ကျုံးမင်းဝေ က ခေါင်းညိတ်လိုက်ပြီး “အင်း”
အားချိုးသည် တူများကို ချလိုက်ပြီး ဖယောင်းတိုင်မီးကို မှုတ်ရန် အလျင်စလို မလုပ်ခဲ့ပေ။ အဲဒီအစား သူမက ကျုံးမင်းဝေ ဆီကို အရင်သွားလိုက်သည်။ ကျုံးမင်းဝေ သည် ညဘက်တွင် ခန္ဓာကိုယ်လှည့်မည်မဟုတ်ကြောင်း သူမ သိသော်လည်း အားချိုးသည် ထောင့်တွင် တင်းတင်းကျပ်ကျပ် ဖိထားခဲ့ဆဲဖြစ်သည်။
စောင်ကိုခြုံပေးပြီးနောက် အားချိုးသည် ဖယောင်းတိုင်ကိုမှုတ်ပြီး ပန်းကန်များကို ဆေးရန်ထွက်သွားသည်။
ကျုံးမင်းဝေ သည် ကုတင်ပေါ်တွင် လှဲနေခဲ့သည်။ သူ့ခန္ဓာကိုယ်အောက်မှာ ခြောက်သွေ့ကာ သက်တောင့်သက်သာရှိသော ပျော့ပျောင်းသည့်အိပ်ရာခင်းနှင့် သူ့ခန္ဓာကိုယ်ပေါ်မှာတော့ နူးညံ့တဲ့ စောင်ကနေရာယူနေခဲ့သည်။ သူ့ခေါင်းအောက်တွင်လည်း နံစော်နေသော ခေါင်းအုံးမဟုတ်တော့ဘဲ ပျော့ပျောင်းပြီး မွှေးပျံ့သော ပန်းရောင်ခေါင်းအုံးလေးက အစားထိုးသွားခဲ့ပြီဖြစ်သည်။
ဒီလို သက်တောင့်သက်သာရှိတဲ့ ညတစ်ညဟာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပေမဲ့ ကျုံးမင်းဝေ လုံးဝ အိပ်မပျော်ခဲ့ပေ။ အားချိုး မေးလိုက်တဲ့စကားတစ်ခွန်းက သူ့ခေါင်းတစ်ခုလုံးတွင် နေရာယူနေပေသည်။
“အိမ်ဆိုတာ ဘာလဲ”
ငယ်ငယ်ကတည်းက အိမ်ဆိုတာ ဘာလဲလို့ ဘယ်သူမှ မပြောခဲ့ဖူးပေ။ နတ်ရွာစံဧကရီက သူ့ကို ချစ်သော်လည်းပဲ အမြဲ တာအိုကျောင်းတော်မှာပဲ အချိန်ကုန်နေသောကြောင့် သူ့အနားမှာ သိပ်မရှိခဲ့ချေ။ တစ်နှစ်လုံးနေလို့ အကြိမ်များစွာပင် မတွေ့ခဲ့ရ။ သူ့ခမည်းတော်ကလဲ အလုပ်များနေပြီး တစ်ခါတရံမှာ လအတော်ကြာအောင်အထိ သူ့ကိုတွေ့ဖို့ အချိန်မရှိခဲ့ပေ။ သူကလဲ သူ့ဖခမည်းတော်ရဲ့မေးခွန်းတွေကို ဖြေရမှာ ကြောက်ခဲ့သဖြင့် ဒီလို ကလေးဆန်တဲ့ စကားတွေကိုတောင် ထုတ်မပြောဝံ့ခဲ့ပေ။
ဒါပေမယ့် မယ်တော်ကြီးက အိမ်ရှေ့မင်းသားတစ်ပါးအတွက် လောကကြီးဟာ ကိုယ့်အိမ်ပဲလို့ ပြောခဲ့သည်။
သူသည် မယ်တော်ကြီး၏ စကားကို နားထောင်ပြီး တော်ဝင်ဆရာ၏ ညွှန်ကြားချက်ကို အမြဲ လိုက်နာခဲ့သည်။
ဒါပေမယ့် ဒီနေ့မှာတော့ ကောင်မလေးက မေးတဲ့မေးခွန်းကို ပြန်မဖြေနိုင်လောက်အောင်ပင် တုံးအနေခဲ့သည်။
တစ်နေ့လုံး အလုပ်များပြီးနောက် အားချိုးသည် နောက်ဆုံးတွင် လဲလျောင်းနိုင်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အောက်ရှိ ကောက်ရိုးသည်ပင် နည်းပါးသွားခဲ့သည်။ ဒါပေမယ့် သူမက ထပြီး စစ်ဆေးဖို့ ပင်ပန်းလွန်းနေပြီပင်။ သူမ လှည့်ပြီး အနက်ရောင် နံရံကို စိုက်ကြည့်နေမိသည်။ သူမ၏ ခန္ဓာကိုယ်သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော်လည်း ဦးနှောက်က လှုပ်ရှားနေသေးသည်။
မနက်ဖြန်စောစောထရမည်။ သူမအလုပ်များမှာ ကျုံးမင်းဝေ အတွက် ခေါက်ဆွဲပြုလုပ်ပေးပြီး အခန်းကို သန့်ရှင်းရေးလုပ်ရမည်၊ ဘေးခန်းရှိ စားပွဲကို ရေဆေးကာ မီးဖိုချောင်ထဲသို့ ရွှေ့ရလိမ့်မည်။ အစေ့ရှာပြီး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလို့ရမလားဆိုတာ သိနိုင်ဖို့ ခြံထဲက ပေါင်းပင်တွေကို အမြန်ဆုံး ရှင်းလင်းပစ်ရမည်။ သူမအတွက် ဟင်းရွက်ချဉ်ကို တစ်ချိန်လုံးစားဖို့က ကိစ္စမရှိပေမယ့် ကျုံးမင်းဝေ ကတော့ မရပေ။ ထိုအချိန် ပင်ပန်းနွမ်းနယ်နေပြီဖြစ်၍ အိပ်ရာဝင်လိုက်တော့သည် သူမ ကောင်းကောင်း နားယူဖို့လိုအပ်သည်။
အချိန်ရရင် အပြင်ထွက်ပြီး သူ့အတွက် သမားတော်ပင့်ပေးရဦးမယ်၊ ဟုတ်သား သူ သမားတော်နဲ့ မပြချင်ဘူးဆိုရင် လိမ်းဆေး ဝယ်လိမ့်ရလိမ့်မယ်။ ဒါပေမယ့် ဘယ်မှာဝယ်ရမလဲ။
သူမတွင် ဒီနှစ်များအတွင်း နန်းတော်တွင် အလုပ်လုပ်ခဲ့တုန်းက စုဆောင်းထားသော အစေခံလစာ ငါးလျန်ရှိသည်။ သူမ စုထားတဲ့ပိုက်ဆံထဲက ကျုံးမင်းဝေ အတွက် လိမ်းဆေးဆီဝယ်ပေးရန် လိုအပ်ပြီး စောင် အိပ်ရာခင်းများကို လဲလှယ်ပေးရန်လဲ လိုအပ်သည်။ ပြီးတော့ ကျုံးမင်းဝေကို အမြဲတမ်း အဝတ်ဗလာထားလို့ မရပေ၊ သူအတွက် စားဖို့ အသားဝယ်ပေးရမလား ဒါမှမဟုတ် ဆန်ခေါက်ဆွဲ များများပဲ ဝယ်လိုက်ရမလား ။
ငွေငါးလျန်အသုံးပြုဖို့ကို တွက်ချက်နေရင်း အားချိုး အိပ်ပျော်သွားခဲ့သည်။
အားချိုး မနက်စောစောထခဲ့သည်။ ဒီတစ်ခါတော့ ဟင်းချက်ဖို့ အရင်မလုပ်ဘဲ ရေနွေးကို ဦးစွာတည်ပြီးနောက် ရေအေးနှင့်ရေစပ်ကာ အိပ်ဆောင်သို့ ယူသွားခဲ့သည်။ မနေ့ညက ကျုံးမင်းဝေအတွက် အနှီးကို ပြောင်းပေးဖို့ မေ့သွားလုနီးပါးပင်။ ထိုအချိန်တုန်းက သူမသည် ဘယ်တော့မှ ထပ်မမေ့တော့ဘူးဟု ကိုယ့်ကိုကိုယ် သတိပေးခဲ့သည်။
***