“သခင်လေး၊ ကျွန်မနာမည်က သွမ့်ရူလန်ပါ”
အားချိုးက ကုတင်ရှေ့မှာ သစ်သားအင်တုံကို ချထားချင်ခဲ့ပေမယ့် ခေါင်းငုံ့လိုက်ရာ မြေပြင်ဟာ ညစ်ညမ်းပြီး အညစ်အကြေး မျိုးစုံနဲ့ ဖုံးလွှမ်းနေခဲ့သည်။ အားချိုးသည် သူမခြေဖဝါးအောက်ရှိ မြေကြီးပင် ညစ်ပတ်နေသဖြင့် အင်တုံချရန်နေရာကို ရှာမတွေ့ခဲ့ပေ။ ထို့နောက် ခေါင်းငုံ့ကာ တစ်ချိန်လုံး တိတ်ဆိတ်နေသော ကုတင်ပေါ်ရှိလူကို ကြည့်လိုက်သည်။ အားချိုးက နေရခက်စွာ စိတ်မကောင်းဖြစ်သွားသည်။ ခေတ္တငြိမ်နေပြီးနောက် ရေဇလုံကို ကုတင်ပေါ်တင်ကာ အမျိုးသားဆီသို့ လျှောက်သွားပြီး အနည်းငယ် ကိုင်းချလိုက်သည်။
“သခင်လေး၊ အခုကစပြီး ကျွန်မ စောင့်ရှောက်ပေးပါ့မယ်”
ကုတင်ပေါ်ရှိလူ၏ ရင်ဘတ်မှ အသက်ရှုသော အနည်းငယ်လှုပ်ရှားမှုမှလွဲ၍ အားချိုးသည် သူ့တွင် လူ့အငွေ့အသက် အနည်းငယ်ကိုမှ ရှာမတွေ့ပေ။ အားချိုး လက်ကို ဆန့်တန်းကာ သူ့မျက်နှာပေါ်မှ ဆံပင်များကို ညင်သာစွာ သပ်ပြီးနောက် အံ့ဩသွားသည်။
အားချိုး ကျုံးမင်းဝေကို တစ်ကြိမ်တွေ့ဖူးခဲ့ဖူးသည်။ သူမသည် နန်းတော်ထဲတွင် အစေခံလုပ်ခဲ့သည်မှာ ၁၂ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ သူမက နိမ့်ကျပြီး အလုပ်ကြမ်းလုပ်ရသော အစေခံတစ်ဦးသာဖြစ်သော်လည်း မြင့်မြတ်သောလူများစွာကို တွေ့ဖူးပေသည်။ ကျုံးမင်းဝေကို အဝေးမှ တစ်ကြိမ်သာ မြင်ဖူးသော်လည်း သူ၏ အသွင်အပြင်ကို မေ့မရနိုင်ပေ။
နန်းတော်ရှိ အစေခံ မိန်းကလေးများသည် တစ်ခါတစ်ရံတွင် အလုပ်အားချိန် ဘယ်မင်းသားက ကြည့်အကောင်းဆုံးသလဲဟု တိတ်တိတ်လေး ပြောဆိုဆိုကြသည်။ တစ်ချို့က၊ ဒုတိယမင်းသား ကျုံးမင်းကော၊ တချို့က ကိုယ်လုပ်တော်ကျောက်မှမွေးသော တတိယမြောက်မင်းသား ကျုံးမင်းကျန်းဟူ၍ ငြင်းခုံကြသည်။ အားချိုးသည် ဤဆွေးနွေးပွဲများတွင် တစ်ခါမှ မပါဝင်ခဲ့သော်လည်း ကြည့်လို့ အကောင်းဆုံးမင်းသားမှာ ပထမမင်းသားဖြစ်သည် ဟု စိတ်ထဲတွင်ပြောခဲ့သည်။ ပထမမင်းသား၏ မျက်လုံးများသည် လူတိုင်း၏ စိတ်ဝိညာဉ်ကို ညို့ငင်နိုင်ပြီး ထိုကဲ့သို့မျက်လုံးများကို မက်မွန်ပွင့်မျက်လုံးလို့ ခေါ်ကြောင်း အားချိုးနောက်ပိုင်းတွင် သိရှိခဲ့သည်။
ဒီအချိန်မှာ သူမ ကြည့်အကောင်းဆုံးလို့ တွေးခဲ့တဲ့ မျက်နှာက အနီးဆုံးမှာ ရှိနေလေသည်။ အားချိုးသည် မျက်တောင်မခတ်ဘဲ သူ့မျက်နှာကို စိုက်ကြည့်နေမိသည်။ သူ၏ မျက်နှာက လက်တွေထက် ပိုဖြူဖျော့ပြီး ပိန်နေသည်။ သူ့မျက်နှာသည် ရွှံ့များ၊ ရေအစွန်းအထင်းများနှင့် အခြားဖော်ပြ၍မရနိုင်သော အညစ်အကြေးများဖြင့် ညစ်ပေနေသည်။ ထို့အပြင် သူမ မှတ်ဉာဏ်ထဲရှိ ညို့ငင်နိုင်သော မျက်လုံးတွေဟာလည်း ဒီအချိန်မှာ ပိတ်လို့ထားခဲ့သည်။ သူ၏ မည်းနက်နေခဲ့သော ပျံသန်းတော့မယောင် ဇင်ရော်မျက်ခုံးများဟာလည်း ခြံထဲက ညှိုးနွမ်းနေတဲ့ ပေါင်ပင်များကဲ့သို့ အားချို့ပင် ဆက်မကြည့်နိုင်တော့တဲ့ အထိပါပင်။
အားချိုးသည် သူ၏ တင်းကျပ်စွာ စိထားသော နှုတ်ခမ်းများကို ကြည့်ကာ သူမနှာခေါင်းက ရုတ်တရက် ရှိန်းတက်လာသလို ခံစားလိုက်ရသည်။ တစ်ချိန်က အရှေ့နန်းတော်၏ အိမ်ရှေ့စံမင်းသားတစ်ပါးက ဒီလိုဖြစ်သွားတယ်တဲ့လား။ တစ်နှစ်ခွဲလောက်ပဲရှိသေးတယ် ဆိုပေမယ့် သူ့အတွက်ကတော့ အကြာကြီးလို့ ခံစားနေရမှာ မဟုတ်လား။
အားချိုးသည် ထိုကိစ္စကို မတွေးဝံ့ပေ။ ထို့နောက် ညစ်ပတ်နေသော မျက်နှာပေါ်တွင် မျက်နှာသုတ်ပဝါကို တင်ကာ တိုးတိုးလေးပြောလိုက်သည်။
“ကျွန်မတို့မျက်နှာကို အရင်သစ်ပြီး နောက်မှထမင်းစားကြရအောင်”
နွေးထွေးသောအဝတ်က မျက်နှာပေါ် ညင်သာစွာ သုတ်လိုက်သော်လည်း အောက်ကလူက မျက်လုံးတွေကို မှိတ်ထားဆဲပင်။ သို့သော်လည်း အားချိုးမှာ တစ်ဖက်လူသည် မလှုပ်နိုင်ပါသော်လည်း သူ့မျက်နှာသည် သူမလက်ဆီသို့ တိုးကပ်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ အားချိုးက ထိုသည်ကို ဂရုစိုက်မအားဘဲ အဝတ်ကိုသာ ထပ်ပြီး အပေါ်အောက် ဆက်သုတ်နေလိုက်သည်။ အားချိုးက ထိုသူဘာမှမပြောပေမဲ့ သူ့မျက်နှာကို မဆေးတာ ကြာပြီဆိုတော့ မျက်နှာကို အဝတ်နွေးဖြင့်သုတ်ပေးတဲ့ ခံစားချက်ကို သဘောကျလိမ့်မယ်ဆိုတာ သိနေသည်။
နောက်ဆုံး သူ့မျက်နှာကို ဆေးကြောပြီးချိန်တွင် ဇလုံထဲကရေက ညစ်ညမ်းနေပြီး ရေက အေးသွားခဲ့ပြီဖြစ်သည်။ အားချိုးသည် အဝတ်ကို ရေထဲသို့ ပစ်ချလိုက်ပြီး ရေလဲဖို့ အမြန်ထွက်လာခဲ့သည်။
အမျိုးသားဟာ မျက်လုံးဖွင့်လိုက်ပြီး အားချိုးရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးက တောက်ပနေတဲ့ မနက်ခင်းအလင်းရောင်မှာ ပျောက်ကွယ်သွားတာကို စိုက်ကြည့်နေခဲ့သည် ။ အချိန်အတော်ကြာအောင် မျက်လုံးမဖွင့်ခဲ့တာကြောင့်လား၊ ဒါမှမဟုတ် အရမ်းအလင်းစူးနေလို့လားတော့မသိ ချက်ချင်းသူ့မျက်လုံးတွေကို ပြန်မှိတ်လိုက်ပြီး နှုတ်ခမ်းတွေကို ပိုတင်းတင်းစိလိုက်သည်။
***