ကောင်းကင်မျက်လုံးက မည်မျှကြောက်စရာကောင်းသည်ကို ချင်းယွမ်လူမျိုးများအားလုံး ကလေးအစခွေးအဆုံး သိကြသည်။
နျူကလီးယားလက်နက်များက အစွမ်းထက်သည်လား။
ဖောက်ခွဲအားပြင်းသော နျူကလီးယားလက်နက်တစ်ခုသည် တောင်တစ်လုံးကို ဖျက်ဆီးနိုင်သလို မြို့တစ်မြို့ကိုလည်း မြေလှန်ပစ်နိုင်၏။
သို့သော် ကောင်းကင်မျက်လုံးနှင့် နှိုင်းယှဉ်လျှင် နျူကလီးယားလက်နက်မှာ သိသိသာသာကို အဆင့်တစ်ခုထိ နိမ့်နေပါသေးသည်။
ကောင်းကင်မျက်လုံးသည် နျူကလီးယားထက် အဖျက်အားပြင်းရုံသာမကပါ။တိကျစွာ ပစ်မှတ်ထားနိုင်ခြင်းနှင့် အလွန်ဝေးသော အကွာအဝေးထိပစ်ခတ်နိုင်ခြင်းတို့သာမက အကြီးစား ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်နိုင်၏။
ထို့ကြောင့် မူလုံရှန်းသာ ကောင်းကင်မျက်လုံးကို ယခုအသုံးပြုလိုက်ပါက အသေးစားတိုက်ခိုက်မှုကပင် ထိခိုက်သေဆုံးသူအရေအတွက် ထောင်နှင့်ချီ၍ သို့မဟုတ် သောင်းနှင့်ချီ၍ပင် ရှိနိုင်သည်။
"ပုရွက်ဆိတ်တစ်အုပ်ကွ ၊ သူတို့သေတာက ဘာဖြစ်လို့လဲ။"
"အရင်တစ်ခါ ယန်မိသားစုရဲ့ မြေးလေး သေတုန်းကတောင် ဖုန်းပြည်နယ်တစ်ခုလုံးက အရာရှိငယ်သုံးထောင်လောက် သေခဲ့ရတာပဲ။"
"ဘာလဲ... ငါ့သားက ယန်မိသားစုမြေးလောက်တောင် တန်ဖိုးမရှိဘူးလား"
မူလုံရှန်း၏ အသံမှာ နာကြည်းချက်များဖြင့် ပြည့်နှက်နေပြီး မေးကြောကြီးများပင် ထောင်နေ၏။
ထိုစဉ်က ပစ်မှတ်အနီးရှိအစိုးရဝန်ထမ်းများပင် ပေါက်ကွဲမှုထဲပါဝင်သွားခဲ့ပြီး ထက်ဝက်ကျော်မှာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ဖြစ်ခဲ့ရသည်။
ယခုမူ ဤကုန်တိုက်ထဲမှ လူများမှာ သာမန်အရပ်သားများသာ ဖြစ်သဖြင့် သူတို့သေဆုံးသွားခြင်းကို သူက လံူးဝဂရုစိုက်မည်မဟုတ်ပေ။
ပြည်သူလူထု၏ သဘောထားကိုရော လျစ်လျူရှု၍ ရမည်လား။
၎င်းမှာ ကိုင်တွယ်ရန် လွယ်ကူပါသည်။
ကွေ့ရန်နိုင်ငံ၏ သွေးထိုးမှုကြောင့် ကုဝူနိုင်ငံသည် ကုန်တိုက်အား အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သည်ဟု အကြောင်းပြလိုက်ရုံပင်။
ချင်းယွမ်နှင့် ကွေ့ဝူနိုင်ငံတို့သည် တစ်ဖက်နှင့်တစ်ဖက် အပြစ်ပုံချရန်အတွက် ဤကဲ့သို့သော ဖြစ်ရပ်မျိုးများကို ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသည်မှာ အကြိမ်ကြိမ်ရှိခဲ့ဖူး၏။
တစ်ခါက ကုဝူနိုင်ငံ၏ အထက်တန်းလွှာများ ဒေါသထွက်ပြီး မြို့ငယ်လေးတစ်မြို့လုံးကို အပြတ်ရှင်းပစ်ခဲ့သဖြင့် လူအမြောက်အမြား သေဆုံးခဲ့ရသည်။
သို့သော် ၎င်းမှာ ချင်းယွမ်နိုင်ငံ၏ လက်ချက်ဖြစ်သည်ဟု အပြစ်ပုံချလိုက်ကြ၏။
သာမန်လူများမှာ အာဏာပိုင်များကို သံသယဝင်မည်မဟုတ်ဘဲ ရန်သူ့နိုင်ငံကိုသာ ဝိုင်းဝန်းဆန့်ကျင်ကြပေလိမ့်မည်။
သံသယရှိသူများ နည်းနည်းပါးပါရှိခဲ့လျှင်လည်း... ပြဿနာမရှိပါ။
ကြယ်ခုနစ်ပွင့်မိသားစုများမှာ အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထားသဖြင့် သာမန်လူများ၏ တော်လှန်မှုကို စကားထဲပင်ထည့်ပြောနေမည်မဟုတ်ပေ။
"ကျွန်တော့် ညီက ကုန်တိုက်ထဲမှာ ရှိနေသေးတယ်"
ဟန်ခန်းက စိုးရိမ်တကြီး ပြောလိုက်သော်လည်း ယခုအချိန်တွင် သူသည်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေလေပြီ။
"ငါ့သားတောင် သေသွားပြီ၊ မင်းညီသေတာက ဘာအရေးကြီးလို့လဲ"
မူလုံရှန်းက ယန်ခန်းအား လှည့်ပင်မကြည့်ဘဲ ပြတ်သားစွာ ပြောလိုက်သည်။
"မူ-၀၃ ကောင်းကင်မျက်လုံးကို အသက်သွင်းစမ်း၊ တည်နေရာက..."
မူလုံရှန်းက အမိန့်ပေးလိုက်၏။
သူသည် စိတ်လွတ်နေပြီဖြစ်သည်။
သူ၏သား သေဆုံးပြီးနောက် မိသားစုအတွင်း သူ၏ ရာထူးမှာလည်း ထိုးကျသွားမှာအသေအချာပင်။
ထိုကိစ္စ၏ အဓိကတရားခံ ကျိယွမ်ကို သုတ်သင်နိုင်မှသာ သူ၏ စိတ်ထဲမှနာကြည်းမှုကို ဖြေဖျောက်နိုင်ပါလိမ့်မည်။
အရေးကြီးဆုံးမှာ သူ၏ တာဝန်ထဲတွင် ကျိယွမ်ကို သုတ်သင်ရန်ဟူသော အချက်လည်း ပါဝင်နေခြင်းပင်။
သို့သော် သူ၏ စကားမဆုံးမီမှာပင် အသံတစ်ခု သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
"ဒါဆို နင်က ငါ့ယောက်ျားပြောပြောနေတဲ့... လူအသေးအမွှားလေးတွေကို သတ်လိုက်ရင် ပေါ်လာတတ်တဲ့ လူလတ်တန်းစား လူဆိုးဆိုတာပေါ့၊ ဟုတ်လား"
ထိုအသံမှာ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်၏။ အသံက အနည်းငယ် ဝေဝါးနေသော်လည်း ဆွဲဆောင်မှုရှိလသည်။
"ဘယ်က အသံလဲ"
မူလုံရှန်း ခဏလောက် မှင်တက်သွားသလို ခန်းမထဲက လူများမှာလည်း ထိုအသံကြောင့် တုန်လှုပ်သွားကြသည်။
ရုတ်တရက်ဆိုသလို လူငယ်တစ်ဦးနှင့် မိန်းမပျိုတစ်ဦးသည် ခန်းမအတွင်း၌ လှစ်ခနဲပေါ်လာ၏။
ထိုလူငယ်နှစ်ဦးမှာ အခြားသူများ မဟုတ်ပါ ။သူတို့ စောင့်ကြည့်နေခဲ့သော cctv မှတ်တမ်းဗီဒီယိုထဲမှ ဇာတ်လိုက်များပင် ဖြစ်သည်။
ခန်းမအတွင်းမှ လူများ အံအားသင့်သွားကြသည်။
သူတို့က... ဆယ်ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ရှိနေတာ မဟုတ်ဘူးလား။
ငါတို့က တိုက်ရိုက် cctv မှတ်တမ်းကိုကြည့်ပြီး စကားနည်းနည်းပါးပါး ပြောနေတုန်းမှာတင် သူတို့ ဒီကို ဘယ်လို ရုတ်တရက် ရောက်လာတာလဲ။
မူလုံရှန်းသည် ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည်ကို ခံစားလိုက်ရပြီး လျှင်မြန်စွာ အော်ဟစ်လိုက်သည်။
"အစောင့်တွေ၊ မြန်မြန်လာကြ၊ သူတို့ကို ဖမ်းစမ်း"
သူသည် အမှန်တကယ် ကြောက်ရွံ့နေလေပြီ။
ဟန်ခန်းမှာလည်း ကြောင်အမ်းသွားခဲ့ပသည်။
ညီဖြစ်သူ၏ သူငယ်ချင်းကို ကြည့်ရင်း အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရ၏။
သူက... ဟိုဗီဒီယိုထဲက နတ်ဘုရားဆိုတာများလား။
ဟန်ခန်းသည် ဤနေရာသို့ လာခွင့်ရခဲ့သော်လည်း ကျိယွမ်နှင့် ပတ်သက်၍ သိပ်မသိသေးပါ ။
ထို့ကြောင့် မူလုံရှန်းက ကျိယွမ်အားသတ်ရန် ကောင်းကင်မျက်လုံးကို ထုတ်သုံးသည့်အခါတွင် သူသည် ပါးစပ်မှ ထုတ်မပြောသော်လည်း အလွန်အဓိပ္ပာယ်မရှိသလို ခံစားခဲ့ရ၏။
စာကလေးကို အမြှောက်နှင့်ထုမည့်အဓိပ္ပါယ်မရှိသော ဆုံးဖြတ်ချက်ကြောင့် သူ၏ညီဖြစ်သူကပါ ကြားကနစ်နာသွားမည်ကို လုံးဝလက်မခံနိုင်အောင်လည်း ဖြစ်နေခဲ့သည်။
ဒီလောက်ကြီးထိ မလိုဘူး မဟုတ်လား ။
သို့သော် ယခုအခါ နင်းထောင်နှင့် ကျိယွမ်တို့ ဤနေရာ၌ ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်သောအခါမှ သူသည် ကွေ့ရန်စစ်စခန်းဖြစ်ရပ်နှင့် ချက်ချင်း ဆက်စပ်တွေးတောမိသွားခဲ့သည်။
ကျိယွမ်၏ အကြည့်မှာ မူလုံရှန်းထံသို့ ကျရောက်သွားပြီး တောက်ပစွာ ပြုံးမှာ ပြလိုက်သည်။
"အားကိုးရတဲ့ပေါင်တံကြီးကို ဖက်ထားရတာ တကယ့်ကို အံ့သြဖို့ကောင်းတယ်ဆိုတာ ခုမှပဲသိတော့တယ် "
ထိုသို့ပြောရင်း သူသည် တမင်တကာပငုံ့လိုက်ပြီး နင်းထောင်၏ အနက်ရောင်ဝတ်စုံအောက်က လှပသောပေါင်တံကို ဖက်သလိုလုပ်ပြလိုက်၏။
သို့သော်လည်း မည်သူမျှ ဤလှုပ်ရှားမှုအသေးလေးကို သတိမထားမိကြပါ။
သူက မူလုံရှန်းကို ကြည့်ကာ ဆက်ပြောသည်။
"အသေးအမွှားလေးတွေကို သတ်လိုက်တယ်၊ ပြီးတော့ အလတ်တန်းစား လူဆိုးတွေ ရောက်လာတယ်၊ဒါက အမြဲမှန်ကန်နေတဲ့ ဇာတ်ကွက်ပဲ"
" ဒါပေမဲ့ ကျွန်တော်ကတော့ မကြောက်ပါဘူး ၊ဘာလို့ဆို ကျွန်တော့်မှာ ဖက်ထားစရာ ဇနီးသည်ရဲ့ ပေါင်တံကြီး ရှိတယ်လေ"
" ခင်ဗျားတို့ စုဝေးပြီးကြံစည်နေတာကို မကြောက်ဘူး၊ ခင်ဗျားတို့ မစုစည်းမှာကိုပဲ ကြောက်တာပါ၊ မဟုတ်ရင်... တစ်မျိုးနွယ်လုံးကို အပြတ်ရှင်းဖို့ နည်းလမ်းမရှိတော့ဘူး မဟုတ်လား"
ကျိယွမ်က အားကိုးစရာပေါင်တံကြီးကို ဖက်ထားသည်ဟု ပြောသည့်က စကားလှရုံသက်သက် ပြောနေခြင်း မဟုတ်ဘဲ လက်တွေ့ လိုက်နာနေခြင်း ဖြစ်သည်။
လက်ရှိ ခန္ဓာကိုယ် စွမ်းအားအရ သူသည် နင်းထောင်ထက် အဆများစွာ နိမ့်ကျနေ၏။
သဘာဝကျစွာပင် ဇနီးဖြစ်သူ၏ ပေါင်တံကို ဖက်ထားခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုပင် မဟုတ်ပါလား။
ကျိယွမ်၏ အသံမှာ တည်ငြိမ်နေသော်လည်း အတော်လေး ပေါ့ပျက်ပျက် နိုင်လှသည်။
နင်းထောင်၏ နုနယ်သောနားရွက်လေးများပင် နီမြန်းသွားလေ၏။
"အလတ်တန်းစားလူဆိုးတွေကို သတ်ပြီးရင်... အဖိုးကြီးတွေကို သတ်ဖို့ယောက်ျားနောက်ကို ကျွန်မ လိုက်ခဲ့ပါမယ်"
စကားသံနှင့်အတူ သူမ၏ သွယ်လျလှပသောလက်ကလေးကို ညင်သာစွာ မြှောက်လိုက်သည်။
တစ်ချိန်က မောက်မာခဲ့သော မူလုံရှန်း၏ မျက်နှာတွင် ရုတ်တရက် ထိတ်လန့်မှုများ ပေါ်လာပြီး သူ၏ မျက်ဝန်းများမှာ သေခါနီး ခွေးတစ်ကောင်၏ မျက်လုံးများကဲ့သို့ ဖြစ်သွား၏။
"မလုပ်....ပါ....နဲ့..."
သေဘေးနှင့် ရင်ဆိုင်ရချိန်ရောက်သောအခါမှာတော့ သူသည် သက်ရှိအားလုံး၏ တန်းတူညီမျှခြင်းဟူသော နိယာမကို နားလည်သွားပုံရသည်။
မူလုံရှန်းမှာ အသနားခံလိုသော်လည်း မည်သည့်စကားမျှ မပြောနိုင်တော့ပါ။
သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို ကြေမွသွားခဲ့သည်။
ခေတ်မီ နာနိုနည်းပညာကာကွယ်ရေးများအားလုံးမှာ မရှိသောအရာများကဲ့သို့ပင် လုံးဝအသုံးမဝင် ဖြစ်သွား၏။
သူသည် ကြေမွသွားသော်လည်း ပုံစံမပျက် မြေပြင်ပေါ်၌ လဲကျနေခဲ့ပြီးအသက်ရှူသံကတော့ လုံးဝ မရှိတော့ပါ။
ထိုနေရာ၌ ရှိနေသော အဆင့်မြင့် အရာရှိကြီးများ အားလုံးတဆတ်ဆတ်တုန်သွားကြ၏။
ပထမဆုံးအကြိမ်အဖြစ် သူတို့က မည်မျှ အင်အားမဲ့လှကြောင်းကိုလည်း သဘောပေါက် ခံစားလိုက်ရသည်။
သူတို့သည် သူတစ်ပါးအထက်သို့ ရောက်ရှိလာကတည်းက သူတို့၏ စိတ်နေစိတ်ထားများမှာ ပြောင်းလဲသွားခဲ့၏။
သူတို့သည် ကမ္ဘာပေါ်က အရာအားလုံးမှာ စတုရန်းကွက်ပေါ်က နယ်ရုပ်များကဲ့သို့ဖြစ်ပြီး သူတို့က ကစားသမားများဟု ခံယူထားကြသည်။
အရာအားလုံးမှာ သူတို့ သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း ဖြစ်ရမည်။
သာမန်လူများမှာ နယ်ရုပ်များသာ ဖြစ်လေသည်။
သာမန်လူတစ်ယောက်၏ ဒေါသများ၊ နာကျည်းချက်များမှာ သူတို့အတွက် ဟာသတစ်ခုသာ ။
ထို့အပြင် သူတို့တွင် နာနိုရိုဘော့ ကာကွယ်ရေးဝတ်စုံများအပြင် လုံခြုံရေးများလည်း အထပ်ထပ်ရှိနေသဖြင့် သာမန်လူများ၏ ဒေါသများက ဘာမှအရေးမပါခဲ့ပေ။
သူတို့ စိုးရိမ်ရမည့် တစ်ခုတည်းသော အရာမှာ သူတို့၏ ရပ်တည်ချက်နှင့်နေရာ မပျောက်ရေးသာ ဖြစ်သည်။
သို့သော် ယခုမူ သူတို့သည် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်း ကြောက်ရွံ့နေကြပြီး ဤကမ္ဘာပေါ်တွင် သူတို့ မထိန်းချုပ်နိုင်သော အရာများ ရှိနေသည်ကို သဘောပေါက်သွားကြ၏။
နင်းထောင်၏ အကြည့်မှာ ထိုနေရာရှိ အရာရှိများထံသို့ ရောက်ရှိသွားသည်။
သူမ၏မျက်လုံးများက ကြယ်စင်များကဲ့သို့ တောက်ပနေ၏။
"နင်.. ပြီးတော့ နင်ရော ၊ သူရော .. နင်တို့အားလုံးရဲ့ မျက်လုံးထဲမှာ သေသွားတဲ့လူလိုပဲ သတ်ဖြတ်လိုစိတ်တွေ ရှိနေတယ်... ဒါဆိုရင်တော့ နင်တို့အားလုံး သေသင့်တယ်"
နင်းထောင်သည် သေမင်းတစ်ပါးက သေစာရင်းထဲက အမည်များကို ပယ်ဖျက်လိုက်သကဲ့သို့ သေဆုံးရမည့်သူများကို ညွှန်ပြလိုက်သည်။
အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် အခန်းထဲက အဆင့်မြင့် အရာရှိ ခုနစ်ဦး တိတ်တဆိတ်ထပ်မံသေဆုံးသွား၏။
ကျန်နေခဲ့သော အရာရှိကြီးများမှာ နေရာတွင် မလှုပ်မယှက်ရပ်နေကြသော်လည်း အများစုက ဒူးများတဆတ်ဆတ်တုန်နေကြလေပြီ။
သူတို့အားလုံး စကားတစ်လုံးပြောရန်အသာထား အသက်ကိုပင် ပြင်းပြင်းမရှူရဲကြပါ။
ဟန်ခန်းသည်လည်း နေရာ၌ပင် ရပ်နေပြီး သူ၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံဆူညံနေသည်။
သေဆုံးသွားသော အရာရှိ ခုနစ်ဦးထဲတွင် သုံးဦးမှာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဖြစ်၏။ သူတို့ထဲကတစ်ဦးမှာ သူ အမြဲတမ်း ရိုသေလေးစားရသော သူ၏ အထက်လူကြီးလည်း ပါဝင်နေလေသည်။
သို့သော် ယခုအခါမှာတော့ ခွေးတစ်ကောင်လို သေဆုံးသွားခဲ့လေပြီ။
မည်သူက ထိတ်လန့်တုန်လှုပ်ခြင်း မရှိဘဲ နေနိုင်မည်နည်း။
ကျိယွမ်နှင့် သူ၏ဆွဲဆောင်မှုရှိသော မိန်းမလှလေးတို့မှာ ကြောက်စရာကောင်းသည်ဟူသော အဆင့်ကိုကျော်လွန်သွားခဲ့လေပြီ ။ သူတို့က မယုံနိုင်စရာ ကောင်းလှသည်ဟုပင် ဆိုရပေခြိမ့်မည်။
"ကျွန်တော် ရုတ်တရက် ကဗျာတစ်ပုဒ်လောက် ရွတ်ချင်လာတယ်"
ကျိယွမ်က အလောင်းများကိုကြည့်နေရင်းမှ စိတ်ကူးပေါက်ကာ ပြောလိုက်သည်။
သူက ကဗျာကိုအနည်းငယ်စဥ်းစားပြီး မှ စတင်ရွတ်ဆို၏။
"အိုဘယ့်...မင်းနေပြည် ၊ ...နန်းတွင်းဘဏ္ဍာတိုက်က ပိုးထည်တွေ ပြာဖြစ်လို့၊ မှူးမတ်တွေရဲ့ အရိုးလည်း လမ်းပေါ်မှာ နင်းခြေခံရပြီ"
အခန်းထဲတွင်ရပ်နေသော အရာရှိများမှာ ကဗျာကို တစ်ခါမျှ မကြားဖူးသော်လည်း သူတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့အားလုံးမှာ ပညာတတ်များဖြစ်ကြသဖြင့် ကဗျာ၏ အနက်အဓိပ္ပာယ်ကို ချက်ချင်းနားလည်လိုက်ကြ၏။
"တကယ့်ကို ကောင်းတဲ့ကဗျာပါပဲ... တကယ့်ကို ကောင်းတဲ့ကဗျာပါ..."
ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးက တုန်တုန်ရင်ရင်ဖြင့် ထွက်လာပြီး စွန့်စားကာ ချီးကျူးလိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူသည် ကြယ်ခုနစ်ပွင့်မိသားစုဝင်များကိုပင် ဤမျှအထိ မြှောက်ပင့်ခဲ့ဖူးခြင်း မရှိပါ။
သို့သော် ငြိမ်နေခြင်းထက် အခွင့်အရေးရှာကြည့်ရန် သူကစွန့်စားလိုက်ခြင်းပင်။
ဟန်ခန်းကလည်း ချက်ချင်းရှေ့သို့ထွက်လာ၏။
"ဒီကဗျာက တကယ့်ကို ထူးကဲပါတယ်၊ ခံစားချက်ကော ပုံဖော်ချက်ကော တော်တော်အသက်ဝင်တယ်၊ မစ္စတာကျိ...ကဗျာမှာလည်း တကယ့်ကို ပါရမီရှင်ပါပဲ"
သူတို့နှစ်ယောက်လှုပ်ရှားသည်ကို မြင်သောအခါ အခြားအရာရှိအချို့သည်လည်း ချီးကျူးစကားများ ပြောရန် ရှေ့ထွက်လာကြတော့သည်။
ကျိယွမ်၏ ကဗျာကို ချီးကျူးခြင်းဖြင့် ကျိယွမ်က သူတို့ကို ချန်ထားပေးမည်ဟု ယူဆနေကြပုံရ၏။
သူတို့၏ မြှောက်ပင့်မှုများကြောင့် ကျိယွမ်မှာ အနည်းငယ်ပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့သည်။
"ဒီကဗျာကို ကျွန်တော် ရေးတာ မဟုတ်ပါဘူး"
သူက အလွန်ရိုးသားသူဖြစ်ပြီး သူတစ်ပါး၏ လက်ရာကို ခိုးယူလိုစိတ် မရှိပါ။
၂၁ရာစုကမ္ဘာက ပျက်စီးမသွားသေးပါ၊ ထို့ကြောင့် သူ ကဗျာခိုးချထားသည်ကို သိသွားကြလျှင် လူမှုရေးအရ သေဆုံးသွားနိုင်သည် မဟုတ်ပါလား။
"ကဗျာက ကိုယ်တိုင်ရေးမဟုတ်ပေမဲ့ ၊ ခင်ဗျား ကဗျာရွတ်တဲ့ပုံစံက ခိုင်မာပြီး အားပါတယ် ၊ တကယ့်ကို ပညာရှိတစ်ယောက်ရဲ့ အရှိန်အဝါမျိုး ရှိပါပေတယ်"
အခြားအရာရှိတစ်ဦးက အခွင့်ကောင်းယူကာ တစ်မျိုးပြောင်းကာ မြှောက်ပင့်လိုက်၏။
သူ၏စကားကို ကြားသောအခါ ကျိယွမ်က ရယ်မောလိုက်သည်။
"ရှေးခေတ် ဧကရာဇ်တွေက ဘာလို့ မြှောက်ပင့်တတ်တဲ့သူတွေကို ချစ်ကြတာလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး"
ထို့နောက် ကျိယွမ်၏ အကြည့်မှာ ဟန်ခန်း၏ ဘေးတွင်ကုပ်နေသော အတွင်းရေးမှူးထံသို့ ကျရောက်သွား၏။
"ခင်ဗျားကော ကျွန်တော့်ကို မြှောက်ပင့်မပေးတော့ဘူးလား၊ ကျွန်တော် နည်းနည်းလောက် ရယ်ချင်လို့ပါ"
ဟန်ခန်း၏ အတွင်းရေးမှူးမှာ ငိုမဲ့မဲ့မျက်နှာဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း မထိန်းနိုင်ဘဲ ပို၍ တုန်ယင်နေသည်။
"မကြောက်ပါနဲ့၊ ကျွန်တော်က အလွန် အကောင်းမြင်တတ်တဲ့သူပါ၊ ရန်ငြိုးမထားတတ်ပါဘူး။"
"ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျားက ဝူယွမ်အဆောက်အအုံက ခင်ဗျားတို့မိသားစုပိုင်တယ်လို့ ပြောခဲ့တာက အမှန်တရားပါ၊ ကျွန်တော် ဘာမှမတတ်နိုင်ခဲ့ဘူး။ဘာလို့ဆို ကျွန်တော်က... ကျွန်တော်က ဆင်းရဲလွန်းလို့ ကုံရှင်းကို မဝယ်နိုင်ခဲ့လို့ပဲ"
"မဟုတ်ရင်တော့ အဲဒီအချိန်မှာတင် ကျွန်တော် ပြန်ပြောလိုက်မှာပေါ့"
ကျိယွမ်၏ စကားကို ကြားသောအခါ အတွင်းရေးမှူး၏ မျက်နှာမှာ ဖြူလျော်သွားပြီး ငိုသည်ထက် ဆိုးသော အမူအရာ ပေါ်လာတော့သည်။
"မစ္စတာကျိ... ကျွန်တော် မှားခဲ့ပါတယ်ခင်ဗျာ "
အတွင်းရေးမှူးသည် လွန်ခဲ့သော ရက်အနည်းငယ်ဆီသို့ ပြန်သွားပြီး သူ၏ ပါးစပ်ကို သူကိုယ်တိုင် ပိတ်ရိုက်ပစ်ချင်နေသည်။
သူ ဘာကြောင့် ထိုသို့ ပြောခဲ့မိလေသနည်း။
"အဲဒီလို မျက်နှာမျိုးကြီး မလုပ်ပါနဲ့ဗျ ၊ ခင်ဗျား မမှားပါဘူး၊ ခင်ဗျားက မှန်ပါတယ်။ ကျွန်တော်ကပဲ အစွမ်းမရှိလို့ပါ... ဟူး... ခင်ဗျား အဲဒီလိုလုပ်နေတော့ ..မသိရင် .. ကျွန်တော်ကပဲ စကားပြောလို့ မနိုင်ရင် လက်ပါတတ်တဲ့ အကြမ်းဖက်လူကြမ်းကြီးလို ဖြစ်နေမှာပေါ့၊ မဟုတ်ဘူးလား"
ကျိယွမ်က အစွပ်စွဲမခံနိုင်သလိုရှင်းပြနေ၏။
သူက အကြမ်းဖက်ခြင်းထက် အကျိုးအကြောင်းပြခြင်းကို အမြဲတမ်း ပိုနှစ်သက်သူဖြစ်သည်။
သူတစ်ပါးကို အကျိုးအကြောင်းဖြင့် နားချခြင်းကိုနှစ်သက်သက်သည့်သူ့အား အတွင်းရေးမှူး၏ စိတ်ကူးထဲတွင်မူ တစ်မိသားစုလုံးကို သတ်ဖြတ်တတ်သော ရက်စက်သည့် လူသတ်သမားကြီး ဖြစ်နေပုံရ၏။
အတွင်းရေးမှူးမှာ ကြောက်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့သည်။
"ဟူး"
ကျိယွမ်က သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ပထမဆုံး စတွေ့တုန်းက ပုံစံကို ပိုကြိုက်တယ်၊ အဲဒီတုန်းက ခင်ဗျားက အတော်လေး မောက်မာပြီး စိန်ခေါ်ချင်တဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ ရက်အနည်းငယ်အတွင်းမှာပဲ လူမှုပတ်ဝန်းကျင်က ခင်ဗျားရဲ့ မာန်မာနတွေကို ချိုးနှိမ်ပစ်လိုက်တာက နှမြောစရာပါပဲ။ ခင်ဗျား အတော်လေး ရုန်းကန်ခဲ့ရပုံပဲ"
ပတ်ဝန်းကျင်က လူများမှာ ရယ်ချင်သော်လည်း မရယ်ရဲကြပါ။
ပတ်ဝန်းကျင်က ချိုးနှိမ်တာတဲ့လား ၊ မင်းက ချိုးနှိမ်နေတာ မဟုတ်ဘူးလား ။
အတွင်းရေးမှူးခမျာ မိဘမဲ့သွားသူတစ်ဦးနှင့်ပင် တူနေသည်။
"ဒါဆိုရင်တော့ အားလုံးပဲ ခဏတော့ နှုတ်ဆက်ခဲ့ပါတယ်၊ ကျွန်တော် လူလတ်တန်းစားတွေကို သတ်ပြီးပြီဆိုတော့ အခု ဇနီးသည်နဲ့အတူ အဖိုးကြီးတွေကို သတ်ဖို့ သွားရပါဦးမယ်"
ကျိယွမ်က နင်းထောင်၏ နူးညံ့သော ခါးလေးကို ညင်သာစွာဖက်ရင်း ပြောလိုက်သည်။
နင်းထောင်က သူ့ကို မြို့တော်သို့ ခေါ်ဆောင်သွားတော့မည် ဖြစ်၏။
သူ မြဲမြဲမဆုပ်ကိုင်ထားပါက ခရီးစဉ်မှာ အတော်လေး ကြာသွားနိုင်သည်။
ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက အလျင်အမြန် တောင်းပန်လိုက်၏။
"မစ္စတာကျိ... ခဏလောက် စောင့်ပေးပါဦး"
"ဟင်... ဘာဖြစ်လို့လဲ၊ ခင်ဗျားလည်း ကျွန်တော့်ကို မြှောက်ပင့်ချင်လို့လား"
ကျိယွမ်က မြေပြင်ပေါ်တွင် လဲနေသော အတွင်းရေးမှူးကို တစ်ချက် ကြည့်လိုက်သည်။
ထိုအတွင်းရေးမှူးမှာ အားလုံး၏ အကြည့်ကို ခံလိုက်ရသဖြင့် ရင်ထဲတွင် အေးစိမ့်သွားသော်လည်း မသိချင်ယောင်ဆောင်ကာ ဆက်လှဲနေရန်သာရွေးချယ်ခဲ့၏။
ဤအချိန်တွင် ကျိယွမ်က ဆက်ပြောလေသည်။
"ကျွန်တော်က အကျိုးအကြောင်း သိတတ်တဲ့သူပါ၊ သူ ကျွန်တော့်ကို မမြှောက်ပင့်လို့ဆိုပြီး သူ့ကို ရာထူးမချပါနဲ့။ကျုပ်တို့ကြားမှာ သဘောထားကွဲလွဲမှုနဲ့ ပဋိပက္ခတချို့ ရှိခဲ့ပေမဲ့ သူ့ပါးကို ကျွန်တော်ကိုယ်တိုင် ဖြတ်ရိုက်ချင်တာပါ။ ခင်ဗျားတို့ ဝင်မရှုပ်ကြနဲ့ဦး"
ကျိယွမ်တွင် အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်သည်၊ တစ်နေ့တွင် သူသည် ကုံရှင်းကို ဝယ်ရန် ပိုက်ဆံအလုံအလောက် စုဆောင်းပါလိမ့်မည်။
ထိုနေ့ရောက်သောအခါ သူသည် 'ပိုင်ဆိုင်မှုစာချုပ်' ကို ယူပြီး ဤအတွင်းရေးမှူး၏ ပါးကို ရိုက်ကာ ကြေညာပစ်မည်။
"မြင်လား၊ ကုံရှင်းတစ်ခုလုံးက ငါ့ဟာပဲ။ ဝူယွမ်ခန်းမက မင်းဟာဖြစ်တော့ ဘာဖြစ်လဲ"
ကျိယွမ်သည် အနာဂတ်အတွက် တွေးမိသောအခါ သူ၏ စိတ်ကူးယဉ်မှုများထဲတွင် နစ်မျောသွားခဲ့ပြီး တွေးလေ ပျော်လေ ဖြစ်သွားသည်။
ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက ခေါင်းညိတ်ပြကာ ထပ်ပြောလိုက်သည် ။
"မစ္စတာကျိ... ကျွန်တော်တို့ ချင်းယွမ်နိုင်ငံရဲ့ တော်ဝင်မိသားစုက ခင်ဗျားကို အလေးထားပါတယ်၊ အင်ပါယာအတွင်းက လူဆိုးတချို့ကသာ ဒီပြဿနာကို ဖန်တီးခဲ့တာပါ။ ခင်ဗျားနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးက မူမိသားစုရဲ့ မဆင်မခြင် လုပ်ရပ်တွေကြောင့်သာ ဖြစ်လာတာပါ"
ချင်းယွမ်ကို တော်ဝင်မိသားစုက အုပ်ချုပ်သည်ဆိုသော်လည်း ကြယ်ခုနစ်ပွင့်မိသားစုများ၏ အာဏာမှာ တော်ဝင်မိသားစုထက် သာလွန်နေပါသည်။
ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲမှာ တော်ဝင်မိသားစုဘက်တော်သား ဖြစ်ပြီး တော်ဝင်မိသားစု၏ ကျိယွမ်အပေါ် ထားရှိသော သဘောထားမှာ စည်းရုံးသိမ်းသွင်းရန် ဖြစ်၏။
"အော်... အဲဒါကို ကျွန်တော် သိပါတယ်"
"ကျွန်တော်က ကြယ်ခုနစ်ပွင့်မိသားစုဝင်တွေ အားလုံးကို သတ်ဖြတ်မယ့် သွေးဆာနေတဲ့ လူတစ်ယောက်လို့ ခင်ဗျားတို့ ထင်နေကြတာလား။"
"မဟုတ်ပါဘူး၊ ကျွန်တော်က ကြင်နာတတ်တဲ့သူပါ၊ ကျေးဇူးရှိရင် ဆပ်တတ်သလို ရန်ကြွေးရှိရင်လည်း ပြန်ယူတတ်တဲ့သူပါ။ အများဆုံးဆိုရင်တောင် မူမိသားစု တစ်ခုလုံးကိုပဲ သတ်မှာပါ"
အရာရှိများမှာ ခေါင်းငုံ့ထားကြရင်းမှ အချို့မှာ အသက်ကို ပြင်းပြင်းရှူလိုက်မိကြသည်။
မြို့တော်ထဲရှိ မူမိသားစုတွင် လူဦးရေ ထောင်နှင့်ချီ၍ ရှိသည်။
အခြားသော မိသားစုခွဲများကိုပါ ထည့်တွက်ပါက အရေအတွက်မှာ သောင်းနှင့်ချီ၍ ရှိနိုင်၏။
ချင်းယွမ်ပြည်သူများကြားတွင် ဘီလူးကြီးသဖွယ် ဖြစ်နေသောကြောင့် သူတို့တွင် စည်းစိမ်ဥစ္စာများကို စုပ်ယူရန် နည်းလမ်းမျိုးစုံ ရှိနေကြသည်။
လူဦးရေသောင်းချီသော မူမိသားစု တစ်ခုလုံးကို သတ်ပစ်တာက သွေးမဆာဘူးတဲ့လား။
"ခင်ဗျားတို့ မသိပါဘူး၊ ကျွန်တော် တစ်ခါက တကယ့်ကို သွေးဆာတဲ့ လူတစ်ယောက်နဲ့ သိခဲ့ဖူးတယ်။
သူသာဆိုရင်တော့ ကုံရှင်းပေါ်မှာရှိတဲ့ 'မူ' မျိုးရိုးရှိသူ အားလုံးကို သတ်ပစ်လောက်မှာပါ။ ကျွန်တော်က ကြင်နာတတ်ပါတယ်၊ ကျွန်တော်က အဓိက တရားခံတွေနဲ့... အင်း၊ ကျွန်တော့်အပေါ် ရန်လိုတဲ့သူတွေကိုပဲ သတ်တာပါ ၊ စိတ်မပူကြပါနဲ့"
ထိုသို့ပြောပြီးနောက် ကျိယွမ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။
သူ၏ နားထဲတွင် နင်းထောင်၏ ဆွဲဆောင်မှုရှိသော အသံ ထွက်ပေါ်၏။
"ယောက်ျား...၊ ကောင်းကင်မျက်လုံးက အစွမ်းထက်တယ်လို့ သူတို့ပြောတာ ကြားလိုက်တယ်၊ ကျွန်မ ရှင်နဲ့အတူ အပေါ်တက်ပြီး မူမိသားစုရဲ့ ကောင်းကင်မျက်လုံးကို ဆွဲဖြဲပစ်လိုက်ရမလား"
"ကောင်းတာပေါ့ မိန်းမရာ "
ကျိယွမ်က ခေါင်းငြိမ့်ပြကာ နင်းထောင်ကို ပို၍ မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။
အမှန်က ပြုတ်ကျမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်လေ၏။
ထိုအချိန်တွင် ခန်းမအတွင်းမှာတော့ ကျိယွမ် ထွက်ခွာသွားပြီးနောက် အခြားသော အရာရှိများမှာ အသက်ကို ပြင်းပြင်းရှူကာ မြေပြင်ပေါ်သို့ ပြိုလဲသွားကြသည်။
ကျိယွမ် ရှိနေစဉ်အတွင်း သူတို့သည် အလွန်တရာ တင်းမာနေခဲ့ပြီး သူတို့၏ ဦးနှောက်မှာ သူတို့အပိုင် မဟုတ်သလိုပင် ခံစားခဲ့ရ၏။
ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲသည် ဟန်ခန်းကို ကြည့်ကာ တိမ်ဝင်နေသောအသံဖြင့်မေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
သူသည် ကျိယွမ်က အတွင်းရေးမှူးကို မေးခွန်းထုတ်ခဲ့သည့် ကိစ္စကို ဆိုလိုခြင်းပင်။
အတွင်းရေးမှူးကတော့ မျက်ဝန်းများ ဗလာဖြစ်ကာ မြေပြင်ပေါ်၌ ပုံလျက်သား ရှိနေဆဲဖြစ်ပြီး သတိပြန်မဝင်သေးပါ။
ဟန်ခန်းက အလျင်အမြန် ရှင်းပြလိုက်သည် ။
"ဒီကိစ္စက..."
သူသည် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်၏။ သူ၏စိတ်ထဲတွင်လည်း တမြုံ့မြုံ့ ဖြစ်နေခဲ့သည်။
ငါ့အတွင်းရေးမှူးက ဘာလို့ ဒီလောက် ပါးစပ်ဖွာပြီး အဲဒီလိုစကားမျိုး ပြောခဲ့ရတာလဲ။
သို့သော် သူ၏စကားကိုကြားသောအခါ ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ၏ မျက်ဝန်းများက တောက်ပလာသည်။
"မင်းညီက... သူနဲ့ အတော်လေး နီးစပ်တာလား"
ဟန်ခန်းသည်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားသဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ရှင်းပြလိုက်၏။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မူမိသားစုက မစ္စတာကျိကို အရေးယူတော့မယ့်အချိန်မှာ ကျွန်တော့်ညီက သတင်းဘယ်ကရလဲ မသိပေမဲ့ မစ္စတာကျိကို အကြောင်းကြားပေးခဲ့ပါတယ်"
"ကောင်းတယ်"
ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲမှာ သူ၏ ပေါင်ကို ပုတ်ကာ ဝမ်းသာအားရ ဖြစ်သွားသည်။
"ဒါ တကယ့်ကို ကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ။ လာပါဦး၊ မင်းညီနဲ့ မစ္စတာကျိရဲ့ ဆက်ဆံရေးအကြောင်း ထပ်ပြောပြပါဦး"
ဤသည်ကို မြင်သောအခါ ဟန်ခန်းသည်လည်း ၎င်းမှာ သူ၏ အခွင့်အရေးဖြစ်ကြောင်း သိရှိသွားလေသည်။
သူတို့သည် မူမိသားစုကို စော်ကားမိပြီးသား ဖြစ်သဖြင့် သူ၏ရှေ့က သင်္ဘောကြီးပေါ်သို့ တက်လိုက်ခြင်းက ပိုကောင်းပါလိမ့်မည်။
"ကျွန်တော့်ညီနဲ့ မစ္စတာကျိက သိုင်းပညာရှင်တွေလည်း ၊ ဝါသနာတူချင်းဆိုတော့......."
ဟန်ခန်းသည် သူသိသမျှ အားလုံးကို ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲအား တင်ပြလိုက်သည်။
ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ၏ မျက်ဝန်းများမှာ ပို၍ တောက်ပလာ၏။
"ဒီလို အဆက်အသွယ်ရှိတာက ကောင်းပါတယ်... ဒါပေမဲ့..."
တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် သူသည် ပြန်လည် စိုးရိမ်သွားပြန်သည်။
"ကောင်းကင်မျက်လုံးက ပြဿနာပဲ... ကြယ်ခုနစ်ပွင့်မိသားစုတွေ ထိန်းချုပ်ထားတဲ့ ကောင်းကင်မျက်လုံးက... အလွန် အစွမ်းထက်လွန်းတယ်။"
" မဟုတ်ဘူး၊ ငါ အခုချက်ချင်း ဘုရင်ကြီးကို တင်ပြရမယ်၊ မူမိသားစု ကောင်းကင်မျက်လုံးကို အသုံးမပြုနိုင်အောင် တားဆီးရမယ်"
........
မြို့တော်တွင်ဖြစ်သည်။
ချင်းယွမ်နိုင်ငံ၏ အစည်ကားဆုံး မြို့ကြီးလည်း ဖြစ်၏။
မူမိသားစုစံအိမ်အတွင်း၌
မျိုးနွယ်စုအကြီးအကဲမှာ ဦးဆောင်နေရာတွင် ထိုင်နေပြီး သူ၏ မျက်နှာမှာ အလွန်တရာ တင်းမာနေခဲ့သည်။
"မင်းတို့ တော်ဝင်မိသားစုနဲ့ ကုံယီ မိသားစုက ငါတို့ မူမိသားစုရဲ့ ကိစ္စတွေထဲမှာ ဝင်ပါကြမလို့လား"
မျိုးနွယ်စုအကြီးအကဲဟောင်း၏ အသံမှာ ဒေါသများဖြင့် ပြည့်နှက်နေ၏။
တော်ဝင်မိသားစုမှာ အင်အားချည့်နဲ့နေပြီဖြစ်ကာ ကြယ်ခုနစ်ပွင့်ထဲမှ မည်သည့်မိသားစုထက်မဆို အားနည်းနေပြီဖြစ်သည်။
ကြယ်ခုနှစ်ပွင့်ထဲတွင်ပါဝင်သော ကုံယီမိသားစုမှာလည်း ကျဆင်းနေပြီဖြစ်ကာ အကယ်၍ သူတို့သာ ကောင်းကင်မျက်လုံးတစ်ခုကို မထိန်းချုပ်ထားနိုင်ပါက ကြယ်ခုနစ်ပွင့်စာရင်းမှ ပယ်ထုတ်ခံရသည်မှာ ကြာပြီ ဖြစ်၏။
ထို့ကြောင့် သတ္တမမင်းသားနှင့် ကုံယီချိုင်တို့ရောက်လာချိန်တွင် မူမိသားစု အကြီးအကဲမှာ လုံးဝ ယဉ်ကျေးမှု မရှိပေ။
ထိုအခိုက် သတ္တမမင်းသားက ထရပ်လိုက်ပြီး သူ၏အသံမှာ ယဉ်ကျေးတည်ကြည်လှသည်။ မူအကြီးအကဲ၏ အမူအရာက လက်မခံနိုင်စရာဖြစ်သော်လည်း သူပမည်သည့် မကျေနပ်မှုကိုမျှ မပြသခဲ့ပါ။
"မူအကြီးအကဲ၊ ကျုပ်တို့တွေ ထိုင်ပြီး ဒီကိစ္စကို ဆွေးနွေးလို့ ရပါတယ်၊ ကောင်းကင်မျက်လုံးလို ဖျက်အားပြင်း လက်နက်မျိုးကို မဆင်မခြင် အသုံးပြုတာက နိုင်ငံအတွက် မကောင်းသလို ပြဿနာတွေလည်း အလွယ်တကူ ဖြစ်စေနိုင်ပါတယ်"
အကြီးအကဲဟောင်းက နှာခေါင်းရှုံ့လိုက်သည်။
"မင်းတို့ တော်ဝင်မိသားစုက သူ့ကို စည်းရုံးချင်နေတာ မဟုတ်လား။"
"သူက ငါ့မြေးကို သတ်ခဲ့တယ်၊ သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်ရင် ငါတို့မူမိသားစုက ကြယ်ခုနစ်ပွင့်ကြားမှာ ဘယ်လို မျက်နှာပြရမလဲ။"
"ထိုင်ပြီး ဆွေးနွေးချင်တယ်ဆိုရင်တော့ လွယ်ပါတယ်။ သူ ဒူးထောက်ရမယ်၊ အရာအားလုံးကို လွှဲပေးရမယ်၊ သူကိုယ်တိုင် လက်နှစ်ဖက်ကို ဖြတ်ပစ်ရမယ်၊ ဒါဆိုရင်တော့ ဒီကိစ္စက ပြီးသွားမယ်။"
"မဟုတ်ရင်တော့... ကောင်းကင်မျက်လုံးကို သူ့အပေါ် သုံးမှာပဲ"
အကြီးအကဲအိုကြီးက အလွန် ူဒေါသထွက်နေ၏။ ယခုတစ်ကြိမ်တွင် ကျိယွမ်ကို ထိရောက်စွာ အရေးမယူပါက မူမိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ခက်ခဲသွားပေလိမ့်မည်။
အခြားသော ကြယ်ခုနစ်ပွင့် မိသားစုများက မူမိသားစုကို အနိုင်ကျင့်ရလွယ်သူများအဖြစ် မြင်ကုန်ကြမည်မဟုတ်ပါလား။
သတ္တမမင်းသားက တည်ငြိမ်စွာထပ်ပြော၏။
"မူအကြီးအကဲ၊ ကြယ်ခုနစ်ပွင့်နဲ့ တော်ဝင်မိသားစုကြားမှာ ချုပ်ဆိုထားတဲ့ သဘောတူညီချက်အရ ကောင်းကင်မျက်လုံးလို အရေးကြီးလက်နက်မျိုးကို အသုံးပြုဖို့အတွက် အထက်အဆင့်ကို လျှောက်ထားရမှာဖြစ်ပြီး တော်ဝင်မိသားစုရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်"
"တကယ်လို မူအကြီးအကဲက မစ္စတာကျိကို အရေးယူဖို့ ရည်ရွယ်ထားတယ်ဆိုရင်လည်း သဘောတူညီချက်အတိုင်း လုပ်ဆောင်ပေးပါ"
တော်ဝင်မိသားစု မကျဆင်းမီနှင့် အာဏာရှိနေသေးစဉ်က သူတို့သည် ကြယ်ခုနစ်ပွင့်မိသားစုများနှင့် အလားတူ သဘောတူညီချက်မျိုးကို ချုပ်ဆိုထားခဲ့ကြ၏။
သို့သော် ယခုအခါ တော်ဝင်မိသားစု အင်အားနည်းသွားသဖြင့် ကြယ်ခုနစ်ပွင့် မိသားစုအများစုမှာ ထိုသဘောတူညီချက်ကို ဂရုမစိုက်ကြတော့ပေ။
သို့မဟုတ် အချို့မိသားစုမှာ လုပ်ထုံးလုပ်နည်းအရ လျှောက်ထားကြသော်လည်း ခွင့်တောင်ခြင်းမျိုးမဟုတ်ပါ ။ တော်ဝင်မိသားစုဘက်ကလည်း များသောအားဖြင့် ဟန်ပြသက်သက်သာဖြစ်နေပြီး ငြင်းပယ်လေ့မရှိပါ။ငြင်းပယ်ရန်အင်အားမရှိဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် သတ္တမမင်းသားက သဘောတူညီချက်ကို တမင်ထုတ်ပြောလာခြင်းမှာ ကျိယွမ်ကို စည်းရုံးရန် တော်ဝင်မိသားစု၏ ပြတ်သားမှုကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။
၎င်းမှာ မူမိသားစုကို တော်ဝင်မိသားစုအပေါ် သတိထားမိစေရန်နှင့် ကောင်းကင်မျက်လုံးကို အသုံးမပြုဘဲ ပဋိပက္ခကို အဆုံးသတ်စေရန်အတွက်လည်း ရည်ရွယ်၏။
"ဟက်"
မူအကြီးအကဲက လှောင်ပြုံးပြုံးလိုက်သည်။
"သဘောတူညီချက်လား ၊ တော်ဝင်မိသားစုရဲ့ သဘောတူညီချက်ပေါ့လေ .."
သူက မဲ့ကာဆက်ပြော၏။
"ငါတို့ ကြယ်ခုနစ်ပွင့်မိသားစုတွေအတွက်တော့ တို့တွေက မင်းတို့ကို တော်ဝင်မိသားစုလို့ အသိအမှတ်ပြုမှ မင်းတို့က တော်ဝင်မိသားစု ဖြစ်နေမှာပါ။"
"ငါတို့က အသိအမှတ်မပြုရင်တော့ မင်းတို့က လမ်းပေါ်က ခွေးတစ်ကောင်ထက် မပိုပါဘူး။ ကိုယ်ပိုင် ကောင်းကင်မျက်လုံးတောင်မရှိဘဲနဲ့ မင်းတို့က ဘယ်လို တော်ဝင်မိသားစုမျိုးလဲ"
မူအကြီးအကဲသည် ယခင်ကဲ့သို့ ဟန်ဆောင်မှုများပင် မရှိတော့ပါ ။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက တော်ဝင်မိသားစု၏ မင်းသမီးတစ်ပါးနှင့် လက်ထပ်ခဲ့သောလူငယ်တစ်ဦး ရှိခဲ့ဖူးသည်၊ သူသည် တော်ဝင်မိသားစု၏ မျှော်လင့်ချက်အသစ်အဖြစ် သတ်မှတ်ခံခဲ့ရပါသည်။ တော်ဝင်မိသားစုကလည်း သူတို့၏ ဂုဏ်သတင်းကို ပြန်လည် ထူထောင်ရန်အတွက် သူ့ကို အကြီးအကျယ် ထောက်ပံ့ပေးခဲ့ပါသည်။
သို့သော် နောက်ဆုံးတွင် သူသည် တော်ဝင်မိသားစုထံမှ နောက်ဆုံး ကောင်းကင်မျက်လုံး သုံးလုံး၏ ထိန်းချုပ်ခွင့်ကို ခိုးယူသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ထိုကိစ္စမှာ တော်ဝင်မိသားစုအတွက် ရယ်စရာကောင်းပြီး မယုံနိုင်စရာဖြစ်သော်လည်း ၎င်းမှာ အမှန်တရား ဖြစ်လေသည်။
ကောင်းကင်မျက်လုံးများအပေါ် ထိန်းချုပ်ခွင့် ဆုံးရှုံးသွားကတည်းက တော်ဝင်မိသားစုမှာ အမှန်တကယ်ပင် ကျဆင်းသွားခဲ့ရသည်။
မူအကြီးအကဲသည် သတ္တမမင်းသားအပေါ် မည်သည့် ရိုသေမှုမျှ မပြတော့ဘဲ စိတ်ထဲရှိသလိုသာ ဆက်ဆံလိုက်၏။
တော်ဝင်မိသားစုမှာ ယခုအခါ အမည်ခံသာဖြစ်နေပြီး သူတို့၏ အာဏာမှာ ပြည်နယ်အနည်းငယ်လောက်မှာသာ ရှိတော့သည်။
ထို့သို့ဆိုလျှင် တိုင်းပြည်၏ တပ်ဖွဲ့ကရော..။
သူတို့သည် စစ်ဒေသ တစ်ခုကိုပင် မထိန်းချုပ်နိုင်တော့ပါ။
ကောင်းကင်မျက်လုံးများကို ထိန်းချုပ်ခွင့်မရှိဘဲ သူတို့တော်ဝင်မိသားစုက မည်သို့သြဇာညောင်းတော့မည်နည်း။
မူအကြီးအကဲ၏ စော်ကားသောမထီမဲ့မြင်စကားများကို ကြားရသောအခါ သတ္တမမင်းသား၏ တည်ငြိမ်မှုအောက်တွင် နာကြည်းချက်များ ပေါ်ပေါက်လာခဲ့သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရာ သူ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ပင် စိုက်ဝင်နေခဲ့သည်။
သူသည် ခေါင်းမော့လိုက်ပြီး အတင်းအကြပ် ပြုံးကာ ပြောလိုက်၏။
"မူအကြီးအကဲ၊ ကမ္ဘာကြီးက ပြောင်းလဲနေပါပြီ။ နတ်ဘုရားလမ်းစဉ် ပြန်လည် နိုးထလာတာနဲ့အမျှ မစ္စတာကျိက နတ်ဘုရားနယ်ပယ်ရဲ့ လမ်းပြသူတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ သူ အသက်ရှင်နေတာက ကျုပ်တို့အားလုံးအတွက် အကျိုးရှိပါတယ်"
"ပြီးတော့ ကောင်းကင်မျက်လုံးတွေကလည်း အကန့်အသတ်ရှိတယ်။ သူတို့ရဲ့ စွမ်းအင်တွေ ကုန်ဆုံးသွားရင် ပြန်လည် ဖြည့်တင်းဖို့က အလွန် ခက်ခဲပါလိမ့်မယ်၊ ဒါကြောင့်..."
"တော်တော့ .. ကောင်းကင်မျက်လုံးတွေအပေါ် ထိန်းချုပ်ခွင့်က ငါ့လက်ထဲမှာ ရှိတယ်။ ငါ သဘောကျသလို သုံးမှာပဲ"
"မင်းတို့ကတော့ တော်ဝင်မိသားစုတစ်ခုဖြစ်ပြီး ကောင်းကင်မျက်လုံးတွေကိုတောင် ထိန်းမထားနိုင်ဘဲ သူတစ်ပါး အခိုးခံလိုက်ရတယ်လေ၊ ဟားဟား ဟားဟား "
မူအကြီးအကဲသည် တော်ဝင်မိသားစုနှင့် ကုံယီမိသားစုကို မျက်နှာမထောက်ဘဲ အားရပါးရ ရယ်မောလိုက်သည်။
"ပြီးတော့ ကုံယီချိုင်၊ မင်းတို့မိသားစုကသာ ပိုပြီး ကြိုးစားမလုပ်ရင် နောက်နှစ်တစ်ရာမပြည့်ခင်မှာ တော်ဝင်မိသားစုလိုပဲ နောက်ဆုံး ကောင်းကင်မျက်လုံး ထိန်းချုပ်ခွင့်ကို ဆုံးရှုံးရလိမ့်မယ်"
မူအကြီးအကဲသည် ကုံယီချိုင်ကိုလည်း ကဲ့ရဲ့သော အကြည့်ဖြင့် ကြည့်လိုက်သည် ။
"အားနည်းတဲ့သူတွေပဲ... အားနည်းတဲ့သူတွေပဲ စုစည်းဖို့လိုအပ်တာ"
ကြယ်ခုနစ်ပွင့်ထဲမှ ထိပ်တန်း မိသားစုသုံးစုတွင် ပါဝင်သူအနေဖြင့် မူအကြီးအကဲတွင် ဤသို့ပြောဆိုရန် အခွင့်အရေး အပြည့်အဝ ရှိလေသည်။
ကန်ရှင်းဂြိုဟ်ပေါ်မှ အင်အားကြီးမိသားစုများ၏ သမီးပျိုများပင်လျှင် မူမိသားစုနှင့် လက်ထပ်ရန် ရွေးချယ်ကြ၏။
ကုံရှင်းစနစ်တစ်ခုလုံးတွင်လည်း မူအကြီးအကဲမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ၁၀ ဦးထဲတွင် ပါဝင်နေသည်။
"မူစီးရီး ၀၁ ကနေ ၁၃ အထိ ကောင်းကင်မျက်လုံးတွေ၊ ငါ့အမိန့်ကို နာခံကြ၊ စွမ်းအင်အပြည့်နဲ့ အသက်သွင်းစမ်း၊ စစ်ပွဲမုဒ်ကို စတင်လိုက်..."
မူအကြီးအကဲက တိုက်ရိုက် အမိန့်ပေးလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ နာနိုရိုဘော့ အမျိုးမျိုး ရှိနေပြီး ကောင်းကင်မျက်လုံးများအတွက် ထိန်းချုပ်ကုဒ်များမှာ သူ၏ အသံနှင့် ချိတ်ဆက်ထား၏။
ထို့အပြင် ပုံတူကူးရန် သို့မဟုတ် ဟန်ဆောင်ရန် မဖြစ်နိုင်အောင် အထူး ပြုလုပ်ထားခြင်း ဖြစ်သည်။
သူတို့ အသုံးပြုသော ကွန်ရက်မှာလည်း အများသုံး အင်တာနက်နှင့် သီးခြားစီ ဖြစ်၏။
"အမိန့် တစ်၊ ကောင်းကင်မျက်လုံးတွေကို အသက်သွင်းပြီး ကျိယွမ်ရဲ့ တည်နေရာကို ရှာစမ်း"
မူအကြီးအကဲက ဆက်လက် အမိန့်ပေးနေသည်။
ယနေ့တွင် သူသည် မူမိသားစု၏ အရှိန်အဝါနှင့် စိန်ခေါ်၍မရသော စွမ်းအားကို ကမ္ဘာသို့ ပြသရန် ရည်ရွယ်ထား၏။
သို့သော် သူ အမိန့်ပေးလိုက်သည်နှင့် စက်ရုပ်အသံတစ်ခုက ပြန်လည် ဖြေကြားလာခဲ့သည်။
"အမိန့်ကို လုပ်ဆောင်ရန် ပျက်ကွက်ပါသည်၊ အမည်မသိ အမှားတစ်ခုနှင့် ကြုံတွေ့နေရပါသည်"
***