"ညွှန်ကြားရေးမှူး... ညွှန်ကြားရေးမှူးလား"
ဟွမ်ဝေမင် ခဏတာ ကြောင်အသွားခဲ့သည် ။
သူက မလှမ်းမကမ်းရှိ လူငယ်စုံတွဲကို ကြည့်လိုက်ရင်းမှ မျက်လုံးထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွား၏ ။
သူသည် အဆင့်အတန်းတစ်ခုရှိသူဖြစ်ပြီး ပွဲလမ်းသဘင်များစွာ တက်ရောက်ဖူးသောကြောင့် ချောမောလှပသော အမျိုးသား၊ အမျိုးသမီးများစွာနှင့် တွေ့ဆုံဖူးပါသည် ။
သို့သော် ယခုရောက်လာသူနှစ်ဦးနှင့် မည်သူကမျှ မနှိုင်းယှဉ်နိုင်ပါ ။
၎င်းမှာ သူတို့၏ ရုပ်ရည်ကြောင့်သာမကဘဲ သူတို့၏ အရှိန်အဝါကြောင့်လည်းပါ၏ ။
ဟွမ်ဝေမင်ကို ပို၍အံ့သြစေသည်မှာ သူ၏ဦးခေါင်းကို အခုလေးတင် ထိမှန်သွားသော အုတ်ခဲမှာ ထိုလူငယ်၏ လက်ထဲတွင် ရောက်ရှိနေခြင်းဖြစ်သည် ။
သူတို့က ယခုမှ သူ၏အနီးသို့လျှောက်လာခြင်းဖြစ်ရာ အုတ်ခဲကမည်သို့မည်ပုံဖြင့် သူ၏လက်ထဲသို့ရောက်သွားလေသနည်း။
သူသည် အိမ်မက်နေသလိုခံစားရပြီး ယခုလေးတင်ကြုံတွေ့ခဲ့ရသည့်အရာများက စိတ်အာရုံချောက်ခြားမှုသပ်သပ်ဖြစ်မည်ဟု ခံစားလိုက်ရသည် ။
"ကျွန်တော်က... ညွှန်ကြားရေးမှူး မဟုတ်ပါဘူး"
သူက မရည်ရွယ်ထားသော်လည်း အလိုအလျောက် ပြန်ဖြေလိုက်မိသည် ။
ကျိယွမ်က လက်ထဲတွင်ကိုင်ထားသော အုတ်ခဲကိုတစ်ချက်ကြည့်လိုက်ရင်းမှ စိတ်ပျက်လက်ပျက် အမူအရာဖြင့် မှတ်ချက်ချ၏။
"ညွှန်ကြားရေးမှုးမဟုတ်ဘူးလား ၊ ဒါဆို အကုန်လုံးက အလိမ်အညာတွေပဲပေါ့။ အေးလေ..မြို့တော်ထဲမှာ အုတ်ခဲတစ်လုံးကို ကျပန်းပစ်လိုက်ရင် ညွှန်ကြားရေးမှူးတစ်ယောက်ကို ထိနိုင်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျူးယန်၏ တက်ကြွနေသောမျက်လုံးများတွင် ရယ်မောချင်စိတ်ဖြင့် တောက်ပလာသည် ။
"ယောက်ျားကသာ အလိုရှိရင် သူက ညွှန်ကြားရေးမှူး ဖြစ်လာနိုင်တာပဲကို"
"တော်ပါပြီ ၊ လိမ်ညာတာက ပျော်စရာမကောင်းပါဘူး"
ထိုထူးဆန်းသော လူငယ်စုံတွဲ၏ စကားဝိုင်းကြောင့် ဟွမ်ဝေမင်မှာ ကြောင်တောင်တောင်ရပ်နေပြီး ဝေခွဲမရ ဖြစ်သွားသည် ။
သူက အုတ်ခဲနဲ့ပစ်တာလား ..။
လူကို မှန်သွားရင် ။
အဲဒီလူက ညွှန်ကြားရေးမှူးတဲ့လား ။
ဒါဆို ခုနကဟာတွေက စိတ်အာရုံချောက်ခြားမှု မဟုတ်ဘူးပေါ့ ။
သူက တစ်ခုခုပြောရန် ပြင်လိုက်၏။
သို့သော် ထိုလူငယ်စုံတွဲသည် သူ၏ အမြင်အာရုံထဲမှ ရုတ်တရက်ကြီး လုံးဝပျောက်ကွယ်သွားလေသည်။
ဘာလဲဟ ။
ပတ်ဝန်းကျင်ကို သူ အမြန်လှည့်ပတ်ကြည့်လိုက်သော်လည်း သူတို့၏ အရိပ်အယောင်ကို မတွေ့ရတော့ပါ ။
ဘယ်ရောက်သွားတာလဲ။
သူ နေရာအနှံ့ ရှာဖွေကြည်ဘသော်လည်း သူတို့ကို လုံးဝ ရှာမတွေ့ခဲ့ပါ ။
ခုနက တကယ်ရှိနေတာလေ ၊ စကားတွေတောင်ပြောနေကြတာကို။
အကယ်၍ သူတို့ကသာ လူသားများဆိုလျှင်... သူ၏မျက်စိရှေ့ကနေ ဒီလောက်အမြန် ထွက်သွားနိုင်မှာ မဟုတ်ပါ ။
သူတို့က... သရဲတွေလား ။
ထို့နောက် ဟွမ်ဝေမင်သည် ခါးသီးစွာ ပြုံးလိုက်သည် ။
သူ့မှာ ဖိအားတွေက အရမ်းများနေပြီ ဖြစ်သည်၊ သူ၏ အာရုံကြောများမှာ ပင်ပန်းနွမ်းနယ်နေပြီး စိတ်အာရုံချောက်ခြားမှုများကို ဖြစ်ပေါ်စေခြင်းပင်။
ဘာမှမရှိသော ကောင်းကင်ကနေ အုတ်ခဲကြီးတစ်လုံး ခေါင်းပေါ်တည့်တည်ပြုတ်ကျလာသော်လည်း ဒဏ်ရာမရခဲ့သလို ဘယ်ကပေါ်လာမှန်းမသိသောလူနှစ်ယောက်က သူ့အား ညွှန်ကြားရေးမှူးလားဟု မေးမြန်းပြီး ဘယ်ကိုမှန်းမသိ ပြန်ပျောက်သွားကြ၏ ။
ဒါက စဉ်းစားကြည့်ရုံနှင့်ပင် အလွန်ထူးဆန်းနေသည် ။
ငါလည်း ရူးတော့မှာလားမသိဘူး။
သူသည် ထိုအတွေးများကို ဘေးဖယ်ထားကာ ညှိုးနွမ်းသောစိတ်ဖြင့် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အိမ်သို့ ပြန်သယ်ဆောင်လာခဲ့သည် ။
"ဟူး.. လောကကြီးက ခက်ခဲလွန်းတယ်... အကုန်ပျက်စီးသွားရင် ကောင်းမှာပဲ"
ဟွမ်ဝေမင်သည် နက်ရှိုင်းသော အကူအညီမဲ့မှုကို ခံစားနေရပြီး အရာအားလုံးကိုစိတ်ကုန်နေ၏ ။
သာမန်လူတစ်ယောက်၏ ဒေါသသည် ခြေလှမ်းငါးလှမ်းအတွင်း သွေးစွန်းစေနိုင်သည်ဟု သူကြားဖူးသည် ။
သို့သော် လက်တွေ့တွင် ၎င်းမှာ မဖြစ်နိုင်ပါ ။
ပထမအချက်မှာ သူ့တွင် မိသားစုရှိသည်၊ တွယ်တာမှုများရှိသည်၊ သံယောဇဉ်များစွာရှိသည် ။ထင်တိုင်း မိုက်၍မရပါ၏
ဒုတိယအချက်မှာ မူမိသားစုသည် ကြယ်ခုနစ်ပွင့် မိသားစုဝင်များထဲမှ တစ်ခုဖြစ်ပြီး သူတို့၏ မျိုးဆက်များကို နာနိုရိုဘော့များဖြင့် ကာကွယ်ထားသည် ။ ထို့ကြောင့် သူမည်မျှဒေါသထွက်ပါစေ သူတို့ကသူ၏ ခြေလှမ်းငါးလှမ်းအတွင်းရှိနေလျှင်ပင်င် သွေးစွန်းရန် မမျှော်လင့်နိုင်ပါ ။
"ဒါကို... ငါ လက်ခံလိုက်ရတော့မှာလား"
သူ မလုပ်ချင်ပါ ။သူ အချိန်များစွာ ပေးဆပ်ပြီးကြိုးစားခဲ့ရသော ရည်ရွယ်ချက်များကို စွန့်လွှတ်ရပေတော့မည်။
ထိုအချိန်တွင် သူ၏ ဖုန်းမျက်နှာပြင်သည် ရုတ်တရက် လင်းလာ၏ ။
သူ၏ မျက်စိရှေ့တွင် စာသားတစ်ခု ပေါ်လာခဲ့သည် ။
အမည်းရောင်စာသားခပ်ကြီးကြီးများကို မြင်လိုက်ရသဖြင့် ၎င်းမှာ ကြော်ငြာစာဟု ထင်လိုက်ပြီး ဖျက်ပစ်ရန် ပြင်လိုက်ပြီးမှ ရုတ်တရက် သူ ရပ်တန့်သွားသည် ။
"မဲပေးရမယ်တဲ့ လား။ ဒါက ဘာလဲ"
သူ အံ့သြသွားပြီး သေချာဖတ်ကြည့်မိ၏ ။
"လေးစားအပ်ပါသော မစ္စတာ ဟွမ်ဝေမင်ခင်ဗျား၊ သင်သည် အရွယ်ရောက်ပြီးသူဖြစ်ပြီး ချင်းယွမ်၏ တရားဝင်နိုင်ငံသားတစ်ဦး ဖြစ်သည် ။ အောက်ပါကိစ္စရပ်များအပေါ် မဲပေးရန် သင့်အား အထူးဖိတ်ကြားအပ်ပါသည်..."
"မူမိသားစုလား။ ကြယ်ခုနစ်ပွင့် မိသားစုရဲ့ နိုင်ငံတော်ပုန်ကန်မှုတဲ့။"
သူမျက်လုံးပြူးသွားသည်။ ဘယ်အော်ပရေတာက လက်ဆော့ပြီးလျှောက်ပို့ထားတာလဲ ။ကုမ္ပဏီ အပိတ်ခံချင်နေတာလား။
သူက ထိုသို့တွေးကာ ဆက်ဖတ်လိုက်သည်။
" ပြစ်မှုစာရင်းတွေနဲ့ မဲပေးရမှာတဲ့လား"
ဖတ်ကြည့်နေရင်းမှ အချက်အလက်များက ဟွမ်ဝေမင်၏ စိတ်ထဲသို့ စီးဝင်လာပြီး သူ့ကို ဇဝေဇဝါဖြစ်စေကာ လမ်းပျောက်နေသကဲ့သို့ ခံစားရစေသည် ။
ဒါမှမဟုတ် တစ်ယောက်ယောက်ကများ ငါ့ကို နောက်ပြောင်နေတာလား ။
ကြယ်ခုနစ်ပွင့် မိသားစုတွေကို စီရင်ရမယ်တဲ့။
ရယ်စရာပဲ ။
ကြယ်ခုနစ်ပွင့် မိသားစုကြီးများက ချင်းယွမ်နိုင်ငံ၏ စစ်မှန်သောဧကရာဇ်တွေဆိုတာ မည်သူမသိဘဲ နေမည်နည်း ။
နှစ်ပေါင်းထောင်ချီတိုင်အောင် ခိုင်ခိုင်မာမာ ရပ်တည်နေသော မိသားစုကြီးကို မည်သူက စီရင်နိုင်မှာလဲ ။
သို့သော် သူသည် မက်ဆေ့ချ်ထဲတွင် ပါဝင်သော လင့်ခ်ကို အမြန်နှိပ်လိုက်မိသည် ။
ထိုနေရာရှိ အချက်အလက်များကို မြင်လိုက်ရသောအခါ သူ ခဏတာ ဆွံ့အသွားလေ၏ ။
"ဒါက နောက်ပြောင်တာဆိုရင်တောင်... အလုပ်တွေက အရမ်းများလွန်းနေပြီ မဟုတ်လား"
အမည်တစ်ခုကို နှိပ်လိုက်ပါက ပြည့်စုံသော ကိုယ်ရေးရာဇဝင်တစ်ခု ပေါ်လာသည် ။
ထိုမျှမကသေးပါ ။ ပေါ်လာသော အချက်အလက်များက အလွန်အသေးစိတ်ပြီး ထိုသူ၏ ဘဝတစ်လျှောက်လုံး လုပ်ဆောင်ခဲ့သမျှကို အားလုံးမှတ်တမ်းတင်ထား၏။
ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ အကုန်ပါ၏ ။
ထို့အပြင် ကိုယ်ရေးအကျဉ်းတစ်ခုစီတွင် ချင်းယွမ်၏ ဥပဒေများနှင့်အညီ ဥပဒေကြောင်းအရ ရှင်းလင်းချက်များပေးထားကာ ချမှတ်သင့်သည့် ပြစ်ဒဏ်အမျိုးအစားကို ဖော်ပြပေးနေသော စက်ရုပ်ရှေ့နေတစ်ဦးပင် ပါဝင်သည် ။
ယခုလိုများပြားသော သတင်းအချက်အလက်များ၊ ကျွမ်းကျင်သော ရှင်းလင်းချက်များနှင့် အသေးစိတ် အချက်အလက်များကိုပါ ထည့်ထားသဖြင့် နောက်ပြောင်မှုသက်သက် မဖြစ်နိုင်တော့ပါ ။
"ဒါက... မူခုန်းလား"
ရင်းနှီးသော နာမည်တစ်ခုကို မြင်လိုက်ရသောအခါ သူ လုံးဝ အံ့သြသွားသည် ။
မူခုန်းဆိုသည်မှာ သူ၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန် ကြိုးစားခဲ့သူမဟုတ်ပါလား။
သူသည်လည်း စီရင်ချက်ချခံရမည့်သူများထဲတွင် ပါဝင်နေလေသည် ။
ဟွမ်ဝေမင်သည် မယုံနိုင်စရာဟု ခံစားရပြီး စိတ်ဝင်စားစွာ ဆက်၍ဖတ်ကြည့်လိုက်သည် ။
"လူသတ်မှု... မုဒိမ်းမှု... လက်ရှိတွင် မျိုးရိုးအမည် ဟွမ် ဟူသော စီးပွားရေးသမားတစ်ဦး၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန် ကြိုးပမ်းသည်ဟု သံသယရှိသည်..."
ထိုအချက်အလက်ကို မြင်လိုက်ရသောအခါ ဟွမ်ဝေမင်၏ ခန္ဓာကိုယ်ပင်တုန်လှုပ်သွား၏ ။
ဒါက ငါ့အကြောင်း မဟုတ်ဘူးလား ။
သူသည် ယခုအခါ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ထူးဆန်းသလိုလို ရယ်စရာကောင်းသလိုလို ခံစားရပြီး ယုံရမလိုလို မယုံရမလိုလိုကြီးဖြစ်နေမိသည်။
မည်သည့်အရာများဖြစ်နေလဲဆိုတာ သိရန် သူ၏ လူမှုကွန်ရက်စာမျက်နှာကို အမြန်ဖွင့်ကြည့်လိုက်၏ ။
ဆိုရှယ်မီဒီယာကွန်ရက်အားလုံးတွင် "မဲပေးခြင်း" ခေါင်းစဉ်မှာ ဟိုးလေးတကျော် ဖြစ်နေသည်ကို တွေ့လိုက်ရသည် ။
"မဲပေးတာလား၊ ဘာတွေဖြစ်နေတာလဲ"
"ဒီ မူမိသားစုဆိုတာ ဘာလဲ"
"လူထု မဲပေးပွဲလား"
"ဒါကို ဘယ်သူက စလုပ်တာလဲ"
"ဟူး... မူမိသားစုက တခြား ကြယ်ခုနစ်ပွင့် မိသားစုတွေ အားလုံးကို တစ်ပြိုင်နက်တည်း စော်ကားမိလို့လား"
"မဖြစ်နိုင်ပါဘူး။ မူမိသားစု ပြိုလဲမယ်ဆိုရင်တောင် ကြယ်ခုနစ်ပွင့် မိသားစုတွေက မဲပေးခွင့် ပြုမှာမဟုတ်ဘူး။ ဒီနောက်ကွယ်မှာ ဘာရှိလဲ..."
"ဒါက... နတ်ဘုရားတွေ ပေါ်လာတာများလား"
ဟွမ်ဝေမင်သည် ပိုစ့်များကို ဆက်လက်ဖတ်ရှုနေမိ၏။
..............
လမင်းသည် မှိန်ဖျော့ဖျော့ လင်းလက်လျှက်ရှိသည် ။
ကျိယွမ်သည် သူ၏ရင်ခွင်ထဲမှ ကျူးယန်ကို ငုံ့ကြည့်လိုက်၏။သူမ၏ မျက်နှာလေးက ရှက်သွေးလေးများစို့ကာ နီမြန်းပြီး ပို၍စွဲမက်ဖွယ်ကောင်းနေသည်။
ကျိယွမ်က သူမ၏နားရွက်ဖျားလေးအား ငုံ့နမ်းကာ တီးတိုးပြောလိုက်သည်။
" အပြင်ကအနှောက်အယှက်ကို ရှင်းလိုက်ဦးမယ်"
သူက အခန်းအပြင်ဘက်တွင် ရိုသေစွာရပ်နေသော သတ္တမမင်းသားကို လှမ်းအော်လိုက်၏။
"ကျွန်တော် အလုပ်အရမ်းရှုပ်နေတယ်၊ ဒီလိုအားနေတဲ့လူတွေနဲ့ တွေ့ဖို့ အချိန်မရှိဘူး။ သူတို့ကို ပြန်လွှတ်လိုက်ပါ။"
"ကျွန်တော့်ကို လာမနှောင့်ယှက်ပါနဲ့၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့ စိတ်အခြေအနေကို မထိခိုက်စေပါနဲ့လို ၊ မဟုတ်ရင်..သူတို့လည်း. မဲပေးတဲ့အဆင့်အထိ ရောက်သွားနိုင်တယ်"
ကျိယွမ်၏စကားကို ကြားလိုက်ရသောအခါ သတ္တမမင်းသား၏ ရင်ထဲတွင် တင်းကျပ်သွားသည် ။
"မဲပေးခြင်း" ဆိုသော စကားလုံးကြောင့်ပို၍ တုန်လှုပ်သွား၏။
ကြယ်ခုနစ်ပွင့် မိသားစုအားလုံးမှာ ဆိုးရွားလှသော မိသားစုထုံးတမ်းစဉ်လာများ မရှိကြသော်လည်း မဲပေးမှုကိုတော့ မခံနိုင်ကြပါ ။
"အမိန့်အတိုင်းပါပဲ မစ္စတာကျိ ၊ တောင်းပန်ပါတယ်"
သတ္တမမင်းသားက အမြန်ပြန်ဖြေလိုက်သည် ။
"နောက်ထပ် ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ကျွန်တော် မပတ်သက်ချင်တော့ဘူး၊ ခင်ဗျားတို့ အရာရှိတွေဆီပဲ လွှဲထားလိုက်ပါ။ နောက်ဆုံးတော့... ကျွန်တော်က သာမန်ပြည်သူတစ်ယောက်ပဲလေ ၊ အကြံပြုချက်တွေပဲ ပေးနိုင်တာ"
"ကဲ သွားတော့၊ ကျွန်တော် အနားယူဖို့ လိုတယ်။ မနက်ဖြန်ကျရင် လုံထိုင်မြို့ကို ပြန်ရမှာ ၊ နောက်ရက်နည်းနည်းကြာရင်...သိုင်းပညာပြိုင်ပွဲလည်း ဝင်ပြိုင်ရဦးမှာ "
သိုင်းပြိုင်ပွဲအကြောင်း ပြောလိုက်သောအခါ ကျိယွမ်၏ မျက်နှာအမူအရာမှာ တည်ကြည်သွားခဲ့သည် ။
သူ့အတွက် ၎င်းမှာ အရေးကြီးဆုံးသော ကိစ္စ ဖြစ်သည် ။
ပြိုင်ပွဲနှင့် နှိုင်းယှဉ်လျှင် ကြယ်ခုနစ်ပွင့် မိသားစုများမှာ ဘာမှမဟုတ်ပါ ။
သတ္တမမင်းသားကတော့ ကျောပြင်တွင် ချွေးအေးများ ထွက်လာပြီး မချိပြုံး ပြုံးမိ၏ ။
သူရဲ့ အကြံပြုချက်က ခမည်းတော်ဧကရာဇ်ရဲ့ အမိန့်တော်ထက်တောင် ပိုထိရောက်နေတာလေ ။ဒါကို သာမန်ပြည်သူတဲ့လား။
ဒီနေ့ခေတ်ချင်းယွမ်မှာ ကျိယွမ်ကို ဘယ်သူက ရန်စရဲမှာလဲ ။
အခြား ကြယ်ခုနစ်ပွင့် မိသားစုများကပင် ကျိယွမ်ကိုဘိုးဘေးတစ်ယောက်လို ဆက်ဆံနေကြပြီ ဖြစ်သည် ။
အရိုအသေပေးပြီးနောက် သတ္တမမင်းသားသည် ဟိုတယ်မှ ထွက်ခွာသွားလေ၏ ။
ဟိုတယ်အပြင်ဘက်ရှိ ဧည့်ခန်းဆောင်တွင်တော့ သက်ကြီးရွယ်အိုတစ်စုမှာ ရိုသေစွာ ရပ်နေကြသည် ။
ထိုသက်ကြီးရွယ်အိုများထဲတွင် အငယ်ဆုံးသူသည်ပင် အသက် ၆၀ ကျော်နေပြီ ဖြစ်သည် ။
သို့သော် ယခုအချိန်တွင် သူတို့သည် ဟိုတယ်အပြင်ဘက်တွင် ရိုသေစွာ ရပ်နေကြပြီး ကုလားထိုင်ပေါ်တွင်ပင် မထိုင်ရဲကြပါ ။
သူတို့သည် ကျိယွမ်နှင့် တွေ့ဆုံရန် ရောက်ရှိနေခြင်းဖြစ်ပြီး သူတို့၏ ပုံမှန်အခွင့်အရေးများကို အသုံးမပြုရဲကြပါ၊ ယခင်ကလို လမ်းများကို ပိတ်ဆို့ခြင်း သို့မဟုတ် အခြားသူများ ဝင်ရောက်ခြင်းကို တားမြစ်ခြင်းများလည်း မပြုလုပ်ခဲ့ကြဘဲ အများသူငါလိုသာ ဝင်ရောက်လာခဲ့ကြ၏။
ထို့ကြောင့် ရံဖန်ရံခါတွင် လမ်းသွားလမ်းလာများသည် ထိုအဘိုးအိုတစ်စု ရပ်နေသည်ကို မြင်တွေ့ရပြီး စပ်စုချင်စိတ်များ ဖြစ်ပေါ်နေကြသည် ။
အချို့က ဓာတ်ပုံများပင် ရိုက်ကြ၏။
သူတို့က ထိုအဘိုးအိုတစ်စုသည် ချင်းယွမ်၏ သြဇာအရှိဆုံး လူများဖြစ်သည်ဆိုတာကိုတော့ လုံးဝ မထင်ထားမိကြပါ။
ယခုရောက်နေသူများမှာ ကြယ်ခုနစ်ပွင့် မိသားစုများ၏ ဘိုးဘေးများနှင့် ချင်းယွမ်တော်ဝင်မိသားစု၏ ဘုရင်တို့ပင် ပါဝင်လေသည် ။
သတ္တမမင်းသား ထွက်လာသည်ကို မြင်သောအခါ ထိုသက်ကြီးရွယ်အိုများသည် ချက်ချင်း ရှေ့သို့ တိုးလာကြသည် ။
ဖန်းမိသားစုမှ အဘိုးကြီးက အရင်ဆုံးမေးလိုက်သည်။
"မစ္စတာကျိက ဘာပြောလဲ"
သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေဆဲဖြစ်ပြီး သူ၏ ဘဝတစ်လျှောက်လုံး ကြာမြင့်စွာနေထိုင်လာခဲ့သော်လည်း သူသည် ဤမျှလောက် ဂရုတစိုက် မရှိခဲ့ဖူးပါ ။
"မစ္စတာကျိက ခင်ဗျားတို့ကို မတွေ့ချင်ဘူးလို့ ပြောတယ်"
သတ္တမမင်းသားက အမှန်အတိုင်း ပြန်ဖြေလိုက်သည် ။
"ဘာ"
"မစ္စတာကျိက ငါတို့ကို မတွေ့ချင်ဘူးတဲ့လား..."
"ဖြစ်နိုင်တာက..."
အဘိုးအိုများ ပြာယာခပ်ကာ ဝမ်းနည်းပူဆွေးနေကြသူများကဲ့သို့ ဖြစ်သွားသည် ။
ကျိယွမ်က စိတ်ဆိုးနေပြီး သူတို့ကို အရေးယူတော့မည်ဟု သူတို့ ထင်သွားကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားကြကုန်၏ ။
"မစ္စတာကျိက သူ အရမ်းအလုပ်ရှုပ်နေလို့ ခင်ဗျားတို့ကို တွေ့ဖို့ အချိန်မရှိဘူးလို့ ပြောတာပါ..."
သတ္တမမင်းသားသည် မှတ်ဉာဏ်ကောင်းသူဖြစ်ပြီး ကျိယွမ်၏ မူလစကားလုံးများကို ထိုလူများထံ ချက်ချင်း ပြန်ပြောပြလိုက်သည် ။
ထိုအခါမှ အဘိုးအိုများခမျာ သက်ပြင်းချနိုင်သွားသည် ။
"မစ္စတာကျိရဲ့ စကားတွေကို ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ကောင်းကောင်းမှတ်သားထားပါတယ်၊ ကျွန်တော်တို့ မလွန်ဆန်ရဲပါဘူး"
ဖန်းမိသားစုခေါင်းဆောင်ကြီးက ဟော်တယ်ဘက်သို့လှည့်ကာ ရိုသေစွာပြောလိုက်သည် ။
အခြားခေါင်းဆောင်များကလည်း သူ့ကို ထောက်ခံကြ၏ ။
ကျိယွမ်ကို တွေ့ခွင့်ရခြင်း ၊ မရခြင်းက ကောင်းတဲ့အချက်လား၊ မကောင်းတဲ့အချက်လား ဆိုတာတော့ သူတို့ မသေချာကြပါ ။
တကယ်တော့ သူတို့ထဲမှ အချို့မှာ စိတ်မသက်မသာ ဖြစ်နေကြ၏ ။
အကယ်၍ မစ္စတာကျိသာ စိတ်မချမ်းသာဖြစ်ပြီး သူတို့အားလုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ရင် သူတို့ ဘာလုပ်ကြမည်နည်း ။
မစ္စတာကျိကို မတွေ့ရခြင်းမှာ တစ်ဖက်တွင်တော့ ကောင်းသော အချက်ပင်ဖြစ်သည် ။
"အခုကစပြီး ကျွန်တော်တို့ဟာ ဥပဒေကို လိုက်နာပြီး လူကောင်းတွေ ဖြစ်လာပါ့မယ်။ ကျွန်ုပ်တို့ရဲ့ မိသားစုဝင်တွေကိုလည်း မစ္စတာကျိကို မနှောင့်ယှက်ဖို့ တင်းတင်းကျပ်ကျပ် တောင်းဆိုသွားမှာပါ"
ဖန်းမိသားစုခေါင်းဆောင်ကြီး ထပ်ပြောလိုက်၏ ။
အခြားသော အဘိုးကြီးများမှာလည်း ကျောင်းကောင်စီအသင်းရွေးပွဲတွင် ကလေးတစ်စု ကတိသစ္စာပြုနေသကဲ့သို့ လိုက်ပြောနေကြပြီး သူတို့၏ လည်ပင်းတွင် အနီရောင် ပုဝါများ မပတ်ရုံတမည်သာ ကျန်တော့သည် ။
မလှမ်းမကမ်းတွင်သွားလာနေကြသော လူငယ်အချို့မှာ ထိုမြင်ကွင်းကြောင့် အမြင်ဆန်းသွူးပြီး ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ကြတော့ပေ ။
"ဒါက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ သူတို့ ဗီဒီယို ရိုက်နေကြတာလား"
"အရမ်း တီထွင်ဖန်တီးနိုင်တာပဲ။ ဥပဒေကို လေးစားဖို့ လူထုအသိပညာပေး ဗီဒီယိုတစ်ခုအတွက် အဘိုးအိုတစ်စုကို ငှားပြီး ရိုက်တာက သေချာပေါက် လူကြိုက်များမှာပဲ"
"ဒီ မစ္စတာကျိဆိုတာက နာမည်ကြီး အင်တာနက်ဆယ်လီတစ်ယောက် ဖြစ်မှာပါ။ ဒါက မြို့တော်လေ၊ ကျေးလက်ဒေသ မဟုတ်ဘူး။ ဒီအဘိုးအိုတွေကို ဗီဒီယိုရိုက်ဖို့ ငှားတာက ကြက်ဥတစ်လုံးထက်တော့ ပိုကုန်ကျမှာပဲ"
"အနည်းဆုံး ကြက်ဥ ဆယ်လုံးလောက်တော့ ရှိမှာပေါ့"
.........
နှစ်ရက်အကြာတွင်ဖြစ်သည်။
လုံထိုင်မြို့ ။
ကျိယွမ်သည် လတ်ဆတ်သော လေကို ရှူရှိုက်လိုက်ပြီး ကြည်လင်သော မိုးပြာရောင် ကောင်းကင်ကို ကြည့်ရင်း သူ မပြောဘဲ မနေနိုင်တော့ပေ ။
"မြို့တော်ထဲမှာ အုတ်ခဲတစ်လုံးကို ကျပန်းပစ်လိုက်ရင် ညွှန်ကြားရေးမှူးတစ်ယောက်ကို ထိနိုင်တယ်ဆိုတဲ့ ကောလာဟလက မမှန်ပေမယ့် မြို့တော်က လေထုအရည်အသွေး မကောင်းတာကတော့... အမှန်ပဲ"
ကျူးယန်ကလည်း လေကို ပြင်းပြင်းရှူလိုက်ပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြ၏ ။
"ဒီတစ်ခေါက် မြို့တော်ခရီးစဉ်မှာ နောင်တရစရာ တစ်ခုတည်းကတော့... အဲ့ဒီ အဘိုးကြီးတွေက အရမ်းဆင်းရဲလွန်းတာပဲ။ သူတို့ရဲ့ အသက်အရွယ်က ငါ့ရဲ့မျှော်လင့်ခြင်းလမင်းသတ်မှတ်ချက်နဲ့ ကိုက်ညီပေမယ့် သူတို့ရဲ့ တခြားအရည်အချင်းတွေနဲ့ စွမ်းဆောင်ရည်တွေက အရမ်းအားနည်းလွန်းတယ်၊ အစားထိုးလမင်းတွေနဲ့တောင် မနှိုင်းယှဉ်နိုင်ဘူး"
ကျိယွမ်သည် ထိုအဘိုးအိုများနှင့် မတွေ့ဆုံခဲ့ပါ ။
သို့သော် သူသည် သက်ကြီးရွယ်အိုများကို အမြဲတမ်း သဘောကျသူ ဖြစ်ပြီး
သူ အနှစ်သက်ဆုံး လူများမှာ သက်ကြီးရွယ်အိုများ ဖြစ်၏ ။
အကြောင်းမှာ သူ၏မျှော်လင့်ခြင်းလမင်းများကို သက်ကြီးရွယ်အိုများကြားတွင် တွေ့ရှိနိုင်ခြေမှာ အမြင့်မားဆုံး ဖြစ်သောကြောင့်ပင် ။
သို့သော် ယခုအဘိုးအိုများကတော့ အရမ်းကို စိတ်ပျက်စရာ ကောင်းနေပြီး
အစားထိုးလမင်းဟု ခေါ်ရန်ပင် မထိုက်တန်ကြပါ ။
"ဟုတ်တယ် လွန်ခဲ့တဲ့ ရက်နည်းနည်းက ငါအကြမ်းဖျင်း ရှာဖွေကြည့်ခဲ့သေးတယ်... ဒီမှာ နင့်ရဲ့မျှော်လင့်ခြင်းလမင်းဖြစ်နိုင်တဲ့သူက အရမ်းနည်းလိမ့်မယ်"
ကျူးယန်က စာနာစွာ ပြောလိုက်သည် ။
(ကျူးယန်က ကျိယွမ်အား "နင် နဲ့ ငါ " ဟုပြောတတ်ပြီး နင်းထောင်ကမူ " ယောက်ျား ၊ ရှင် နဲ့ ကျွန်မ "ဟု ပြောတတ်၏)
ကျိယွမ်နှင့် အတူရှိနေသည်မှာ ကြာပြီဖြစ်သဖြင့် သူမသည် သူ၏ စကားပြောဆိုပုံကို ကျင့်သားရနေလေပြီ ။
"ဒါက ကံတရားအပေါ်မှာပဲ မူတည်တော့မှာပေါ့"
ကျိယွမ်က သက်ပြင်းချလိုက်ရင်းမှ ကျူးယန်၏လက်လေးကိုဆွဲကာ လမ်းလျှောက်လာခဲ့သည် ။
သူတို့ စကားတပြောပြောနှင့် လာရင်းမှ သိုင်းပညာမဟာမိတ် အဆောက်အဦးသို့ ရောက်ရှိလာကြ၏။
ပြိုင်ပွဲကို မနက်ဖြန်တွင် စတင်ရန် သတ်မှတ်ထားပြီး ယနေ့တွင် ပြိုင်ပွဲဝင်အားလုံးသည် ဆေးစစ်မှု ခံယူရမည်ဖြစ်ကု တည်းခိုရန် နေရာများ ချထားပေးမည် ဖြစ်သည် ။
ထိုအချိန်တွင် အဆောက်အအုံရှေ့၌ ဘတ်စ်ကားတစ်စီး ရပ်တန့်သွားပြီး လူငယ်အမျိုးသား၊ အမျိုးသမီးတစ်စု ဆင်းလာကြသည် ။
ရှင်းယွီ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏ ။
"ဒါက လုံထိုင်လား။ ငါတို့ ထျန်းယွဲ့ထက် အများကြီး ပိုစည်ကားတာပဲ"
"သိုင်းပညာရှင်တွေ အများကြီးပဲ၊ သူတို့အားလုံး ပြိုင်ပွဲကို ပါဝင်ဖို့ ရောက်နေကြတာလား"
ဝမ်ရှီချောင်၏ မျက်လုံးများလည်း တောက်ပနေသည် ။
ဤတစ်ကြိမ်တွင် ရွှီထဲ့ဟွာသည် မြို့နယ်အဆင့် ပြိုင်ပွဲတွင် ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့ပြီး အမျိုးသားအဆင့် ပြိုင်ပွဲတွင် နေရာတစ်နေရာ ရရှိခဲ့၏။
ထိုအောင်မြင်မှုက သူတို့၏ ကိုယ်ခံပညာသင်တန်းကျောင်းအတွက် ကြီးမားသော ကိစ္စဖြစ်သည် ။
ထို့ကြောင့် သူတို့ကျောင်းမှ ရွှီထဲ့ဟွာနောက်သို့ အားပေးရန် သင်တန်းသား ၆ ယောက်ခန့်လိုက်ပါလာ၏။
ဝမ်ရှီချောင်နှင့် ရှင်းယွီတို့သည်လည်း ကျောင်း၏ အလှမယ်ကိုယ်စားလှယ်များအဖြစ် သူ့ကို အားပေးရန် လိုက်ပါလာကြသည်။
ကုန်ကျစရိတ်အားလုံးကိုတော့ ကျောင်းအုပ်ကြီးက ကျခံပေး၏ ။
"အစ်ကိုရွှီ၊ ဒီပြိုင်ပွဲမှာ အဆင့် ၁၀၀ အတွင်း ဝင်အောင် လုပ်ရမယ်နော်"
ရှင်းယွီက ရွှီထဲ့ဟွာကို အားပေးလိုက်သည် ။
ရွှီထဲ့ဟွာက သက်ပြင်းချကာ ခေါင်းခါပြ၏ ။
"ဒါက အရမ်းခက်ခဲပါတယ်။ ဒီတစ်ခေါက်တော့ အတွေ့အကြုံသစ်တွေ ရဖို့ပဲ လာခဲ့တာပါ။ နောက်တစ်ကြိမ် ရှိဦးမလားဆိုတာတော့ ဘယ်သူသိမှာလဲ။ နောက်ပိုင်းမှာ... ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တာလေ"
ရွှီထဲ့ဟွာ၏ မရေမရာစကားကို ရှင်းယွီနှင့် ဝမ်ရှီချောင်တို့က အပြစ်မတင်ကြပါ။ သူမတို့သည်လည်း သူနှင့် ထပ်တူ ခံစားရသည် ။
အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ဒဏ္ဍာရီလာကြယ်ခုနစ်ပွင့်မိသားစုများနှင့် ပတ်သက်သော မဲပေးမှုများကြောင့်ပင်။
မိမိ၏ နယ်ပယ်တွင် သြဇာအာဏာရှိသော ရွှီထဲ့ဟွာကဲ့သို့သောသူပင်လျှင် ကြယ်ခုနစ်ပွင့် မိသားစုဝင်များနှင့် ထိတွေ့ခွင့်ရရန် အရည်အချင်း မရှိပါ ။
သို့သော် ယခုအခါ လူတိုင်းသည် သူတို့၏ အသက် သို့မဟုတ် သေခြင်းတရားကို ဆုံးဖြတ်ရန် မဲပေးနိုင်ကြပြီ ဖြစ်သည် ။
၎င်းသည် ချင်းယွမ်တွင် အတော်လေး ဟိုးလေးတကျော် ဖြစ်သွားပြီး ဆွေးနွေးငြင်းခုံမှုများစွာ ဖြစ်ပေါ်စေခဲ့၏ ။
အမြင်များ အမျိုးမျိုး ကွဲပြားသော်လည်း မှန်ကန်သော ကောက်ချက်တစ်ခု သို့မဟုတ် အဖြေတစ်ခုမျှ မရရှိခဲ့ပါ ။
သို့သော် လူတိုင်းသည် သဘောတူညီချက်တစ်ခုတော့ ရရှိခဲ့ကြသည် ။
ကမ္ဘာကြီးသည် ပြောင်းလဲနေပြီ ဖြစ်နိုင်၏။ ထို့အတူ မကြုံစဖူးသော အသွင်ကူးပြောင်းမှုကြီးတစ်ခု လာနေပြီ ဖြစ်သည် ။
"တချို့လူတွေက လောကကြီးမှာ ကျင့်ကြံသူတွေ ပေါ်လာပြီလို့ ပြောနေကြတယ်၊ အနာဂတ်မှာ သိုင်းပညာက... ပပျောက်သွားနိုင်တယ်"
"ဟူး... "
ရွှီထဲ့ဟွာက နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်သည် ။
သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သူအနေဖြင့် အကယ်၍ သိုင်းပညာသာ ပပျောက်သွားပါက ဘယ်ကိုသွားရမှန်း သူ ဝေခွဲမရ ဖြစ်နေ၏ ။
"ရှီချောင်၊ နင် တကယ်ပဲ ဒီလောကမှာ ကျင့်ကြံသူတွေ ရှိတယ်လို့ ထင်လား"
ရှင်းယွီက ဝမ်ရှီချောင်ကို မေးလိုက်သည် ။
ဝမ်ရှီချောင်မှာ ခဏတာ ကြောင်အသွားသည် ။
သူမ၏ မှတ်ဉာဏ်မှာ ထိုအချိန်ဆီသို့၊ ဦးခေါင်းပြတ်ကြီးဆီသို့ ပြန်လည်ရောက်ရှိသွား၏ ။
သူမသည် လက်ဆောင်အဖြစ် ထိုဦးခေါင်းပြတ်ကြီးကို လက်ခံရရှိခဲ့စဉ်က ရက်အနည်းငယ်ကြာအောင် ထိတ်လန့်နေခဲ့ရသည် ။
နောက်ပိုင်းတွင် သူမသည် ကွေ့ယန်စစ်စခန်း ဖြစ်စဉ်အကြောင်း သေသေချာချာကြားသိခဲ့ရပြီး ပေါက်ကြားလာသော ဗီဒီယိုများကိုလည်း ထပ်မံ ကြည့်ရှုခဲ့၏ ။
ထိုအခါ ထိတ်လန့်ဖွယ်ကောင်းသော အတွေးတစ်ခု သူမ၏ စိတ်ထဲတွင် ပေါ်လာသည် ။
ဖြစ်နိုင်တာက...
ကျင့်ကြံသူတွေ တကယ် ရှိနေတာလား ။
ပြီးတော့ ကျိယွမ်... သူက ကျင့်ကြံသူတစ်ယောက်လား ။
ဒါပေမယ့် သူက ကျင့်ကြံသူဆိုရင် ဘာလို့ သိုင်းပညာ လေ့ကျင့်နေတာလဲ၊ ဘာလို့ သူမဆီကို ဦးခေါင်းတစ်ခု ပို့ပေးပြီး ငွေလေးတစ်သန်းကို ရှာနေရတာလဲ ။
ကျင့်ကြံသူတွေက ငွေလေးတစ်သန်းလောက်ကိုတော့ သေချာပေါက် လိုအပ်မှာ မဟုတ်ပါ ။
ဖြစ်နိုင်တာက... သူက သူမကို စိတ်ဝင်စားနေတာလား ။
သူမ အတွေးလွန်နေစဉ်မှာပဲ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည် ။
"တိုက်ဆိုင်လိုက်တာ၊ ခင်ဗျားတို့လည်း အမျိုးသားအဆင့် ကိုယ်ခံပညာပြိုင်ပွဲကို ပါဝင်ဖို့ ရောက်လာတာပဲ"
ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် သူတို့အားလုံး အမြန်လှည့်ကြည့်လိုက်မိကြသည် ။
သူတို့အနီးသို့ ရောက်လာသူကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွား၏ ။
"ကျိယွမ်၊ မင်း ဘာလို့ ဒီမှာရှိနေတာလဲ"
ရွှီထဲ့ဟွာက မမေးဘဲ မနေနိုင်တော့ပါ ။
သူက ကျိယွမ်အား ဤနေရာတွင်မြင်ရမည်ဟု လုံးဝထင်မထားခဲ့ပေ။
ရှင်းယွီမှာ အတွေးနက်သွားပြီး ကျိယွမ်အား မမြင်ဖူးသူလိုကြည့်နေပြီး အလွန်ထူးဆန်းသည်ဟု တွေးနေမိသည် ။
ထျန်းယွဲ့မြို့ရှိ သင်တန်းကျောင်းမှာတုန်းက နာမည်ကြီးဆယ်လီမင်းသမီးလေးက သူ့ကို နေ့တိုင်း လာကြိုတတ်၏ ။
အခု လုံထိုင်မှာတော့ သူ၏အနားတွင် ဖော်ပြလို့မရအောင် လှပသော အမျိုးသမီးတစ်ဦး ရှိနေပြန်သည် ။
"ကျွန်တော် အမျိုးသားအဆင့် ကိုယ်ခံပညာပြိုင်ပွဲမှာ ပါဝင်ဖို့ လာတာပါ။ ဒါက ကျွန်တော်နဲ့စေ့စပ်ထားတဲ့သတို့သမီးလောင်းလေ ၊ နာမည်က နင်းထောင်၊ ကျူးယန်လို့လည်း ခေါ်ကြတယ်။"
" သူက လှတယ် မဟုတ်လား။ သူကကုံရှင်းဂြိုဟ်ရဲ့ နံပါတ်တစ် အလှမယ်လို့တောင် ပြောလို့ရတယ် မဟုတ်လား"
ကျိယွမ်က ကျူးယန်၏ လက်ကလေးကို ဆုပ်ကိုင်ထားပြီး သူမကို နွေးထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည် ။
ယခင်က မာနကြီးခဲ့သော စာဝါငှက်မလေးကျူးယန်သည် မိစ္ဆာတစ်ထောင် တံခါး၏ ကျိန်စာကြောင့် ဒုက္ခများစွာ ခံစားခဲ့ရ၏ ။
ကျိယွမ်သည် ယခုထိတိုင် ကျူးယန်အပေါ် အပြစ်ရှိသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည် ။
သူမသည် ကျိုးဖန်တောင်၏ နံပါတ်တစ် အလှမယ်ဖြစ်ရုံသာမက အမြဲတမ်း အလွန်လှပနေခဲ့သူလေးဖြစ်၏ ။
"စေ့စပ်ထားတဲ့သူလား။ နင် သူနဲ့ ဘယ်မှာ တွေ့ခဲ့တာလဲ"
ရှင်းယွီ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် တောက်ပသွားသည် ။
"အရင်က တစ်ယောက်ယောက်က သူတို့ကိုယ်သူတို့ ကမ္ဘာပေါ်မှာ အလှဆုံးလို့ ပြောခဲ့ရင် ဒါမှမဟုတ် နှစ်ပေါင်းငါးထောင်အတွင်း အလှဆုံးလို့ ပြောခဲ့ရင် ငါ သဘောတူမှာ မဟုတ်ဘူး။"
"ဒါပေမယ့် အခုတော့ ငါ လက်ခံလိုက်ပြီ"
နင်းထောင်၏ အလှတရားမှာ ဖော်ပြ၍မရအောင် တင့်တယ်လွန်းပါသည်။
"တွေ့လား ကျူးယန်၊ နင်က ကျိုးပန်တောင်ရဲ့ နံပါတ်တစ်အလှမယ်တင် မဟုတ်ဘူး၊ ကုံရှင်းဂြိုဟ်ရဲ့ ကြယ်ပွင့်လေးလည်း ဖြစ်နေပြီ"
ကျိယွမ်က သူမ၏ ခေါင်းလေးအားပွတ်ပေးရင်း ပြောလိုက်သည် ။
"ဟွန့်... အရင်တုန်းက ကျိုးဖန်တောင်ရဲ့ နံပါတ်တစ် အလှမယ်လို့ ပြောခိုင်းတုန်းကတော့ နင်က ဝန်လေးနေခဲ့ပြီးတော့"
ကျူးယန်က ချစ်စဖွယ် နှုတ်ခမ်းဆူပြသည် ။
ကျိယွမ်၏ မှတ်ဉာဏ်များမှာ ကျိုးဖန်တောင်ဆီသို့ ပြန်လည်ရောက်ရှိသွားပုံရပြီး သူ၏မျက်လုံးများမှာ အတိတ်ကို လွမ်းဆွတ်တမ်းတမှုများဖြင့် ပြည့်နှက်လာကာ စာဝါငှက်မလေး၏ လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏ ။
"အတိတ်က အတိတ်ပဲ၊ အခုက အခုပဲ"
"ဟေး၊ နင်တို့နှစ်ယောက် လူရှေ့သူရှေ့ အချစ်တွေ ပိုနေတာကို ရပ်လိုက်ပါတော့၊ အရမ်းချိုနေပြီ။ နင် ဘယ်လိုလုပ်ပြီး ကိုယ်ခံပညာပြိုင်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီသွားတာလဲဆိုတာပဲ ပြောပြပါ။ မြို့နယ်အဆင့်မှာ နင် ပါခဲ့တယ်လို့ ငါမကြားပါဘူး"
ရှင်းယွီက အမြင်ကပ်သလို မေးလိုက်၏။
ပုံမှန်ဆို စကားများတတ်သော ဝမ်ရှီချောင်မှာတော့ ယခုအခါ ကျိယွမ်ကို အနည်းငယ် ကြောက်နေပုံရကာ တိတ်ဆိတ်နေလေသည် ။
"ကျွန်တော်က အထူးလမ်းကြောင်းကနေ လာတာပါ"
ကျိယွမ်က အတည်အပေါက် ပြန်ဖြေသည် ။
"အထူးလမ်းကြောင်းလား"
ရွှီထဲ့ဟွာမှာ အံ့သြသွားပြီး ကျိယွမ်ကို ကြည့်သော သူ၏အကြည့်များမှာ သိသိသာသာ ပြောင်းလဲသွား၏ ။
ထိုအချိန်တွင် အဆောက်အဦအတွင်း၌ ကြေညာချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် ။
"ပြိုင်ပွဲဝင်များ အားလုံး သတိပြုရန်၊ 'ယဉ်ကျေးမှုကို မြှင့်တင်ပြီး ယဉ်ကျေးမှုအသစ်တစ်ခု တည်ဆောက်ကြပါစို့' ဟူသော ဆောင်ပုဒ်အရ၊ ပြိုင်ပွဲဝင်များသည် ကိုယ်ခံပညာပြိုင်ပွဲအတွင်း ပြိုင်ဘက်အပေါ် မည်သည့်ပုံစံနှင့်မဆို ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ရန်စခြင်းများကို ပြုလုပ်ခြင်းမှ တားမြစ်သည် ။ ချိုးဖောက်သူများကို ပြိုင်ပွဲမှ ချက်ချင်း ထုတ်ပယ်မည်ဖြစ်ပြီး..."
ထိုထုတ်လွှင့်ချက်သည် အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည် ။
သိုင်းပညာရှင်များမှာလည်း ထူးဆန်းသော အမူအရာများ ဖြစ်သွားကြပြီး အချင်းချင်းကြည့်မိကြ၏ ။
"ဘာတွေ ဖြစ်နေတာလဲ။ 'ယဉ်ကျေးမှုကို မြှင့်တင်ပြီး ယဉ်ကျေးမှုအသစ်တစ်ခု တည်ဆောက်ကြပါစို့' ဆိုတာက ဘာကို ဆိုလိုတာလဲ။ အရင်က ဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး"
"ပြိုင်ဘက်ကို ရန်စခွင့် မရှိဘူးလား။ အဲ့ဒါဆို ပျော်စရာ မကောင်းတော့ဘူးပေါ့"
"လက်ခလယ်ရော ထောင်ပြလို့ ရသေးရဲ့လား"
***