ဓေသားက ကျန်းမာသလို အနေအထားလည်း မှန်တယ်တဲ့၊ ဖန်းကျယ်ယွီလို ခက်ခဲမှာ မဟုတ်ပါဘူး။ အချို့ဆိုရင် မွေးရတာ အရမ်းလွယ်တယ်လေ၊ နာရီဝက်တောင် မကြာဘဲ မွေးပြီးသွားတာမျိုးတွေ ရှိပါတယ်"
နန်ကျစ်က မိမိသခင်မလေးအား ချော့မော့ပြောနေတောါသည်။
"အပြောကတော့ လွယ်ပါတယ်၊ ဒါပေမဲ့ တကယ်တမ်း မွေးရတော့မယ်ဆိုတော့လည်း ကြောက်တာပေါ့။”
ယဲ့ယွင် သက်ပြင်းချလိုက်သည်။
သူမသည် ကိုယ်ကို အသာလှုပ်ကာ ပက်လက်အနေအထားဖြင့် မွေးဖွားချိန်တွင် မည်သို့နေရမည်လဲဟု စမ်းသပ်ကြည့်နေမိသည်။ အပေါ်ရှိ ပန်းမျိုးစုံပုံဖော်ထားသော ခြင်ထောင်မျက်နှာကြက်ကို ကြည့်ရင်း သူမ ငေးငိုင်နေမိသည်။
ရုတ်တရက်... ခြင်ထောင်အပြင်ဘက်က ထုတ်တန်းပေါ်တွင် တစ်ခုခုရှိနေသလို ခံစားလိုက်ရသည်။ သူမ သေသေချာချာ ကြည့်ရန် ပြင်စဉ်မှာပင် အပေါ်မှ အနက်ရောင် အရိပ်တစ်ခု လေထဲကနေ ဗြုန်းခနဲ ပြုတ်ကျလာခဲ့သည်။
ဤတစ်ကြိမ်တွင် ယဲ့ယွင် သေသေချာချာ မြင်လိုက်ရသည်မှာ... အရှည်ကြီးဖြစ်သော မြွေနက် တစ်ကောင်ပင်။
နန်ကျစ်က ခေါင်းငုံ့နေသဖြင့် မမြင်သေးသလို အခန်းထဲတွင်လည်း မီးအိမ်တစ်လုံးသာ ထွန်းထားသဖြင့် မှောင်နေသည်။ ယဲ့ယွင်၏ မျက်စိသူငယ်အိမ်မှာ ပြူးကျယ်သွားကာ အသက်ရှူသံများ ပြင်းထန်လာတော့သည်။
"မြွေ... မြွေ! နန်ကျစ်... မြွေရှိတယ်!"
ယဲ့ယွင် ထိတ်လန့်တကြား အော်ဟစ်လိုက်ရင်း ထထိုင်ရန် ကြိုးစားလိုက်သည်။ နန်ကျစ်လည်း လန့်သွားကာ သူမအား အမြန်တွဲလိုက်သည်။
"ဘယ်မှာလဲ မြွေက... ရှိုးယွမ် မကြောက်ပါနဲ့၊ မကြောက်ပါနဲ့... ကျွန်တော်မျိုးမ ရှိပါတယ်"
ယဲ့ယွင်မှာ ရှော့ရသွားသဖြင့် မျက်နှာမှာ ဖြူလျော့နေပြီး တုန်ရီနေသော လက်ဖြင့် ခြင်ထောင်အပေါ်ကို ညွှန်ပြလိုက်သည်။ ခုနက ပြုတ်ကျလာသော မြွေသည် အောက်သို့ စတင်တွားဆင်းလာချေပြီ။
နန်ကျစ်လည်း ထိုမြွေကို မြင်သည်နှင့် အသည်းအသန် အော်တော့သည်။
"လူတွေ လာကြပါဦး! အခန်းထဲမှာ မြွေရှိတယ်! မြန်မြန်လာကြ! ရှိုးယွမ်ကို ကာကွယ်ကြပါဦး!"
သူမသည် အော်ဟစ်ရင်း ယဲ့ယွင်ကို ခုတင်ပေါ်ကနေ အမြန်တွဲချလိုက်သည်။ တံခါးဝတွင် စောင့်နေသော လုကျစ်နှင့် လုဟယ်တို့က မီးအိမ်များကိုင်ကာ အပြေးအလွှား ဝင်လာကြသည်။ အခန်းထဲတွင် လင်းထိန်သွားမှ မြွေမှာ တစ်ကောင်တည်း မဟုတ်မှန်း သိလိုက်ရတော့သည်။
ထုတ်တန်းပေါ်တွင် နောက်ထပ် မြွေကြီးတစ်ကောင် ပတ်ထားဆဲဖြစ်သလို ပြတင်းပေါက် ထောင့်တွင်လည်း မြွေနှစ်ကောင်က ခုတင်ရှိရာသို့ တွားလာနေကြချေပြီ။
***