ချန်ချင်းရွှမ်က သူမကို ကြည့်ကာ မျက်လုံးတွေ ကွေးညွတ်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ မိန်းကလေး”
“သြော် ကျွန်မ တောင်ခြေဈေးကို ဘယ်လိုသွားရမလဲ မေးချင်လို့ပါ”
အားချိုးက ခဏရပ်ပြီး
“ဈေးက အရမ်းဝေးလားဟင်။ ဒီနားမှာရော သမားတော်ဆေးကုသခန်းရှိလား”
“ဈေးက သိပ်မဝေးပါဘူး”
ချန်ချင်းရွှမ် က အားချိုးကို ခြံစည်းရိုးမှ ခေါ်ထုတ်ပြီး သူမကို လမ်းပြပေးသည်။
“အဲဒီလမ်းတလျှောက် လျှောက်သွားလိုက်ရင် နာရီဝက်လောက်ဆို ဈေးကို ရောက်ပြီ။ ဈေးထဲမှာ သမားတော်ဆေးကုခန်းလဲရှိတယ်။”
“ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးချန်”
“ကျွန်တော်တို့ နယ်ဘက်က သူစိမ်းတွေ သိပ်မလာတတ်ဘူး။ မိန်းကလေးရဲ့ အသွင်အပြင်ကို မမြင်ဖူးလို့၊ မေးခွန်းနည်းနည်းမေးချင်တာပါ အထင်မလွဲပါနဲ့”
အားချိုးက နည်းနည်းတော့ အပြစ်ရှိစိတ်ဝင်နေပြီး စကားပြောရင်း မျက်နှာက နည်းနည်းနီနေခဲ့သည်။ အခု သူ့ကို စကားနည်းနည်းပြောပြီးတာနဲ့ လှည့်ပြီးအမြန်ထွက်လာခဲ့သည်။
ချန်ချင်းရွှမ်က သူမကို ကြည့်ပြီး မေးခွန်းတွေ ထပ်မမေးတော့ပေ၊ မကြာခဏ ပြည်နှင်ဒဏ်ပေးခံရတဲ့လူတွေဘက်ကလို့ပဲ သူ့စိတ်ထဲမှာ နားလည်လိုက်သည်။ ထိုနေရာသည် သာမာန်လူများ နေထိုင်ရန် နေရာကောင်းမဟုတ်ပေ။ မကောင်းတဲ့သူများဆို ထိုနေရာမှာ ခြေချင်းများဝတ်ပြီး တစ်နှစ်ပတ်လုံး အလုပ်ကြမ်းလုပ်ကြရသည်။ မိန်းကလေးက ထိုပြည်နှင်ဒဏ်ပေးခံရတဲ့လူတွေရဲ့ဆွေမျိုးဖြစ်နိုင်ပေသည်။ သူမက ဒီအကြောင်းကို ပိုမပြောချင်သလို သူလဲ ထပ်မမေးဖြစ်တော့ပေ။
“ချင်းရွှမ် ဘယ်သူနဲ့စကားပြောနေတာလဲ” အိမ်နောက်ဖေးမှ အဘွားကြီးတစ်ယောက် ထွက်လာသည်။
ချန်ချင်းရွှမ်က အဘွားကြီးလက်ထဲ တံမြက်စည်းကိုင်ထားတာကိုမြင်ပြီး အမြန်ပြောလိုက်ပါတယ်။
“အဖွား၊ ကျွန်တော် ပြောနေတာကိုဘယ်နှခေါက်ရှိပြီလဲ။ အဖွား သန့်ရှင်းရေး လုပ်ဖို့ မလိုပါဘူးဆို”
“မြေးလေးအတွက် တံမြက်စည်းလှည်းပေးချင်လို့ရယ်ပါ”
“ချင်းရွှမ်၊ မီးခိုးတိုင်ကို ပြင်ဖို့ လူရှာလိုက်ဦး၊ ခုနက အပြင်မှာ မီးခိုးခေါင်းတိုင်မှာ အက်ကွဲနေတာကို တွေ့လိုက်သေးတယ်။”
“နောက်ရက်ကျ ဦးလေးချန်ကို လာကြည့်ပေးဖို့ ပြောလိုက်မယ်”
အဖွားချန်က ရုတ်တရက် ရပ်လိုက်ပြီး သူ့လက်ကိုဆွဲကာ ချန်ချင်းရွှမ်ကို စိုက်ကြည့်လိုက်သည်။
“ဝမ် မိသားစုရဲ့ သမီးက အရမ်းလိမ်မာတယ်၊ အဖွားမျက်စိအောက်မှာပဲကလေးမလေးက ကြီးပြင်းလာတာပဲလေ၊ သူနဲ့ လက်မထပ်ချင်ဘူးလား။”
ချန်ချင်းရွှမ်မှာ ခေါင်းရှုပ်သွားရသည်။ သူက အဖွားချန်ကို အမြန်တားလိုက်ပြီး
“အဖွား၊ ကျွန်တော် ခုချိန်စာကိုပဲအာရုံစိုက်သင့်သေးတယ်၊ ပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ ကျွန်တော်ပိုပြီး အထက်တက်ချင်သေးတယ် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး တွေးဖိုးအချိန်ဘယ်မှာရှိလို့လဲ။”
“မင်းရဲ့ကျော်ကြားမှုကြောင့် ရွာကမိန်းကလေးတွေကို သဘောမကျနိုင်ဘူးဆိုတာ အဖွားနားလည်ပါတယ်”
အဖွားချန်က ညည်းတွားတယ်ဆိုပေမယ့် လေသံက နူးညံ့နေပြီး ချန်ချင်းရွှမ်အား
“ချင်းရွှမ်၊ အဖွား မင်းကို ဆူတယ်လို့ မထင်နဲ့။ မင်းအဖေနဲ့အမေက စောစောစီးစီး ဆုံးပါးသွားပြီး အဖွားက မင်းကို ဍတစ်ယောက်တည်း ပျိုးထောင်ခဲ့ရတာ။ အခု အဖွားရဲ့နေဝင်ချိန်ကရောက်တော့မယ်၊ အချိန်မရွေး အိပ်ရာကနေ မထနိုင်တဲ့နေ့ဆိုတာ ရောက်လာနိုင်တယ်။ အဖွား မင်း လက်ထပ်တာကို မြင်ချင်ပါသေးတယ်ကွယ်”
“အဖွား၊ ဘာတွေပြောနေတာလဲ၊ အဖွား မြစ်တွေကို ကြည့်ဖို့ စောင့်ရဦးမှာလေ။ အနာဂတ်ကျ ကျွန်တော့် သားသမီးတွေကြီးလာတဲ့အထိ အဖွားအသက်ရှင်နေရဦးမှာပါ”
ချန်ချင်းရွှမ်သည် အဖွားချန် ရှေ့မှာ ထိုင်ချလိုက်ပြီး အဖွားချန် ရဲ့ ခြေထောက်ကို ကိုင်ကာ ပြောလိုက်သည်။
“အဖွား ထာဝရ အသက်ရှင်နေရမယ်”
***