“ဒါပေမယ့် အရှင့်သား တစ်ပန်းကန်ပဲ ရှိသေးတယ်”
အားချိုး မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်မချမ်းသာပြောလိုက်သည်။
“မနေ့က နှစ်ပန်းကန်စားတာကို”
ကျုံးမင်းဝေက သူဗိုက်မပြည့်သေးသော်လည်း
“မင်းပဲစားပါ”
ဟုသာ ထပ်ပြောလိုက်၏။
ချိုမြိန်သောပဲနီယာဂုက တကယ်ကို အရသာရှိတာကြောင့် သူ့ဘာသာ စားဖို့ ဝန်လေးနေမိသည်။ အားချိုးအတွက် ချန်ပေးထားချင်သည်။ ကောင်မလေးက မီးဖိုချောင်ကို ပြန်သွားပြီးမှ စားမယ် ပြောခဲ့ပေမဲ့ သူမယုံပေ။ ကောင်မလေးက သူ့ကြောင့် မစားရမှာ စိုးရိမ်မိသည်။
အားချိုးက ပဲနီယာဂု တစ်ဇွန်းကိုခပ်ပြီး သူမပါးစပ်ထဲကို ထည့်လိုက်သည်။ စားပြီးတာနဲ့ သူမမျက်ခုံးတွေက ပိုလို့တောင် ရှုံ့တွလာတော့သည်။ သူမက ကျုံးမင်းဝေကို မကျေမနပ် စိုက်ကြည့်ရင်း
“ဒီလောက် အရသာရှိတာကို ဘာလို့မစားတာလဲ။ အစားအသောက်ကို ဇီဇာကြောင်ဖို့ထက် အသက်ရှင်ဖို့ကပိုအရေးကြီးတယ်မလား”
အားချိုးမှာ အမြန်ယာဂုစားနေသောကြောင့် ကျုံးမင်းဝေသည် ပါးစပ်မှ ဇွန်းအဝင်အထွက်ကိုသာ မြင်နေရသည်။
ကျုံးမင်းဝေသည် ကောင်မလေး ပလုပ်ပလောင်းစားနေသည်ကို ကြည့်ရင်း ချစ်စဖွယ်ကောင်းသည်ဟု ခံစားမိသည်။
သူ ဒီစကားလုံးကို သုံးမိမည်ဟု မထင်ထားခဲ့ပေ။ ထိုအချိန်တွင် သူသည် အားချိုးကိုကြည့်ကာ မိုက်မဲသည်ဟူသော စကားလုံးကို သဘာဝကျကျ တွေးတောနေခဲ့သည်။
သူသည် လောဘကြီးသော ရှဉ့်လေးတစ်ကောင်ကဲ့သို့ ပလုပ်ပလောင်းဖြစ်နေသော အားချိုး၏ ပါးပြင်များကို ကြည့်နေခဲ့သည်။ သူ မတတ်နိုင်ဘဲ နှုတ်ခမ်းကို ဖိထားလိုက်သည်။ ဒီမိန်းကလေးက တကယ်အချိုကြိုက်တာ သိသာပေသည်။
တကယ်တော့ သူလဲ အချိုစားရတာ ကြိုက်သည်။ ငယ်ငယ်က ပန်းကိတ်၊ မုန့်ကြွပ်နဲ့ နို့လက်ဖက်ရည်တို့ကို နှစ်သက်ခဲ့သည်။ နောက်ပိုင်း အသက်ကြီးလာတဲ့အခါ သူ့အဆင့်အတန်းကြောင့် တခြားသူတွေရှေ့မှာ မစားနိုင်တော့ပေ။ သူသည် စာသင်ခန်းထဲတွင် ပုန်းကာ စားလေ့ရှိပြီး အစေခံအဘွားတစ်ယောက်က လူကြည့်ပေးသည်။ စာသင်ခန်းထဲဝင်သွားရင်း နှစ်တွေကြာလာတာနဲ့အမျှ သခင်နဲ့ အစေခံကြားမှာ တိတ်တဆိတ် သဘောတူညီမှုရလာခဲ့သည်။ နောက်တွင် အဘွားအို ကွယ်လွန်သွားတော့ တိတ်တဆိတ် သဘောတူညီချက်မှာ ပျက်သွားတော့သည်။ ထိုအချိန်တွင် သူက အသက် 16 17အရွယ် ယောက်ျားလေးဖြစ်နေပြီပင်။ ထုံးစံအတိုင်း၊ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ သူနှင့် ထိုကဲ့သို့ နုံအသော သဘောတူမှုကို ပြုလုပ်ပေးမည်မဟုတ်သောကြောင့် အချိုများကို မစားရတော့ပေ။
နောက်တော့ အသက် 18နှစ် လက်ထပ်ပြီး အိမ်ထောင်ကျခါစ တစ်နေ့တွင် အပြင်ကပြန်လာပြီး မီးဖိုချောင်မှ ဖြတ်သွားသည့်အခါ မီးဖိုချောင်ထဲ၌ အလုပ်များနေသော လူတစ်စုကို သူကြည့်လိုက်မိသည်။ စိတ်ဝင်စားစရာကောင်းတယ် ထင်တာကြောင့် မီးဖိုချောင်ဘက်ကို တိတ်တဆိတ် ဆက်လှမ်းကြည့်နေခဲ့သည်။ သို့သော် ခြေနှစ်လှမ်းလောက်သာ လှမ်းရသေးချိန်၊ စာဖိုမှူးအား တင်းရှီပြောလိုက်သည့် အမိန့်သံကို ကြားလိုက်ရသည်။
“အရှင့်သားက အချို မစားဘူး။ ဒီယုန်ကင်ပေါ်မှာ ပျားရည်ကို မသုတ်နဲ့”
ထို့စဥ် သူ့ ခြေလှမ်းများ ခဏရပ်တန့်သွားသော်လည်း ဆက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ စာကြည့်ခန်းထဲသို့ ဝင်ခဲ့လိုက်သည်။
ထိုနေ့က သူစားခဲ့သော ဟင်းအမျိုးအစားကို မမှတ်မိတော့ပေ။ ချိုမြိန်ခြင်းမရှိသော ဟင်းပန်းကန်များ၊ စွပ်ပြုတ်နှင့် မုန့်များအပြည့်ရှိသော စားပွဲကြီးကိုသာ မှတ်မိတော့သည်။
အားချိုးက ကျုံးမင်းဝေအတွက် သူ့ဗိုက်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း မေးလိုက်သည်။ သူမ သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့ခြင်းပေ။
ကျုံးမင်းဝေက နူးညံ့သောအသံဖြင့်ပြောလိုက်သည်။ သူ့ကိုယ်ထက်ရှိ လက်သေးသေးလေးများက ဝမ်းဗိုက်ပေါ်မှ ကုတင်အနာကို ဂရုတစိုက်ရှောင်ရှားရင်း အပြန်ပြန်အလှန်လှန်ပွတ်သပ်နေတာကို ကြည့်ကာ ကျုံးမင်းဝေ သက်ပြင်းချလိုက်သည်။
***