အားချိုးသည် ပေါင်းပင်များထဲတွင် သစ်သားအင်တုံတစ်ခုကို တွေ့ရှိခဲ့သည်။ ဒီနှစ်ရက်အတွင်း မိုးရွာထားတာကြောင့် အင်တုံက ညစ်ပတ်နေခဲ့သည်။ အင်တုံအတွင်းနှင့် အပြင်ဘက်တွင် ရွှံ့ရေများဖြင့် စွန်းထင်းနေပေသည်။ အားချိုးသည် အင်တုံကို ဆေးကြောပြီးနောက် ရေနွေး နှင့် ရေအေးကို ပေါင်းထည့်လိုက်သည်။ သူမ၏ ပတ်ပတ်လည်တွင် မျက်နှာသစ်စရာအဝတ်စကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူမ၏ သာမာန်အဝတ်စလေးကို ယူကာ အင်တုံ၏ အစွန်းပေါ်တွင် တင်လိုက်သည်။ လောလောဆယ် သူမက အင်တုံကို သယ်ရင်း ပင်မအခန်းထဲကို လျှောက်သွားကာ ဆေးကြောလိုက်သည်။
အားချိုးက အရမ်းစိတ်ပူနေခဲ့သည်။ သူမ၏အတိတ်အတွေ့အကြုံအရ၊ သခင်ဆိုသည်မှာ စိတ်ကြီးသူများပင်။ ထို့အပြင် ဤလူသည် တစ်ချိန်က ရတနာထောင်ပေါင်းများစွာပိုင်ဆိုင်ထားသော မင်းသားတစ်ဦးဖြစ်ခဲ့သဖြင့် သူ၏ စိတ်သည်ပို၍ ကြီးလိမ့်မည်ဖြစ်သည်။
တံခါးဝသို့ လျှောက်သွားပြီး အားချိုးက ညင်သာစွာ အော်ခေါ်သော်လည်း အချိန်အကြာကြီးအထိ တုံ့ပြန်မှု မရရှိခဲ့ပေ။ အားချိုး၏စိတ်နှလုံးမှာ ပို၍မသက်မသာဖြစ်လာပြီး သူမသည် အသံတိုးတိုးလေးဖြင့် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။
“သခင်လေး ကျွန်မက သခင်လေးကို အစေခံဖို့ မြို့တော်ကနေ လွှတ်လိုက်တဲ့ အစေခံပါ၊ ဝင်လာခဲ့လို့ရမလားရှင့်”
အားချိုးက မျက်မှောင်ကြုတ်ပြီး မနေ့ညက လောင်ကျန်း ပြောခဲ့တာကို အမှတ်တမဲ့ သတိရမိသည် ။
“ ဒီ မသန်စွမ်းအတွက် နေ့တိုင်း ဟင်းချက်ပေးနေတာကတင် လွန်လှပြီ၊ သူ့အတွက် အိမ်ကို သန့်ရှင်းရေးလုပ်မပေးနိုင်ပါဘူး။ ဟာ့ သူ့အခန်းထဲကို အဲ့အညစ်အကြေးအနံ့တွေကြောင့် ဝင်တောင်မဝင်ချင်ဘူး။”
အားချိုး၏ နှလုံးသားသည် ကမောက်ကမဖြစ်ပြီး ဆွံ့အသွားသည်။ အရှေ့နန်းတော်၏ အိမ်ရှေ့စံမင်းသားက ဒီနေရာမှာနေနေတာတဲ့လား။ အရှင်မင်းကြီးရဲ့ အကြီးဆုံးသားတော်ကလေ။
အားချိုးသည် အခန်း၏ အပြင်အဆင်ကို ကြည့်ရန် အတွေးများ ရှိမနေခဲ့ပေ။ အတွင်းခန်းတံခါးကို လှမ်းကြည့်ပြီး တည့်တည့်လျှောက်သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခါ လူတစ်ယောက်လုံး တောင့်တင်းသွားရသည်။
အပြင်ခန်းကတည်းက အနံ့က အရမ်းထောင်းနေပြီပင်။ အိပ်ဆောင်ထဲမှာဆို ဘယ်လိုမှသည်းမခံနိုင်လောက်ပေမယ့် အားချိုးထွက်မသွားနိုင်ပေ၊ ထွက်မသွားနိုင်ရုံတင်မက ဝင်ပါသွားရလိမ့်မည်။ အခန်းထဲမှာ လဲလျောင်းနေသူတစ်ယောက်၊ အသက်ရှင်နေတဲ့ လူတစ်ယောက်၊ သေသည်နှင့်သိပ်မခြားနားသော လူတစ်ယောက် ရှိနေသေးသည်။
အပြင်ဘက်တွင် ကောင်းကင်သည် ပွင့်နေသော တံခါးဝမှ တောက်ပနေသည်။ အားချိုးသည် ထိုနေရာမှ နံနက်ခင်းအလင်းရောင်ကို လှမ်းကြည့်လိုက်ပြီး သစ်သားအင်တုံကိုကိုင်ရင်း ဝင်လာသည်။ သူမ လျှောက်သွားသောအခါတွင် ကုတင်ပေါ်တွင် အမှန်တကယ် လဲလျောင်းနေသော လူတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသည်၊ ထိုလူအား မည်သို့ဖော်ပြရမည်ကို သူမ မသိပေ။
ထိုလူ၏မျက်နှာကို သူမ လုံးဝမမြင်ရပေ။ သူက ညစ်ပတ်ပြီး ရှုပ်ပွနေသည်။ သူ့ဆံပင်တွေက အရမ်းညစ်ပတ်ပြီး ရှုပ်ထွေးနေခဲ့ကာ မျက်နှာတစ်ဖက်ခြမ်းကို ဆံပင်များက ဖုံးကွယ်ထားသည်။ အားချိုး၏ မျက်လုံးများသည် ကွယ်နေသောဆံပင်များမှ အောက်ဘက်သို့ တရွေ့ရွေ့ရွေ့လျားသွားသည်။ ပိန်ပါးသေးသွယ်သော လက်မောင်းနှင့် လက်ချောင်းရှည်များကို သူမကြည့်လိုက်သည်။ ထိုလက်များသည် အရင်က ကြည့်ကောင်းနေခဲ့မည်မှာ သေချာသည်။ ယခုအချိန်တွင်တော့ လက်များသည် အလွန်ပါးလွှာပြီး အရေပြားသည်ပင် အနည်းငယ်ပျော့ပျောင်းကာ ဝါကျင့်ကျင့်အရောင်ဖြစ်နေသည်။ လက်သည်းများလည်း ရှည်ထွက်နေခဲ့သည်။ တစ်လက်မခန့်ရှည်နေသော်လည်း လက်သည်းများသည် အရောင်တောက်မနေဘဲ အစိမ်းရောင်လိုလို မီးခိုးရောင်လိုလို ဖြစ်နေသည်။ ထိုလက်များသည် အလှတရားမရှိဘဲ ကြည့်ရတာ ထူးဆန်းလှသည်။
အားချိုး ငုံ့မကြည့်ဝံ့ပေ။ သူမ ခုနက ဝင်လာတော့ ဒီလူရဲ့ခေါင်းကိုသာ သတိလက်လွတ်ကြည့်ခဲ့သည်။ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ သတ္တိရှိရှိ နှလုံးသားထဲက ဒုက္ခတွေကို မကျော်ဖြတ်နိုင်ပေ။
***