စက်ရုပ်ဆန်ဆန် အသံထွက်ပေါ်လာသည်နှင့် မူအကြီးအကဲ မှင်တက်သွား၏။
ဘာဖြစ်တာလဲ။
သူ၏မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုများ ဖြတ်ပြေးသွားပြီး အလိုမကျဖြစ်သွားခဲ့သည်။
ကောင်းကင်မျက်လုံးများကို အသုံးပြုခဲသော်လည်း အချိန်တစ်ခုတိုင်းတွင် လေ့ကျင့်ခန်းများကို ပြုလုပ်လေ့ရှိ၏။
ထို့အပြင် လေ့ကျင့်ခန်းအစီအစဉ်များကို လုပ်ဆောင်နေသည့် စက်ရုပ်များပင်လျှင် ၎င်းမှာ လေ့ကျင့်ခန်းလား သို့မဟုတ် အစစ်အမှန်လားဆိုသည်ကို သိရှိနိုင်မည်မဟုတ်ပေ။
စစ်ရေးလေ့ကျင့်ခန်းတိုင်းမှာလည်း စနစ်တကျရှိခဲ့ပြီး ယခုကဲ့သို့ အခြေအနေမျိုးနှင့် တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
ညွှန်ကြားချက် ပျက်ကွက်ပါသည်။
အမည်မသိ အမှားတစ်ခု ဖြစ်ပေါ်နေသည်တဲ့။
"ဘာအမည်မသိ အမှားလဲ၊ ကိုယ်တိုင် စစ်ဆေးမှုကို စတင်စမ်း"
မူအကြီးအကဲက စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။
သူ၏အသံမှာ ဖုံးကွယ်ထားခြင်းမရှိသဖြင့် သတ္တမမြောက်မင်းသားနှင့် ကုံယီချိုင်တို့၏ နားထဲသို့ တိုက်ရိုက်ကျရောက်သွားသည်။
သတ္တမမြောက်မင်းသား၏ အမူအရာမှာ နားမလည်နိုင်သည့်အလား အံ့အားသင့်နေ၏။
ကုံယီချိုင်မှာလည်း ထိတ်လန့်သွားသည်။
သူသည်လည်း ကောင်းကင်မျက်လုံး ၏ စစ်ရေးလေ့ကျင့်ခန်းများတွင် ပါဝင်ခဲ့ဖူးသူဖြစ်ပါသည်။
အမည်မသိအမှားလား။
သူသိထားသော အချက်အလက်အရ ထိုအရာမျိုးက ဖြစ်နိုင်ခြေ လုံးဝမရှိသလောက်ပင် ။
ကောင်းကင်မျက်လုံးများသည် သီးခြားရပ်တည်နေပြီး အခြားသော ကွန်ရက်များနှင့် ချိတ်ဆက်ထားခြင်း လုံးဝ မရှိပေ။
၎င်းတို့သည် ကိုယ်ပိုင်စွမ်းအင် ကိုယ်ပိုင်ကွန်ယက်အပြင် မိမိကိုယ်ကို လည်း အဆက်မပြတ် စစ်ဆေးနေကြသည်။
ကောင်းကင်မျက်လုံးများပေါ်ရှိ စက်ရုပ်များကလည်း နောက်ဆုံးပေါ်မျိုးဆက်များဖြစ်ပြီး လူသားများထက် အမှားဖြစ်နှုန်း များစွာနည်းပါး၏။
ပို၍အရေးကြီးသည်မှာ ကောင်းကင်မျက်လုံးများသည် ကောင်းကင်ဘုံအတားအဆီးများကဲ့သို့ အာကာသထဲတွင် မြင့်မားစွာ တည်ရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် ကောင်းကင်မျက်လုံးအချင်းချင်းမှလွဲ၍ ကမ္ဘာပေါ်တွင် ကောင်းကင်မျက်လုံးကို ထိခိုက်စေနိုင်သည့် လက်နက်ဟူ၍ မရှိပေ။
အဆုံးတွင်တော့ ကောင်းကင်မျက်လုံးဆိုသည်မှာ ဤကမ္ဘာပေါ်ရှိ အဆင့်မြင့်ဆုံး လက်နက်အားလုံးနီးပါး တပ်ဆင်ထားသည့် အာကာသထဲမှ စစ်လက်နက်ခံတပ်ကြီးပင် ဖြစ်သည်။
သို့သော်... ယခု အမည်မသိ အမှားတစ်ခု ဖြစ်ပေါ်ခဲ့သည်ဆို၏။
ပြီးတော့... ကောင်းကင်မျက်လုံး တစ်ခုတည်းတင်မကဘဲ အားလုံးဟာ တစ်ချိန်တည်းမှာ ထိခိုက်သွားပုံရတာကြောင့် စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလှသည်။
ကောင်းကင်မျက်လုံးများ ဘာဖြစ်သွားသည်ဆိုတာကို ကုံယီချိုင် မစဥ်းစားနိုင်တော့ပေ။
"ကိုယ်တိုင် စစ်ဆေးမှု စတင်နေပြီ..."
"တီ တီ တီ ... ကောင်းကင်မျက်လုံးများသည် အမည်မသိ တိုက်ခိုက်မှုကို ခံနေရသည်၊ အဆင့်တစ် သတိပေးချက်သို့ ဝင်ရောက်နေသည်၊ ကာကွယ်ရေးစနစ်ကို စတင်နေပါသည်..."
အချက်ပေးသံ ထပ်မံထွက်ပေါ်လာပြီး မူအကြီးအကဲ၏ မျက်နှာမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
ကောင်းကင်မျက်လုံးများသည် တကယ်ပင် တိုက်ခိုက်ခံနေရလေပြီ။
ပြီးတော့ အဆင့်တစ် သတိပေးချက်ဆိုသည်မှာ အမြင့်ဆုံး သတိပေးချက် အဆင့်ဖြစ်သည်။
ယင်းမှာ ကောင်းကင်မျက်လုံးများပေါ်သို့ ကျရောက်နေသည့် တိုက်ခိုက်မှုမှာ... ၎င်းတို့ ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်နေနိုင်သည်ဟု အဓိပ္ပာယ်ရ၏။
"ဘယ်သူလဲ၊ ကုဝူလား၊ ကန်ရှင်းလား ဒါမှမဟုတ် ကြယ်ခုနှစ်ပွင့်ထဲက အခြားမိသားစုလား"
မူအကြီးအကဲ၏ စူးရှသော အကြည့်မှာ သတ္တမမြောက်မင်းသားထံသို့ ကျရောက်သွားသည်။
ကောင်းကင်မျက်လုံးများကို အချိန်တိုအတွင်း ထိုကဲ့သို့ အကျပ်ရိုက်စေနိုင်သည်မှာ အခြားသော ကောင်းကင်မျက်လုံးများသာ ရှိသည်မဟုတ်ပါလား။
တော်ဝင်မိသားစုသည် မိမိအား တိုက်ခိုက်ရန်အတွက် ကြယ်ခုနှစ်ပွငိ့ထဲမှ အခြားမိသားစုများနှင့် ပူးပေါင်းကြံစည်လေသလားဟုပင် သူ သံသယဝင်သွားသည်။
"ကြယ်စင်ကွန်ရက်ကို ဖွင့်စမ်း၊ ဘာဖြစ်နေလဲဆိုတာ ငါ့ကို ပြပါ"
လက်ရှိတွင် တိုက်ခိုက်ခံနေရသော ကောင်းကင်မျက်လုံးများသည် ကာကွယ်ရေးမုဒ်တွင် ရှိနေသဖြင့် တိုက်ရိုက်ပုံရိပ်များကို ပြန်လည်မပို့လွှတ်နိုင်ပေ။
မူအကြီးအကဲသည် ကြယ်စင်ကွန်ရက် ကို အသက်သွင်းလိုက်ရ၏။
ကြယ်စင်ကွန်ရက်သည် ဘလူးစတားရှိ ဂြိုဟ်တုများနှင့် ဆင်တူပြီး အာကာသထဲတွင် ရှိနေကာ ပုံရိပ်များနှင့် ဗီဒီယိုများကို တိတိကျကျဖမ်းယူနိုင်သည်။
မူအကြီးအကဲ၏ညွှန်ကြားချက်ထုတ်ပြီးသည်နှင့် ချက်ချင်းဆိုသလို ခန်းမအတွင်းရှိ လေထုထဲတွင် မြင်ကွင်းအမျိုးမျိုး ပေါ်လာ၏။
ပထမဆုံး မြင်တွေ့ရသည်မှာ 'မူ ၀၁' ကောင်းကင်မျက်လုံး ဖြစ်သည်။
အေးစက်ပြီး ခြောက်သွေ့သော အာကာသထဲတွင် ကြီးမားသော စစ်ခံတပ်ကြီးတစ်ခုသည် ကောင်းကင်ယံ၌ ချိတ်ဆွဲထားသကဲ့သို့ ရှိနေ၏။
ထိုသံမဏိသတ္တဝါကြီးအတွင်းတွင် ထူးဆန်းသောပုံစံရှိသည့် စက်ယန္တရားများနှင့် သယ်ယူပို့ဆောင်ရေးစနစ်များ လှုပ်ရှားနေကြသည်။
မရေမတွက်နိုင်သော စက်ရုပ်များသည် လည်း ပုရွက်ဆိတ်များကဲ့သို့ ကင်းလှည့်နေကြ၏။
ပြန်လည်ရုပ်သိမ်းနိုင်သော အမြောက်ပြောင်းကြီးများကတော့ အေးစက်ပြီး ခိုင်မာကာ ပြင်းထန်သောခြိမ်းခြောက်နိုင်စွမ်းကို ထုတ်လွှတ်နေကြသည်။
အာကာသထဲမှ ကြီးမားသောစစ်ခံတပ်ကြီးသည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းထဲမှအတိုင်း ကြီးမားထည်ဝါလှ၏။
သံမဏိခံတပ်ကြီးသည် ၎င်း၏ အစွယ်များကို ထုတ်ပြရန် စောင့်ဆိုင်းနေသည့် အာကာသသတ္တဝါကြီးကဲ့သို့ စနစ်တကျ လည်ပတ်နေလေသည်။
ထိုအခိုက် အလင်းတန်းတစ်ခုက ရုတ်တရက် ဖြတ်သန်းသွားသကဲ့သို့ လင်းလက်သွားသည်။
ဝုန်း...
၎င်းမှာ အသံမဟုတ်ဘဲ လှုပ်ရှားမှုတစ်ခု ဖြစ်သည်။
ကြီးမားသော သံမဏိသတ္တဝါကြီးသည် မီးအလင်းရောင်များဖွင့်လိုက်သလို ရုတ်တရက် မျက်စိပြာမတတ် လင်းလက်သွား၏။
နောက်တစ်စက္ကန့်တွင် သံမဏိဘီလူးကြီးပေါ်ရှိ မရေမတွက်နိုင်သော စက်ရုပ်များမှာ... အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေသည်။
ထိတ်လန့်ဖွယ်ကောင်းသော သံမဏိခံတပ်ကြီးမှာလည်း ပြိုကျပျက်စီးလွယ်သည့် ကစားစရာရွံ့တုံးများအလား ပင်မကိုယ်ထည်ကြီး အက်ကွဲသွား၏။
လူအများကို ပို၍ထိတ်လန့်သွားစေသည်မှာ တစ်ချိန်က ပြီးပြည့်စုံခဲ့သော သံမဏိယာဥ်ကြီးမှာ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲမှ မြင်ကွင်းတစ်ခုကဲ့သို့ အပိုင်းပိုင်း ပျက်စီးသွားခဲ့ခြင်းပင်ဖြစ်သည်။
ကမ္ဘာပေါ်ရှိအင်အားအကောင်းဆုံး ဒုံးကျည်များကပင် ကောင်းကင်မျက်လုံးကို အစင်းရာလေးတောင် မထင်စေနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ... ပင်မတည်ဆောက်ပုံ၏ ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားလေပြီ။
အလင်းတန်းက လုပ်လိုက်တာလား။
အဲဒီအလင်းတန်းက ဘာကြီးလဲ။
ဘယ်လိုလက်နက်က... ကောင်းကင်မျက်လုံးကို ပျက်စီးအောင် လုပ်နိုင်တာလဲ။
မူမိသားစုဝင်များသည် ပျက်စီးသွားသော ကောင်းကင်မျက်လုံးအား စိုက်ကြည့်နေကြပြီး ၎င်းတို့၏ မျက်ဝန်းထဲတွင် နားမလည်ခြင်းများဖြင့် ရှုပ်ထွေးနေကြ၏။
မူအကြီးအကဲ၏ မျက်နှာမှာ တင်းမာနေသည်။
"ဘယ်သူလဲ၊ ဘယ်သူက ဒါကို လုပ်တာလဲ၊ သူတို့ကို ငါ ပြန်ပေးဆပ်ခိုင်းရမယ်"
ကောင်းကင်မျက်လုံးတစ်ခုကို ပြန်လည်ပြုပြင်ရန် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် ထူးဆန်းသော အသံတစ်ခုမှာ ပုံရိပ်ဖော်စနစ်မှတစ်ဆင့် လူတိုင်း၏ နားထဲသို့ ရောက်ရှိလာ၏။
သို့သော် ၎င်းမှာ သိပ္ပံနည်းကျရောက်လာခြင်းတော့ မဟုတ်ပေ။
"ဒီကောင်းကင်မျက်လုံးက တကယ်ကို ခိုင်မာတာပဲ၊ လေတစ်ချက်မှုတ်ရုံနဲ့ ဖုန်မှုန့်ဖြစ်သွားအောင် မလုပ်နိုင်ဘူး။"
"ယောက်ျား.... မိန်းမကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ထားဦး... ကျွန်မ လက်တစ်ဖက် လွှတ်ဖို့လိုတယ်"
အနည်းငယ် ကလူကျီစယ်နေသော အသံချိုချိုလေးတစ်ခုမှာ အခန်းထဲရှိ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။
မူမိသားစုဝင်များအားလုံး မှင်တက်သွားကြ၏။
အကယ်၍ သူမပြောသည်ကသာ အမှန်ဖြစ်ခဲ့လျှင်....။
အာကာသထဲရှိ ကောင်းကင်မျက်လုံးကြီး... အပိုင်းပိုင်း ကွဲသွားခဲ့သည်မှာ သူမက လေလေးတစ်ချက်မှုတ်လိုက်လို့တဲ့လား။
ဒါဟာ ဘယ်လိုမျိုး ကြီးမားတဲ့ စွမ်းအားလဲ။
အိမ်မက်ထဲမှာပင် မမက်ဖူးသော စွမ်းအားကြီး မဟုတ်ပါလား။
သူတို့ ထပ်မံ မစဉ်းစားနိုင်ခင်မှာပင် ပို၍ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။
ကျယ်ပြန့်သော အာကာသထဲတွင် ယခင်ကထက် အဆတစ်ရာမက ပိုမိုပြင်းထန်သော အလင်းတန်းတစ်ခု လင်းလက်သွားပြန်၏။
အလင်းတန်းသည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောပြီး နတ်ဘုရားစွမ်းအင်ကဲ့သို့ ရှိသည်။
၎င်းကို သာမန်လူများက နားမလည်နိုင်သလို ဖော်ပြရန်လည်း မဖြစ်နိုင်ပေ။
ဝန်ခံရလျှင်... ထိုနေရာတွင် ရှိနေသူတိုင်းသည် ဤနတ်ဘုရားစွမ်းအင်ကို မြင်လိုက်ရသည့်အခါ ရုတ်တရက် ဝတ်ပြုကိုးကွယ်လိုစိတ်များပင် ပြည့်နှက်သွားခဲ့သည်။
နတ်ဘုရားစွမ်းအင်အောက်တွင် တစ်လောကလုံးက ကြောက်ရွံ့ရပါသည်ဆိုသော ကောင်းကင်မျက်လုံး ဘီလူးကြီးမှာ အာကာသလက်နက်ဖြင့် အပစ်ခံလိုက်ရသော ပိုးရွှေနီလေးတစ်ကောင်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။
လက်နက်ထဲမှ စွမ်းအင်များပေါက်ကွဲကုန်သည်မှာ အာကာသထဲတွင် ခမ်းနားထည်ဝါလှသော မီးရှူးမီးပန်းများ ဖောက်လိုက်သကဲ့သို့ပင်။
ချင်းယွမ်တစ်ခွင်လုံးတွင်လည်း လူများသည် အထက်ကောင်းကင်ယံတွင် ပွင့်လန်းလာသော မီးရှူးမီးပန်းများကို ရင်သပ်ရှုမောဖွယ် မြင်တွေ့လိုက်ရသည်။
ထိုအချိန်တွင် သတိပေးချက်များ ကလည်း ဆက်တိုက်ထွက်ပေါ်လာ၏။
"သတိပေးချက်၊ မူ ၀၁ ကောင်းကင်မျက်လုံးနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်"
"သတိပေးချက်၊ မူ ၀၂ ကောင်းကင်မျက်လုံးနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်"
......
.......
"သတိပေးချက်၊ မူ ၁၃ ကောင်းကင်မျက်လုံးနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်"
အချက်ပေးသံများမှာ ခန်းမတစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။
မူမိသားစုဝင်များ၏ မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး သူတို့၏ဝိညာဉ်များပင် ခန္ဓာကိုယ်မှ ထွက်ခွာသွားသကဲ့သို့ ဖြစ်နေကြ၏။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ကောင်းကင်မျက်လုံးဆယ့်သုံးလုံးစလုံး... လေတစ်ချက်ထဲနဲ့ ပျက်စီးသွားတာလား"
"ငါ မယုံဘူး"
"ဒါဟာ အချက်ပေးစနစ် မှားယွင်းတာ ဖြစ်ရမယ်၊ ဟုတ်တယ်၊ အမှားပဲ ဖြစ်ရမယ်"
မူမိသားစုဝင်များသည် မျက်လုံးများ နီမြန်းလာပြီး လက်တွေ့ဘဝကို လက်မခံနိုင်ကြဘဲ အထင်မှားအမြင်မှားဖြစ်ရန်သာ မျှော်လင့်နေကြ၏။
သူတို့၏ မျက်ဝန်းထဲတွင် တစ်ချိန်က တောက်ပခဲ့သော မာန်မာနနှင့် သာလွန်မှုများ ကွယ်ပျောက်သွားပြီ ဖြစ်သည်။
ကောင်းကင်မျက်လုံး ဆယ့်သုံးလုံး ပျက်စီးသွားခြင်းက ဘာကို ဆိုလိုသနည်း။
ယခုနေရာတွင် ရှိနေသူတိုင်း ကောင်းစွာ နားလည်ကြသည်။
ယင်းမှာ မူမိသားစု၏ အထူးအခွင့်အရေးများ လုံးဝ ကွယ်ပျောက်သွားပြီဟု ဆိုလိုခြင်း မဟုတ်ပါလား။
ထိုကောင်းကင်မျက်လုံး ဆယ့်သုံးလုံးကြောင့်သာ မူမိသားစုသည် ချင်းယွမ်ရှိ ထိပ်သီးမိသားစု သုံးစုထဲတွင် တစ်ခုအပါအဝင် ဖြစ်နေခြင်းပင်။
သို့သော် ကောင်းကင်မျက်လုံးများ ပျက်စီးသွားပြီဖြစ်၍ အရာအားလုံး... ပြီးဆုံးသွားပြီလည်း ဖြစ်သည်။
ကောင်းကင်မျက်လုံးများ မရှိသည့်ဘဝမှာ မည်သို့ရှိမည်ကို မူမိသားစုဝင် မည်သူမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
ကောင်းကင်မျက်လုံး၏ စွမ်းအားသည် နတ်ဘုရားများကိုပင် တုန်လှုပ်စေရန် လုံလောက်သောကြောင့် ၄င်းလက်နက် ၁၃ ခုကိုပိုင်ဆိုင်ထားခြင်းက အကြွင်းမဲ့အာဏာကို ပြသထားသလိုပင်။
သို့သော် ယခုအခါ... ကောင်းကင်မျက်လုံးဆယ့်သုံးလုံးစလုံး ကွယ်ပျောက်သွားပြီ ဖြစ်၏။
"သွားပြီ... အားလုံး သွားပြီ..."
မူအကြီးအကဲ၏ အသံမှာ အက်ကွဲနေပြီး သူ၏ စိတ်ဓာတ်မှာလည်း လုံးဝ ပြိုလဲသွားကာ ခန္ဓာကိုယ်မှာလည်း ရုတ်တရက် ကုန်းသွားခဲ့သည်။
ကောင်းကင်မျက်လုံးများသည် သူတို့အတွက် အရာအားလုံး ဖြစ်သည်။
၎င်းတို့မရှိလျှင် မူမိသားစုသည် မကြာမီပင် ပြိုလဲသွားပေတော့မည်။
သူတို့ကို စောင့်ကြိုနေသည့် မုန်တိုင်းများကို သူတို့ စိတ်ပင် မကူးဝံ့ကြပေ။
"ငါ့လက်ထက်ကြမှ မူမိသားစုကတော့ အဆုံးသတ်ရတော့မယ်၊ ငါဟာ အပြစ်သားပဲ... အီး.. ဟီး ဟီး ..."
မကြာသေးမီကပင် အလွန်အမင်း အာဏာပြနေခဲ့သော အဖိုးအိုမှာ ယခုအခါ လေထဲတွင် တုန်ရီနေသော မီးစာကုန်ဆီခမ်း ဆီမီးတိုင်ကဲ့သို့ ဖြစ်နေပြီး ရုတ်တရက် အသက်နှစ်ဆယ်ခန့် ပို၍အိုမင်းသွားသကဲ့သို့ ဂျုန်းဂျုန်းကျသွား၏။
ချင်းယွမ်ရှိ သြဇာအရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည့် မူမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ... အဆုံးတွင်တော့ သာမန်လူတစ်ယောက်မျှသာ။
ထိုအချိန်တွင် နောက်ပြောင်ကျီစယ်သော အသံတစ်ခုမှာ လူတိုင်း၏ နားထဲသို့ ထပ်မံ ရောက်ရှိလာသည်။
မူမိသားစုဝင်များမှာ ရုတ်တရက် တင်းမာသွားကြ၏။
အဘယ်ကြောင့်ဆိုသော် ဤအသံမှာ... စောစောက ကြယ်စင်ကွန်ရက်မှ ထွက်ပေါ်လာသည့် အသံနှင့် ထပ်တူကျနေသောကြောင့် ဖြစ်သည်။
"ယောက်ျား၊ နောက်ထပ် ဘယ်သူ့ကို သတ်ရဦးမလဲ"
ထိုအသံ ထွက်ပေါ်လာသည်နှင့်အမျှ အခန်းထဲရှိ လူတိုင်းမှာ လေပြင်းတစ်ခု ဖြတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ရုတ်တရက်ဆိုသလို ခန်းမထဲသို့ လူငယ်တစ်ဦးနှင့်မိန်းပျိုတစ်ဦးတို့မှာ နတ်ဘုရားနှစ်ပါးကဲ့သို့ မည်သည့်နေရာမှန်းမသိ ပေါ်လာ၏။
"သူပဲ... ကောင်းကင်မျက်လုံးတွေကို ဖျက်ဆီးခဲ့တဲ့သူက သူပဲ"
"သူတို့ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ"
"အား..."
မူမိသားစုဝင်များ၏ ထိတ်လန့်တကြားအသံများ ဆူညံသွားပြီး ခြေထောက်များလည်း တုန်ရီနေကြသည်။
အပြင်လောကတွင် သူတို့သည် ကောင်းကင်ကို တုန်ခါစေနိုင်ပြီး စကားတစ်လုံးတည်းဖြင့် စီးပွားရေး သို့မဟုတ် အရာရှိခန့်အပ်မှုများကို ဆုံးဖြတ်နိုင်လောက်အောင် အင်အားကြီးမားကြသည်။
သို့သော် ယခုအခါတွင်မူ သူတို့သည် အမှန်တကယ်ပင် မည်မျှ စွမ်းအားမဲ့ပြီး အားနည်းလှကြောင်းကို သိရှိခံစားလာရလေပြီ။
သတ္တမမြောက်မင်းသား၏ အကြည့်မှာမိန်းမပျိုထံသို့ မရဲတရဲရောက်ရှိသွားသည်။ သူမ၏ အလှမှာ မြေပြင်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင် မှင်တက်ဖွယ်ကောင်းလွန်းသော်လည်း သူ ကြာကြာမကြည့်ဝံ့ပေ။
ထို့နောက် သူ၏အကြည့်မှာ ရင်းနှီးနေသော လူငယ်၏ မျက်နှာထံသို့ ရောက်ရှိသွားသည်။ ထိုမျက်နှာကို မြင်လိုက်ရသည့်အခါ သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။
"မစ္စတာကျိ..၊ ကျွန်တော်က သတ္တမမြောက်မင်းသားပါ"
သူ၏အသံမှာ အနည်းငယ် တုန်ရီနေ၏။
မျှော်လင့်ထားသည့်အတိုင်းပင်... ကောင်းကင်မျက်လုံး ဆယ့်သုံးလုံးစလုံးကို ဖျက်ဆီးခဲ့သူမှာ မစ္စတာကျိနှင့်... သူ၏ အမည်မသိအဖော်ပင် ။
ယခုအနေအထားအရ မစ္စတာကျိသည် မူမိသားစုထံ ပြဿနာရှာရန် မြို့တော်သို့ လာရောက်ခဲ့ခြင်း ဖြစ်၏။
မစ္စတာကျိအား မူမိသားစုက တစ်ခုခုလုပ်တော့မည်ဟူသောသတင်းကို ဝမ်ဝင်မင်ထံမှ ဖုန်းလက်ခံရရှိသည့်အခါ သူ ချက်ချင်း အရေးတကြီးဆောင်ရွက်ခဲ့သည်။
ကျိယွမ်အပေါ် ရင်းနှီးမြှုပ်နှံခြင်းစတင်ရန်အတွက် သူ့ကို အကာအကွယ်ပေးရန်နှင့် ကောင်းကင်မျက်လုံးများ၏ အတားအဆီးများကို ဖယ်ရှားပေးရန် ဖြစ်သည်။
ထို့ကြောင့် သူသည် မူမိသားစုထံ လာရောက်ခဲ့သော်လည်း အရှက်ခွဲခံခဲ့ရခြင်းသာ အဖတ်တင်ခဲ့၏။
မူမိသားစုမှာ တော်ဝင်မိသားစုကို လုံးဝ ဂရုမစိုက်တော့ပေ။
သူသည် စိတ်ပျက်ခဲ့ပြီး သူ၏ အစီအစဉ် ပျက်ပြားသွားပြီဟု ထင်မှတ်ခဲ့သည်။
သို့သော်လည်း ကံကြမ္မာက သူ့ကို ကြီးမားသော ပြက်လုံးတစ်ခု ပေးခဲ့သည်။
မစ္စတာကျိသည်... တစ်လောကလုံးဖိန့်ဖိန့်တုန်အောင်ကြောက်ကြသည့် ကောင်းကင်မျက်လုံး အားလုံးကို လက်တစ်ဖက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့လေ၏။
၄င်းမှာ...။
စိတ်ကူးယဥ်ကြည့်ဖို့တောင် မဖြစ်နိုင်သလို သဘာဝတရားအရ နားလည်ဖို့လည်း ခက်ခဲလှသည်။
ထိုစွမ်းအားကို အခြေခံ၍ တွက်ဆရလျှင် ကျိယွမ်ကသာ အလိုရှိခဲ့ရင်...
ကောင်းကင်မှာရှိသော ကျန်နေသည့် ကောင်းကင်မျက်လုံး အားလုံးကိုလည်း သူ အလိုရှိသည့်အချိန်တိုင်းမှာ အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်လို့ ဆိုလိုသည် မဟုတ်ပါလား။
ကျိယွမ်သည် ချင်းယွမ်၏ စစ်မှန်သော အမည်မဖော်လိုသော ဘုရင်ပင်ဖြစ်လာနိုင်သည်၊ မဟုတ်ပါ...ကုံရှင်းဂြိုဟ်ကြီးတစ်ခုလုံး၏ ဘုရင်ပင် ဖြစ်နိုင်သည်။
"ဪ..တော်ဝင်မင်းသားလား၊ တွေ့ရခဲတယ်၊ ငါ့ဘဝမှာ မင်းသမီးတွေ အများကြီးနဲ့ တွေ့ဖူးပေမဲ့ မင်းသားတွေနဲ့တော့ သိပ်မတွေ့ဖူးဘူး"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်နှုတ်ဆက်လိုက်သည်။
နှုတ်ဆက်ပြီးနောက် သူကခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်ရင်း မျက်ခုံးများ တွန့်ချိုးသွားသည်။
"ကြောက်ရွံ့မှုလား၊ သတ်ဖြတ်လိုစိတ်တွေနဲ့ မုန်းတီးမှုတွေလား... "
"အင်း... ငါ့အထင်တော့ သူတို့အားလုံးကို သတ်ပစ်လိုက်တာ ပိုကောင်းမယ်၊ ဘယ်သူမှ မပြစ်ကင်းကြဘူးပဲ"
သူက ခန်းမထဲမှ မူမိသားစုဝင်များ၏ ခံစားချက်များကို ဖော်ထုတ်လိုက်သည်။
ထို့အပြင် စကားတစ်ခွန်းတည်းဖြင့် သူသည် အခန်းထဲရှိ မိသားစုဝင် သုံးရာလုံး၏ ကံကြမ္မာကို ဆုံးဖြတ်လိုက်ခြင်းပင်။
မူမိသားစုဝင်များ၏ မျက်နှာများက သိသိသာသာ ပြောင်းလဲသွားပြီး ကျိယွမ်ကို ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ယခုအချိန်တွင် သူတို့မှာ မြင့်မြတ်လှသော မူမိသားစုဝင်များ၏ပုံစံမျိုး လုံးဝမရှိတော့ဘဲ သေနေသော လမ်းဘေးခွေးများနှင့်ပင် တူနေတော့သည်။
"မစ္စတာကျိ၊ မူမိသားစုက ခင်ဗျားကို စော်ကားခဲ့တာတွေနဲ့ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး"
"သခင်ကြီးကျိ ကျွန်တော့်ကို ချမ်းသာပေးပါ၊ ကျွန်တော့်မှာ ပိုက်ဆံတွေ ရှိပါတယ်၊ စည်းစိမ်တွေ ရှိပါတယ်၊ မိန်းမတွေတောင် ရှိပါတယ်၊ အားလုံးကို ခင်ဗျားကို ပေးပါမယ် ၊ ကျွန်တော့်အသက်လေးကိုတော့ ချမ်းသာပေးပါ"
လူလတ်ပိုင်း အမျိုးသားတစ်ဦးက ထိတ်လန့်တကြား တောင်းပန်သည်။
ကောင်းကင်မျက်လုံးများမရှိဘဲနှင့် ကျိယွမ်ကဲ့သို့ စွမ်းအားကြီးသော ကျင့်ကြံသူကို ရင်ဆိုင်ရန် သူတို့တွင် မည်သည့် နည်းလမ်းမျှ မရှိပေ။
ကျိယွမ်ကို ရင်ဆိုင်နေရချိန်တွင် သူတို့သည် စွမ်းအားဆိုသော ခံစားချက်ကို နားလည်လာကြ၏။သူတို့၏ ဘဝသက်တမ်းတစ်လျှောက် စွမ်းအားမရှိဘဲ ရှင်သန်လာခဲ့ကြခြင်းသာ မဟုတ်ပါလား။
သူတို့ရှေ့မှလူမှာ တစ်လောကလုံးဖိန့်ဖိန့်တုန်အောင်ကြောက်နေရသည့် ကောင်းကင်မျက်လုံးများကို ဖျက်ဆီးနိုင်သူဖြစ်ပြီး နတ်ဘုရားများထက်ပင် သာလွန်သော ထိတ်လန့်ဖွယ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
မူမိသားစုက ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးကို သွားပြီး ရန်စရဲရတာလဲ။
အကုန်လုံးက ကန်းများကန်းနေကြလို့လား။
သူတို့၏ မာန်မာန၊ ဂုဏ်သိက္ခာနှင့် ထောင်လွှားမှုများ အားလုံးမှာ ဤအချိန်တွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သို့သော် ထိုအချိန်တွင် နင်းထောင်၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းများ လင်းလက်သွားသည်။
"ငါ့ယောက်ျားကို မိန်းမတွေနဲ့ လာလာဘ်ထိုးတာလား၊ နင်က သေသင့်တယ်"
သူမ၏ စကားအဆုံးတွင် ထိုလူလတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
သူ၏ ဇီဝအသက်မှာ အငွေ့ပျံသလိုပျောက်ကွယ်သွားပြီး သေဆုံးသွားလေပြီ။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး မူမိသားစုဝင်မည်သူမျှ စကားထပ်မပြောရဲကြတော့ဘဲ ကျိယွမ်ကို နတ်ဆိုးတစ်ပါးကဲ့သို့ ကြည့်နေကြသည်။
ထိုအချိန်တွင် ဒုန်းခနဲအသံတစ်ခု ထွက်ပေါ်လာ၏။
တစ်ချိန်က ထောင်လွှားခဲ့သော မူမျိုးနွယ်စုခေါင်းဆောင်မှာ ဒူးထောက်ကျသွားပြီး သူ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။
"မစ္စတာကျိကို စော်ကားမိတာဟာ ကျွန်တော့်ရဲ့ အမှားသက်သက်ပါပဲ။"
"ကျွန်တော့်ရဲ့ အပြစ်တွေက ကြီးမားလှပါတယ်၊ အပြစ်ပေးဆပ်တဲ့အနေနဲ့ ကျွန်တော့်အသက်ကို ကျွန်တော် အဆုံးစီရင်ပါ့မယ်။"
"ကျွန်တော် မျှော်လင့်တာကတော့ မစ္စတာကျိအနေနဲ့ မူမိသားစုဝင် တချို့ကို ချမ်းသာပေးဖို့ပါ၊ ကျွန်တော်တို့ကို အသက်ရှင်ခွင့်ပေးပါ...
မူမိသားစုက သင့်ရဲ့ ကျွန်တွေအဖြစ် ခံယူဖို့ အသင့်ပါပဲ"
မူမျိုးနွယ်စုခေါင်းဆောင်မှာလည်း ရက်စက်တတ်သော လူတစ်ယောက် ဖြစ်သည်။
ကောင်းကင်မျက်လုံးများ ပျက်စီးသွားခြင်းနှင့်အတူ မူမိသားစု ပြိုလဲဖို့မှာ အချိန်ပိုင်းသာ လိုတော့ကြောင်း သူ သိ၏။
ကျိယွမ်က သူတို့ကို ချမ်းသာမပေးသည့်အပြင် ကျန်နေခဲ့လျှင်ပင် သူတို့၏ ရန်သူဟောင်းများကလည်း ချမ်းသာပေးမည် မဟုတ်ပေ။
သူတို့အတွက် ပြန်လည် နာလန်ထူဖို့ အခွင့်အရေးမှာ လုံးဝမရှိသလောက်ပင် ဖြစ်သည်။
တစ်ခုတည်းသော အခွင့်အရေးမှာ ကျိယွမ်၏ ခွင့်လွှတ်မှုကို ရယူရန် ဖြစ်၏။
ထို့ကြောင့် သူသည် သွားကို တင်းတင်းကြိတ်ကာ မူမိသားစု၏ နှစ်ပေါင်းထောင်ချီ စုဆောင်းထားမှုများကို ကျိယွမ်ထံ လက်ဆောင်အဖြစ် ပေးအပ်ကာ အသက်ရှင်သန်ရန် မျှော်လင့်ချက် အလင်းအစလေးကို တောင်းခံလိုက်ခြင်းပင်။
အဆုံးတွင်တော့ နှစ်ပေါင်းထောင်ချီ တည်ဆောက်ထားသော မိသားစုကြီးတစ်ခု၏ စည်းစိမ်ဥစ္စာမှာ မည်သူ့ကိုမဆို ဆွဲဆောင်နိုင်လောက်၏။
"မရဘူး... အဖိုး... ကျွန်တော်တို့ မူမိသားစုက နှစ်ပေါင်းသုံးထောင်ကြာအောင် မြင့်မြတ်တဲ့ မိသားစုအဖြစ် ရပ်တည်ခဲ့တာ၊ ဘယ်လိုလုပ် ကျွန်တွေ ဖြစ်နိုင်မှာလဲ"
မူမိသားစုဝင် တစ်ဦးက ရှေ့သို့ တိုးထွက်လာပြီး မျက်ရည်များ ဝဲလျက် ဤလက်တွေ့ဘဝကို လက်မခံနိုင် ဖြစ်နေသည်။
စစ်မှန်သော အထက်တန်းလွှာ တစ်ဦးအနေဖြင့် သူသည် မြင့်မြတ်သော မျိုးနွယ်နွယ်တစ်ခု၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်း ရှိ၏။
နှစ်ပေါင်းထောင်ချီသော အမွေအနှစ်များနှင့်အတူ သူသည် ကျွန်တစ်ဦးအဖြစ် မည်သို့ နှိမ့်ချနိုင်မည်နည်း။
ချက်ချင်းပင် အခြား မူမိသားစုဝင် တစ်ဦးကလည်း ထရပ်လိုက်သည်။
"ကျွန်ဖြစ်ရတာထက် သေလိုက်တာကမှ ပိုမြတ်ဦးမယ်"
သူ၏စကားကို ထောက်ခံမှုများစွာ ရှိခဲ့သည်။
ကျွန်တစ်ဦးအဖြစ် သူတို့ကို စောင့်ကြိုနေမည့် အရှက်ရမှုများကို သူတို့ စိတ်ကူးပင် မယဉ်နိုင်ကြပေ။
သို့သော် အခြားသော မူမိသားစုဝင် အများစုမှာတော့ အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားကြသည်။
ယခုအချိန်တွင် အသက်ရှင်နေရခြင်းမှာပင် ဆုလာဘ်တစ်ခု ဖြစ်နေပြီဖြစ်ရာ အခြားအရာများကို မည်သူက ဂရုစိုက်မည်နည်း။
"ဝါး....မင်းတို့အားလုံးမှာ တကယ်ကို ကောင်းမွန်တဲ့ အတွေးတွေ ရှိကြတာပဲ"
ကျိယွမ်၏ မျက်ဝန်းထဲတွင် အထင်အမြင်သေးမှုများ ပေါ်လာသည်။
"မင်းတို့လို... အသုံးမကျတဲ့ အမှိုက်တစ်သိုက်က ငါ့ရဲ့ကျွန်ဖြစ်ဖို့ ထိုက်တန်တယ်လို့ ဘယ်လိုတောင် တွေးရဲကြတာလဲ။"
"အဲ့ဒါက ငါ့အတွက် အရမ်း အရှက်ရစရာ မဖြစ်သွားဘူးလား"
ကျိယွမ်သည် မူမိသားစုကို အထင်မကြီးပါ။ ကြီးစရာလည်း မရှိပေ။
သူတို့၏ စည်းစိမ်ဥစ္စာများ၊ အမွေအနှစ်များနှင့် စုဆောင်းမှုများသည် ကျိယွမ်၏ မျက်လုံးထဲတွင် ပြောပလောက်စရာ မရှိပါ။
သူတို့၏ တန်ဖိုးမှာ သူ့ကို ဖျော်ဖြေပေးနိုင်မည့် ပြက်လုံးတစ်ခုလောက်ပင် တန်ဖိုးမရှိပေ။
ဒီ NPC တွေကတော့ တကယ်ကို ရယ်ရတာပဲ၊ အိပ်မက်တွေ အရမ်းကြီးနေကြတာ။
"ဒါကြောင့်... သူတို့ကို အားလုံး သတ်လိုက်တာပဲ ကောင်းမယ်၊ ဒါမှ သူတို့ ဆက်ပြီး အိပ်မက်မမက်တော့မှာ၊ ဒါမှလည်း သူတို့အတွက် လွယ်လွယ်ကူကူ ဖြစ်သွားမှာ"
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
မူမျိုးနွယ်စုခေါင်းဆောင်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သောအမူအယာများ ဖြတ်ပြေးသွားခဲ့သည်။
ချီယွမ်၏ တုံ့ပြန်မှုမှာ လုံးဝကို မျှော်လင့်မထားသော အရာပင်။
နှစ်ပေါင်းထောင်ချီတဲ့ မူမိသားစုရဲ့ စုဆောင်းမှုတွေကို ဘယ်သူကများ ငြင်းပယ်နိုင်မှာလဲ။
သို့သော် သူ စဉ်းစားရန် အချိန်မရှိတော့ပေ၊ သူ၏ အသိစိတ်မှာ ထိုအခိုက်မှာပင် ရပ်တန့်ကာ မည်းမှောင်သွား၏။
ခန်းမထဲရှိ မူမိသားစုဝင် နှစ်ရာကျော်မှာလည်း ... တစ်ခဏအတွင်းမှာပင် အလောင်းများအဖြစ် ပြောင်းလဲသွားတော့သည်။
သတ္တမမြောက်မင်းသား၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး သူ၏ရင်တွင်း၌ အမည်မဖော်နိုင်လောက်သော ကြောက်ရွံ့မှုကြီးများ ဖြစ်ပေါ်လာသည်။
ကုံယိီချိုင်မှာလည်း တုန်ရီနေပြီး မလှုပ်ဝံ့ပေ။
"တကယ်ပဲ၊ ဒီလိုဆိုတော့ ပိုတိတ်ဆိတ်သွားတာပေါ့။ မဟုတ်ရင် သူတို့က ငါ့နားထဲမှာ တတွတ်တွတ်နဲ့ ပြောနေကြတာ၊ စိတ်ရှုပ်စရာကြီး"
ကျိယွမ်က မူအကြီးအကဲ၏ အလောင်းကို စိတ်ရှုပ်သလိုကြည့်ကာ ပြောလိုက်သည်။
ချင်းယွမ်နိုင်ငံ၏ ထိပ်တန်းအထက်တန်းလွှာ နှစ်ရာကျော်ကို သတ်လိုက်သည်ကိုပင် ပုရွက်ဆိတ်များကို နင်းခြေလိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါး ရှိလှ၏။
"ဪ၊ ဒါနဲ့...ငါမမှားဘူးဆိုရင် မူမိသားစုဝင်တွေ ထောင်ချီပြီး ကျန်နေသေးတယ် မဟုတ်လား၊ ဒါမှမဟုတ် သောင်းချီပြီးလား ၊ မိန်းမ.....ငါတို့သူတို့အားလုံးကိုလည်း... သတ်လိုက်ရင်ကောင်းမလား"
ကျိယွမ်က နင်ထောင်ကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
"ယောက်ျား....ရှင်သတ်ချင်တယ်ဆိုရင် ကျွန်မ အခုပဲ မန္တာန်တစ်ခု သုံးလိုက်မယ်။ မူမိသားစုရဲ့ သွေးပါတဲ့သူတွေ အားလုံး ခဏအတွင်းမှာပဲ သေသွားလိမ့်မယ်"
နင်းထောင်က ကျိယွမ်အား အလိုလိုက်သော မိခင်တစ်ဦးသဖွယ်ကြည့်ကာ လေးလေးနက်နက် ပြန်ပြောသည်။
သူမ၏ ကမ္ဘာတွင် ကျိယွမ်မှာ အရာအားလုံး ဖြစ်၏။
ကျိယွမ် ဘာပဲပြောပြော သူမ လိုက်နာမည် ဖြစ်သည်။
သူတို့၏စကားများသည် သတ္တမမြောက်မင်းသားနှင့် ကုံယိီချိုင်တို့၏ နှလုံးသားထဲသို့ ပို၍ပြင်းထန်သောကြောက်ရွံ့မှုများ သွတ်သွင်းလိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ထိုကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော မန္တာန်မျိုးမှာ... အရမ်းကို ကြောက်စရာကောင်းလှမှာ သေချာ၏။
ထိုအမျိုးသမီးသည် လှပသလောက် ၏ နှလုံးသားကတော့ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်း၏။
"မဖြစ်ဘူး မိန်းမ ၊ ငါသာ အဲ့လိုလုပ်လိုက်ရင် လူအများကြီးကို တစ်ခါတည်းသတ်တဲ့ လူသတ်သမားကြီး ဖြစ်မသွားဘူးလား။ ငါက မဆင်မခြင် သတ်တဲ့လူ မဟုတ်ပါဘူး"
ကျိယွမ်က ငြင်းလိုက်သည်။
သူသည် လူကောင်းတစ်ယောက် ဖြစ်သည်၊ မဆင်မခြင် ဘယ်တော့မှ မသတ်သလို၊ မိသားစုတစ်ခုလုံးကိုလည်း အမြစ်ပြတ်အောင် မလုပ်တတ်ပေ၊ ထိူ့အပြင် အုပ်စုလိုက် ပြစ်ဒဏ်ပေးတာမျိုးကိုလည်း ဘယ်တော့မှ မလုပ်ပေ။
"ငါ သိပြီ၊ လူထုမဲခွဲပွဲတစ်ခု... လုပ်ကြရအောင်"
ပြီးပြည့်စုံသော ဖြေရှင်းနည်းတစ်ခုကို စဉ်းစားမိသွားသည့်အတွက် ကျိယွမ်၏ မျက်ဝန်းထဲတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာ၏။
***