အစတွင် အစောင့်နှစ်ယောက်မှ သူမကို ကြိမ်းမောင်းကာ မျက်နှာညိုသူမှ လက်ပါရန် ပြင်လိုက်သော်လည်း သွမ့်ရူလန်မှ မကျေနပ်ဟန် ပြလိုက်သဖြင့် သူတို့မှာ အံ့အားသင့်စွာ မကျေမချမ်းဖြစ်သွားကြပြီး သူမကို အခန်းတစ်ခုနှင့် နေခွင့်ပေးလိုက်ရတော့သည်။
အားချိုးက ဧည့်သည်ခန်းတွင် နေချင်သော်လည်း သူမအား အစောင့်နှစ်ယောက်မှ တည်းခိုခန်းရှိ သစ်လှောင်ခန်းတွင် ထားချင်ခဲ့သည်။ ပုံမှန် တုံးလျောင်တွင် လူများလေ့ရှိသော်လည်း ယနေ့မှ ကံဆိုးစွာဖြင့် တုံးလျောင်မှ တည်းခိုခန်းအားလုံး လူပြည့်နေပြီး သစ်လှောင်အိမ်မှာလည်း လူရှိပြီးသားဖြစ်နေလေသည်။ အခန်းအနည်းငယ်သာကျန်တော့သဖြင့် အစောင့်နှစ်ယောက်မှ မတတ်နိုင်ဘဲ အားချိုးအတွက် တစ်ခန်း ငှားပေးလိုက်ရသည်။ ဤသည်မှာ အားချိုးအတွက် ပထမဆုံးအကြိမ် ဧည့်ဆောင်တွင် အိပ်ဖူးခြင်းပင်။ သွမ့်ရူလန်က သူမနှင့် ဘေးချင်းကပ်အခန်းတွင် ဖြစ်သည်။
အားချိုး ရေပူချိုးဖူးပြီဖြစ်ကာ အိပ်ရာပျော့ပေါ်တွင်လည်း အိပ်ရပြီဖြစ်သည်။ သူမ တွေးရင်း ကျေနပ်နေမိသည်။ဧည့်ဆောင်သို့ ရောက်သည်နှင့် အားချိုး ကုတင်ပေါ်တက်ကာ သုံးပတ်လှိမ့်လိုက်သည်။ အဆုံးတော့ သူမ အိပ်ရာထဲမှ မထွက်နိုင်တော့သဖြင့် ရေပူပင် မချိုးတော့ဘဲ အဝတ်အစားများနှင့် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့။
တံခါးခေါက်သံ ကျယ်ကျယ်ကြောင့် အားချိုး လန့်နိုးသွားကာ လူတစ်ယောက်၏ အသံဩဩကိုလည်း ကြားလိုက်ရသည်။သူမ အိပ်ရာမှ ခုန်ထကာ အဝတ်ပြင်ဝတ်၍ လက်ဖြင့် ခေါင်းကို သပ်လိုက်ပြီး အပြေးသွားကာ တံခါးဖွင့်လိုက်သည်။ ရှေ့တွင် ရပ်နေသူမှာ မျက်နှာညိုအစောင့်ဖြစ်ပြီး အရင်ကထက် ပိုမို မှုန်သုန်နေသည်။
“ဒီအစေခံက အမှားလုပ်မိပါတယ်။အမှားလုပ်မိပါတယ်။ အစောင့်ကြီး စိတ်အေးအေးထားပါ။ အစောင့်ကြီး မျက်နှာသစ်ဖို့ ရေကျိုပေးပါ့မယ်။”
အားချိုး သတ္တိမရှိသော အစေခံအလား ကိုယ်ကို ကိုင်းလိုက်သည်။သူမသည် အစေခံဖြစ်နေသူဖြစ်၍ အကျင့်ပါနေခြင်းဖြစ်သည်။သူမသည် တွေ့သူတိုင်း မည်မျှပင် အာဏာငယ်ငယ် စိတ်ထဲမှပင် သူတို့ကို မြှောက်ပင့်တတ်သည်။ ထို့အပြင် မျက်နှာညိုအစောင့်သည် မျက်နှာမည်းကာ သုန်မှုန်နေလေ့ရှိသော်လည်း အမြဲ တည်နေသော အစောင့်ထက် ပို၍ စိတ်ထားနွေးထွေးသည်ဟု အားချိုး ထင်မိသည်။
“ နင့်သခင်ကို အရင် သွားနှိုး။”
မျက်နှာညိုအစောင့်က စိတ်မရှည်ဟန် ရသည်။သူ လမ်းလျှောက်ကာ ထွက်သွားရင်း ကျိန်ဆဲသွားလေသည်။
“ဇာမဏီငှက် နိမ့်ကျရင် ကြက်လောက်တောင် သုံးစားမရဘူးတဲ့။ငါ့ရှေ့လာပြီး အထက်တန်းကျပြနေသေးတယ်။သူ့ကို အိပ်ရာထဖို့ သွားပြောရတာ အခါမနည်းတော့ဘူး။ဘဝင်မြင့်ချက်ပဲ။”
အားချိုး အခန်းထဲမှ ပြေးထွက်ကာ တံခါးခေါက်လိုက်သော်လည်း ပြန်ပြောသံ မကြားသဖြင့် သူမ မတတ်နိုင်ဘဲ အော်ခေါ်လိုက်ရသည်။
“ သခင်မလေး နိုးပါပြီလား။”
အချိန်ကြာမြင့်စွာ အော်ခေါ်နေသော်လည်း အခန်းတွင်းမှာ တိတ်ဆိတ်နေသေးသဖြင့် အားချိုး စိတ်မတင်မကျဖြစ်လာသည်။ သူမအသံ ပိုကျယ်လာကာ တံခါးကို ထုလိုက်သည်။
“ဘာဖြစ်နေတာတုန်း။ ဘယ်သူသေလို့လဲ။”
သူမ အသံများကို မခံနိုင်တော့သဖြင့် မျက်နှာညိုအစောင့် ထွက်လာလေသည်။
အားချိုး ထိတ်လန့်နေသဖြင့် အစောင့်ကို ပင် သူမ ကြောက်ရန် မေ့နေခဲ့သည်။ သူမ အစောင့်လက်ကို ကိုင်ကာ ပြောလိုက်သည်။
“ အစောင့်ကြီး။ တည်းခိုခန်းပိုင်ရှင်ကို ဒီအခန်း ဖွင့်ခိုင်းပေးပါလား။”
အစောင့်နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။သူတို့ကို သွမ့်ရူလန်အား နင်းဂုတသို့ ပို့ရန် တာဝန်ပေးထားခြင်းဖြစ်၍ သူမသာ တစ်ခုခုဖြစ်ပါက သူတို့ တာဝန်ယူရမည်ပင်။ ယခု သူတို့ အသက်ပါ အန္တရာယ်ရှိလာသဖြင့် ကြောက်လန့်နေကြသည်။
***