“ဒီကိုကြည့်။” ကျုံးမင်းဝေ ရုတ်တရက် ပြောလိုက်သည်။
“ရှင်”
အားချိုး ချက်ချင်းမော့ကြည့်လိုက်သည်။ ကျုံးမင်းဝေမှာ အောက်ခြေ မမြင်နိုင်တဲ့ နက်နဲတဲ့ မျက်လုံးတစ်စုံရှိပေသည်။ သူမ လန့်လာတာကြောင့် မျက်လုံးတွေကို ခွာပစ်လိုက်သည်။ သူမ နှလုံးတွေ အရမ်းခုန်နေခဲ့သည်။ ကျုံးမင်းဝေ သည် ယခုချိန်တွင် တစ်ကိုယ်လုံး လေဖြတ်နေသော်လည်း ကြောက်ရွံ့ထိတ်လန့်စရာကောင်းနေဆဲဖြစ်သည်။ အထူးသဖြင့် ထိုမျက်လုံးများကို အားချိုး မကြည့်ဝံ့ပေ။
“ငါ့ကိုကြည့်။”
ကျုံးမင်းဝေ က ထပ်ပြောပြန်သည်။
“ရုတ်တရက်သေသွားရင် အကြံကိုချက်ချင်းထုတ်ရတော့မှာပဲ၊ ခရီးလမ်းအလယ်မှာ သတို့သမီးဖျားတယ်ဆိုရင်တော့ သေလောက်တဲ့အထိတော့ ဖြစ်နိုင်ချေသိပ်မရှိဘူး။ ပြီးတော့ မင်းကရော ဘာလို့ သူ့အစားကို လက်ထပ်ရမှာလဲ။”
ကျုံးမင်းဝေ က တစ်ချက်ပြီးတစ်ချက် ဖြည်းညှင်းစွာပြောသည်။ သူသည် အားချိုး၏ မေးစေ့ပေါ်ရှိ အနီရင့်ရောင်အမာရွတ်ကို စိုက်ကြည့်ပြီး သူမ၏ အနည်းငယ်တုန်ရီနေသော နှုတ်ခမ်းများကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာအောင် တိတ်ပြီးနောက် သူက ဖြည်းညှင်းစွာ ဆက်ပြောသည်။
“အဲ့အချိန်ကျ သတို့သမီးက ဘာလို့သေသွားတာလဲဆိုတာကို ဘယ်သူမှဖြေနိုင်ကြမှာမဟုတ်ဘူး။ အစောင့်တွေက တာဝန်ပျက်ကွက်မှုနဲ့သူတို့အပေါ်တာဝန်ပိမှာ ကြောက်လို့ မင်းကို ကိုယ်စား ဝင်လက်ထပ်ခိုင်းခဲ့တာပဲ”
အားချိုးက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ကျုံးမင်းဝေ အား အံ့သြသောအကြည့်ဖြင့် စိုက်ကြည့်ရင်း
“ရှင် ဒါတွေကို ဘယ်လိုသိလဲ အားလုံးကိုမြင်ရတယ်လား”
ကျုံးမင်းဝေ သည် သူမ၏ မိုက်မဲမှုကို ကြည့်ပြီး စကားမပြောခဲ့ပေ။ သူ့မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။
အားချိုးသည် အကြာကြီးကြောင်အသွားပြီးနောက် ကုတင်စွန်းတွင် လဲလျောင်းနေသည့် ကျုံးမင်းဝေ အား နှိမ့်ချစွာဖြင့်
“ကျွန်မက အဆင့်နိမ့်ပြီး အရှင့်သားနဲ့ မထိုက်တန်ဘူးဆိုတာ ဒီအစေခံ သိပါတယ်၊ ဒါပေမယ့် ကျွန်မ တကယ်မသေချင်သေးဘူး။ အရှင့်သား ကျွန်မ ခုထိ ဆယ့်ခြောက်နှစ်တောင် မပြည့်သေးပါဘူး။ အရှင့်သား ကျွန်မကို ဇနီးမယားလို့ မသတ်မှတ်ပါနဲ့။ ကျွန်မ အရှင့်သားရဲ့ အဝတ်တွေကို လျှော်ပေးပြီး ခန္ဓာကိုယ်ကိုတောင် ဆေးကြောပေးထားတာပဲ၊ ကျွန်မကို ဒီမှာနေခိုင်းပါနော်”
ကျုံးမင်းဝေ က နံရံပေါ်က အက်ကွဲကြောင်းတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်သည်။
“မင်း ငါ့အနားမှာ ရှိနေတာ ဘာကောင်းတာရှိလို့လဲ၊ ငါ နောက်နှစ်ဝက်လောက်အထိ အသက်ရှင်နိုင်သေးရင်တောင်မှ မသန်မသွမ်းအဖြစ်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ အမိန့်တစ်ခု ချလိုက်တာနဲ့ ငါက တခြားနေရာမှာ...”
အားချိုးသည် ကျုံးမင်းဝေ ၏ စကားကို ရုတ်တရက် ရပ်တန့်လိုက်သည်။ သူမသည် ကုတင်ပေါ် အမြန်တက်ကာ ကျုံးမင်းဝေ ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ အား
“အရှင့်သား နေမကောင်းရင် နေကောင်းတဲ့အထိ ကျွန်မကို တစ်ချိန်လုံး ပြုစုပေးမယ်။ အရှင့်သားက ယာဂုကြိုက်ရင် ကျွန်မ အရှင့်သားအတွက် နေ့တိုင်းချက်ပေးမယ်။ အရှင့်သား မသေမချင်း ကျွန်မအရှင့်သားနောက်လိုက်ပါမယ်။”
ကျုံးမင်းဝေ က မျက်မှောင်ကြုတ်ပြီး အားချိုးကိုကြည့်ကာ
အားချိုး အကြာကြီး ရှက်နေခဲ့သော်လည်း နောက်ဆုံးမှာ ရဲရင့်စွာ ပြောလိုက်သည်။ ပြောပြီးသည်နှင့် သူမသည် အတော်လေး အားနည်းသွားပုံပေါ်သည်။ သူမသည် သနားစရာကောင်းသော သားရဲတစ်ကောင်လို ငုံ့နေကာ မျက်လုံးနီရဲစွာဖြင့် ကျုံးမင်းဝေအား
“ကျွန်မမှာ အဖေမရှိသလို အမေလည်း မရှိဘူး၊ ကျွန်မက ငယ်ငယ်ကတည်းက တစ်ယောက်တည်း ကြီးပြင်းလာတာ။ ကျွန်မ လိုချင်တာဆိုလို့ မိသားစုတစ်ခုပဲ၊ ကျွန်မ အစေခံမဖြစ်ချင်တော့ဘူး။ လူတွေရဲ့ အရိပ်အကဲကို အမြဲကြည့်မနေချင်ဘူး၊ ကျွန်မအတွက် သီးသန့် မိသားစုတစ်ခုပဲလိုချင်ခဲ့ပေမဲ့ ကျွန်မက အစေခံတစ်ယောက်ပဲလေ။ ကျွန်မ ဘဝတစ်လျှောက်လုံး အစေခံဖြစ်ခဲ့ရတယ်။ အခုကျွန်မ သခင်မလေးကိုယ်စား လက်ထပ်ခဲ့ပြီမို့လို့ အလင်းရောင်ကို မမြင်ရတဲ့နေရက်တွေက နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ၊ ကျွန်မကို နှင်မထုတ်ဘူးမလားဟင်။
***