ပြိုင်ပွဲက ဆက်လက်ကျင်းပနေပြီး
မကြာမီ ကျိယွမ် ယှဉ်ပြိုင်ရမည့်အလှည့်သို့ ရောက်ရှိလာခဲ့သည် ။
"ပြိုင်ပွဲဝင်အမှတ် ၀၆၊ ကျိယွမ်... ကွင်းထဲသို့ ဝင်ရောက်ပေးပါ..."
ကြေညာချက်နှင့်အတူ ကျိယွမ်သည် စင်မြင့်ပေါ်သို့ တက်သွားလိုက်သည် ။
အထူးတန်းပွဲကြည့်ခန်းထဲတွင်ကျန်နေခဲ့သော ကျူးယန်သည် မီးချောင်းလေးကို ကိုင်ယမ်းပြီး စိတ်လှုပ်ရှားစွာ အားပေးနေ၏ ။
"ကျိယွမ်... အစွမ်းကုန်ကြိုးစားပါ"
ယခုအချိန်၌ သူမသည် ကျိယွမ်၏ ဖန်ဂဲလ်လေး ဖြစ်နေပြီး တက်ကြွစွာအားပေးလျှက်ရှိသည်။
သူ၏ပွဲစဉ်ကို ယခုလေးတင် အဆုံးသတ်ထားသည့် ရွှီထဲ့ဟွာမှာလည်း ချက်ချင်းတင်းမာသွားပြီး ကျိယွမ်ကို အနီးကပ် စောင့်ကြည့်နေ၏ ။
ရိုးရိုးသားသားပြောရလျှင် သူသည် ကျိယွမ်ကို တစ်ကျောင်းတည်းတက်သည့် ကျောင်းသားတစ်ဦးအဖြစ်သာ သဘောထားခဲ့ပြီး မိမိကိုယ်ကိုယ်နှင့် နှိုင်းယှဉ်ရန် စိတ်မကူးခဲ့ဖူးပေ ။
သို့သော် ယခုအခါ ကျိယွမ်သည် အထူးလမ်းကြောင်းမှတစ်ဆင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲသို့ တက်လှမ်းလာနိုင်သဖြင့် ရွှီထဲ့ဟွာကို ပို၍ အာရုံစိုက်လာစေသည် ။
ကျိယွမ်တွင် မည်သည့်ထူးခြားချက်များရှိ၍ အထူးလမ်းကြောင်းကို အသုံးပြုနိုင်ခဲ့သနည်းဆိုသည်ကို သူအရမ်းသိချင်နေ၏ ။
သန်မာသူများသည် အားနည်းသူများနှင့် နှိုင်းယှဉ်ရန် ဂရုမစိုက်ကြသော်လည်း အဆင့်အတန်းတူညီလာချိန်တွင်မူ ယှဉ်ပြိုင်လိုစိတ်က ပိုမိုပြင်းထန်လာတတ်သည် ။
"ရှင်းယွီ၊ ဒီပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်သလဲ"
ရွှီထဲ့ဟွာက အနီးရှိရှင်းယွီအား မေးလိုက်သည် ။
ရှင်းယွီက ကွင်းထဲကို ဂရုတစိုက်ကြည့်ပြီး မှတ်ချက်ချ၏။
"ကျိယွမ်ရဲ့ပြိုင်ဘက်က 'ပြေးလွှားလက်သီး' ကြောင့် လူသိများတဲ့ ရှဲ့ဟန်ဆိုတဲ့သိုင်းသမားပဲ၊ သူက တစ်ခါက နိုင်ငံတော်အဆင့်ပြိုင်ပွဲမှာ အယောက် ၁၀၀ စာရင်းထဲ ပါခဲ့ဖူးပြီး သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်ဖို့လည်း သိပ်မဝေးတော့ဘူး၊ သူ့ရဲ့ အနိုင်ရနိုင်ခြေက တော်တော်လေး မြင့်မားတယ်"
ရှင်းယွီက မည်သည့်မျက်နှာလိုက်မှုမပါဘဲ အကျိုးအကြောင်းတရားဖြင့် ခွဲခြမ်းစိတ်ဖြာပြခြင်းဖြစ်သည် ။
ရွှီထဲ့ဟွာက သဘောတူသလိုခေါင်းညိတ်၏။
သို့သော် ဝမ်ရှီချောင်က ခေါင်းယမ်းလိုက်သည်။
"ကျိယွမ် နိုင်လိမ့်မယ်"
သူမသိထားပုံအရ ကျိယွမ်၏အခြေအနေနှင့်ဆိုလျှင် သူနိုင်မည်မှာ သေချာ၏ ။ သံသယဖြစ်စရာ မလိုပေ ။
"ဟားဟား၊ မင်းတို့နှစ်ယောက် အမြင်မတူတာ ရှားတယ်၊ ထားလိုက်ပါတော့၊ ပွဲကစပြီ ...ငါတို့ ထိုင်ပြီး စောင့်ကြည့်ကြရအောင်၊ မိနစ်ပိုင်းအတွင်းမှာပဲ ရလဒ်........."
"ဟမ်...."
သူ၏ စကားလုံးများက ရုတ်တရက် ရပ်တန့်သွားပြီး သူကိုင်ထားသော လိမ္မော်သီးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည် ။
သူ၏မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေစဥ်မှာပင်
ကွင်းတစ်ခုလုံး၌ အောင်ပွဲခံအော်ဟစ်သံများ လွှမ်းသွား၏ ။
လျှပ်စစ်အသံချဲ့စက်မှ အသံသည်လည်း ကွင်းအတွင်း ဟိန်းထွက်လာခဲ့သည် ။
"ပြိုင်ပွဲဝင်အမှတ် ၀၆၊ ကျိယွမ် အနိုင်ရရှိသည်"
"တစ်ချက်တည်းနဲ့ အလဲထိုးလိုက်တာလား"
ရွှီထဲ့ဟွာ မှင်တက်သွား၏။
ဝမ်ရှီချောင်၏ ခန္ဓာကိုယ်သည် အနည်းငယ် တင်းမာသွားပြီး မျက်နှာတွင် စိတ်အားထက်သန်မှုများ ပေါ်လွင်နေသည် ။
မျှော်လင့်ထားတဲ့အတိုင်းပဲ..ကျိယွမ်နိုင်တယ် ။
ရွှီထဲ့ဟွာ၏ ရင်ထဲတွင် ရှုံးနိမ့်မှုဝေဒနာကို စတင်ခံစားလိုက်ရသည် ။
"ဒီလောက်အစွမ်းထက်တယ်ဆိုတာ သူ က သိုင်းပညာအထွတ်အထိပ်ကို ရောက်နေပြီဆိုတဲ့ သဘောပဲ၊ သူက အရမ်းငယ်သေးတာတင်မကဘဲ ကိုယ်ခံပညာကို လေ့ကျင့်တာ လပိုင်းပဲ ရှိသေးတယ်၊ ဒါပေမဲ့ အထွတ်အထိပ်ကို ရောက်နေပြီ၊ လူအချင်းချင်းကြားက ကွာခြားချက်က... ဒီလောက်တောင် ကြီးမားနိုင်တာလား"
ကျိယွမ်၏ အောင်ပွဲမှာ ဝမ်းသာစရာဖြစ်သည်မှာ အမှန်ပင်။
သို့သော် ကျိယွမ် မည်မျှသန်မာသည်ကို မြင်လိုက်ရခြင်းက သူ့အတွက် ပထမအဆင့်မှာတင် ပြုတ်သွားသည်ထက် ပို၍ခံစားရခက်စေ၏ ။
သူသည် သိုင်းပညာကို အချိန်ကြာမြင့်စွာ လေ့ကျင့်ခဲ့သော်လည်း နိုင်ငံတော်အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြိုးစားပြီးမှ ရောက်နိုင်ခဲ့သည် ။
သို့သော် ကျိယွမ်သည် သုံးလမပြည့်မီအချိန်အတွင်းမှာပင် သူ့ကို အလှမ်းဝေးကွာစွာ ချန်ထားခဲ့လေပြီ။
ရှင်းယွီသည်လည်း မထင်ထားသောရလဒ်ကြောင့် စိတ်လှုပ်ရှားသွားပုံရသော်လည်း ပြုံးလျက်အားပေး၏။
"စီနီယာရွှီက သိုင်းပညာမှာ အဆင်မပြေရင်တောင် အိမ်ပြန်ပြီး မင်းမျိုးမင်းနွယ်ဘွဲ့နဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံလို့ရသေးတာပဲ၊ ဒါက ပြိုင်ပွဲက ချန်ပီယံတောင် မယှဉ်နိုင်တဲ့အရာပါ"
ထို့သို့ပြောရင်းမှ ရှင်းယွီ၏မျက်လုံးထဲတွင် မနာလိုမှုများ ဖြတ်ပြေးသွားသည် ။
သူမအဖို့တော့ ပြိုင်ပွဲချန်ပီယံဆိုသည်မှာ နာမည်ကြီး အင်တာနက်ဆယ်လီတစ်ဦးထက် မပိုပေ ။
သူတို့အနေဖြင့် ကျော်ကြားမှုကို ငွေကြေးအဖြစ် ပြောင်းလဲပြီး ကြွယ်ဝချမ်းသာမှု စုဆောင်းရန်မှာ အချိန်အကြာကြီး ယူရဦးမည်ဖြစ်သည် ။
တစ်ဖက်တွင်မူ သူမနှင့် ရွှီထဲ့ဟွာတို့သည် ဘီလီယံနှင့်ချီသော ချမ်းသာကြွယ်ဝမှုများကို ပိုင်ဆိုင်ထားပြီးသား ဖြစ်၏။ထို့အပြင် ရွှီထဲ့ဟွာတွင် ချင်းယွမ်နိုင်ငံသားတိုင်း ရူးသွပ်လောက်သည့် မင်းမျိုးမင်းနွယ်ဘွဲ့ထူးလည်း ရှိသည် ။
ရှင်းယွီ၏စကားကို ကြားရသောအခါ ရွှီထဲ့ဟွာသည် အနည်းငယ် စိတ်သက်သာရာရသွားပြီး သက်ပြင်းချ၏။
"မိသားစုနောက်ခံကို အားမကိုးဘဲ ပြောရရင်တော့ ငါက ကျိယွမ်ထက် အများကြီး နိမ့်ကျပါတယ်"
"မိသားစုနောက်ခံဆိုတာကလည်း အစွမ်းတစ်မျိုးပဲလေ"
ရှင်းယွီ၏စကားကို ရွှီထဲဟွာက မည်သည့်မှတ်ချက်မှ မပေးတော့ဘဲ ပွဲကိုဆက်ကြည့်နေ၏။
သို့သော်ပြိုင်ပွဲများသည် အတော်လေး ပျင်းစရာကောင်းလှပြီး အပြန်အလှန် စောင်းမြောင်းပြောဆိုသည့် အပိုင်းများမရှိတော့သဖြင့် ပို၍ပျင်းစရာကောင်းသလို ခံစားရသည်။
လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားကြပြီးကွင်းထဲတွင် လဲကျသွားသည့်တိုင် မည်သူကမျှ လှောင်ပြောင်စကားများကို မပြောရဲကြပေ ။
အများဆုံးပြောလျှင်ပင် "ငါ ပြန်လာခဲ့မယ်" ကဲ့သို့သော ဘေးမဖြစ်သည့် စကားမျိုးသာ ဖြစ်သည် ။
မည်သို့ပင်ဆိုစေ ဤပြိုင်ပွဲသည် သမိုင်းတစ်လျှောက် ယဉ်ကျေးမှုအရှိဆုံး ပြိုင်ပွဲတစ်ခု ဖြစ်လာ၏ ။
သို့သော် ပွဲစဉ်များ၏ ပြင်းထန်မှုမှာ တော့ လျော့ကျမသွားဘဲ လျင်မြန်စွာ အလဲထိုးနိုင်သည့် ပွဲစဉ်များစွာ ရှိခဲ့သည် ။
အထူးသဖြင့် ကျန်းယန်သည် သူ၏ပြိုင်ဘက်များကို စက္ကန့်ပိုင်းအတွင်း အလဲထိုးခဲ့ခြင်းပင် ။
ကျိယွမ်သည်လည်း ထိုနည်းအတိုင်းပင် သူ၏ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူခဲ့၏။
ဤသို့ဖြင့် ကိုယ်ခံပညာပြိုင်ပွဲ၏ ဒုတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့သည် ။
သို့သော် ယခုအကြိမ်တွင် ထူးခြားသည့် အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်၊ လူ ၂၁ ဦးမှာ နောက်ဆုံးအဆင့်သို့ တက်လှမ်းလာနိုင်ခဲ့သည် ။
နှစ်ယောက်တစ်တွဲ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် တစ်ဦးမှာ ပွဲစဉ်လွတ် ရရှိမည်ဖြစ်သည် ။
ဤအချိန်တွင် လူတိုင်း၏ အာရုံမှာ မဲနှိုက်ခြင်းအပေါ်တွင်သာ ရောက်နေကြ၏။
ကျိယွမ်သည်လည်း စိတ်အားထက်သန်နေပြီး "ငါက ကံကောင်းတတ်တဲ့သူပဲ၊ မြန်မြန်လုပ်ပြီး ငါ့ကို ပွဲစဉ်လွတ် ပေးလိုက်စမ်းပါ" ဟု တွေးနေသည် ။
ဖန်သားပြင်ကြီးပေါ်ရှိ ဂဏန်းများမှာ ဆက်တိုက်လည်ပတ်နေသည် ။
ကျူးယန်က အနည်းငယ်ပြုံးပြီး ကျိယွမ်ကို စကားဆိုသည်။
"ရှင့်ရဲ့ စက်ရုပ်ဇီးရိုးဝမ်းက ဟက်ကာလုပ်တာ အတော်ဆုံး မဟုတ်ဘူးလား၊ သူ့ကို တိတ်တဆိတ် ရလဒ်တွေ ပြောင်းခိုင်းလိုက်ရင် အားလုံးအဆင်ပြေသွားမှာပဲ"
"မတရားလုပ်တာက မကောင်းဘူး၊ ကိုယ်ကျင့်တရားနဲ့ မညီဘူး၊ ဒါပေမဲ့ နင်ပြောတာက ငါ့ကို တစ်ခုခု သတိရစေတယ်"
ကျိယွမ်က တစ်ခုခုကို တွေးမိသလိုပြောသည် ။
ယခင် လျူဖုန်းနယ်မြေတွင် ရှိစဉ်က သူသည် ဘာမှလုပ်စရာမရှိလျှင် ကောင်းကင်ဘုံတာအိုကို အမြဲ ခြိမ်းခြောက်လေ့ရှိသည် ။
နောက်ဆုံးတွင် သူ၏ခြိမ်းခြောက်မှုများက အောင်မြင်ခဲ့၏။
ယခုလည်း သူသည် ပွဲစဉ်လွတ် ရချင်နေသည် ။
ငါ ကောင်းကင်ဘုံတာအိုကို ခြိမ်းခြောက်ရင် ကောင်းမလား။
"ဟေး၊ အပေါ်ကလူ၊ ငါ့ကို ကျေးဇူးမတင်ဘူးလား၊ မင်းတို့ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုနဲ့ သာယာဝပြောရေးအတွက် ငါ အများကြီး လုပ်ပေးထားတာနော်၊ ငါ့ကို မျက်နှာသာလေး နည်းနည်းပေးတာ ဘယ်လိုလဲ"
ကျိယွမ်က ကောင်းကင်သို့မော့ကာ တိုးတိုးလေး ပြောလိုက်သည် ။
ကျုးယန်က တခစ်ခစ်ရယ်ကာ ကျိယွမ်၏လက်မောင်းအား တွန်း၏။
"ကောင်းကင်ဘုံတာအိုဆီက မျက်နှာသာတောင်းတာကလည်း မတရားလုပ်တာ မဟုတ်ဘူးလား"
"မဟုတ်ဘူး၊ ဒါက ကွဲပြားတယ်"
ကျိယွမ်က ခေါင်းယမ်းကာပြောသည် ။
ဒါက မတရားလုပ်ခြင်းမဟုတ်ဘဲ ကောင်းကင်ဘုံတာအိုက သူ့ကို ကျေးဇူးဆပ်ခြင်းသာ ဖြစ်သည် ။
မြွေဖြူမလေးကတောင် ရှုရှန်းကို ခန္ဓာကိုယ်နဲ့ ကျေးဇူးဆပ်သေးတာပဲ၊ ကောင်းကင်ဘုံတရားက သူ့ကို အကျိုးအမြတ်လေး နည်းနည်း မပေးနိုင်စရာ အကြောင်းမရှိပေ ။
ထိုအချိန်တွင် ဖန်သားပြင်ပေါ်မှ ဂဏန်းများ ရပ်တန့်သွားသည် ။
ကျိယွမ်၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ ဖြတ်ပြေးသွား၏ ။
"တကယ်ပဲ၊ ကောင်းကင်ဘုံတာအိုကို ခြိမ်းခြောက်တာ အလုပ်ဖြစ်သားပဲ၊ ငါ... ပွဲစဉ်လွတ် ရသွားပြီ။ "
"ဟူး..ဒီလိုမှန်းသိရင် .ငါ ဘာမှလုပ်စရာမရှိတိုင်း သူ့ကို ခြိမ်းခြောက်နေသင့်တာ"
ကျိယွမ် ပျော်ရွှင်နေလေသည် ။ တိုက်ခိုက်ရသည်ထက် ပွဲစဉ်လွတ်ရသည်က ပိုကောင်း၏။
အကယ်၍ သူ ကောင်းကင်ဘုံတာအိုကို ဆက်ပြီး ခြိမ်းခြောက်နေလျှင် နောက်ဆုံးဗိုလ်လုပွဲအထိ ပွဲစဉ်လွတ်များ ဆက်တိုက်ရနိုင်ကောင်း ရနိုင်၏။
အခြားသူများ တိုက်ခိုက်နေသည်ကို ကြည့်ရင်း မိမိက အလုပ်များကို အားစိုက်စရာမလိုဘဲ ပြီးမြောက်အောင်မြင်နိုင်သည်မျိုးကို မည်သူမဆို နှစ်သက်မည်သာ မဟုတ်ပါလား။
ကျိယွမ် အမှန်တကယ် ကံကောင်းပါသည်။
သူသည် ပထမအဆင့်တွင် ပွဲစဉ်လွတ်ရပြီးနောက် ဒုတိယအဆင့်တွင်လည်း ပွဲစဉ်လွတ် ထပ်မံရရှိသည် ။
သို့သော် တတိယအဆင့်တွင်မူ ပွဲစဉ်လွတ် မရတော့ပေ ။
အဘယ်ကြောင့်ဆိုသော် လူ ၆ ဦးသာ ကျန်ရှိတော့သောကြောင့် ဖြစ်သည် ။
ကျိယွမ်၏ ကောင်းကင်ဘုံတာအိုအပေါ် ခြိမ်းခြောက်မှုများက အမှန်တကယ် အလုပ်ဖြစ်ပုံရပြီး ၊ သူသည် ပထမနှစ်ဆင့်တွင် ပွဲစဉ်လွတ်ရခဲ့ပြီး တတိယအဆင့်တွင်မူ မြောက်ပိုင်းကြိုးကြာဟု လူသိများသည့် ဟန်ရှန်းယွင်နှင့် ရင်ဆိုင်ရလေသည် ။
သို့သော် ဟန်ရှန်းယွင်က စင်ပေါ်သို့ခပ်တည်တည်နှင့်တက်လာပြီးမှ စင်ပေါ်ရောက်သည်နှင့် ချက်ချင်းအရှုံးပေးလိုက်၏ ။
သူက စင်ပေါ်တွင်ပင် ဆက်မနေရဲသဖြင့် အရှုံးပေးပြီးသည်နှင့် ခုန်ချပြေးလေသည်။
ထိုမြင်ကွင်းကြောင့် ပရိသတ်များကြားတွင် ဝေဖန်မှုများစွာ ထွက်ပေါ်လာ၏ ။
"ဒါက လုပ်ပွဲစီစဉ်ထားတာပဲ"
"နောက်ကွယ်မှာ ပူးပေါင်းကြံစည်မှု ရှိနေတာ သေချာတယ်"
"အဲဒီကောင်လေးရဲ့ ကံက အရမ်းကောင်းလွန်းနေတာ မဟုတ်လား"
"ပွဲစဉ်လွတ်တွေ ဆက်တိုက်ရရုံတင်မကဘူး၊ သူ့ပြိုင်ဘက်ကပါ အရှုံးပေးသွားတယ်"
"ဒါက မြောက်ပိုင်းကြိုးကြာ ဟန်ရှန်းယွင်လေ"
"သူက ဘဝကို လာပြီး အတွေ့အကြုံယူနေတဲ့ သူဌေးသား တစ်ယောက်ဖြစ်မှာပဲ"
"သူက အရမ်းချောတာနော် ၊ သူ့ရဲ့ ရင်သွေးလေးတွေကိုတောင် ပိုင်ဆိုင်ချင်မိတယ်"
"ဟေး ကောင်မ ..၊ စိတ်ထိန်းဦး၊ လူကြားထဲမှာ အရှက်မကွဲစေနဲ့"
ထိုအချိန်တွင် ကျန်းယန်သည်လည်း သူ၏တိုက်ပွဲကို အဆုံးသတ်လိုက်ပြီ ဖြစ်သည် ။ သူ၏ ထက်မြက်သော အကြည့်များသည် ကျိယွမ်ရှိရာ အထူးတန်းဆီသို့ ကျရောက်နေပြီး တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည် ။
နောက်ဆုံးဗိုလ်လုပွဲကို နောက်ထပ် တစ်နာရီအကြာတွင် ကျင်းပမည်ဖြစ်သောကြောင့် သူသည် အနားယူရန် သူ၏အခန်းသို့ ပြန်သွားခဲ့သည် ။
နောက်ဆုံးအဆင့် စည်းမျဉ်းမှာ ရိုးရှင်းသည်၊ သုံးဦးပြိုင် တိုက်ပွဲဖြစ်သည် ။ နောက်ဆုံးကျန်ရစ်သူမှာ ချန်ပီယံဖြစ်မည်ဖြစ်သည် ။
အခန်းသို့ ပြန်ရောက်သောအခါ ကျန်းယန်ကို ဝန်ထမ်းများက ချက်ချင်း ဝိုင်းဝန်းပြုစုပေးကြ၏။
"အစ်ကိုကျန်း၊ ကြိုတင်ဂုဏ်ပြုပါတယ်၊ ဒီတစ်ခါ ချန်ပီယံဆုက အစ်ကို့အတွက် သေချာနေပါပြီ"
လူပုလေးတစ်ဦးက ပြုံးဖြီးဖြီးဖြင့် ဖား
လိုက်သည် ။
သူသည် သိုင်းပညာလောကမှ မဟုတ်ဘဲ ထင်ရှားသော မိသားစုတစ်ခုမှ ဖြစ်ကာ ကျန်းယန်၏ နောက်လိုက်တစ်ဦး လည်းဖြစ်သည် ။
"ခက်ခဲလိမ့်မယ်၊ ကျိယွမ်ရဲ့ အစွမ်းက... ခန့်မှန်းရ ခက်တယ်၊ နောက်ထပ် ခြောက်လလောက်သာ အချိန်ပေးလိုက်ရင် သူက သိုင်းပညာရဲ့ အထွတ်အထိပ်ကိုတောင် ကျော်ဖြတ်သွားနိုင်မယ်လို့ ငါ ခံစားနေရတယ်"
ထွားကျိုင်းသော သိုင်းပညာရှင်တစ်ဦးကတော့ သူခံစားမိသလို အမှန်အတိုင်းပြောလိုက်သည် ။
သူသည် ကျိယွမ်၏ လှုပ်ရှားမှုများကို သေချာကြည့်နေခဲ့ခြင်းဖြစ်ပြီး သိိုင်းပညာအထွတ်အထိပ်သို့ ရောက်နေသူများကိုပင် ကျိယွမ်က အလွယ်တကူ အနိုင်ယူနိုင်ခဲ့၏ ။
ကျန်းယန်ပင်လျှင် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ကျန်းယန်က မျက်မှောင်ကြုတ်ထားပြီး ဘာမှမပြောပေ ။
ထိုအခါ လူပုလေးက ခေါင်းယမ်းကာ အဖတ်မတန်သလိုဆက်ပြောသည်။
"ဟွန်း... အဲဒီကောင်လေး ချန်ပီယံဖြစ်သွားရင်တောင် ဘာထူးမှာလဲ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ စွမ်းဆောင်ရည်က ကိုယ်ခံပညာရှင်များအဖွဲ့ချုပ်က လူကြီးတချို့ရဲ့ အာရုံစိုက်မှုကို ရခဲ့တာတော့ အမှန်ပဲ၊ သူတို့က သူ့ကို လော့ပုဖန်ရဲ့ မျိုးဆက်သစ်၊ ကိုယ်ခံပညာအထွတ်အထိပ်ကို ချိုးဖျက်မယ့် မျှော်လင့်ချက်လို့တောင် ထင်ခဲ့ကြတာ၊ ဒါပေမဲ့ အခုတော့... ဟဲဟဲ၊ သူတို့က သူ့ကို စွန့်လွှတ်လိုက်ကြပြီလေ၊ အခု လူကြီးတွေအကုန်လုံးက အစ်ကိုကျန်းရဲ့ ဘေးမှာပဲ ဝိုင်းဝိုင်းလည်နေကြတာ"
လူပုလေးက ဂုဏ်ယူဝင့်ကြွားစွာ ပြောနေခြင်းဖြစ်သည် ။
သူ လိမ်ပြောနေခြင်းမဟုတ်ပါ။
ကျိယွမ်၏ စွမ်းအားနှင့်ပါရမီမှာ အဖွဲ့ချုပ်အတွင်း ဂယက်ရိုက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည် ။
သို့သော် ထိုဂယက်မှာ ကြာရှည်မခံခဲ့ပေ ။သတင်းများ ပျံ့နှံ့လာသည်နှင့်အမျှ အဖွဲ့ချုပ်၏ အထက်ပိုင်းလူကြီးများသည် မသေမျိုးကျင့်ကြံခြင်းအကြောင်းကို စတင်ကြားသိလာရသည် ။
ထာဝရရှင်သန်ခြင်းကို ကျင့်ကြံနိုင်နေပြီဆိုလျှင် သိုင်းပညာကို အဘယ့်ကြောင့် ဂရုစိုက်နေဦးမည်နည်း ။
သိုင်းပညာအကန့်အသတ်ကို ချိုးဖျက်နိုင်လျှင်ပင် မျိုးရိုးဗီဇမြှင့်တင်ထားသည့် တပ်သားတစ်ယောက်ကို အနိုင်မတိုက်နိုင်သည်မှာ အမှန်ပင် မဟုတ်ပါလား။
ထို့ကြောင့် အရာရှိကြီးများသည် မသေမျိုးလမ်းစဥ်ပေါ် ခြေချထားနိုင်ပြီးဖြစ်သော ကျန်းယန်၏ ဘေးတွင်သာ ဝိုင်းနေကြခြင်းဖြစ်သည် ။
ကျန်းယန်၏ မိသားစုသည် ကျင့်ကြံခြင်းလောကနှင့် ဆက်နွှယ်မှုရှိနေသည်ကို သူတို့သတင်းအခိုင်အမာရထားသောကြောင့်ပင်။
သူ၏စကားကို ကြားသောအခါ လူထွားကြီး၏ မျက်လုံးများတွင် အထီးကျန်မှုများ ဖြတ်ပြေးသွားပြီး သက်ပြင်းချသည် ။
"အမှန်ပဲ၊ ကျိယွမ်က သိုင်းပညာပြိုင်ပွဲမှာ အနိုင်ရရင်တောင် အနာဂတ်ကတော့ အစ်ကိုကျန်းရဲ့ လက်ထဲမှာပဲ ရှိတာ၊ ထာဝရရှင်သန်ခြင်း... ဒါကမှ စစ်မှန်တဲ့ မသေမျိုးလမ်းစဉ်ပဲ"
"ဟွန်း...အနာဂတ်က ငါ့လက်ထဲမှာ ရှိသလို၊ လက်ရှိကလည်း ငါ့လက်ထဲမှာပဲ ရှိတယ်၊ ဒီချန်ပီယံဆုက ငါ့အပိုင်ပဲ"
ကျန်းယန်၏ မျက်လုံးများတွင် ပြတ်သားမှုများ တောက်ပနေသည် ။
သူက ကျိယွမ်ရှိရာ အထူးသီးသန့်စင်ဆီသို့ ကြည့်လိုက်ရင်း မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ အနည်းငယ်ပေါ်လာ၏။
ယခုပြိုင်ပွဲသည် သိုင်းပညာလောကတွင် သူ၏ နောက်ဆုံးတိုက်ပွဲ၊ ကြီးကျယ်သော နှုတ်ဆက်ပွဲ ဖြစ်လာမည်ဖြစ်သလို အနာဂတ်တွင်လည်း သိုင်းပညာအတွက် နေရာမရှိတော့ဘဲ ကျင့်ကြံခြင်းလမ်းစဉ်ကသာ အရေးပါတော့မည်ဖြစ်သည် ။
"ငါကျန်းယန်က သိုင်းပညာမှာလည်း အထွန်အထိပ်ဖြစ်ရုံသာမက ကျင့်ကြံခြင်းလမ်းစဥ်မှာလည်း အထွတ်အထိပ်မှာ ရပ်တည်မဲ့သူပဲ"
.............
အထူးတန်းကြည့်စင်တွင်တော့
ကျိယွမ်သည် တည်ငြိမ်စွာ ထိုင်နေခဲ့သည် ။
"သိုင်းပညာရဲ့ အထွတ်အထိပ်က အထီးကျန်ပြီး ပျင်းစရာကောင်းတယ်၊ ငါ့ရဲ့ စိတ်ကျန်းမာရေး ထောက်ခံချက် ရပြီးကတည်းက ငါ့ရဲ့ လုပ်ရပ်တွေက ပိုပြီးတော့ ထူးဆန်းလာသလိုပဲ၊ ဒါကြောင့် ငါကတော့ ရှုပ်ထွေးမှုတွေရဲ့ အထွတ်အထိပ်ကို ပိုသဘောကျမယ် ထင်တယ်"
"ငါလည်း သဘောတူတယ်၊ အရမ်းကြီး တည်ကြည်နေတာကလည်း မကောင်းပါဘူး"
ကျူးယန်ကလည်း တစ်ခုခုကို တွေးမိရင်း ခေါင်းညိတ်ပြသည် ။
ကျိယွမ်က နေ့တိုင်း တံခါးတစ်ချပ်ကို အူကြောင်ကြောင် စိုက်ကြည့်နေသည့်အဖြစ်မျိုးကို သူမ မမြင်လိုတော့ပေ ။
သူမက ကျိယွမ်၏ မျက်လုံးများထဲတွင် သူမတစ်ဦးတည်းသာ ရှိနေသည့် ယခုလို အချစ်လူငယ်လေးပုံစံကို ပိုနှစ်သက်၏ ။
ထို့အပြင် သူမသည် မကြာသေးမီက ဇာတ်လမ်းတွဲများစွာ ကြည့်ရှုဖြစ်ခဲ့သည် ။ ထိုဇာတ်လမ်းအများစုတွင် အမျိုးသားဇာတ်လိုက်များသည် မိမိတို့၏ အန္တိမပန်းတိုင်အတွက် မိသားစုအပါအဝင် အရာအားလုံးကို စွန့်လွှတ်တတ်ကြ၏ ။
အချို့သော ဇာတ်ကောင်များသည် ထာဝရရှင်သန်ခြင်းကို ရရှိပြီးသည့်တိုင်အောင် သူတို့ချစ်ရသူများ အိုမင်းပျက်စီးသွားသည်ကို ကြည့်ရင်း "စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ နောင်တတွေ ရှိနေတာပဲ" ဟု ညည်းတွားတတ်ကြပြန်သည် ။
သို့သော် ကျူးယန်သည် ထိုကဲ့သို့သော ဇာတ်လိုက်မျိုးကို မကြိုက်ပေ ။ သူမသည် အစွန့်ပစ်ခံ မဖြစ်လိုဘဲ သူ၏ဘေးတွင် အမြဲရှိနေမည့်သူသာ ဖြစ်ချင်၏ ။
"ငါက အမြဲတမ်း တည်ကြည်ပါတယ်၊ ဒါပေမဲ့... ငါ နည်းနည်း စိုးရိမ်နေတယ်၊ ငါ့မှာ ချန်ပီယံမဖြစ်ခင် ခံစားရတဲ့ စိုးရိမ်စိတ်တွေ ရှိနေတာလားမသိဘူး"
ကျိယွမ်က ရုတ်တရက် စိတ်ဓာတ်ကျသလို ပြောလိုက်သဖြင့် ကျူးယန်ဇဝေဇဝါ ဖြစ်သွားသည် ။
"ဘာလို့အဲလိုထင်နေရတာလဲ"
"တကယ်လို ငါက ချန်ပီယံဖြစ်သွားရင် နေရင်းထိုင်ရင်း နာမည်ကြီး ဖြစ်သွားမှာ မဟုတ်ဘူးလား၊ တကယ်ပြောရရင် ငါ တစ်ခါမှ နာမည်မကြီးဖူးဘူး"
ကျိယွမ်၏ နာမည်ဝှက်ဖြစ်သောသွေးဝတ်စုံဓားနတ်ဘုရားမှာ လောကတစ်ခွင်နာမည်ကြီးသော်လည်း သူ၏မျက်နှာကို ဘယ်တော့မှ မပြခဲ့ပေ ။
လူမှုဆက်ဆံရေးကို အနည်းငယ်ကြောက်ရွံ့တတ်သူတစ်ဦးအနေဖြင့် ကျိယွမ်အတွက် မျက်နှာဖုံးစွပ် သူရဲကောင်းဖြစ်ရသည်မှာ ပြဿနာမဟုတ်သော်လည်း လူသိရှင်ကြား ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည့်အရေးကို တွေးပြီး စိုးရိမ်နေမိသည် ။
"ငါ နိုင်သွားပြီးနောက် လမ်းလျှောက်နေရင် လူတွေက ငါ့ကို လက်မှတ်ထိုးခိုင်းကြမလား၊ ငါနဲ့ ဓာတ်ပုံတွဲရိုက်ချင်ကြမလား ဒါမှမဟုတ် တိတ်တဆိတ် ဓာတ်ပုံရိုက်ကြမလား။ အဲဒါက အရမ်းရှက်ဖို့ကောင်းမှာပဲ"
"ငါ့ဘဝမှာ ကိုယ်ရေးကိုယ်တာ မရှိတော့မှာကို ငါ မလိုချင်ဘူး။ ဒါနဲ့ ကျူးယန်... လက်မှတ်တစ်ချက်ကို ငါ ဘယ်လောက် ယူသင့်သလဲ"
ကျိယွမ်၏ မေးခွန်းကြောင့် ကျူးယန်၏လှပသောမျက်နှာလေး မဲ့သွား၏။
နာမည်မကြီးချင်တဲ့သူက လက်မှတ်ထိုးပေးဖို့ပါ တွေးနေတယ်ပေါ့။
"အွန်လိုင်းပေါ်က လူတွေက ငါ့ကို ဝေဖန်ကြရင်ကော"
ကျိယွမ်က သူမ၏အတွေးကို မသိပါ။ အမှန်တကယ် စိုးရိမ်သည့်လေသံဖြင့် မေးသည် ။
ကျူးယန်က ညင်သာစွာ ပြုံးပြီး နှစ်သိပ်၏။
"နင်းထောင် ဝင်ပါလိမ့်မယ်၊ နင့်ကို မကောင်းပြောတဲ့သူမှန်သမျှ အကုန်အရှင်းခံရမှာပေါ့"
"ငါ့ကို ကာကွယ်ပေးမယ့်သူ ရှိနေတာ တကယ်ကို ကောင်းတာပဲ"
ကျိယွမ်က ကျူးယန်ကို ကြည့်လိုက်ရင်းမှ စင်မြင့်ဘက်သို့ပြန်ကြည့်ပြီး သူ၏လေသံက ရုတ်တရက် သူရဲကောင်းဆန်သွားသည် ။
"နောက်ဆုံးတိုက်ပွဲက စတော့မယ်၊ ငါ့ရဲ့ ချန်ပီယံ ခရီးစဉ်ကလည်း စတော့မှာပေါ့"
"လေထုက အေးစက်နေသလို မြစ်ရေကလည်း အေးစက်နေတယ်၊ ငါကျိယွမ်ကတော့ ဖလားသွားယူပြီး အောင်ပွဲနဲ့ ပြန်လာမဲ့ အထီးကျန်သူရဲကောင်းပဲ"
သူက သူရဲကောင်းဆန်စွာ ရင်ကိုကော့လိုက်၏။
"သွေးပုလဲ...အစွမ်းကုန် ကြိုးစားပါ၊ နင် ဘေးကင်းကင်းနဲ့ ပြန်လာမှာကို ငါ စောင့်နေမယ်"
ကျူးယန်က ရှားရှားပါးပါး နူးညံ့မှုမျိုးဖြင့် အားပေးသည် ။
နိုင်ငံတော်အဆင့် ကိုယ်ခံပညာပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသည် နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိလာပြီဖြစ်သည် ။
ခဏအကြာတွင် ကွင်းအတွင်း၌ ပြိုင်ပွဲဝင်သုံးဦးသည် ထောင့်သုံးထောင့်တွင် ရပ်နေကြလေ၏ ။
ကျိယွမ်သည် မြောက်ဘက်တွင် မတ်မတ်ရပ်နေပြီး တည်ငြိမ်သော အမူအရာရှိနေသည် ။
ကျန်းယန်သည် တောင်ဘက်တွင် ရပ်နေပြီး သူ၏မျက်လုံးများမှာ ထက်မြက်ကာ တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်များပင် ရှိနေသည် ။
နောက်ဆုံးပြိုင်ပွဲဝင်မှာမူ မျက်နှာဖြူဖျော့နေပြီး လက်လျှော့လိုသည့် အမူအရာရှိ၏ ။
သူက ဒိုင်လူကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကျွန်တော်... အရှုံးပေးပါတယ်"
သူသည် တွန့်ဆုတ်မနေဘဲ အရှုံးပေးလိုက်၏။
ယခင်အဆင့်က သူ၏အင်အားကို သိသိသာသာ ကုန်ခမ်းစေခဲ့ရုံသာမက သူ၏ဒဏ်ရာများမှာလည်း မပျောက်ကင်းသေးပေ ။
ကျိယွမ်နှင့် ကျန်းယန်တို့သည်လည်း သူနှင့် အခြေအနေတူလောက်မည်ဟု သူက ထင်ခဲ့မိ၏ ။
သူ၏သူငယ်ချင်းများက ထိုနှစ်ယောက်ကို ချီးမွမ်းနေကြသည်မှာ ပိုလွန်းသည်ဟု သူ ထင်ခဲ့လေသည် ။
သို့သော် အံ့သြစရာကောင်းသည်မှာ ထိုနှစ်ယောက်မှာ ယခုအချိန်ထိ လုံးဝ ဒဏ်ရာမရှိခြင်းပင်။
ထိုအချက်ကပင် သူအနေဖြင့် သိသိသာသာ တစ်ပန်းမက ရှုံးနိမ့်နေလေပြီ။
ထိုအချိန်တွင် ကျန်းယန်သည် ကျိယွမ်ရှိရာသို့ လှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်များ ပြည့်လျှံနေသည် ။
"မင်းက တော်တော်လေး အထင်ကြီးစရာ ကောင်းတာပဲ၊ သိုင်းပညာမှာ ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ မင်းက အရည်အချင်းမီပါတယ်"
သူ၏စကားမှာ သိုင်းပညာတွင်သာ ယှဥ်နိုင်သည်ဟု ကန့်သတ်ထားခြင်းဖြစ်သည်။အခြားနယ်ပယ်မှာတော့ မိမိ၏ခြေဖျားကိုပင် မှီမည်မဟုတ်ဟု ကျန်းယန်က စိတ်ထဲမှ ထပ်လောင်းပြောလိုက်၏ ။
"ငါက တကယ်ပဲ အထင်ကြီးစရာကောင်းတာပါ၊ ဒါပေမဲ့ မင်းကတော့ နည်းနည်း လိုသေးတယ်"
ကျိယွမ်က တိုက်ခိုက်လိုစိတ်လုံးဝမပါဘဲ ပေါ့ပေါ့ပါးပါးပြန်ပြောသည် ။
"ဒါပေမဲ့... အခုလို လွယ်လွယ်ကူကူ နိုင်ရတာကိုတော့ ငါ သဘောကျပါတယ်၊ ဂိမ်းတစ်ခုကို လွယ်ကူတဲ့ အဆင့်မှာ ဆော့နေရသလိုပဲမှတ်လား"
အကယ်၍ သိုင်းပညာလမ်းစဥ်နှင့် ဝိညာဥ်လမ်းစဉ်သည် ကျန်းယန်ကဲ့သို့ ပြိုင်ဘက်များနှင့်သာ ပြည့်နေမည်ဆိုလျှင် ကျိယွမ်သည် အလွန်ဝမ်းသာမိမှာ သေချာ၏ ။
ကျန်းယန်က ကျိယွမ်ကို အထင်အမြင်သေးစွာ ကြည့်ပြီး လှောင်ပြုံးပြုံးကာ မဲ့လိုက်သည်။
"မင်းရဲ့ သိုင်းပညာပါရမီက သန်မာပေမဲ့ ငါ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ပါဘူး၊ မင်းရဲ့ ပြိုင်ဘက်က တကယ်တမ်း ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာ မင်း မသိသေးဘူး"
" ဒီနေ့ မင်းရဲ့ မာန်မာနတွေကို ငါ ရိုက်ချိုးပြီး စစ်မှန်တဲ့ စွမ်းအားဆိုတာ ဘာလဲဆိုတာကို ပြသမယ်"
ကျန်းယန်က စကားဆုံးသည်နှင့် မိုးကြိုးပစ်လိုက်သကဲ့သို့ အော်ဟစ်လိုက်သည် ။
သူ အော်ဟစ်လိုက်သည်နှင့်တပြိုင်နက် သူ၏ အဝတ်အစားများမှာ ရစရာမရှိအောင် စုတ်ပြဲသွားကုန်၏ ။
ကြမ်းတမ်းပြင်းထန်သော မြင်ကွင်းကြောင့် ပရိသတ်များထံမှ အားပေးသံများ ဆူညံစွာထွက်လာသည်။
"သူက သိုင်းပညာအကန့်အသတ်ကို ချိုးဖျက်တော့မှာပဲ"
"ကျန်းယန်က တကယ့်ကို အစွမ်းထက်တာနော်"
"အရမ်း သန်မာတာပဲ"
ပရိသတ်ထဲမှ အတွေ့အကြုံရှိသော သိုင်းပညာရှင်များမှာလည်း အံ့သြစွာ ဖြင့် မချီးမွမ်းဘဲ မနေနိုင်ကြပေ ။
အထွတ်အထိပ်သို့ ရောက်နေသူများပင် ကျန်းယန်ကို တစ်ပွဲတောင် ခံနိုင်မည်မဟုတ်ဟု သူတို့တုန်လှုပ်စွာခံစားနေကြသည် ။
"ကျိယွမ်... အန္တရာယ်ရှိနေပြီ"
ရွှီထဲ့ဟွာပင် စိုးရိမ်တကြီး တီးတိုးရေရွတ်လိုက်မိသည် ။
မိမိသူငယ်ချင်း အောင်မြင်သည်ကို ကြည့်ပြီး စိတ်မသက်မသာဖြစ်မိသော်လည်း သူငယ်ချင်းအပေါ် မကောင်းသည့် စိတ်ကူးမျိုးတော့ သူ့မှာ မရှိပါ ။
ဝမ်ရှီချောင်ကတော့ ထူးထူးခြားခြားခံစားရပုံမရှိဘဲ အေးစက်စွာ မှတ်ချက်ချ၏။
"မလုံလောက်သေးဘူး"
သူမသည် ကျန်းယန်ကို အားပေးနေကြသူများကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။
လူတိုင်းက အရူးများလို ဘာမှမသိဘဲ အော်ဟစ်နေချိန်တွင် သူမ တစ်ယောက်တည်းသာ အသိတရားရှိနေသဖြင့် သူမကိုယ်သူမ မြင့်မြတ်သည်ဟုပင် ခံစားနေရသည် ။
ကျန်းယန်၏စွမ်းအားမှာ ကျိယွမ်နှင့် ယှဉ်လျှင် အနီးအနားတောင် မရောက်သေးချေ ။
ကျန်းယန်အနေဖြင့် စစ်စခန်းတစ်ခုလုံးကို ဓားတစ်ချက်တည်းနှင့် အစအနဖျောက်နိုင်ရန် အစွမ်းမရှိပါ။
ကိုယ်ခန္ဓာပေါ်မှ အဝတ်အစားလေးများ ပေါက်ကွဲအောင်လုပ်တတ်ရုံဖြင့် ကျိယွမ်ကို နိုင်ရန်မလုံလောက်ဘူးဆိုသည်ကို မသိကြဘဲ အရူးအမူးအော်ဟစ်အားပေးနေကြသည်မှာ ရယ်စရာပင်ကောင်းလေ၏။
ထိုအချိန်တွင် ကျိယွမ်၏အသံက ပြိုင်ပွဲစင်ပေါ်မှ ထွက်ပေါ်လာသည် ။
"ဒါ အကုန်ပဲလား"
သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ကြီးမားသော ဖိအားတစ်ခုထွက်ပေါ်လာပြီး ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွား၏ ။
ကျန်းယန်၏ ကြီးကျယ်သော အရှိန်အဝါသည် ရုတ်တရက် လျော့နည်းသွားသည် ။
ကျန်းယန်၏ မောင်မာနေသောမျက်လုံးထဲတွင် ကြောက်ရွံ့မှုများ အနည်းငယ်ပေါ်လာ၏ ။
"ဒါက... သွေးအဆီအနှစ်လား"
အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦးသည် သူတို့၏ စိတ်ဓာတ်၊ စွမ်းအင်နှင့် သွေးတို့ဖြင့် အခြားသူများကို ဖိနှိပ်နိုင်သည် ။
ကျိယွမ်သည် သိုင်းပညာလမ်းစဉ်တွင် ကျန်းယန်ထက် များစွားပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိနေပြီမှန်း သိသာလှ၏။
ထိုအရာကို သဘောပေါက်သွားသည်နှင့် ကျန်းယန်သည် ပြင်းထန်သော ရှုံးနိမ့်မှုဝေဒနာကို ခံစားလိုက်ရသည် ။
၄င်းမှာ သူ၏ဘဝတွင် ပထမဆုံးအကြိမ် ဤမျှအထိ ဆိုးဆိုးရွားရွား ရှုံးနိမ့်ရခြင်းပင် ။
မဖြစ်နိုင်ဘူး။
မဖြစ်ရဘူး။
မဟုတ်ဘူး ။
ငါလက်မခံဘူး ။
တစ်သက်လုံးမောက်မာလာသော ကျန်းယန်အနေဖြင့် ရှုံးနိမ့်မှုဝေဒနာကို မည်သို့အသာတကြည်လက်ခံနိုင်မည်နည်း။
သူ၏ ရှုံးနိမ့်မှုများက ရူးသွပ်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည် ။
သူက ကျိယွမ်အား နီရဲသောမျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်သည်။
"မင်းရဲ့ သိုင်းပညာပါရမီက ဘယ်လောက်ပဲ ကောင်းကောင်း အရေးမကြီးတော့ဘူး၊ ဒီကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ မင်းရဲ့ သိုင်းပညာနဲ့အတူ မင်းကို ငါ မြေမြှုပ်ပေးလိုက်မယ်"
မနာလိုစိတ်ကြောင့် ကျန်းယန်သည် ပို၍ ရူးသွပ်လာပြီး သူ၏ရှေ့တွင်ရှိသော ကျိယွမ်ကို မရမက ဖျက်ဆီးပစ်ရန်သာ စိတ်အားထက်သန်နေသည် ။
"မမြင်ဖူးရင် ကြည့်ထားလိုက်.."
ကျန်းယန်၏ လက်ဖဝါးမှ မီးတောက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။
"ဟင်.."
"ဘာဖြစ်တာလဲ"
"မီးတောက်က ဘယ်လိုပေါ်လာတာ.."
ပရိသတ်များမှာ ထိတ်လန့်တုန်လှုပ်မှု၊ စိတ်လှုပ်ရှားမှုနှင့်အတူ ဇဝေဇဝါဖြစ်မှုများ ရောပြွမ်းကာ အော်ဟစ်လိုက်ကြသည် ။
"မသေမျိုးလမ်းစဥ်ကသာ... ထာဝရဖြစ်တယ်"
ကျန်းယန်သည် သူ၏ နောက်ဆုံးဝှက်ဖဲဖြစ်သော ကျင့်ကြံခြင်းစွမ်းအားကိုရူးသွပ်စွာထုတ်ဖော်လိုက်ခြင်းပင် ။
"ထာဝရတော့ ဟုတ်တယ်၊ ဒါပေမဲ့ မင်းအတွက်တော့ မဟုတ်ဘူး"
ကျိယွမ်က ပျင်းရိသော မျက်လုံးများဖြင့် ပြတ်သားစွာပြောလိုက်သည် ။
"ဘယ်သူက ထာဝရရှင်သန်ခြင်းကို လိုချင်လို့လဲ၊ ငါက အခုအတိုင်းကိုပဲ အနိုင်မရနိုင်တဲ့သူ ဖြစ်နေပြီ"
သူက စကားနှင့်အတူ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏ ။
သွေးနှင့် စွမ်းအင်လှိုင်းကြီးတစ်ခုက လေထုထဲတွင် ဟုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာသည် ။
"သိုင်းပညာဆိုတာ ဘာလဲဆိုတာကို မင်း တကယ် မြင်ဖူးသင့်တယ်"
လက်သီးတစ်ချက်..။
ခပ်သိမ်းသော အရာတို့ ဖြစ်ပေါ်ကြပြီး ခပ်သိမ်းသော အရာတို့ ပျက်စီးကြသည် ။
"ဘန်း..."
ကျန်းယန်၏အပြုံးသည် တောင့်တင်းသွားပြီး သူ၏ခန္ဓာကိုယ်မှာ သွေးမှုန်များအဖြစ် ရုတ်တရက်ပေါက်ကွဲသွားတော့သည် ။စင်ပေါ်တွဲ သွေးဗုံးတစ်လုံးပေါက်ကွဲသွားသကဲ့သို့ပင် ။
ပရိသတ်များမှာ မှင်တက်သွားကြပြီး လုံးဝ တိတ်ဆိတ်သွားကြ၏ ။
စင်မြင့်ထက်မှာတော့ ကျိယွမ်သည် သွေးမြူများကိုကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ကျေနပ်စွာရေရွတ်သည်။
"တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပြီး ကျေနပ်စရာကောင်းတဲ့ နောက်ဆုံးပွဲပဲ"
သူ၏ စွမ်းဆောင်ရည်မှာ အထူးကောင်းမွန်ခဲ့သဖြင့် သူ့အတွက် ပရိသတ်များစွာ ရရှိစေမည်ဟု သူတွေးမိ၏။
"ဒီလောက်ဆို ပရိတ်သတ်တွေငါ့ကို ကြွေကုန်မှာ သေချာတယ်"
***