အားချိုး၏ နှာခေါင်းသည် ချဉ်လာပြန်သည်။ သူမ ဒီလောက် မျက်ရည်လွယ်မှန်း မသိခဲ့ပေ၊ ယနေ့ ညစ်ပတ်သောအခန်းတွင် လေဖြတ်နေသူကို မျက်နှာမူကာ သူမ၏မျက်လုံးများက စက္ကန့်တိုင်းလိုလို စိုစွတ်နေခဲ့သည်။
“မလှုပ်နိုင်ရင်လဲ ရပါတယ်”
အားချိုးက ထိုလူ၏ပခုံးကို ကိုင်ကာ သူ့နောက်ကျောကို သုတ်ရန် ကြံရွယ်၍ လှည့်ရင်း တိုးတိုးလေးပြောသည်။ ဒါပေမယ့် ဒီလူက အရမ်းလေးနေသည်။ အားချိုး အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ သူမ ပင်ပန်းလာသဖြင့် ကုတင်ပေါ်တွင် ခဏထိုင်ကာ အင်းအင်အပြည့်ဖြင့် အမျိုးသား၏ခါးကို ပြန်တွန်းလိုက်သည်။ သူမသည် အကြိမ်ကြိမ်ကြိုးစားပြီးနောက် အမျိုးသား၏ ပါးလွှာသောလက်နှစ်ဖက်ကို သူမလည်ပင်းပေါ်တင်ကာ
“လက်လေးများလှုပ်နိုင်မလား၊ ကိုင်ထားလို့ရမလား”
သူက မဖြေသေးသော်လည်း အားချိုးက အတင်းမမေးခဲ့ပေ။ သူမသည် အမျိုးသား၏ခါးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ အနည်းငယ်အံကြိတ်ပြီး သူ့ကိုလှည့်လိုက်သည်။ သူမ အလွန်သတိလက်လွတ်ဖြစ်သွားပြီး အမျိုးသားသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ကာ ဖိကပ်သွားခဲ့သည်။ အားချိုးသည် ရှက်ရွံ့ခြင်းမရှိခဲ့ပေ။ သူမမှာ စောနကတည်းက သူ့ကို အပေါ်အောက် နေရာစုံ ပွတ်သပ်ဆေးကြောပေးနေခဲ့တာဖြစ်သည်။ အဲ့ဒီနောက်မှာ သူမက သူ့ကို ယောက်ျားတစ်ယောက်အနေနဲ့တောင် မမြင်နိုင်တော့ပေ။
သူမ ထိုယောက်ျားရဲ့အောက်မှာ အသက်အနည်းငယ်ရှူပြီး သူ့ရဲ့ရင်ဘတ်ကို မျက်နှာမူလိုက်သည်။ ခဏအကြာတွင် သူမ အပြင်ထွက်နိုင်တော့မည်ဖြစ်သော်လည်း အမျိုးသား၏ ရင်ဘတ်ပေါ်ရှိ နီရဲနေသော အရေပြားကို ကြည့်လိုက်မိသည်။
အားချိုးသည် ထိုလူ၏ ခန္ဓာကိုယ်အောက်မှ ပျော်ရွှင်စွာ တွားသွားထွက်ခဲ့သည်။ သူမသည် ယောက်ျား၏နောက်ကျောရှိ အနာများကို ကြည့်လိုက်ပြီး နာကျင်မည်ဟု တွေးရင်း
“ကျွန်မ သခင်လေးကို နှစ်သိမ့်ပေးနေတာ မဟုတ်ဘူး။ ကျွန်မ အဝတ်လျှော်တုန်းက မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဟိုဟာ ကျွန်မတို့ သွမ့်အိမ်တော်မှာတုန်းက အဖွားတစ်ယောက် မတော်တဆ ခြေထောက်ကျိုးသွားတယ်။ အဲဒီတုန်းက လူတိုင်းက ကုမရတော့ဘူးလို့ပဲထင်ကြတာ။ ဒါပေမယ့် ကျွန်မနဲ့ အဖွားကတော့ သေချာပေါက် ပြန်ကောင်းသွားမယ်လို့ပဲ တွေးခဲ့ကြတာလေ။ ကျွန်မ အဖွားခြေထောက်ကို နေ့တိုင်း နှိပ်ပေးခဲ့တာ၊ နောက်ကျမကြာဘူး တဖြည်းဖြည်းချင်း ပြန်ကောင်းသွားတာပဲ။ ရှင်က အဲ့လောက်မဆိုးပါဘူး၊ အနည်းဆုံးတော့ ခြေလက်အကောင်းတိုင်းတွေကျန်ပါသေးတယ်။ သေချာပေါက်အိပ်ရာထဲကထနိုင်လာမှာပါ။”
ခေါင်းအုံးမှာ ခေါင်းမြှုပ်ထားတဲ့ အမျိုးသားရဲ့ မျက်နှာဟာ အနည်းငယ် စိုစွတ်နေပြီး မျက်ခွံတွေဟာလည်း တုန်ရီနေခဲ့သည်။ ငယ်စဉ်ကလေးဘဝကတည်းက အရှင်မင်းကြီးက မင်းသားတစ်ပါးဆိုတာ အသက်ထက် ဂုဏ်သိက္ခာက ပိုအရေးကြီးတယ်လို့ သင်ကြားပေးခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း သူမည်မျှ အရှက်ရစေကာမူ မျက်ရည်တစ်စက်မျှ မကျခဲ့သလို အောက်ကျခံပြီး ဘာမှလဲ မတောင်းဆိုခဲ့ပေ။ ဒါပေမယ့် ဒီအချိန်မှာ ဒီထူးဆန်းတဲ့ ကောင်မလေးရဲ့စကားကို နားထောင်ရင်း အလိုလို မျက်လုံးတွေ စိုစွတ်လာခဲ့သည်။
သူ့နောက်ကျောကို ပုနွေးသော အဝတ်စဖြင့် အသာအယာ ပွတ်တိုက်ခံရသော ခံစားချက်က တကယ်ကို ထုံကျင်စေသည်။ သူ့တွင် အသိပညာနှင့် ကျယ်ပြန့်သော ဗဟုသုတတို့ရှိသော်လည်း ဤခံစားချက်ကို ဖော်ပြရန် စကားလုံးရှာမတွေ့ခဲ့ပေ။ သူ့နှလုံးသားဟာ ထုံကျင်နေသလို ခံစားလိုက်ရပြီး သူ့မျက်လုံးတွေက တစ်နည်းနည်းနဲ့ စိုလာခဲ့သည်။
***