“ဘယ်လိုခံစားရလဲ”
အားချိုးက အနာကို ဆေးလိမ်းပေးရင်း အသံတိုးတိုးဖြင့် မေးသည်။
“နာတယ်”
ကျုံးမင်းဝေက မျက်နှာကို ခေါင်းအုံးမှာ မြှုပ်ထားရင်း အသံထွက်လာသည်။
“နာကျင်နေလား၊ နာကျင်မှုကို ခံစားနိုင်လား”
အားချိုး အံ့သြသွားသည်။ သူမက တခြားနေရာကိုပြောင်းပြီး
“ဒီနေရာဆိုရင်ရော”
ကျုံးမင်းဝေ က ထပ်ပြောသည်။
အားချိုးက အရမ်းပျော်သွားပြီး သူ့လက်ချောင်းတွေကို ပြန်ပြောင်းလိုက်သည်။
ထို့နောက် လိမ်းဆေးကို ယူ၍ သူ့တင်ပါးပေါ် လိမ်းပေးလိုက်၏။ ထိလွယ်ရှလွယ်နေရာတစ်ခုဖြစ်သော်လည်း အားချိုးက ရှက်ရွံ့ခြင်းမရှိပေ။ သူမ တကယ်ကို ပျော်ရွှင်နေခဲ့သည်။ သူမ ပိုလိမ်းပေးလေလေ၊ ပို၍ တက်ကြွလေလေဖြစ်သည်။
“သမားတော်က ပြောတယ် ဆေးက နာလေလေ ပိုထိရောက်လေလေပဲ။ ဝယ်တုန်းက အရှင့်သား နာကျင်မှုကို မခံစားရမှာကို စိုးနေခဲ့တာ၊ တော်သေးတာပေါ့။”
ကျုံးမင်းဝေ ၏ တင်ပါးများကို တစ်ဖက်သူက ပွတ်သပ်နေတာကြောင့် သူ့မျက်နှာမှာ အနည်းငယ် တင်းမာနေလေသည်။ နောက်ဆုံး သူ့ခြေထောက်တွေဆီ လက်တွေရောက်သွားတဲ့အခါမှ သူ စိတ်သက်သာရာရသွားတယ်။
“ဈေးထဲမှာ၊ အဲ့ထဲမှာ သမားတော်ဆေးခန်းတစ်ခုရှိတယ်။ ဈေးတော့ကြီးတယ်”
“ဒီမှာ ဈေးဘယ်လောက်ကြီးလဲသိလား၊ ဆေးတင်စျေးကြီးတာမဟုတ်ဘူး ဝက်သားကလဲ ဈေးကြီးသေးတယ်။ ဝက်ခြေထောက်နဲ့တင် ငွေတစ်လျန်ကကုန်နေပြီ။ အရမ်း ပိုက်ဆံလိမ်ယူနေသလိုပဲ။ ကျွန်မ အသီးအရွက်တွေကိုတော့ ခူးလာခဲ့တယ် ကြာလို့တော့သိပ်မကောင်းဘူး။ ကျွန်မတို့ အသီးအရွက်တွေကို အချိန်မီ ဒီခြံထဲမှာ စိုက်ပြီး မုန့်တွေ လုပ်စားရအောင်။ ကျွန်မ လိုလိုမယ်မယ် ယပ်တောင်လဲဝယ်ခဲ့သေးတယ်”
ကျုံးမင်းဝေ က ဆက်တိုက် သာလိကာလို စကားပြောနေသည့် သူမ၏ စကားသံကို နားထောင်နေသည်။ ဆူညံနေပေမယ့် စိတ်အနှောက်အယှက်မဖြစ်မိပေ။ ကျုံးမင်းဝေ သည် စကားလုံးတိုင်းကို ကြားနေရသည်။ အားချိုး၏အသံကို နားထောင်ရင်း သူ့စိတ်ထဲတွင် အခြားမျက်နှာတစ်ခု ပေါ်လာခဲ့သည်။
သူသည် အသက်သုံးဆယ့်နှစ်နှစ်ရှိပြီဖြစ်ပြီး၊ အထူးသဖြင့် သူ၏အထောက်အထားအရ အိမ်ထောင်ပြုပြီးသွားခဲ့ပြီဖြစ်သည်။ အသက်ဆယ့်ရှစ်နှစ်တွင် သူသည် အမတ်ချုပ်အိမ်တော်၏ဒုတိယသမီး ဖြစ်သော တင်းယွမ်ဝမ်၏ သမီးကိုလက်ထပ်ခဲ့သည်။ ထုံးစံအတိုင်း မျိုးရိုးမြင့်မိသားစုက ပြုစုပျိုးထောင်ပေးထားတဲ့ အမျိုးသမီးက အပြစ်မြင်ရက်စရာမရှိပါဘူး။ ထို့အပြင် သခင်မလေးတင်းသည် အလွန်နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသည်။
ထိုအချိန်တုန်းက တင်းရှီသည် အသက် 18 နှစ်ရှိပြီဖြစ်သည်။ အချင်းချင်း မချစ်ကြသော်လည်း တစ်ယောက်ကို တစ်ယောက် လေးစားမှု ရှိကြသည်။ ဒါပေမယ့် အချိန်အတော်ကြာပြီးနောက်မှာတော့ ပိုပိုပြီး စိတ်ဝင်စားမှုလျော့နည်းလာခဲ့သည်။ ဤသည်မှာ အရှေ့နန်းတော်၏ အိမ်ရှေ့စံမင်းသားအဖြစ် ပေးဆပ်သင့်သည်ပင်။ သို့သော် နောင်တရှိခဲ့ဖူးသည်။ သူ့နောင်တကဘာလဲ ထိုအချိန်တွင် သူ မသိသလို သိရန်လည်း မလိုခဲ့ပေ။ ယခုတော့ အားချိုးနှင့် ရင်ဆိုင်နေရပြီး သူနောင်တရနေသောအရာကို သူသိလိုက်ပြီဖြစ်သည်။
တင်းရှီသည် အလွန် ကျင့်ဝတ်သီလကို နားလည်သည်။ သူမသည် သူ့စာကြည့်ခန်းကို ဘယ်တော့မှ မဝင်သလို ခြံရှေ့ကိုတောင် လွယ်လွယ်နဲ့ မသွားခဲ့ပေ။ အိမ်နောက်ဖေးမှာ လက်ဖက်ရည်သောက်၊ ပန်းစိုက်၊ ငါးမွေးပြီး ပန်းထိုးလေ့ရှိသည်။ သူမသည် “အမျိုးသမီးများ၏ အကျင့်သီလ” စာအုပ်ကို အကြိမ်ပေါင်းများစွာ အေးအေးဆေးဆေး ထိုင်ဖတ်နိုင်သည်။ သူသည် အစေခံမိန်းကလေးတစ်ယောက်ကို တစ်ကြိမ်ထက်ပို၍ကြည့်ဖြစ်လျှင် တင်းရှီသည် အခန်းတွင် တိုးတိုးတိတ်တိတ် မေးတတ်သည်။ ဒီလိုမေးတဲ့အခါတွင်ပင် ဒေါသနဲ့ မနာလိုမှု အရိပ်အယောင်မရှိဘဲ အလွန်ရိုသေပြီး ရိုးသားခဲ့သည်။ ကျုံးမင်းဝေ သည် နတ်ရွာစံဧကရီဟောင်းကဲ့သို့ ဂုဏ်သိက္ခာရှိပြီး နူးညံ့သိမ်မွေ့သော သခင်မလေးတင်းကို ခုထိမှတ်မိနေသေးသည်။
***