“နင်းဂုတဆိုတာ ဘယ်လိုနေရာလဲ။အပြစ်သားတွေ နယ်နှင်ခံရတဲ့ ဖုန်းဆိုးမြေကြီး။ဘယ်သွားသွား ခြေထောက်အောက်မှာ အရိုးတွေသာ ပုံနေမယ်။မိုင်ရာကျော်လို့ သက်ရှိလူတစ်ယောက်မှ တွေ့မှာ မဟုတ်ဘူး။တစ်နှစ်လုံး သွေးခဲမတတ် အေးနေတာ။မြက်မပေါက် ဆန်မပေါက်နဲ့ ကြွက်တောင် အဲ့မှာ အသိုက်မဆောက်ချင်ဘူး။လူဆို ဝေးရော။နင်းဂုတ ပို့ခံရတဲ့သူတွေဆို မရောက်ခင် သတ်သေကြတာတဲ့။ရောက်သွားရင်တောင် တစ်နှစ်ခံတဲ့ လူ သိပ်ရှိတာ မဟုတ်ဘူး။”
“အောင်မလေး”
အားချိုး သက်ပြင်းချလိုက်မိသည်။ စိတ်ထဲတွင် သူမရဲ့ ကံဆိုးမှုကို အကြိမ်အနည်းငယ်မျှ တွေးမိနေသည်။
ကျားရှန် ၃၂ နှစ် သုံးလပိုင်း ၃ ရက်နေ့။
မြို့တော်၌။
မတ်လ သုံးရက်နေ့ ရက်ကောင်းရက်မြတ်တွင် ဘိုးဘေးများကို ကန်တော့ပြီးနောက် သွမ့်ရူလန်သည် သွမ့် အိမ်တော်မှ နင်းဂုတသို့ လှည်းပေါ်တွင် ထိုင်ငိုကာ လိုက်သွားခဲ့သည်။ အသင့်ပြင်ထားသော သတို့သမီး၏ကျက်သရေဝတ်စုံ မရှိသော်လည်း သခင်မသွမ့်၏ မင်္ဂလာဝတ်စုံ ရှိသေးသဖြင့် သူမကို ဝတ်ပေးလိုက်သည်။ အားချိုးလည်း အဝတ်သစ်များ ဝတ်ထားခဲ့သည်။ အနည်းငယ် ကြမ်းတမ်းသော်လည်း အရင်ကထက်မူ ကောင်းသေးသည်။
သွမ့်ရူလန် ကို နင်းဂုတသို့ ပို့ဆောင်ပေးသူများမှာ တော်ဝင်သစ်တပ်မှ နှစ်ယောက်ဖြစ်ပြီး တစ်ယောက်မှ မျက်နှာဖြူ၍ ကျန်သူမှာ ညိုပေသည်။သွမ့်ဖေးဟုန်သည် စုထားသော ငွေရွက်တစ်ဒါဇင်ကို သူတို့အားပေး၍ လမ်းခရီးတွင် သူ့သမီးကို ဂရုစိုက်ရန် အကြိမ်ကြိမ်မှာ လိုက်သည်။
မျက်နှာဖြူအစောင့်သည် ပေးငွေကို လက်ခံကာ သူတို့ကို ဟန်မပျက်ကြည့်လျက် မျက်နှာညိုအစောင့်နှင့်အတူ လှည်းထဲဝင်လိုက်ပြီး ကြိမ်တစ်ချက် ခတ်လိုက်ရာ လှည်းသည်မြို့တံခါးသို့ ဦးတည်ထွက်သွားတော့သည်။
သွမ့်ရူလန်သည် လှည်းထဲတွင် ငိုနေပြီး အားချိုးလည်း သူများကို မချော့တတ်သဖြင့် သူ့အဝတ်ထဲမှ လက်ကိုင်ပုဝါအားထုတ်ကာ သူမကို တိတ်တဆိတ် ထိုးပေးလိုက်လေသည်။ သို့သော် ငိုသံမှာ ပို၍ပင် ကျယ်လာခဲ့သည်။အပြင်ဘက်မှ အစောင့်မှာ စိတ်ရှုပ်သဖြင့် လှည်းကို အော်ဟစ်ကျိန်ဆဲနေတော့သည်။သွမ့်ရူလန် ရုတ်တရက် ထိတ်လန့်သွားပြီး သူမပါးစပ်ကို လက်ဖြင့် အုပ်လိုက်လေသည်။ ငိုသံတိုးသွားသော်လည်း ကြိုးပြတ်လည်ဆွဲမှ ပုလဲများအလား မျက်ရည်များ မပြတ်တမ်း ကျဆင်းနေသေးသည်။
သွမ့်ရူလန် ငိုနေချိန်တွင် အားချိုးသည် ကန့်လန့်ကာကိုဖွင့်ကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။အပြင်တွင် အားချိုး တစ်ခါမှ မမြင်ဖူးသော အရက်ဆိုင်၊စားသောက်ဆိုင်၊ဆိုင်းဘုတ်တောက်တောက်များ နှင့် ပွဲတော် မီးအိမ်နီကြိုးများကို မြင်နေရသည်။လေးနှစ်မှ ဆယ်ခြောက်နှစ်အထိ သူမမှာ အစေခံဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလာရသည်။နန်းတော်သည် သူမကို အပြင်လောကနှင့် အဆက်အသွယ် ပြတ်စေခဲ့ပေသည်။ ယခုတွင် သူမ နန်းတော်နံရံများမှ လွတ်လာပြီသော်လည်း ပြန်သွားချင်လာမိသည်။ ယခုသွားနေသော နေရာမှာ မြက်ပင်မပေါက်သော ဖုန်းဆိုးမြေကြီးဖြစ်သည်။
အားချိုး လမ်းဘေးမှ ဟောသီးချိုဆိုင်တန်းကို ကြည့်လိုက်သည်။ဆိုင်တန်းမှ ဟောသီးချိုများ၊အနီတောက်တောက်အသီးများ၊ အသီးချိုများ၏ ရနံ့ဆန်းတစ်မျိုးကို ရနေသည်။ထိုရနံ့များမှာ ဆွဲဆောင်မှုအားကောင်းလှသည်။ အားချိုး ထိုအသီးမျိုးကို မစားဖူးခဲ့ပေ။
သူမ အရုပ်ငယ်လေးများကို လည်း မလွတ်တမ်းကြည့်နေပြီး လှည်းမှ ကွေ့လိုက်သဖြင့် မမြင်ရတော့မှသာ ကန့်လန့်ကာကို ပိတ်လိုက်လေသည်။
သွမ့်ရူလန်မှာ ငိုနေသဖြင့် လူကျပ်နေသောလှည်းမှာ သူမ၏ ဝမ်းနည်းအားငယ်မှုများနှင့် ပြည့်ကျပ်လာကာ အားချိုးအတွက် အသက်ရှူရကျပ်လာတော့သည်။မြို့တော်မှ နင်းဂုတသို့ ရောက်ရန် နှစ်လလောက် ကြာမည်ဖြစ်သဖြင့် သူမ ထိုအချိန်ထိ မည်သို့ အသက်ရှင်ရမည်ကို အားချိုး တွေးနေမိသည်။
အားချိုးတို့ အုပ်စု ခရီးနှင်နေသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။သူမတို့ တုံးလျောင်သို့ ချင်းမင်းပွဲတော်ချိန်၌ ရောက်လာခဲ့သည်။သူတို့ ပေကျင်းမှ ထွက်လာချိန်တွင် နွေဦးဖြစ်သော်လည်း တုံးလျောင် ရောက်ချိန်တွင်တော့ ပေကျင်းထက် ပိုအေးနေလေသည်။အားချိုး အထုတ်ထဲမှ အဝတ်တစ်ခုကို ထုတ်ကာ သွမ့်ရူလန်ကို ခြုံပေးလိုက်သည်။ထို့နောက် စောင်ထုတ်တစ်ထည်ထုတ်ကာ သူမကိုယ်သူမ ပတ်လိုက်သည်။
သူတို့လူစု တည်းခိုခန်းတစ်ခုတွင် တည်းကာ အစောင့်နှစ်ယောက်အတွက် တစ်ခန်း။သွမ့်ရူလန်အတွက် နှင့် အားချိုးအတွက် တစ်ခန်း တောင်းလိုက်သည်။ တည်းခိုခန်းခမှာ စျေးမြင့်လွန်းလှသဖြင့် နှစ်ခန်းသာ တောင်းလိုက်ရခြင်းပေ။ သို့ရာတွင် သွမ့်ရူလန်မှာ ဘယ်သူနှင့်မှ တစ်ခန်းတည်းမနေချင်သလို အားချိုးလို အစေခံမလေးနှင့်ဆို ပို၍ပင် ဆိုးသေးသည်။
***