"လူထုမဲဆန္ဒပေးပွဲလား"
သတ္တမမြောက်မင်းသားမှာ ခဏတာ မှင်သက်သွားသည်။ သူ၏စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားသော်လည်း ကျိယွမ်၏စကားကို ချက်ချင်းနားမလည်ဖြစ်နေ၏။
သတ္တမမြောက်မင်းသားနှင့် ကုံယီချိုင်တို့၏ နားမလည်သည့်အမူအယာကို မြင်သောအခါ ကျိယွမ်က ထပ်မံရှင်းပြလိုက်သည်။
"အဓိပ္ပာယ်က ပြည်သူတွေကို... သူတို့ရဲ့ ကံကြမ္မာအပေါ် မဲပေးခိုင်းတာပဲ။ အဲဒီအချိန်ကျရင် ငါ့ရဲ့ ရိုဘော့ဇီရိုးဝမ်းကို သူတို့ရဲ့ မှတ်တမ်းတွေအားလုံး စုဆောင်းခိုင်းပြီး သူတို့ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေနဲ့ ကောင်းမှုတွေကို စာရင်းပြုစုခိုင်းမယ်။"
" ပြီးရင်... သူတို့ သေသင့်သလား၊ ထောင်ကျသင့်သလား၊ ဒါမှမဟုတ်... အပြစ်မရှိဘဲ လွှတ်ပေးသင့်သလားဆိုတာကို ပြည်သူတွေ မဲပေးခိုင်းမယ်။"
ကျိယွမ်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
သူသည် ထိုလူများနှင့် တစ်ခါမှ မဆုံဖူးသလို၊ ရန်ငြိုးလည်းမရှိပါ။ထို့ကြောင့် သူတို့၏ သေခြင်းရှင်ခြင်းအပေါ်တွင်လည်း ထူးခြားသော ခံစားချက်မရှိပေ။
သူတို့ရဲ့ကံကြမ္မာကို လူထု၏မဲပေးပွဲကသာ ဆုံးဖြတ်ပါစေ။ပြီးတော့... အဲဒါက ပိုပြီးပျော်စရာကောင်းမယ်ထင်တယ်။
"ဒါက..."
သတ္တမမြောက်မင်းသားက တွေဝေသွားပြီး၊ ဤကဲ့သို့သော လူထုမဲပေးပွဲမျိုးကို ကျိယွမ်က လုပ်ခိုင်းမည်ဟု မမျှော်လင့်ထားပေ။
သူက အစပိုင်းတွင် ကြယ်ခုနစ်ပွင့် မိသားစုများကြားတွင်သာ မဲပေးရမည်ဟု ထင်မှတ်ထားခဲ့၏။
ယခုလို လူထုအားလုံး၏မဲပေးပွဲမျိုးမှာ တော့ တစ်ခါမှ မကြားဖူး၊ မကြုံဖူးသေးသော အရာဖြစ်သည်။
သတ္တမမင်းသားက ကြောင်တောင်တောင်လုပ်နေသည်ကို မြင်သောအခါ ကျိယွမ်က မပြောဘဲမနေနိုင်တော့ပေ။
"မင်းက ချင်းယွမ်ရဲ့ နိုင်ငံသားတွေမှာ မဲပေးပိုင်ခွင့် မရှိဘူးလို့ ပြောချင်တာလား။"
"ဒါပေမဲ့ နိုင်ငံသားတိုင်းမှာ မဲပေးပိုင်ခွင့်ရှိတယ်လို့ ငါကတော့ အသေအချာ မှတ်မိနေတယ်။ ဒါမှမဟုတ် ဒါက ဟန်ပြသက်သက်ပဲလား။"
ကျိယွမ်၏ အသံက အနည်းငယ်ကျယ်လာ၏။
သတ္တမမြောက်မင်းသား၏ ရင်ထဲတွင် တင်းကျပ်သွားပြီး ပြာပြာသလဲခေါင်းညိတ်သည်။
"ဟုတ်ကဲ့၊ လုံးဝရှိပါတယ်၊ သူတို့မှာ မဲပေးပိုင်ခွင့် ရှိပါတယ်"
ယခင်ကလည်း မဲပေးခြင်းမျိုးတစ်ခါတလေရှိတတ်သော်လည်း ကျိယွမ် ပြောသကဲ့သို့ပင် အများအားဖြင့် ဟန်ပြသက်သက်သာ ဖြစ်နေလေ့ရှိသည်။
သို့သော် ယခုအခါ မစ္စတာကျိက ထုတ်ဖော်ပြောလာမှတော့၊ ဘယ်လိုလုပ် ဟန်ပြသက်သက် ဖြစ်နိုင်ပါတော့မည်နည်း။
၎င်းက ဖြစ်ကို ဖြစ်လာရတော့မည်ဖြစ်သည်။
သို့သော်လည်း ဤကိစ္စ၏ သက်ရောက်မှုမှာ အလွန်ကြီးမားလှ၏။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးခြင်းနှင့် လူတိုင်းက တရားသူကြီးကဲ့သို့ ပြုမူခြင်းမှာ ခန့်မှန်းရခက်ပြီး မသေချာသော အချက်များစွာ ရှိနေသည်။
"ဖြစ်နိုင်တယ်ဆိုရင် ဘာလို့ တွေဝေနေတာလဲ။ မင်းက... မဲပေးတဲ့ ဝဘ်ဆိုဒ်တစ်ခု တည်ဆောက်ဖို့ တက္ကသိုလ်ကျောင်းသားတစ်ယောက်တောင် ရှာမရဘူးလို့တော့ မပြောနဲ့နော်။ ဒါမှမဟုတ် ဝဘ်ဆိုဒ်ကို တစ်ဆင့်ပြီးတစ်ဆင့် တင်ဒါနဲ့အပ်ပြီးလုပ်လိုက်လို့ အရည်အသွေး ညံ့ဖျင်းလွန်းပြီး လူတွေအများကြီး မဲပေးတဲ့အခါ ဝဘ်ဆိုဒ်ကြီး ပျက်ကျသွားမှာမျိုးလည်း မလိုချင်ဘူး။"
သတ္တမမြောက်မင်းသားမှာ ခဏတာ ခေါင်းရှုပ်သွားသော်လည်း ချက်ချင်းလက်ခံလိုက်သည်။
"ကျွန်တော်တို့ တော်ဝင်မိသားစုက မစ္စတာကျိကို အလုပ်အကျွေးပြုဖို့အတွက် ဒါကို အပြည့်အဝ ထောက်ခံသွားမှာပါ"
သူက ဦးညွှတ်ကာ ကတိပေးလိုက်သည်။
"ငါ့ကို အလုပ်အကျွေးမပြုနဲ့၊ ငါက အစေခံတွေ မလိုဘူး။ ပြည်သူကိုပဲ အလုပ်အကျွေးပြုပါ"
ကျိယွမ်က ထိုသို့ပြောရင်းမှ ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်ထုတ်လိုက်သည်။
သတ္တမမြောက်မင်းသားက ထပ်မံခေါင်းညိတ်လိုက်သည်။
သူ၏ အခွင့်အာဏာဖြင့် တော်ဝင်မိသားစုတစ်ခုလုံး၏ကိုယ်စား သဘောမတူနိုင်ပါ။
ထို့အပြင် ယခုလိုလူထုမဲပေးပွဲကြီးပြုလုပ်ရန်သည် ကြယ်ခုနစ်ပွင့် မိသားစုအားလုံး၏ သဘောတူညီချက်လည်း လိုအပ်လေသည်။
သို့သော် ယခုအချိန်တွင် သတ္တမမြောက်မင်းသားက မည်သို့ ငြင်းပယ်ဝံ့မည်နည်း။
သူက ချက်ချင်း သဘောတူလိုက်၏။
ကြယ်ခုနစ်ပွင့် မိသားစုများက သဘောတူမတူဆိုသည်ကိုမူ... ။
စဥ်းစားနေစရာ မလိုတော့ပေ။
သူတို့ ငြင်းပယ်ဝံ့မည် မဟုတ်ပါ။
မဟုတ်ပါက သူတို့ကို စောင့်ကြိုနေမည်မှာလည်း... မူမိသားစုကဲ့သို့ လူထုမဲပေးပွဲတစ်ခုဖြစ်သွားပေလိမ့်မည်။
ထိုအချိန်တွင် ကျိယွမ်က ကုံယီချိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မတွေ့တာကြာပြီ အဖိုးကြီး။ အင်း..ခင်ဗျားက ပိုပြီး ငယ်ရွယ်လာတာပဲ။"
ကုံယီချိုင်မှာ မမျှော်လင့်ထားသဖြင့် ခဏတာ ကြောင်သွား၏။သို့သော် သူက ခေါင်းကို အမြန်ငုံ့လိုက်သည်။
"ဒီအဖိုးကြီးက စီနီယာကျိကို အရိုအသေပေးပါတယ်"
သူ၏ ပုံစံမှာ အလွန်နှိမ့်ချလှ၏။
လော့စ်တောင်တန်းပေါ်တွင် ကျိယွမ်၏ဂူအား လာတူးဖော်နေစဥ်ကနှင့် လုံးဝကွာခြားလှသည်။
"ဟုတ်တယ်၊ ဆယ်နှစ်ကြာပြီးနောက်... အတိအကျပြောရရင် ကျုပ်ရဲ့အလောင်းက ခင်ဗျားနဲ့ တွေ့ခဲ့တာ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အဲဒီတုန်းက ခင်ဗျားက ကုံမိသားစုက လူငယ်တချို့ကိုတောင် ခေါ်လာခဲ့သေးတယ်။ ကုံယီချင်း ဆိုတဲ့ တစ်ယောက်ကို ကျုပ်မှတ်မိတယ်၊ သူက သဘောထား တော်တော်ကောင်းတယ်။"
" ဒါပေမဲ့ အပျော်အပါးတွေနဲ့ ကိုယ်ခန္ဓာကြီး ဟောင်းလောင်းဖြစ်နေတဲ့ တစ်ယောက်လည်း ရှိတယ်၊ သူ့နာမည်က ကုံယီလန် ထင်တာပဲ။ သူက လူတွေကို နှာခေါင်းနဲ့ ကြည့်တယ်၊ အရမ်းကို မောက်မာပြီး အလောင်းကို စော်ကားတဲ့ ပြစ်မှုတောင် ကျူးလွန်တော့မလို့ပဲ။"
ထိုအချိန်က ကျိယွမ် အလောင်းဖြစ်နေချိန်တွင်ပင် ကုံယီချင်းက သူ့အပေါ် လေးစားမှု ရှိနေဆဲဖြစ်သည်။
သို့သော် ကုံယီလန်မှာမူ မဟုတ်ကဟုတ်ကများ ပြောဆိုပြီး ညစ်ညမ်းသောစကားများကို ပြောဆိုခဲ့၏။
ကျိယွမ်၏စကားကို ကြားလိုက်ရသောအခါ ကုံယီချိုင်၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး နဖူးမှ ချွေးအေးများ အလိပ်လိုက်စီးကျလာ၏။
ယခု သူနားလည်သွားလေပြီ။
ကျိယွမ်မှာ အတိတ်ပြန်လူသားတစ်ယောက် ဖြစ်သည်။
ထိုအတိတ်ပြန်လူသားမှာ အခြားသူများနှင့်မတူဘဲ သေဆုံးသွားခဲ့ပြီးမှ ဆယ်နှစ်အကြာတွင် ကုံယီမိသားစုက သူ၏ အလောင်းနှင့် ဆက်သွယ်ရန် လူလွှတ်ခဲ့ခြင်း ဖြစ်ပုံရသည်။
သို့သော် ကုံယီမိသားစုမှ တစ်စုံတစ်ယောက်က ကျိယွမ်၏အလောင်းကို မလေးမစား လုပ်ခဲ့သည်ကို ကြားလိုက်ရသဖြင့် သူ၏ရင်ထဲတွင် နေစရာမရှိအောင် စိုးရိမ်သွားခဲ့၏။
"ယောကျ်ား... ကုံယီမိသားစုဆိုတာကို လေတစ်ချက်လောက် မှုတ်ထုတ်လိုက်ရမလား"
နင်းထောင်က ကျိယွမ်၏လက်မောင်းကို ဆွဲခိုကာ ကြင်နာစွာ မေးလိုက်သည်။
ကုံယီချိုင်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်ပြီး မဆိုင်းမတွတောင်းပန်တော့သည်။
"စီနီယာကျိ... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"
သူမည်သို့ မကြောက်ဘဲနေနေနိုင်မည်နည်း ။
စီနီယာကျိ၏ လှပသော အမျိုးသမီးလေးသည် လေတစ်ချက် မှုတ်ရုံဖြင့် ကောင်းကင်မျက်လုံးများကို ပြိုကွဲသွားစေနိုင်သည် မဟုတ်ပါလား။
အကယ်၍ သူမက ကုံယီမိသားစုကို လေတစ်ချက် မှုတ်လိုက်ပါက အသက်ရှင်ကျန်ရစ်ရန်မပြောနှင့် အလောင်းပင်ကျန်မည် မဟုတ်ပါ။
ကျိယွမ်က အလန့်တကြားတောင်းပန်နေသော ကုံယီချိုင်ကို မြင်သောအခါ နင်းထောင်၏ လက်ဖမိုးလေးကို ပွတ်ကာ ပြောလိုက်သည်။
"ငါက အမြဲတမ်း သတ်ဖြတ်တိုက်ခိုက်နေတဲ့ မိစ္ဆာဘုရင်တစ်ယောက် မဟုတ်ပါဘူး။ အဲဒါက မကောင်းဘူးမှတ်လား ။ ဒါက ကိစ္စသေးလေးပဲ၊ ပြောနေဖို့တောင် မတန်ပါဘူး။ ငါသာ ကုံယီချိုင်ကို မတွေ့ခဲ့ရင် ဒါကို မေ့တောင်မေ့နေမှာ။"
ကျိယွမ်၏ ပေါ့ပေါ့ပါးပါးစကား ကြားလိုက်ရမှ ကုံယီချိုင်မှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်ရှာသည်။ သူ၏ ပေါက်ကွဲမတတ်တုန်လှုပ်နေသော စိတ်နှလုံးမှာလည်း ပြန်လည် တည်ငြိမ်သွား၏။
သူတို့လို ကြယ်ခုနှစ်ပွင့်မိသားစုကြီးအနေဖြင့် အလွန်လှပသော မိန်းမပျိုလေးတစ်ဦးက မိသားစုရှိရာဘက်သို့ လေနှင့်တစ်ချက်မှုတ်မည်ကို သေမလောက်ကြောက်ရလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးပါ။
တစ်ချိန်တည်းမှာပင် သူသည် ထိုကောင်လေး ကုန်းယီလန်ကို သေလောက်အောင် မုန်းတီးသွားခဲ့သည်။
ထိုကောင်မှာ အလွန်ရဲတင်းလှသည့် ဒုတိယမျိုးဆက်၊ အသုံးမကျသောသားတစ်ယောက်သာ ဖြစ်သည်၊။
စီနီယာကျိကို မည်သို့ စော်ကားရဲရသနည်း။
"ကျွန်တော်တို့ကို အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာကျိ"
သူသည် ကုံယီချင်းအပေါ်တွင်တော့ အလွန်ကောင်းမွန်သော စိတ်ထားကို ခံစားလိုက်ရသည်။
ကုံယီချင်းမှာ တိုက်ရိုက်မျိုးနွယ်စုမှ မဟုတ်သော်လည်း အလွန်ကြိုးစားအားထုတ်သူ ဖြစ်၏။
မကြာသေးမီက မိသားစုအတွင်းမှ တစ်စုံတစ်ယောက်က ကုံယီချင်းကို ထောက်ပံ့ရန် အဆိုပြုခဲ့သော်လည်း ထိုအဆိုပြုချက်မှာ ပယ်ချခံခဲ့ရသည်။
ယခုတွင် စီနီယာကျိက ကုန်းယီချင်းကို ထုတ်ဖော်ပြောဆိုခဲ့သဖြင့် ထိုပယ်ချမှုမှာ သဘာဝအတိုင်း ပျက်ပြယ်သွားပြီဖြစ်သည်။
ကုံယီမိသားစုက ကုံယီချင်းကို ထောက်ပံ့ရုံသာမက၊ သူ့ကို မျိုးဆက်သစ်လူငယ်များ၏ စစ်မှန်သော ခေါင်းဆောင်အဖြစ်ပါ သတ်မှတ်ကြပေတော့မည်။
"ဒီနေရာက ရှင်းလင်းရေးကို မင်းတို့ပဲ လုပ်လိုက်ပါ၊ ငါက သူတို့ကို မြှုပ်နှံပေးဖို့ ပျင်းလို့။ စားသောက်ပွဲကို စီစဥ်လိုက်။ ငါက မြို့တော်ကို ရောက်နေပြီဖြစ်သလို အချိန်လည်း စောသေးတော့၊ ရက်နည်းနည်းလောက် လျှောက်ကစားလိုက်ဦးမယ်။"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်ရင်း နင်းထောင်ကို တွဲကာ သူတို့၏ ပုံရိပ်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။
သတ္တမမြောက်မင်းသား၊ ကုံယီချိုင်နှင့် အလောင်းများ ပြည့်နှက်နေသော အခန်းသာ ကျန်ရစ်ခဲ့၏။
သတ္တမမြောက်မင်းသားက လက်သီးကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးတွင် ချွေးများ စိုရွှဲနေပြီး ခုနက သူ မည်မျှ ကြောက်လန့်နေခဲ့သည်ကို ဖော်ပြနေသလိုပင်။
ယခုအချိန်ထိပင် သူသည် စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှုကို ခံစားနေရသည်။
သူက ကုံယီချိုင်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ဒီမဲပေးပွဲကို ကျွန်တော်နဲ့... ကုံယီချင်း တို့ပဲ ကိုင်တွယ်ကြရရင် ကောင်းမယ်မဟုတ်လား။"
ကုံယီချင်းက မည်သူမှန်း သူ မသိသော်လည်း၊ ကျိယွမ်က သူ့နာမည်ကို ထုတ်ဖော်ပြောဆိုခဲ့သဖြင့် သူ့ကို ပြန်လည် အသုံးချရမည်ဖြစ်သည်။
"ကောင်းပါပြီ"
ကုံယီချိုင်ကလည်း အမြန်ခေါင်းညိတ်လိုက်၏။
စည်းမျဥ်းများအရ ဤကိစ္စမှာ မိသားစုခေါင်းဆောင်၏ သဘောတူညီချက် လိုအပ်သည်။
သို့သော် ယခုကဲ့သို့သော ထူးခြားသည့် အခြေအနေတွင် မိသားစုခေါင်းဆောင်က ဘာအသုံးကျတော့မည်နည်း။
စီနီယာကျိကသာ စစ်မှန်တဲ့ဘုရင်ပဲ ။
လောကကြီးကို လွှမ်းမိုးချုပ်ကိုင်ထားသော စစ်မှန်သည့် ဘုရင်ဖြစ်သည်။
အကယ်၍ ကန့်ကွက်သူရှိခဲ့လျှင်တော့ ...။
ကုံယီချိုင်ဆက်မတွေးတော့ပါ ။
အခေါင်းမြင်မှ မျက်ရည်ကျမဲ့သူတွေကို သနားနေစရာမလိုဘူး။
တစ်ချိန်တည်းမှာပင် မြို့တော်တစ်ခုလုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။
အထူးသဖြင့် ကြယ်ခုနစ်ပွင့် မိသားစုကြီးများဖြစ်သည်။ သူတို့၏ အဆင့်မြင့်အဖွဲ့ဝင်များအားလုံးမှာ မူမိသားစု၏ ကောင်းကင်မျက်လုံး ၁၃ ခု ကျဆုံးသွားသည်ကို ချက်ချင်း သိရှိသွားကြ၏။
ထိုဖြစ်ရပ်က လုံးဝတုန်လှုပ်ဖွယ်ရာဖြစ်ပြီး ကြယ်ခုနစ်ပွင့် မိသားစုအားလုံးကို ကြောက်လန့်တုန်ရီသွားစေခဲ့သည်။
ကောင်းကင်မျက်လုံးများဆိုသည်မှာ ကြယ်ခုနစ်ပွင့် မိသားစုကြီးများ၏ အခြေခံအုတ်မြစ် ဖြစ်၏။
ယခုကောင်းကင်မျက်လုံးက တစ်ခဏအတွင်း ဖျက်ဆီးခံလိုက်ရသည်တဲ့လား။
ထိုအရာက နျူကလီးယားစစ်ပွဲများ ဖြစ်ပွားသည်တာထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသည်။
ထို့ကြောင့် ဘာဖြစ်သွားသည်ကို သိရှိနိုင်ရန်အတွက် မရေမတွက်နိုင်သော ဝန်ထမ်းများ၊ ယာဥ်များနှင့် သတင်းအချက်အလက်များမှာ မူမိသားစုထံသို့ အပြေးအလွှားရောက်သွားကြသည်။
သို့သော် သူတို့ရရှိခဲ့သော ကောက်ချက်မှာ ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းပြီး မယုံနိုင်စရာ ဖြစ်နေသည်။
၎င်းမှာ ကောင်းကင်မျက်လုံး ၁၃ ခုကို လူသားတစ်ယောက်တည်းက လက်တစ်ဖက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့ခြင်း ဟူ၏။
အဓိပ္ပါယ် လုံးဝမရှိပါ။
မည်သည့်ယုတ္တိဗေဒနည်းလမ်းနှင့်မှလည်း ဖြစ်နိုင်စရာမရှိပေ။
ကောင်းကင်မျက်လုံးမှာ နတ်ဘုရားများကိုတောင် သတ်ဖြတ်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။
သို့သော်လည်း လူသားအမျိုးသမီးတစ်ယောက်က ၎င်းကို အလွယ်တကူ ကိုင်တွယ်သွားခဲ့၏။
ယခုအချိန်တွင် မြေအောက် မီတာသုံးထောင်အကွာတွင်ရှိသော ခန်းမတစ်ခုအတွင်းတွင် ကြယ်ခုနစ်ပွင့် မိသားစုများ၏ ခေါင်းဆောင်များ စုဝေးနေကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ မကောင်းလှပေ။
"ကွေ့ယန် စစ်စခန်းကို ဖျက်ဆီးပြီး တပ်သားသုံးထောင်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တာက ကမ္ဘာကြီးကို တုန်လှုပ်စေဖို့ လုံလောက်နေပါပြီ။"
"ဒါပေမဲ့ အခုတော့... သူ့ရဲ့ အဖော်က... အဆပေါင်း တစ်ရာ၊ တစ်ထောင်လောက် ပိုပြီး ကြောက်စရာကောင်းနေတယ်၊ လက်တစ်ချက်လေးလှုပ်တာနဲ့ ကောင်းကင်မျက်လုံး ၁၃ ခုကို ချေမှုန်းပစ်ခဲ့တယ်တဲ့"
ကုံယီမိသားစု၏ ခေါင်းဆောင်အဖိုးအိုက တုန်တုန်ရင်ရင် ပြောလိုက်သည်။
အစည်းအဝေး တက်ရောက်နေသော အခြားကြယ်ခုနစ်ပွင့် မိသားစုခေါင်းဆောင်များကလည်း လေးနက်စွာ ခေါင်းညိတ်ပြကြ၏။
"ဒဏ္ဍာရီလာ နတ်ဘုရားတွေဆိုရင်တောင်... အစွမ်းက ဒီလောက်ပဲရှိမှာ။"
ကြယ်ခုနစ်ပွင့်မိသားစုပေါင်း ၂၁ ခု ရှိပြီး ယခုအချိန်တွင် အဖိုးအို ၂၀ ခန့်စုဝေးနေကြ၏။ အားလုံး၏ ရည်ရွယ်ချက်မှာ မူမိသားစုတွင် ဖြစ်ပျက်ခဲ့သောအရာများကို အခြေခံကာ မည်သို့ဆောင်ရွက်သင့်သလဲ ဆွေးနွေးရန်ဖြစ်သည်။
"ဝန်ခံရရင် အဲဒီအမျိုးသမီးကသာ စိတ်ကူးပေါက်ပြီး. ငါတို့ရဲ့ ကောင်းကင်မျက်လုံးတွေကိုလည်း ချက်ချင်း ဖျက်ဆီးပစ်လိုက်မှာကို ငါလည်း ကြောက်မိတယ်"
ဖန်းမိသားစုခေါင်းဆောင်အဘိုးအိုက အလွန်ကြောက်ရွံ့နေသောအသံဖြင့် ပြောလိုက်၏။
သူ၏စကားကို အခြားသူများကလည်းထောက်ခံကြသည်။
အမှန်ဆိုလျှင် ဖန်းမိသားစုမှာ ကြယ်ခုနစ်ပွင့်မိသားစုကြီးများတွင် ထိပ်တန်းသုံးခုထဲမှ တစ်ခုဖြစ်သည်။
သူတို့၏ အဆင့်အတန်းမှာ မူမိသားစုထက်ပင် ပို၍ မြင့်မားလေသည်။
သို့သော်လည်း သူတို့၏ မြင့်မားသော အဆင့်အတန်းမှာ စီနီယာကျိ၏ ရှေ့မှောက်တွင် ဘာမှ အသုံးမဝင်ကြောင်း ဖန်းမိသားစု၏ အဖိုးအိုခေါင်းဆောင် အလိုလိုသိနေ၏။
"ဒီလူက... အရမ်းကို ကြောက်စရာကောင်းလွန်းတယ် ။ ပြီးတော့ သူ့ရဲ့ အဖော်ကလည်း... တကယ်ကို... လူသားမှဟုတ်ရဲ့လားမသိဘူး"
"ဟူး..ငါတို့မသိနိုင်တဲ့ အရာတွေရဲ့ ရှေ့မှာ ငါတို့က ရိုသေမှုကို ထိန်းသိမ်းထားသင့်တယ်ထင်တယ်"
" နှစ်ပေါင်းတစ်ထောင်လောက် သက်တမ်းရှိတဲ့ မူမိသားစုက တစ်ဖက်သားကို ထည့်မတွက်ဘဲ ကိုယ်လုပ်ချင်တာကိုပဲ လုပ်လေ့ရှိရာကနေ အခုတော့ ချောက်ထဲကို ကျသွားပြီး ဘယ်တော့မှ ပြန်မတက်နိုင်တော့ဘူး။"
"နှစ်ပေါင်းတစ်ထောင်လောက် အမွေအနှစ်တွေရှိတဲ့ မိသားစုကြီးက... လူတစ်ယောက်ရဲ့ အစေခံဖြစ်ဖို့တောင် အရည်အချင်းမပြည့်မီဘူးတဲ့ ။ အဲဒါက တကယ်ကို... ရယ်စရာကောင်းလွန်းတယ်"
ဤသို့ပြောပြီးနောက် ဖန်းအဖိုးအိုမှာ အားငယ်စွာဖြင့် သက်ပြင်းချ၏။
သူ၏တစ်ဘဝလုံး ဂုဏ်ယူခဲ့သော အရာများအားလုံးမှာ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ပင်။
သူတို့ပိုင်ဆိုင်ထားသော လောကီအာဏာဆိုသည်မှာ... ပိုမိုမြင့်မားသော အဆင့်တွင် ရှိသူများ၏ မျက်လုံးထဲတွင် အမှန်တကယ်ပင် ဘာမှ မဟုတ်တော့ကြောင်း နဖူးတွေ့ဒူးတွေ့သိလိုက်ရပြီ မဟုတ်ပါလား။
"စမ်းသပ်ချက်တွေပြောတာတော့ အဲဒီအမျိုးသမီးအသုံးပြုသွားတဲ့ နည်းလမ်းတွေကထွက်လာတဲ့ အကြွင်းအကျန်တွေက တိုင်းတာလို့မရတဲ့ စွမ်းအင်အဆင့်မှာ ရှိနေတာတဲ့"
အခြားမိသားစုခေါင်းဆောင်တစ်ဦးက ပြောလိုက်သည်။
ကောင်းကင်မျက်လုံး ၁၃ ခုလုံးဖျက်ဆီးခံလိုက်ရပြီးနောက် စုံစမ်းစစ်ဆေးရန်နှင့် သုတေသနပြုလုပ်ရန်အတွက် စစ်သင်္ဘောထောင်ပေါင်းများစွာကို မိသားစုကြီးများက အာကာသထဲသို့ ချက်ချင်း စေလွှတ်ခဲ့၏။
"ကောင်းကင်မျက်လုံးတွေကို ဒီလောက်အချိန်တိုလေးအတွက် ဖျက်ဆီးလိုက်တဲ့စွမ်းအားကို ဘယ်လိုလုပ်တိုင်းတာဖို့ လွယ်မှာလဲ"
"အဲဒီစွမ်းအင်ကို ပုံဖော်ကြည့်ပြီးနောက်မှာ ငါတို့ ရခဲ့တဲ့ ကောက်ချက်ကတော့ အဲဒီလို တိုက်ခိုက်မှုမျိုးဟာ... ကွေ့ယန်နိုင်ငံကိုတောင် မြေပုံပေါ်ကနေ ဖျက်ဆီးပစ်ဖို့ လုံလောက်နေတယ်ဆိုတာပဲ"
" ပြီးတော့ အဲဒါက လူသားတွေကို သတ်ဖြတ်ရုံတင် မဟုတ်ဘဲ၊ ဒီကမ္ဘာပေါ်မှာ ကွေ့ယန်ဆိုတာ မရှိတော့တဲ့အထိ ဖျက်ဆီးပစ်တာမျိုး။"
"အရေးကြီးဆုံးကတော့ ဒါဟာ သူမရဲ့ အကန့်အသတ်လား ဆိုတာကို ငါတို့ မသိတာပဲ။"
"ငါပြောချင်တာ သိလား ၊ သူမရဲ့အစွမ်းကုန် ဟုတ်ချင်မှဟုတ်မှာလို့ "
ထိုစကားကို ကြားလိုက်ရသောအခါ ရှိနေသူများအားလုံး၏ မျက်နှာတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
ကောင်းကင်မျက်လုံးမှာ အစွမ်းထက်သည်ဆိုသော်လည်း ကွေ့ယန်တွင်ရှိ သော လူသားအားလုံးကို သုတ်သင်ရန်အတွက်ဆိုလျှင် ကောင်းကင်မျက်လုံး အများအပြားကို တစ်ပြိုင်နက်တည်း ပစ်ခတ်ရန် လိုအပ်၏။
ထိုသို့ပစ်ခတ်လျှင်ပင် လူသားများကိုသာ သုတ်သင်နိုင်မည်ဖြစ်ပြီး အခြားသော သက်ရှိများအားလုံး မပါနိုင်ပေ။
သို့သော် ဤလျှို့ဝှက်ဆန်းပြားသော အမျိုးသမီးကမူ ကွေ့ယန်ကို မည်သည့်က်ရိယာတန်ဆာပလာမှ မလိုဘဲ တစ်ချက်တည်းဖြင့် မြေပုံပေါ်မှ အပြီးအပိုင်ဖျက်ဆီးပစ်နိုင်လေသည်။
ထိုအရာက မည်သို့သောအဖျက်စွမ်းအားမျိုးပါနည်း။
စိတ်ကူးကြည့်လို့တောင် မရနိုင်ပေ။
"ဒါကြောင့်...ငါကတော့ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်"
" လူကြီးမင်းတို့...ခုခံဖို့၊ ပရိယာယ်ဆင်ဖို့ ဒါမှမဟုတ် စည်းရုံးဖို့တွေကို မတွေးကြပါနဲ့တော့။"
"ဒီလိုသက်ရှိတွေက ငါတို့ နားလည်နိုင်စွမ်းရဲ့ အပြင်ဘက်မှာ ရှိနေတာ။
ငါတို့ ဂုဏ်ယူနေတဲ့ နည်းပညာတွေ ၊ ယဉ်ကျေးမှုတွေ၊ ငါတို့ရဲ့ အမွေအနှစ်တွေဟာ သူတို့ တစ်ရေးအိပ်တာလောက်တောင် တန်ဖိုးရှိမှာ မဟုတ်ဘူး"
ဖန်းမိသားစုခေါင်းဆောင်အဖိုးအိုမှာ တုန်လှုပ်နေခြင်းကြောင့် စကားများပင် ပြတ်တောင်း ပြတ်တောင်းဖြစ်ကာ၊ အလွန်အမင်း အားကိုးရာလည်း မဲ့နေ၏။
လူအများသည် မသိနားမလည်နိုင်သောအရာများကို ပို၍ကြောက်ရွံ့စ်ုးရိမ်တတ်ကြသည်မှာ သဘာဝပင်။
နင်းထောင်၏စွမ်းဆောင်မှုမှာ သူတို့လုံးဝ နားမလည်နိုင်သောအရာဖြစ်သည်။
လူသားတစ်ယောက်၏ စွမ်းအားက... တိုက်ကြီးတစ်ခုလုံးကိုပင် နစ်မြုပ်သွားစေနိုင်သည်တဲ့လား။
ထို့သို့လုပ်ရန် လူသားအားလုံးပေါင်း၍ ကြိုးစားလျှင်ပင် အပြင်းထန်ဆုံးဗုံးများ မည်မျှလိုမည်နည်း ၊ ရေတွက်ရန်ပင် မလွယ်ပါ။
"ဒါကြောင့် ငါ အဆိုပြုချင်တာက၊ ဒီမှာဆက်ပြီး မဆွေးနွေးကြပါနဲ့တော့။
ငါတို့ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး အသုံးဝင်မှာ မဟုတ်ဘူး။"
"စီနီယာကျိနဲ့ ပတ်သက်ပြီးတော့ရော၊ အဲဒီ လျှို့ဝှက်ဆန်းပြားတဲ့ အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ရော၊ ငါတို့က သူတို့အပေါ် ရိုသေမှုကိုပဲ ထိန်းသိမ်းထားဖို့ လိုအပ်တယ်။"
" တစ်ချိန်တည်းမှာပဲ မိသားစုဝင်တွေ ကို အပြင်မှာ ပြဿနာမရှာဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားရမယ်။"
"ပြဿနာရှာတဲ့သူကို အနည်းဆုံး မိသားစုကနေ ထုတ်ပစ်မယ်၊ အဆိုးဆုံးကတော့ ကွပ်မျက်ပစ်မယ်"
ဖန်းမိသားစုအဖိုးအို၏စကားမှာ ပြတ်သားသလို အလေးအနက် ရှိလှသည်။
"ကျွန်တော် ထောက်ခံပါတယ်၊ ကျွန်တော့်မိသားစုကို လူထုမဲပေးပွဲရဲ့ ဆုံးဖြတ်ချက်အောက်မှာ အစစ်ဆေးမခံချင်ဘူး"
"စီနီယာကျိက ငါတို့ကို မဲပေးခိုင်းမယ်ဆိုရင် ငါတို့မှာ ခုခံနိုင်စွမ်း ရှိမှာ မဟုတ်ဘူး။"
"ဟူး...တစ်ခါတလေကျတော့... သမိုင်းမှာ လူကြောက်တွေလို့နာမည်ဆိုးကျန်တာကလည်း တကယ်တော့ သိပ်မဆိုးလှပါဘူး။"
အခြားသောမိသားစုခေါင်းဆောင်အဖိုးအိုများကလည်း တစ်ဦးပြီးတစ်ဦး သူတို့၏ အယူအဆများကို ထုတ်ဖော်လိုက်ကြသည်။
ကျိယွမ်က ဘာမှ မပြောခဲ့သော်လည်း သူတို့လို မြေခွေးအိုကြီးများက ယခုလိုအခြေအနေမျိုးတွင် ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်သည်ကို ကောင်းစွာနားလည်ကြလေ၏။
ကျိယွမ်နှင့် ပတ်သက်၍ သူတို့သည်လန်ဟိုင်ကဲ့သို့ သူ၏ပုဂ္ဂလိကကိစ္စများကို မစုံစမ်းရဲခဲ့ကြပါ။ သူ၏ သာမန်အချက်အလက်များကိုသာ စစ်ဆေးခဲ့ကြသည်။
သို့သော် ထိုအချက်အလက်များက ကျိယွမ်၏ စရိုက်ကို အနည်းငယ် ဖော်ပြနိုင်ခဲ့၏။
စိတ်ကျန်းမာရေး လက်မှတ်ရှိတယ်၊ နည်းနည်းခန့်မှန်းရ ခက်တယ်။
သို့သော် ခြုံငုံကြည့်သောအခါ ... သူက ကျေးဇူးရှိလျှင်ကျေးဇူးဆပ်တတ်ပြီး ရန်ငြိုးရှိလျှင်လည်း ရန်တုံ့ပြန်တတ်သော "စည်းကမ်းကိုရိုသေပြီး ဥပဒေကို လိုက်နာသည့်" လူတစ်ယောက် ဖြစ်ပုံရလေ၏။
သူက အဲဒီလိုလူမှတော့၊ သူတို့ကလည်း သူနဲ့အတူ ဒီဇာတ်လမ်းကို အဆုံးထိ ကပြရုံပင် မဟုတ်ပါလား။
"မနက်ဖြန်ကျရင် ငါကိုယ်တိုင် စီနီယာကျိဆီကို သွားတွေ့မယ်၊ ဘယ်သူတွေ လိုက်ခဲ့မလဲ"
ဖန်းမိသားစုအဖိုးအိုက ထိုသို့ပြောလိုက်ပြီးနောက် တစ်ခုခုကို သတိရကာ ထပ်မံအသိပေး၏။
"ငါက လူကိုယ်တိုင် သွားမှာပါ"
သူတို့ကဲ့သို့ အဆင့်တွင် ရှိသူများအတွက် ကိုယ်ပွားတစ်ခု ရှိရန်မှာ ရိုးရှင်းသော ကိစ္စဖြစ်သည်။
ကိုယ်ပွားများမှာ အများအားဖြင့် ငြိမ်သက်နေလေ့ရှိပြီး၊ သူတို့ကို အစားထိုးရန်အတွက် ထူးခြားသော အခြေအနေများတွင်သာ အသုံးပြုလေ့ရှိသည်။
"ကျွန်တော်လည်း လူကိုယ်တိုင် သွားပါမယ်။"
"ကျွန်တော်လည်း ကိုယ်တိုင် သွားမှာပါ"
ဤအဖိုးကြီးများမှာ ကျိယွမ်ကို လုံးဝ မစော်ကားမိသင့်ကြောင့် သဘောပေါက်သွားကြပြီဖြစ်သည်။
ကိုယ်ပွားတွေကို သုံးတာက သူ့အပေါ် လေးစားမှုပြရာမရောက်တဲ့အပြင် စော်ကားသလိုဖြစ်သွားနိုင်တယ်။
........
မြို့တော်၏ လမ်းမများပေါ်တွင်တော့ ကျိယွမ်သည် နင်းထောင်နှင့်အတူ လမ်းလျှောက်နေသည်။... သို့မဟုတ် အတိအကျပြောရလျှင် "ငှက်မလေးနှင့်" နှင့် လမ်းလျှောက်နေခြင်းဖြစ်၏။
ယခုအချိန်တွင် ကျိယွမ်၏လက်ထဲတွင် အုတ်ခဲတစ်ခဲကို ကိုင်ထားပြီး သူ၏မျက်လုံးများတွင် စဥ်းစားနေသော အမူအရာများ ရှိနေသည်။
"မြို့တော်မှာ အုတ်ခဲတစ်ခဲကို မတော်တဆ ပစ်လိုက်မယ်ဆိုရင် ညွှန်ကြားရေးမှူးတစ်ယောက်ကို ထိသွားလိမ့်မယ်လို့ ငါအမြဲ ကြားဖူးတယ်။ အဲဒါ တကယ်လားဆိုတာ သိချင်မိတယ်"
မြို့တော်သို့ ရောက်ရှိလာရန်မှာ ရှားပါးလှသဖြင့် သူ စမ်းသပ်ကြည့်ချင်နေ၏။
ကျူးယန်ကလည်း ခေါင်းကို စောင်းကာ စဥ်းစားနေသော အမူအရာဖြင့် ပြန်ဖြေ၏။
"သွေးပုလဲ၊ အဲဒါက မဖြစ်နိုင်ဘူးလို့ ထင်တာပဲ။ အခုဆို ငါတို့ဘေးနားမှာ လူတစ်ယောက်မှတောင် မရှိဘူး။"
"ဒါဆို ကံတရားကပဲ ဆုံးဖြတ်ပါစေ။"
ကျိယွမ်က အုတ်ခဲကို လေထဲသို့ ပစ်တင်လိုက်သည်။
သို့သော် သူက စွမ်းအားအများကြီး မသုံးခဲ့ဘဲ မီတာအနည်းငယ်အမြင့်သို့သာ ပစ်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် တစ်စုံတစ်ယောက်ကို မသေစေရန်အတွက်လည်း မန္တာန်တစ်ခုကို လိုလိုမယ်မယ် ထည့်ရွတ်ထားလိုက်သည်။
အုတ်ခဲက ပြုတ်ကျလာပြီး တစ်စုံတစ်ယောက်ကို ထိမှန်သွားခဲ့လျှင်တောင် မည်သည့် ထိခိုက်မှုမှ ဖြစ်စေမည် မဟုတ်ပေ။
"လာလေ၊ ဘယ်သူ့ကို ထိသွားသလဲဆိုတာ သွားကြည့်ရအောင်။"
အုတ်ခဲလျင်မြန်စွာ ကျဆင်းလာသည်ကိုကြည့်နေရင်း ကျူးယန်လည်း စိတ်လှုပ်ရှားသွားပြီး ကျိယွမ်၏ လက်မောင်းကို တွဲကာ ညွှန်ကြားရေးမှုးတစ်ယောက်ယောက်ကို ထိသွားသလားဆိုသည်ကို သိချင်နေ၏။
"သွားကြည့်ကြရအောင်။"
ကျိယွမ်လည်း ရလဒ်ကို ပို၍စိတ်ဝင်စားလာသည်။ ယခုလိုဆော့ဆော့ကစားရာတွင် သူ့ကို အဖော်ပြုပေးမည့်သူရှိရန်မှာ မလွယ်ပေ။
သူတို့နှစ်ဦးမှာ အုတ်ခဲကျသွားသည့် အရပ်သို့ လျင်မြန်စွာ ဦးတည်လိုက်ကြ၏။
မြို့တော်၏ လမ်းမများပေါ်တွင် နေရောင်ခြည်မှာ အနည်းငယ် စူးရှနေပြီး လူများမှာ ကောင်းကင်ရှိ နေနှစ်စင်းကို မော့ကြည့်ကာ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်နေကြသည်။
ဟွမ်ဝေမင်သည် အိတ်အမည်းတစ်လုံးကို ကိုင်ကာ လမ်းမပေါ်တွင် မှိုင်တွေစွာ လမ်းလျှောက်နေ၏။
သူသည် ကျေးလက်နောက်ခံမှ လာသူဖြစ်ပြီး သူ တက္ကသိုလ်တက်နေစဥ်က ရွာသားများမှာ သူ့အား ဂုဏ်သတင်းကြီးသောတက္ကသိုလ်တစ်ခုတွင် ပညာသင်ကြားနိုင်ရန်အတွက်ဟုဆိုကာ ကြက်ဥများနှင့် ကန်စွန်းဥများကို ပေးကမ်းကာ ထောက်ပံ့ခဲ့ကြသည်။
ချင်းယွမ်ရှိ ဂုဏ်သတင်းကြီးသော တက္ကသိုလ်များမှာ အလွန်စျေးကြီးပြီး ဆင်းရဲသားများတက်ရောက်ရန် မလွယ်ကူပေ။
သူသည် အလုပ်လည်းလုပ်ရင်း ပညာသင်ကြားခဲ့ရ၏။ နောက်ဆုံးတွင် ဘွဲ့ရရှိကာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ခဲ့သည်။
သူသည် ပရောဂျက်တစ်ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ထိုလုပ်ငန်းမှာ လျင်မြန်စွာ ကြီးထွားလာခဲ့၏။
ငါးနှစ်အတွင်းမှာပင် သူ၏ ကုမ္ပဏီမှာ သန်းတစ်ထောင် တန်ဖိုးရှိလာခဲ့သည်။
ထိုအချိန်တွင် သူသည် သူ၏ဇာတိမြေကိုလည်း ပြန်လည် ပေးဆပ်မှုများ စတင်ခဲ့သည်။
သို့သော် သူ၏ "ကုမ္ပဏီငယ်လေး" သည် အထက်တန်းလွှာ ဒုတိယမျိုးဆက် တစ်ဦး၏ မျက်စိကျခြင်းကို ခံရမည်ဟု မည်သူက ထင်ထားမည်နည်း။
ထိုအထက်တန်းလွှာသည် သူ၏ထံမှ ကုမ္ပဏီကို လုယူချင်နေ၏။ ခိုင်မာသော နောက်ခံမရှိသဖြင့် သူ၏အင်အားဖြင့် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ဌာနအသီးသီးက သူ့ကို အခက်အခဲမျိုးစုံ ဖြစ်စေခဲ့ပြီး စီးပွားဖက်များကလည်း ဆက်သွယ်မှုများကို စတင်ရှောင်ကြဥ်လာကြသည်။
ထိုဖြစ်ရပ်များအားလုံးက သူ့ကို စာချုပ်လက်မှတ်ထိုးခိုင်းရန်အတွက် တွန်းအားပေးနေခြင်း ဖြစ်၏။
လက်မှတ်ထိုးလိုက်သည်နှင့် ကုမ္ပဏီမှာ သူ၏ပိုင်ဆိုင်မှု မဟုတ်တော့ဘဲ သူသည် ဝန်ထမ်းတစ်ယောက်သာ ဖြစ်သွားပေတော့မည်။
လစာက များနေမည်ဖြစ်သော်လည်း သူမလုပ်ချင်ပါ။ သူ အလွန်အမင်း စိတ်ပျက်အားငယ်နေမိသည်။
အကြောင်းမှာ သူ၏ဇာတိမြေအတွက် ရင်းနှီးမြှုပ်နှံလိုသော ပရောဂျက်များကိုလည်း ရပ်ဆိုင်းလိုက်ရတော့မည် ဖြစ်သောကြောင့်ပင်။
"ဒါက တကယ်ကို အရှက်မရှိတာပဲ။ သူတို့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ"
ဟွမ်ဝေမင်မှာ အလွန်အားကိုးရာမဲ့မှုကို ခံစားနေရပြီး တွေးလေဒေါသထွက်လေဖြစ်နေရ၏။
သူသည် နုံအသော လူငယ်တစ်ယောက် မဟုတ်ပါ။သူသည် အချိန်အခါအရ အလျှော့ပေးမှုကို နားလည်သည်။
ဤကဲ့သို့သောအရာများမှာ မကြာခဏ ဖြစ်လေ့ရှိပြီး၊ အများအားဖြင့်မှာ အနည်းငယ် အရှုံးပေးကာ အကျိုးအမြတ်ကို ခွဲဝေယူကြ၏။။
ဒါပေမဲ့... အဲဒီ မူမိသားစုရဲ့ ဒုတိယမျိုးဆက်ကတော့... တကယ်ကို အရှက်မရှိဘဲ အရာအားလုံးကို ယူချင်နေပြီး ဘာမှ မချန်ထားပေးချင်ပေ။
ဒီလောကကြီးမှာ တရားမျှတမှုဆိုတာ လုံးဝ မရှိတော့ဘူးလား။
သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
ယခုအချိန်တွင် မြင်မြင်သမျှအား စိတ်တိုနေ၏။
သူက ကောင်းကင်ကြီးကိုတောင် ဆဲဆိုချင်နေမိသည်။
သူသည် ဒေါသများ ပြည့်နှက်နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။
"ဒီနေက ဘာလို့ဒီလောက် ...ဟင် "
သို့သော် နောက်တစ်ခဏတွင် သူ၏မျက်လုံးထဲမှ ဒေါသများမှာ ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားသည်။
အုတ်ခဲကဲ့သို့သော အရာတစ်ခုမှာ ကောင်းကင်မှ ပြုတ်ကျလာပြီး သူ၏ ခေါင်းပေါ်သို့ ထိုးစိုက်လာသောကြောင့်ဖြစ်သည်။
"အား"
ဟွမ်ဝေမင်မှာ ဘာမှမတုံ့ပြန်နိုင်ဘဲ ဇာတ်ကိုပုကာ ကြောက်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
အုတ်ခဲက သူ၏ခေါင်းပေါ်သို့ တည့်တည့်ကြီးကျလာ၏။
ဒုတ်.....။
"သေပါပြီဗျ "
သို့သော် ခေါင်းကိုအလန့်တကြားကိုင်ကြည့်ပြီးနောက် သူ မှင်သက်သွားသည်။
အုတ်ခဲကခေါင်းပေါ်ပြုတ်ကျလာသော်လည်း သူ ဘာမှ မထိခိုက်ခဲ့ပေ။
ထူးဆန်းလိုက်တာ ။
ထိုအချိန်တွင် အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
"ဟေး... မင်းက ညွှန်ကြားရေးမှူး တစ်ယောက်လား။"
***