“စိတ်ဝင်စားစရာကောင်းတဲ့ အတိတ်လား”
အားချိုး သေသေချာချာမေးလိုက်သည်။ ကျုံးမင်းဝေ၏ အသံကို သူမ မကြားတော့တာကြောင့် ထပ်မေးလိုက်သည်။
“ဟုတ်လား”
“ဟုတ်တယ်”
ကျုံးမင်းဝေက အားချိုးအား တုန်လှုပ်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“ငါ ငယ်ငယ်တုန်းကတော့ လောဘကြီးပြီး ရေခဲခြစ်တွေ အများကြီးစားခဲ့ဖူးတယ်။ နောက်တော့ ညကြီးသန်းခေါင် ထဗိုက်နာလို့ မယ်တော်ပါ လန့်သွားရတယ်။ နောက်တော့ မယ်တော်က မင်းလုပ်ပေးသလိုမျိုး ညလယ်ကြီး ဗိုက်ကို ပွတ်ပေးတယ်လေ”
“ဟုတ်လား၊ အရှင့်သားလဲ ငယ်ငယ်က ကလေးဆန်ခဲ့တာကိုး၊ မွေးလာကတည်းက အေးအေးဆေးဆေးနဲ့ ရင့်ကျက်တယ်လို့ ကျွန်မထင်နေခဲ့တာ”
အားချိုးကလည်း ရယ်မောပြီး သူ့ကလေးဘဝအကြောင်းကို ခေါင်းစောင်းကာ ပုံဖော်ကြည့်လိုက်သည်။ ခဏကြာတော့ သူမသည် စိတ်ဝင်စားစရာ တစ်ခုခုကို တွေးနေမိပြီး ပါးစပ်က ပြုံး၍
“နန်းတော်ထဲမှာတုန်းက တောကြောင်တွေ အများကြီးရှိတယ်။ ကျွန်မ ငယ်ငယ်ကဆို တောကြောင်တွေက အမြဲကျွန်မတို့ဘက်ကိုပဲ ပြေးပြေးလာတာလေ။ အဲ့တုန်းက ဘာလို့ တောကြောင်တွေက တော်ဝင်မီးဖိုခန်းကို မပြေးဘဲ ကျွန်မတို့အဝတ်လျှော်ဌာနဆီပဲ လာနေလဲလို့ တွေးခဲ့တာ။”
“နောက်မှသိရတာ။ အမေရှန်းက သူ့စားစရာထဲကတစ်ဝက်ကို တောကြောင်တွေ ကျွေးဖို့ အမြဲဖယ်ထားတာ တွေ့လိုက်ရတယ်လေ၊ အဲ့ကျမှ အကြောင်းရင်းကို သိလိုက်ရတော့တာပဲ။”
အမေရှန်းကိုတွေးမိပြီး အားချိုးက နူးညံ့စွာ ပြုံးလိုက်ကာ သူ့အသံက အတိတ်ကို ပြန်သတိရတဲ့ နွေးထွေးမှုနဲ့အတူ သိမ်မွေ့စွာ ဆင်းသက်လာသည်။
“အမေရှန်းက တောကြောင်ကို ခေါ်လာတယ်ဆိုပြီး စနောက်ခဲ့ကြပေမဲ့ နောက်ပိုင်းကျ ကျွန်မတို့ပါ အတူလိုက်ကျွေးဖြစ်တယ်လေ။ နောက်ကျ တဖြည်းဖြည်းနဲ့ တောကြောင်က ကျွန်မနဲ့ ရင်းနှီးလာခဲ့တယ်။ ကြောင်က ကျွန်မကို မြင်တာနဲ့ လှမ်းလှမ်းအော်တတ်နေပြီရယ်။”
ကျုံးမင်းဝေက ထပ်မမေးတော့ပေ။ သူက အားချိုး၏ မျက်လုံးများနှင့် မေးစေ့ပေါ်ရှိ နီရဲနေသော အမာရွတ်ကို ကြည့်လိုက်သည်။ ခေတ္တနားပြီးနောက် သူ့ ပါးစပ်ကို ပြန်ဖွင့်လိုက်သည်။
“ငါ ငယ်ငယ်ကလဲ ကလေးထိန်းတစ်ယောက်ရှိဖူးတယ်...”
မျက်ခွံတွေ နည်းနည်း ယားယံသွားသည်။ ကျုံးမင်းဝေ ဆက်မပြောနိုင်တော့ပေ။ မျက်ခွံတွေက အကြိမ်အနည်းငယ် ထပ်လှုပ်ယမ်းသွားလေသည်။ အားချိုးက သူမ၏ လက်ကို သူ့ဝမ်းဗိုက်မှ ချက်ချင်း ရုတ်သိမ်းလိုက်ပြီး ကျုံးမင်းဝေ၏ မျက်ခွံပေါ် ညင်သာစွာ တင်ပေးလိုက်သည်။
“တကယ်တော့ သူမက လူကောင်းတစ်ယောက်တော့ မဟုတ်ခဲ့ဘူး”
“ဘာလို့ဒီလိုပြောရတာလဲဆိုတော့ သူက ငါ့အပေါ်ကောင်းတယ်ဆိုပေမဲ့ တခြားသူတွေအပေါ်တော့မဟုတ်ဘူး။ သူက မယ်တော်ကြီးရဲ့ အနီးကပ် အစေခံပဲ၊ ငါ့ကို အမြဲချီထားတတ်တယ်။ သူက အသက်ကြီးပြီး ဝါကြီးတော့ ဘယ်သူမှ သူ့ကို မတားရဲဘဲ စိတ်လဲကြီးတယ်။ ဟားဟား၊ ဒါပေမယ့် ငါ့အပေါ်တော့အရမ်းကောင်းပါတယ်။ ငယ်ငယ်က ငါကြိုက်သလောက်စား ကြိုက်သလောက်ဆော့ ဘာမှမပြောခဲ့ဘူး။ သူအသက်ကြီးလာတော့ မှတ်ဉာဏ်က သိပ်မကောင်းတော့တာတောင် ငါငယ်ငယ်က နို့လက်ဖက်ရည်သောက်ရတာကြိုက်တာကို သဘောကျလို့ အမြဲ သုံးနာရီ ငါးနာရီအတွင်း နို့လက်ဖက်ရည် ပို့ပေးနေခဲ့သေးတယ်။”
“သောက်ဖို့ကောင်းတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ နည်းနည်းတော့ အရသာပြောင်းလာတယ်။ နွားနို့ အရမ်းထည့်မိတာတို့ ပျားရည်တွေ အများကြီးထည့်တာတို့ အမြဲတမ်း အီဆောင့်နေတာပဲ”
ကျုံးမင်းဝေက ပေါ့ပေါ့ပါးပါး အပြုံးလေးနှင့် ပြောသည်။
“ဒါပေမယ့် သူလုပ်ထားကတည်းက သောက်လို့ ကောင်းပါတယ်။”
***