ခဏအကြာတွင် အားချိုးသည် နောက်ထပ်ရေနွေးဇလုံတစ်ခုကို ယူလာခဲ့သည်။ ခြံက အရမ်းကြီးရာ မီးဖိုချောင်ကနေ အိပ်ဆောင်ထိကို အနည်းဆုံး ဆယ်ပေလောက်ရှိပေမည်၊ အားချိုးသည် ရေအေးသွားမည်ကို စိုးသောကြောင့် တလမ်းလုံး ပြေးလာခဲ့သည်။ ဒီအချိန်မှာ သူမ နည်းနည်း မောနေခဲ့ပြီး ချွေးထွက်တာကိုလဲ ဂရုမစိုက်နိုင်တော့ပေ။ ဒီတစ်ခါတော့ သူမ ဖိနပ်ချွတ်ပြီး ကုတင်ပေါ်တက်သွားလိုက်သည်။ ကျုံးမင်းဝေကို ကောင်းကောင်း သန့်စင်ပေးဖို့ သူမ ဆုံးဖြတ်ထားခဲ့သည်။
“ဒီနေ့လို သာယာတဲ့နေ့ဆိုတာ ရှားရှားပါးပါးပဲ”
သူမက အဝတ်စကိုရေလျှော်ရင်း ကျုံးမင်းဝေကို တိုးတိုးလေးပြောလိုက်သည်။
ထုံးစံအတိုင်း အဖြေမရှိသလို အားချိုးကလဲ ထပ်မမေးတော့ပေ။ အားချိုးသည် ကျုံးမင်းဝေ၏ ခန္ဓာကိုယ်ထက်ရှိ ညစ်ပေနေသောစောင်ကို မြှောက်တင်လိုက်သည်။ သူမ ထင်သည့်အတိုင်း စောင်အောက်တွင် အမျိုးသားသည် အဝတ်ဗလာဖြစ်နေသည်။ ဒီလိုမျိုးကို သူမ ပထမဆုံးအကြိမ် ကြုံတွေးဖူးတာပင်။ အားချိုး ရှက်သွားခဲ့သည်။ သူမ နေရခက်မှုကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ခေါင်းကို လှည့်ကာ ပြန်ပြောလိုက်သည်။
“ဘာမှမရှက်ပါနဲ့ ကျွန်မ သခင်လေးကို ကူသုတ်ပေးမယ်...”
ကျုံးမင်းဝေကိုပြောတာလား ဒါမှမဟုတ် သူမအတွက် စိတ်သက်သာရာရစေအောင်လား မသိတော့ပေ။
ပူနွေးသော အဝတ်စသည် မေးစေ့မှ အောက်သို့ ဆင်းသွားပြီး အားချိုးက သူ့ကို ဂရုတစိုက် ကိုယ်ဝတ်တိုက်ပေးသည်။ အစပိုင်းမှာတော့ ရှက်နေပေမယ့် နောက်ပိုင်းမှာတော့ ကျုံးမင်းဝေရဲ့ ခန္ဓာကိုယ်က အရမ်းညစ်ပတ်နေပြီး အနာတွေနဲ့ ဖုံးလွှမ်းနေတာကြောင့် ထိုအတွေးကို အားချိုးက ကောင်းကင်ထိ လွှင့်ထုတ်နိုင်ခဲ့သည်။ အားချိုးသည် ပို၍ ဆေးကြောပေးလေလေ၊ အနာများကို ပိုတွေ့ရလေလေပင်၊ လက်မောင်း၊ ပေါင်များတွင်သာမက ဝမ်းဗိုက်တွင်လဲ အနာများလည်း ရှိနေသည်။
အားချိုးသည် ကျုံးမင်းဝေ၏ဝမ်းဗိုက်ရှိ အနာများကိုကြည့်ရင်း အလွန်ထိတ်လန့်ကာ ငိုတော့မလိုပင်။ ဤမျှများပြားလှသော အနာများကို သူမ မမြင်ဖူးပေ။ အတော့်ကို တုန်လှုပ်စရာကောင်းလှသည်။ သူမ အနာတို့ကို မထိဝံ့ပေ။ အဝတ်စ၏ အစွန်းတစ်ဖက်ဖြင့် ညင်သာစွာသာ သုတ်ပေးလိုက်သည်။ သူမ၏ လက်ချောင်းများ တုန်ရီနေပြီး အသံက ငိုမဲ့မဲ့ဖြင့်
“ဘာလို့ အနာတွေကြည့်ပေးဖို့ သမားတော်မခေါ်တာလဲ၊ သူတို့က သခင်လေးကို ဘာလို့ ဒီလောက်ထိ လုပ်ကြတာလဲ၊ သခင်လေး နာနေလား။”
ပူနွေးသောမျက်ရည်များသည် အနာများပေါ်သို့ တဖြေးဖြေး ကျဆင်းသွားသည်။ ကျဆင်းလာသော မျက်ရည်များကြောင့် ဖြစ်နိုင်သည်၊ အသားက အနည်းငယ် တုန်ရီသွားခဲ့သည်။ အားချိုးက သူမကြောင့်ဟု ထင်ကာ မျက်ရည်တွေကို သုတ်လိုက်သည်။ ထို့နောက် သူမက သေချာ စိုက်ကြည့်ပြန်သည်။ အသားက တောင့်တင်းနေသဖြင့် အားချိုး ဝမ်းနည်းသွားပြန်သည်။ ဒီလူ တကယ်မသန်စွမ်းဖြစ်သွားပြီလား။
အားချိုးသည် နောက်ထပ်ရေနွေးဇလုံတစ်ခုကို ပြောင်းကာ ကျုံးမင်းဝေ၏ ခြေနှစ်ချောင်းလုံးကို ဂရုတစိုက် ဆေးကြောပေးလိုက်သည်။ ကျုံးမင်းဝေ အလွန်အရပ်ရှည်တာကို ရှည်လျားသော ခြေတံနှစ်ချောင်းမှတစ်ဆင့် မြင်နိုင်သည်။ ယခုမူ ခြေထောက်နှစ်ချောင်းသည် တောင့်တင်းနေသေးသော်လည်း အသားနှင့် အရေပြားသည် အနည်းငယ် လျော့ရဲနေပြီး တက်ကြွမှု လုံးဝ မရှိပေ။ အားချိုးက လက်ချောင်းများဖြင့် ညင်သာစွာ ညှစ်သော်လည်း တုံ့ပြန်မှု မရှိပေ။ အားချိုးသည် အလွန်စိတ်ပျက်သွားပြီး ဘာသိဘာသာဖြင့် သူ၏ခြေဖဝါးကို ဆေးကြောသန့်စင်ပေးလိုက်သည်။
သူ့ခြေထောက်တွေကို သုတ်ပြီးနောက် အားချိုးက ကျုံးမင်းဝေ ကို ထပ်ပြောလိုက်သည်။ ကျုံးမင်းဝေ က သူမကို တုံ့ပြန်မှာမဟုတ်ဘူးဆိုတာကို သိလိုက်ရတော့ အားချိုးက
“သခင်လေး လှည့်ပေးလို့ရမလား၊ တစ်ကယ် လုံးဝကို မလှုပ်နိုင်ဘူးလား”
သူမကို ဘယ်သူမှ မဖြေခဲ့ပေ။ အားချိုးသည် ကျုံးမင်းဝေ ၏ တင်းတင်းကျပ်ကျပ်စိနေသော နှုတ်ခမ်းများကို မြင်သောအခါ အနည်းငယ် စိတ်ပျက်သွားသော်လည်း နောက်တစ်ချက်တွင် သူ့လည်စေ့ကို တွေ့လိုက်ရသည်။ ရုတ်တရက် သူမ ရင်ထဲမှာ ခုန်ပေါက်သွားပြီး တခုခုကို နားလည်လိုက်သည်။
ထောင်ပေါင်းများစွာသော ဂုဏ်သိက္ခာများရှိခဲ့သည့် ဤလူသည် ယနေ့ ဒီအခြေအနေထိသို့ ကျဆင်းခဲ့ရသည်။ ဒီလူ့အတွက် သေတာထက် ရှင်သန်ရတာ ပိုနာကျင်ရမှာပဲ မဟုတ်ဘူးလား။
ဒါပေမယ့် သူအရမ်းသေချင်တာတောင် မသေနိုင်ပေ။
***