“လက်ကို ဆန့်ထားပါ၊ ဟုတ်ပြီ၊ အဲဒီအတိုင်းပဲ ထား၊ အတော်ပဲ။”
အနီရောင် လက်ထပ်စာချုပ် သုံးစောင် ထွက်ပေါ်လာသည်။
ကျူးယန်က တစ်စောင်ကို ကိုင်ထားပြီး သတို့သမီးလေးကလည်း သူမ၏ အင်္ကျီလက်စဖြင့် တစ်စောင်ကို ထိန်းထားကာ ကျိယွမ်က နောက်ဆုံးတစ်စောင်ကို ကိုင်ထား၏။
ဇီးရိုးဝမ်း၏ ဦးခေါင်းပေါ်ရှိ ကင်မရာသည် ထိုအခိုက်အတန့်ကို မှတ်တမ်းတင်နေသည်။
“ဗီဒီယိုတွေထဲမှာ ခေါင်းပေါ်မှာ ကင်မရာတွေနဲ့ လူတွေကို အရင်က မြင်ဖူးတယ်၊ အခုမှပဲ နားလည်တော့တယ် ၊ သူတို့က ရိုဘော့တွေပဲ”
ကျိယွမ်က သူ၏ရှာဖွေတွေ့ရှိမှုအသစ်ကို သဘောကျသလို ခေါင်းညိတ်၏။
ကျူးယန်က စာချုပ်ကိုကိုင်ထားရင်းမှ တခိခိရယ်ကာ ကျိယွမ်၏ ပုခုံးအားမှီလိုက်သည်။
“ငါလည်း ခေါင်းပေါ်မှာ ကင်မရာ ထွက်လာအောင် လုပ်လို့ရတယ်”
ထိုသို့ပြောလိုက်သည်နှင့် သူမ၏ ဦးခေါင်းထိပ်မှ ကင်မရာတစ်လုံး ထွက်လာ၏။
ကျိယွမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်ခါပြသည်။
သတို့သမီးလေး၏ အင်္ကျီလက်ထဲမှ “ပျော်ရွှင်ခြင်း” ဟူသောသစ်သားဆိုင်းဘုတ်ကလေး တစ်ခုလျှောကျလာပြန်သည်။
ယနေ့ သူမအလွန်ပျော်ရွှင်နေမှန်း သိသာလှ၏။
ထိုအချိန်တွင် ဇီးရိုးဝမ်းက ကျိယွမ်အား အသိပေး၏။
“ဗီဒီယိုကို တေးဂီတနဲ့ တည်းဖြတ်ပြီးပါပြီ၊ စာသားလည်း အဆင်သင့်ဖြစ်ပါပြီ။ သခင်က အချိန်မရွေး တင်လို့ရပါတယ်”
ကျိယွမ်သည် သူ၏ အကောင့်ထဲသို့ ဝင်လိုက်ပြီး မူကြမ်းထဲတွင် ဗီဒီယိုကို ရှာလိုက်သည်။
ဗီဒီယိုထဲတွင် မည်သူ့မျက်နှာကိုမျှ မပြထားဘဲ လက်သုံးဖက်နှင့် လက်ထပ်စာချုပ် သုံးစောင်ကိုသာ ပြထားသည်။
ပို၍ တိတိကျကျ ပြောရလျှင် လက်နှစ်ဖက်နှင့် အင်္ကျီစလက်တစ်ဖက် ဖြစ်၏။
“နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပြီ”
ကျိယွမ်သည် ပျော်ရွှင်စွာဖြင့် ပို့စ်တင်သည့် ခလုတ်ကို နှိပ်လိုက်သည်။
မလှမ်းမကမ်းတွင်ရှိနေသော ရှဲ့ရှင်းစုမှာတော့ ဇဝေဇဝါ ဖြစ်နေ၏။
မနေ့က နင်းထောင်ကို တွေ့စဉ်ကတည်းက သူမ စိတ်ရှုပ်ထွေးနေခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင်မူ... သူမ အိပ်ရာနိုးနိုးချင်းမှာပင် လှုပ်ရှားနေသော မင်္ဂလာဝတ်စုံကြီးကို မြင်လိုက်ရ၏။
ထို့ပြင်... ထိုဝတ်စုံသည် သူမ၏ အေးစက်သောသခင်ငတုံးနှင့် လက်ထပ်စာချုပ်ပင် ရထားသေးသည်။
သူမ လုံးဝ ဆွံ့အသွားရသည်။
“ဒါက မိစ္ဆာမျိုးနွယ်လား”
“ရုပ်သေးလား”
“ဒါမှမဟုတ် တခြားဟာလား”
သူမ၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေ၏။
ကျူးယန်ဆိုသောအမျိုးသမီးကတော့ စွမ်းအားကြီးသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ ထင်ရှားသည်။
ထိုသို့ဆိုလျှင် သူမသည် အဘယ်ကြောင့် အခြားသောမျိုးနွယ်စုမှ မိန်းမတစ်ယောက်နှင့် ခင်ပွန်းတစ်ယောက်တည်းကို မျှဝေသုံးစွဲနေရသနည်း။
ထိုအခိုက်အတန့်တွင် သူမသည် မရေမရာသော စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
သူမ၏ ယခင်ဘဝက အမြုတေ အဆင့် ကျင့်ကြံမှုသည်... သိပ်ပြီး အရာရောက်မည်မဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွား၏။
ရှောင်ကျားဟုခေါ်သော ထိုသူစိမ်းသည်လည်း ထူးခြားသော နောက်ခံရှိပုံရသည်။
သူမ၏အကြည့်က ဇနီးမယားနှစ်ယောက်ကြားတွင် ပြုံးရွှင်နေသော ကျိယွမ်အပေါ်သို့ ကျရောက်သွားသည်။
“ဒီပိုင်ရှင်ငတုံး.. မဟုတ်ဘူး၊ ငါ့ရဲ့ ကြောင်ပိုင်ရှင်ကလည်း ထူးခြားတဲ့ နောက်ခံရှိနေတာလား”
ရှဲ့ရှင်းစု၏ စိတ်ထဲတွင် ကြောက်စရာကောင်းသော အတွေးတစ်ခု ဝင်လာသည်။ ထို့နောက် သူမသည် ခေါင်းကို အမြန်ခါလိုက်၏။
“မဖြစ်နိုင်ပါဘူး။ သူကသာ ထူးခြားတဲ့သူဆိုရင် ဘာလို့ သိုင်းပညာကိုပဲ ကျင့်နေမှာလဲ”
သူသည် မသေမျိုးလမ်းစဉ်ပေါ်သို့ ခြေချနိုင်သူဆိုလျှင် အဘယ်ကြောင့် အသုံးမဝင်သော သိုင်းပညာကိုသာ လိုက်စားနေရသနည်း။
ဤကမ္ဘာတွင် သိုင်းပညာလမ်းစဉ်သည် အကန့်အသတ်ရှိ၏။
ရှဲ့ရှင်းစုသည် အတွေးထဲတွင် နစ်မျောနေပြီး သူမ၏ ကြောင်ဦးနှောက်သည် အရာအားလုံးကို အစီအစဉ်တကျ မတွေးတောနိုင်တော့ပေ။
“ဟူး၊ မင်္ဂလာဆောင်ကိစ္စနဲ့ အလုပ်ရှုပ်နေတာနဲ့ မေ့တော့မလို့ ၊ မနက်ဖြန်ကျရင် မင်္ဂလာပွဲ ရှိသေးတယ်။ ကံကောင်းတာက ငါတို့ရဲ့ အိမ်ထောင်စုစာရင်းထဲမှာ ငါတို့ သုံးယောက်ပဲ ရှိလို့ပေါ့၊ မဟုတ်ရင် လူတိုင်းကို လိုက်ပြီး အရက်လိုက်တိုက်နေရဦးမယ်"
" အခုတော့ အဆင်ပြေသွားပြီ၊ မင်္ဂလာဆောင်အခမ်းအနားမှူးအတွက်တောင် ပိုက်ဆံသက်သာသွားတယ်”
ကျိယွမ်သည် အတော်လေး ကျေနပ်နေပုံဖြင့် လက်ကို ဝေ့ယမ်းလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် သူသည် ပိုက်ဆံ အချို့ ထပ်မံစုမိသွားပြီ ဖြစ်ရာ ယင်းကို ကုံရှင်းဂြိုဟ်အားဝယ်ရန်အတွက် သိမ်းထားနိုင်မည် ဖြစ်သည်။
“လူတွေကို အကြောင်းကြားပြီးပြီ၊ ဟိုတယ်လည်း ဘွတ်ကင်လုပ်ပြီးပြီ၊ ကျင့်ကြံဖို့ အချိန်တန်ပြီ... သိုင်းပညာကိုပေါ့”
ကျိယွမ်သည် ဂိမ်းကို တာဝန်တစ်ခုကဲ့သို့ သဘောထားပြီး သိုင်းပညာ ကျင့်ကြံခြင်းသည် သူ၏ အဓိက အလုပ်ဖြစ်၏။
ကျူးယန်နှင့်သတို့သမီးလေးတို့ကတော့ သူ၏တာဝန်လည်းမဟုတ်သလို သူ၏အလုပ်လည်းမဟုတ်ပါ။ သူမတို့က သူ၏ဘဝပင် ဖြစ်သည်။
“ရှောင်ကျားနဲ့ ကျွန်မကတော့ နေပူစာလှုံတော့မယ်”
ကျူးယန်က သတို့သမီးလေးကို ဝရန်တာသို့ ဆွဲခေါ်သွား၏။ အိမ်ထဲတွင် နွေးထွေးမှုနှင့် ပျော်ရွှင်မှုများ လွှမ်းခြုံနေလေသည်။
မိမိ၏ အခန်းထဲသို့ ပြန်ရောက်သောအခါ ကျိယွမ်သည် သိုင်းပညာကို ဆက်လက်ကျင့်ကြံ၏။ သူ့တွင် မိစ္ဆာသွေးအဆီအနှစ်ကို အကန့်အသတ်မရှိ သုံးစွဲပြီး ကျင့်ကြံမှု တိုးတက်စေနိုင်သည့် ဖြတ်လမ်းနည်းရှိသော်လည်း လေ့ကျင့်မှုကတော့ လိုအပ်ပါသေးသည်။
“သိုင်းပညာ စွမ်းအားတွေကို သိုလှောင်ခန်းအဖြစ် ပြောင်းလဲဖို့... ဒါကို ကျင့်ရတာ တော်တော် စိတ်ရှုပ်ဖို့ကောင်းတာပဲ၊ တစ်ညလုံး... ကြာမှာလား”
ဟော်ယွမ်ကမ္ဘာ၏ ခံတပ်ထဲမှရှိစဥ်က ကျိယွမ်သည် ဤသိုင်းပညာကို ရရှိခဲ့ခြင်း ဖြစ်သည်။
“ထားလိုက်ပါတော့၊ ကျင့်ကြံနေရတာ အလုပ်ရှုပ်လွန်းတယ်၊ အမှတ်တွေပဲ ပေါင်းထည့်လိုက်တာ ပိုကောင်းမယ်။”
ခေါင်းရှုပ်လာသဖြင့် ကျိယွမ်သည် ဖြတ်လမ်းနည်းကို အသုံးပြုရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သူသည် ကုတင်ပေါ်တွင် မျက်လုံးမှိတ်၍ ထိုင်လိုက်၏။
သင်းပျံ့သော ရနံ့တစ်ခုက နှာခေါင်းထဲသို့ ရောက်ရှိလာသည်။ ၎င်းသည် ကျူးယန်၏ ရနံ့ဖြစ်ကြောင်း သူ သိ၏။
သူ၏ စိတ်ထဲတွင် မကြာသေးမီက မြင်တွေ့ခဲ့ရသော ကျူးယန်၏ စွဲမက်ဖွယ်ပုံရိပ်များ ပေါ်လာသည်။
သူမ၏ သေးငယ်သော ခန္ဓာကိုယ်၊ စိတ်ကူးယဉ်ဆန်သော အမူအရာနှင့် တုန်လှုပ်နေသော အကြည့်များပင်။
“ကျိယွမ်..ကျိယွမ်..မင်းကြိုးစားစမ်း၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်စမ်း”
"အင်း..နင်းထောင်ကတော်တော်ရဲတာပဲ ၊ သူ့ကို ထိန်းချုပ်ရတာ မလွယ်ဘူး ၊ သူက အားပိုကောင်းနေတော့...."
“ခွီး ...မဟုတ်တာတွေ မတွေးနဲ့တော့ ..မိစ္ဆာသွေး ၅၀ ပဲ ကျန်တော့တယ်၊ ချွေတာသုံးရမယ်။”
"စနစ် သွေးစက်တွေသုံးမယ်"
“သင့်ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ဖိသိပ်ပြီး ချဲ့ထွင်ဖို့အတွက် မိစ္ဆာသွေး ၁၀ စက်ကို သုံးလိုက်တယ်။"
" တင်... သွေးစွမ်းအင်နေရာလွတ်ကို အောင်မြင်စွာ တည်ဆောက်ပြီးပါပြီ၊ ထုထည် ၀.၀၁ ကုဗမီတာ ရှိပါတယ်။”
ကျိယွမ်သည် သူ၏အတွင်းပိုင်းကို ကြည့်လိုက်သောအခါ ခန္ဓာကိုယ်ထဲတွင် သွေးစွမ်းအင်နေရာလွတ်တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။
“နေရာက နည်းနည်းတော့ သေးတာပေါ့... ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဒီအတိုင်းပဲ ထားလိုက်မယ်။”
မိစ္ဆာသွေးကို သုံးပြီး နေရာကိုထပ်ချဲ့နိုင်သော်လည်း ကျိယွမ်က ထိုသို့ မလုပ်ခဲ့ပေ။ အရေးပေါ် အခြေအနေများအတွက် မိစ္ဆာသွေးအချို့ကို ချန်ထားရန် သူ လိုအပ်၏။
သူသည် အစွမ်းထက်သော်လည်း မည်သည့် အခြေအနေမျိုးအတွက်မဆို အမြဲ အဆင်သင့် ဖြစ်နေရန် ပြင်ထားသင့်သည်ဟု ယုံကြည်သည်။
“ဒီလို ကြိုးကြိုးစားစား ကျင့်ကြံတာက ရလဒ်ကောင်းတွေ ရစေတာပဲ။ အကြီးမားဆုံး အမြတ်ကတော့ ငါ့ရဲ့ အသံသရုပ်ဆောင်မှု စွမ်းရည် တိုးတက်လာတာပဲ။ငါ့ရဲ့ဗဟုသုတအရဆိုရင် ‘တင်’ ဆိုတဲ့ စကားလုံးက စနစ် ရဲ့ အနှစ်သာရပဲ”
ကျိယွမ်သည် တွေးလေလေ၊ မိမိကိုယ်ကိုယ် ဂုဏ်ယူလေလေ ဖြစ်နေသည်။
ဤအောင်မြင်မှု ခံစားချက်သည် ကျောက်ခဲကို ရေပေါ်မှာ ၁၇ ကြိမ် ခုန်အောင် ပစ်နိုင်သကဲ့သို့ပင်။
“နောက်ထပ် မစ်ရှင်က ဘယ်တော့ စမှာလဲ မသိဘူး"
“ငါ့ရဲ့ မိစ္ဆာသွေးက မလုံလောက်တော့ဘူး။”
ကျိယွမ်သည် ဆက်လက်ကျင့်ကြံနေလေ၏။
..............
“မိုးက တော်တော် သည်းတာပဲ။”
မှောင်မည်းနေသော မြေအောက်ခန်းထဲတွင် ရှန်ယန်သည် စိုစွတ်နေသော ကြမ်းပြင်ကို ကြည့်ရင်း စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
သူ နေထိုင်သည့် နေရာသည် ၁၀ စတုရန်းမီတာပင် မပြည့်ဘဲ လစဉ် လခ ၅၀၀ ယွမ် ပေးရသည်။ ဤကဲ့သို့သော မြို့ကြီးတွင် နေစရာ နေရာတစ်ခု ရှိနေခြင်းသည်ပင် တော်တော်လေး အဆင်ပြေလှပြီ ဖြစ်သည်။
ကံဆိုးစွာပင် ယနေ့တွင် လူတစ်ယောက် ရောက်လာပြီး ဤကဲ့သို့သော မျက်နှာကျက်နိမ့် အိမ်များနှင့် မြေအောက်ခန်းများသည် အန္တရာယ်ရှိသဖြင့် နေထိုင်ရန် မသင့်တော်ကြောင်း ပြောသွားသည်။
သူသည်လည်း အန္တရာယ်များကို မသိ၍ မဟုတ်ပါ။သို့သော်လည်း မည်သူက ဤကဲ့သို့သော နေရာမျိုးတွင် နေချင်မည်နည်း။
သူ ယခင်က နေခဲ့သည့် နေရာသည် ကျေးလက်အိမ်သာတစ်ခုကဲ့သို့ ဖြစ်ပြီး တစ်နေ့တွင် ပြင်းထန်သောတိုင်ဖွန်းမုန်တိုင်းကြောင့် အိမ်ကလွင့်ထွက်သွားခဲ့သည်။ ထို့ကြောင့် ဤနေရာသို့ ပြောင်းလာရခြင်းပင်။
နေရာလေးတစ်ခုကို ခက်ခက်ခဲခဲရှာတွေ့သော်လည်း ယခုတော့ ထပ်မံ ၍ ထွက်ခွာရပေဦးမည်။
“ဟူး...ဒီနေ့ခေတ်မှာ ပိုက်ဆံရှာရတာ တကယ် ခက်ခဲတာပဲ၊ ဒါပေမဲ့ ဇာတိမြေမှာ မြေကွက်လေးတစ်ခုကို စောင့်နေရတာထက်စာရင် အနည်းဆုံးတော့ ပိုက်ဆံနည်းနည်းပါးပါးစုမိပြီး မျှော်လင့်ချက် ရှိသေးတာပေါ့လေ"
တစ်နေ့လုံး ကြိုးစားအလုပ်လုပ်ခဲ့ရသဖြင့် သူသည် အလွန်ပင်ပန်းနေပြီး ခါးများလည်း နာကျင်နေကာ အင်အားပင် မရှိတော့ပေ။
ပျင်းရိမှုနှင့် ပင်ပန်းမှုများကို ဖြေဖျောက်ရန် ဗီဒီယိုတိုလေးများကိုသာ ကြည့်နေမိသည်။
သူ့စိတ်ထဲတွင် မကျေမနပ် ဖြစ်နေပြီး ဘဝကို တိုးတက်အောင် လုပ်ချင်သော်လည်း ဤကဲ့သို့သော ကမ္ဘာမျိုးတွင်... သူ ဘာလုပ်နိုင်ပါမည်နည်း။
ထိုအချိန်တွင် ဗီဒီယိုတစ်ခုက သူ၏ အာရုံကို ဖမ်းစားလိုက်သည်။ သူ ခေတ္တ ရပ်လိုက်ပြီး မျက်လုံးထဲတွင် အားကျသည့် အရိပ်အယောင်များ ပေါ်လာသည်။
“ဒီလူချမ်းသာတွေက တဖြည်းဖြည်း ရဲတင်းလာကြတာပဲ၊ လက်ထပ်စာချုပ်တွေကို ကြွားနေကြတယ်၊ ဟန်တောင် မဆောင်ဘဲ သုံးစောင်တောင် ပြနေကြတာလား”
ရှန်ယန်က ထိုသို့တွေးရင်း ရယ်မောလိုက်သည်။
သူသည် မှတ်ချက်ကဏ္ဍကို ဖွင့်လိုက်ပြီး ကွန်မန့်များကို ဖတ်ကြည့်၏။
“ချမ်းသာတဲ့ လူတွေကို နေ့တိုင်း အားကျနေရတယ်ဟေ့"
“ဆရာကြီး၊ ကျွန်တော့်ကိုလည်း သင်ပေးပါဦး”
“အစ်ကိုကြီး၊ မင်းက မိန်းမ နှစ်ယောက်တောင် တစ်ပြိုင်တည်း ယူလိုက်တာလား
“မသိဘူး...မနေနိုင်လို့ ရဲတိုင်လိုက်ပြီ ”
“အထင်မမှားကြနဲ့၊ ဒါက လူချမ်းသာ မဟုတ်ဘူး၊ ဒါက မသေမျိုးကျင့်ကြံသူပဲ။ မြင်လား... သူ့ရဲ့ အရင်ဗီဒီယိုမှာ ကျင့်စဉ်တွေကိုတောင် ရောင်းနေသေးတယ်”
ရှန်ယန်သည် ထိုမှတ်ချက်ကို မြင်သောအခါ အံ့အားသင့်သွားသည်။
“ကျင့်စဉ်တွေလား”
ရှန်ယန်သည် မကြာသေးမီက အွန်လိုင်းမှ ဆွေးနွေးမှုများကို သတိရလိုက်၏။
“ဒီကမ္ဘာက တကယ်ပဲ အကြီးအကျယ် ပြောင်းလဲတော့မှာလား၊ ပိုပြီး ဆန်းကြယ်လာတော့မှာလား”
ကိုယ်ခံပညာပြိုင်ပွဲ၏ ချန်ပီယံသည် သိုင်းပညာအကန့်အသတ်များကို ကျော်ဖြတ်ပြီး ပြိုင်ဘက်ကို သွေးမှုန်များ ဖြစ်သွားအောင် တစ်ချက်တည်းထိုးသတ်ခဲ့သည်။
စပိုက်ဒါကျွန်းတွင်လည်း ကောင်းကင်ယံမှ အလင်းရောင်များ တောက်ပလာပြီး မိန်းကလေးငယ်ပေါင်း တစ်သောင်းကျော်၏ အလောင်းများကို တွေ့ရှိခဲ့ကြ၏။
ချင်းယွမ်နိုင်ငံရှိ လူတိုင်းက ကြယ်ခုနှစ်ပွင့်မိသားစုတစ်ခုဖြစ်သော မူမိသားစု၏ အသက်ရှင်ခြင်းနှင့် သေခြင်းကို မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။
ကောင်းကင်တွင်လည်း နေတစ်လုံး ပိုထွက်လာသည်။
ဤဆန်းကြယ်သော အဖြစ်အပျက်များအားလုံးသည် တစ်ပြိုင်တည်း ဖြစ်ပျက်ခဲ့၏။ လူအများစုသည် ဤကမ္ဘာတွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်တော့မည်ကို မရေမရာ ခံစားနေကြရသည်။
ဖြစ်နိုင်သည်မှာ နှစ်ပေါင်း တစ်ထောင်တွင် တစ်ကြိမ်သာ ကြုံရမည့် အပြောင်းအလဲသည် သူတို့ထံသို့ ရောက်ရှိလာပြီလား။
“ငါသာ မသေမျိုးကျင့်ကြံသူ ဖြစ်သွားရင်၊ ငါလည်း မိန်းမ နှစ်ယောက် ယူလို့ရမှာပဲ မဟုတ်လား”
ရှန်ယန်သည် ကွန်မန့်များကိုဖတ်နေရင်း မိမိဘာသာ တွေးနေမိသည်။
သူက မိန်းမနှစ်ယောက် ယူထားသူ၏ ပရိုဖိုင်ကို နှိပ်လိုက်ပြီး သူ၏ ပထမဆုံး ဗီဒီယိုကို စစ်ဆေးကြည့်သည်။
“ကျင့်စဉ်... စျေးနှုန်းက သန်း တစ်ရာလား”
“ပြီးတော့ ရောင်းထွက်သွားတယ်တဲ့”
“ဒါ... တကယ် ဖြစ်နိုင်မလား”
ရှန်ယန်၏ နှလုံးခုန်သံများ မြန်လာပြီး ထိုအကောင့်ကို ဖော်လိုလုပ်လိုက်မိတော့သည်။
“ငါ... စွန့်စားကြည့်သင့်လား”
သူ သိသည်မှာ ဤကမ္ဘာတွင် နောက်ခံမှလွဲ၍ လူအများစု၏ ပါရမီသည် သိပ်မကွာခြားလှပေ။
အနည်းငယ် ပို၍ ရဲတင်းလိုက်ပါက... မမျှော်လင့်ထားသော ဆုလာဘ်များ ရရှိနိုင်လောက်၏။
“ဒါပေမဲ့ သူ့ဆီကို ပုဂ္ဂလိက မက်ဆေ့ခ်ျ ပို့ဖို့ လက်ဆောင်အရင် ပေးရမှာလား”
ရှန်ယန်သည် အံကြိတ်ပြီး ပိုက်ဆံဖြည့်ကာ လက်ဆောင်ပေးလိုက်သည်၊
ထို့နောက် “မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်” ဟု မက်ဆေ့ခ်ျ ပို့လိုက်၏။
အရင်ဗီဒီယိုအဟောင်းတွင် မှတ်ချက် အနည်းငယ်သာ ရှိသေးသဖြင့် မက်ဆေ့ခ်ျ ပို့ချင်သူများမှာ အလွန်နည်းပါးလိမ့်မည် ဖြစ်သည်။ ထို့ပြင် မက်ဆေ့ခ်ျပို့ရန် လက်ဆောင်ပေးရမည် ဖြစ်သဖြင့် လူအများအပြားကို တားဆီးထားသကဲ့သို့ ဖြစ်နေ၏။
ဒါက အလုပ်ဖြစ်ဖို့ မျှော်လင့်ရတာပဲ။
.........
အချိန်က တဖြည်းဖြည်းညရောက်လာပြီး ကောင်းကင်တွင် လမင်းကြီးက အေးချမ်းစွာတောက်ပနေသည်။
“နှမြောစရာပဲ၊ ဒါက ကန်းလန်ကမ္ဘာက လနဲ့ မတူဘူး။”
ကန်းလန်ကမ္ဘာမှ လသည် ကောင်းကင်ယံရှိ လနတ်သမီးယွမ်ကျွင်း၏ အရိပ်ထင်ဟပ်မှု ဖြစ်သည်။
ဤနေရာမှ လကတော့ ကုံရှင်းဂြိုဟ်၏ ဂြိုဟ်ရံလဖြစ်၏။
“ဘာဖြစ်လို့လဲ ယောက်ျား ကန်းလန်ကမ္ဘာကို ပြန်ချင်နေတာလား”
အခန်းတံခါးက ညင်သာစွာ ပွင့်သွားပြီး အနက်ရောင် ဝတ်စုံကို ဝတ်ထားသော မိန်းကလေးတစ်ဦး အခန်းထဲသို့ ဝင်လာသည်။
သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော ပခုံးသားများသည် တင့်တယ်စွာပေါ်လွင်နေပြီး ထူးခြားသောဆွဲဆောင်မှုတစ်ခုကို ဆောင်ကြဉ်းနေ၏။
သူမ၏ အသားအရေသည် နှင်းထက်ပင် ပို၍ဖြူဖျော့နေသော်လည်း အချို့နေရာများတွင် တစ်စုံတစ်ယောက်၏ လက်ရာအနီရောင်အမှတ်အချို့ကို မြင်တွေ့နိုင်သည်။
သူမ၏ ခန္ဓာကိုယ်သည် သေးငယ်လွန်းသဖြင့် အင်္ကျီ၏ အပေါ်ဘက် အနားသတ်သည် သူမ၏ ရင်ဘတ်နှင့် ဟနေ၏။ ကျိယွမ်သည် အနည်းငယ် ငုံ့ကြည့်လိုက်ရုံဖြင့် နှာခေါင်းသွေးလျှံလောက်ဖွယ် အလှတရားအားလုံးကို မြင်နိုင်သည်။
“မဟုတ်ပါဘူး၊ ငါ ပြန်ချင်ရင် အချိန်မရွေး ပြန်လို့ရတာပဲ။ ဒါပေမဲ့ အချိန်စီးဆင်းမှုက ကွာခြားနေတော့ ဂိမ်းမပြီးမချင်း ဒီမှာပဲ နေတာ ပိုကောင်းတယ်”
ကျိယွမ်က အလေးအနက် ဖြေကြားရင်းမှ နင်းထောင်ကို ရင်ခွင်ထဲတွင်
ပွေ့ပိုက်ထားလိုက်သည်။
“ငါ ဒီမှာ အနည်းဆုံး နှစ်တစ်ရာတော့ နေရမယ်။”
လူသားလမ်းစဥ်သိုင်းဘုရင်ဖြစ်ရန် ချန်ပီယံအောင်ပွဲပေါင်း တစ်ရာ လိုအပ်သည်။ယခု သူချန်ပီယံဖြစ်သည်မှာ တစ်ကြိမ်သာ ရှိသေးပြီး ကိုးဆယ့်ကိုးကြိမ်တိတိ ကျန်နေသေးသည်။
ထို့ကြောင့် နောက်ထပ် ကိုးဆယ့်ကိုးနှစ်နေရဦးမည် မဟုတ်ပါလား။
“နှစ်တစ်ရာဆိုရင်တော့ ခဏလေးပေါ့ ၊ တော်တော်လေး တိုတောင်းပါတယ်”
နင်းထောင်က ထိုသို့ရေရွတ်ပြီး သူမ၏အထီးကျန်လှသော အချိန်များကိုပြန်တွေးမိကာ ကျိယွမ်၏ရင်ခွင်ထဲသို့ ပို၍တင်းကြပ်စွာ တိုးဝင်လိုက်၏။
သူမသည်လည်း လွမ်းတတ်သူလေးမို့ လွမ်းရှာပုံရသည်။
“စိတ်မပူပါနဲ့၊ အခု ငါ့ရဲ့ စိတ်ဝိညာဥ်က ပြည့်စုံသွားပြီဆိုတော့ မင်းကို ကန်းလန်ကမ္ဘာဆီ အချိန်မရွေး ခေါ်သွားလို့ ရပါတယ်။ ကြယ်အမြုတေကိုတော့ ကောင်းကင်မှာပဲ ချိတ်ထားလိုက်မယ်။ အဲဒါက... မင်းမရှိရင်လည်း ကြယ်တွေကို ဝါးမျိုနိုင်မယ်လို့ ငါ ထင်တာပဲ”
ကျိယွမ်က သူမ၏ခံစားချက်ကို နားလည်စွာ နှစ်သိမ့်စကားဆိုသည်။
သူ၏စကားကို ကြားသောအခါ နင်းထောင်သည် ပျော်ရွှင်သွားပုံရသော်လည်း ခေါင်းခါ၏။
“ဟင့်အင်း၊ ကျွန်မ... ကောင်းကင်မှာ ခဏခဏနေပြီး နတ်ဘုရားနယ်ပယ် ကို နားလည်အောင် လုပ်ရဦးမယ်”
ကြယ်အမြုတေပေါ်တွင် သူမသည် အမြဲတမ်း မေ့လျော့ခြင်းနှင့် မမေ့လျော့ခြင်း ကြားတွင်ရှိနေခဲ့သည်။
အချိန်သည် သူမ၏နတ်ဘုရားနယ်ပယ်အတွက် အခြေခံအုတ်မြစ် ဖြစ်၏။
ကြယ်အမြုတေပေါ်တွင်သာ သူမသည် နတ်ဘုရားနယ်ပယ်ကို လျင်မြန်စွာ နားလည်နိုင်ပြီး သူမ၏ စွမ်းအားကို မြှင့်တင်နိုင်မည် ဖြစ်သည်။ တခြားနေရာတွင်မူ တိုးတက်မှု နှေးကွေးလွန်းပြီး နှစ်ပေါင်း ထောင်ချီ၊ သောင်းချီ သို့မဟုတ် သိန်းချီပင် ကြာနိုင်၏။
ကြယ်အမြုတေပေါ်တွင် နေထိုင်ခြင်းက သူမ၏ ကြီးထွားမှုကို မြန်ဆန်စေမည် ဖြစ်သည်။
အိုးကိုးလုံးတောင်ပေါ်တွင် ရှိစဉ်ကကဲ့သို့ ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ ဝင်သွားစဥ် ဘာမှ မတတ်နိုင်ဘဲ ငေးကြည့်ကာ ကျန်နေရစ်ရသည့် ဝန်ထုပ်ဝန်ပိုးမျိုး မဖြစ်ချင်တော့ပေ။ သူမသည် ကျိယွမ်၏ကာကွယ်ပေးခြင်း ခံရသည်ကို နှစ်သက်သော်လည်း အမြဲတမ်း ထိုသို့ မဖြစ်ချင်ပါ။
ကျိယွမ်သည် တစ်ခုခုကို စဉ်းစားရင်း တွန့်ဆုတ်နေမိသည်။
“မင်းရဲ့ နတ်ဘုရားနယ်ပယ်က အချိန်လမ်းစဉ်ပဲ။ ငါထင်တာကတော့... မင်း ဘွဲ့လွန်တွေ ထပ်တက်သင့်တယ်လို့ ထင်တယ်။ ဒီမှာရှိတဲ့ နည်းပညာတွေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ် အချိန်နဲ့ပတ်သတ်တဲ့ သီအိုရီတွေလေ ၊ ဖြစ်နိုင်တာက အဲဒါတွေက မင်းရဲ့ အချိန်လမ်းစဉ်အတွက် အထောက်အကူ ဖြစ်လိမ့်မယ်”
“ဘွဲ့လွန်တွေလား”
နင်းထောင် အနည်းငယ်အံ့အားသင့်သွားပြီး ကျိယွမ်၏စကားကို အလေးအနက် စဉ်းစားနေပုံရသည်။
“အဲဒီနောက် ပါရဂူဘွဲ့ (Ph.D.)ပါ ဆက်ယူလိုက်၊ မင်းက အမျိုးသမီး ပါရဂူကြီး ဖြစ်သွားမှာပေါ့”
ကျိယွမ်သည် တိုးတိုးလေး ရယ်မောလိုက်ပြီး သူမ၏နားရွက်လေးအနီးသို့ ကပ်ကာ မေးလိုက်၏။
“စကားပုံတစ်ခု ရှိတယ်၊ ‘ကမ်းပေါ်ရောက်ရင် ချစ်ရတဲ့သူနဲ့ အရင်ဆုံး အဆက်အသွယ် ဖြတ်’ တဲ့။ မင်းလည်း ပါရဂူဘွဲ့ ရပြီးရင် ငါ့ကို ကန်ထုတ်လိုက်မှာ မဟုတ်ပါဘူးနော်”
“ရှင်ကတော့လေ...”
နင်းထောင် အနည်းငယ် စိတ်ဆိုးသွားပုံရသည်။
“အခုပဲ ကန်ထုတ်လိုက်ရမလား”
“ဟားဟား.ဟားဟား..”
ကျိယွမ်က သဘောကျစွာရယ်မောလိုက်ပြီး သူမ၏ခါးလေးကို ထွေးပွေ့လိုက်သည်။
နင်းထောင်က မကန်သည့်အပြင် ကျိယွမ်၏လက်ထဲသို့ အလိုက်သင့်လေးပါလာ၏။
“တကယ်တော့ မသေမျိုးကျင့်ကြံမှုဟာလည်း သိပ္ပံနည်းကျ တစ်ခုလို့ ယူဆလို့ရပါတယ်။ ဒီကမ္ဘာမှာ ကြယ်တွေ အိုမင်းပြီး သေဆုံးသွားရင် တွင်းနက်ကြီးတွေ ဖြစ်လာနိုင်တယ်"
"တကယ် လို့ ငါ့ရဲ့အမြုတေကို အိုမင်းပြီး သေဆုံးခွင့် ပေးလိုက်ရင် အဲဒါကလည်း တွင်းနက်ကြီးဖြစ်သွားမှာလားမသိဘူး၊ မင်း သိတဲ့အတိုင်း တွင်းနက်ကြီးတွေဆိုတာ ဆန်းကြယ်တဲ့ ကောင်းကင်ဝတ္ထုတွေပဲ၊ ကြယ်တွေထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်။ အခုသာ ငါ တွင်းနက်တစ်ခုခုထဲ ဝင်လိုက်ရင် ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မယ်လို့ ခံစားရတယ်။”
သို့သော် ကျိယွမ်၏ ခန့်မှန်းချက်သာ ဖြစ်သည်။ သူသည် အာကာသတွင်းနက်ထဲသို့ မဝင်ဖူးသလို မြင်ပင် မမြင်ဖူးချေ။
ဤစကြဝဠာသည်... အနည်းငယ် ထူးဆန်းသည်။ သို့မဟုတ် ၎င်းသည် ဂလက်ဆီတစ်ခု၏ အရွယ်အစားခန့်သာ ရှိသော စကြဝဠာအသေးစားတစ်ခုဟု လည်း ယူဆနိုင်သည်။
ထိုသို့မဟုတ်သည်လည်း ဖြစ်နိုင်၏။
ကျိယွမ်၏ လက်ရှိစွမ်းအားသည် အသစ်အသစ်သောအရာများကို ရှာဖွေရန် အားနည်းနေသေးခြင်းကြောင့်လည်း ထိုမျှလောက်သာသိခြင်းလည်း ဖြစ်တန်ရာသည်။
“သေချာမသိသေးရင် စမ်းမကြည့်တာ ပိုကောင်းပါတယ်”
နင်းထောင်က ကျိယွမ်ကို စိုးရိမ်စွာ ပြောသည်။
“စိတ်မပူပါနဲ့၊ ငါက အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရှိပါတယ်”
သူသာ တည်ငြိမ်မှု မရှိပါက သူ၏ကြယ်အမြုတေကို အာကာသတွင်းနက်ကြီးအဖြစ် ပြောင်းလဲပြီးလောက်ပြီ ဖြစ်သည်။
ထို့ပြင် အခြားအကြောင်းရင်းတစ်ခုမှာ ချီယွမ်သည် သူ၏ ကြယ်အမြုတေကို လက်မလွှတ်နိုင်ခြင်းကြောင့်လည်းပါ၏။
သူ၏ အမြုတေသည် ကောင်းကင်ယံတွင် ချိတ်ဆွဲထားပြီး ကမ္ဘာအနှံ့ အလင်းပေးနေသည်မှာ မည်မျှ မိုက်သနည်း။
အနာဂတ်တွင် အမြုတေများ ပိုများလာသောအခါ ကောင်းကင်ယံတွင် သူ၏ နေမင်းကြီးများဖြင့် ပြည့်နှက်နေလိမ့်မည်။
“အင်း၊ ကျွန်မလည်း ကြိုးစားရမှာပေါ့”
ကျိယွမ်၏ အကြောင်းကို သိနေသောနင်းထောင်က အလေးအနက် ခေါင်းညိတ်ပြသည်။
“မင်း ကြိုးစားလို့ ရပါတယ်၊ဒါပေမဲ့ ငါ တို့အိပ်နေတဲ့ အချိန်မှာတော့ သိပ်ပြီး အားမစိုက်ပါနဲ့”
"တော်လိုက်တော့..."
ကျိယွမ်က ရှက်ရွံ့နေသောနင်းထောင်၏မေးဖျားကို လက်ဖြင့်ပင့်ကာ ကြင်နာစွာ ကြည့်ရင်း ပြောလိုက်သည်။
“မင်း နေမင်းကြီးပေါ်မှာ တစ်ယောက်တည်း ရှိနေတာ တော်တော်လေး ပျင်းစရာကောင်းမှာပဲ”
“အဲဒီမှာ ပူပေမဲ့ မပျင်းပါဘူး”
သူမက ချစ်စဖွယ် ပြုံးလိုက်ပြီး တစ်ခုခုကို သတိရသွားကာ သူမ၏ အသံသည် တွန့်ဆုတ်သွားသည်။
“ယောက်ျား .. စိတ်မပူပါနဲ့။ ရှင် ကျွန်မကိုလွမ်းတယ်ဆိုရင်... ကျွန်မကို အချိန်မရွေး ခေါ်လိုက်ပါ၊ ကျွန်မ........”
သူမ ပြောပြောဆိုဆိုဖြင့် ကျိယွမ်၏ ရင်ခွင်ထဲတွင် ပို၍ ရဲတင်းသော လှုပ်ရှားမှုများကို ပြုလုပ်လာသည်။
ထိုအခိုက်တွင် ကျိယွမ်၏ မျက်လုံးထဲတွင် လှည့်စားသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ကျူးယန်.. နင်းထောင်လိုလို ဟန်ဆောင်နေတာကို တော်လိုက်တော့"
“ဟင်”
ကျူးယန်၏ မျက်နှာလေးက ချက်ချင်း နီမြန်းသွားပြီး သူမ၏ ရဲတင်းသော လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်။
သူမသည် အနည်းငယ် ထိတ်လန့်သွားပုံဖြင့် သူ၏ရင်ဘက်အားထု၏။
“ကျိယွမ်၊ ရှင်ကတော့ လျှောက်ပြောနေတာပဲ”
သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ နှုတ်ခမ်းများသည် နွေးထွေးစွာအပိတ်ခံလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။
“အင်း...”
ခဏအကြာတွင် သူမသည် ကျိယွမ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး ကုတင်ပေါ်သို့ လဲကျသွားတော့သည်။
သူမက ကျိယွမ်ကို ကျောပေးကာ အမောတကောဖြင့် ထလိုက်၏။
“ဒါက ငါမှန်း နင်ဘယ်လို သိတာလဲ”
ကျိယွမ်က လူယုတ်မာပြုံး ပြုံးသည်။
"တကယ်လို့ နင်းထောင်သာဆိုရင်၊ ငါက အခု အောက်မှာ အဖိခံနေရမှာပေါ့”
ကျိယွမ်သည် သူမ၏ သွယ်လျသော ခါးကို ဆုပ်ကိုင်ထားရင်း ဂုဏ်ယူသော အကြည့်များဖြင့် ကြည့်နေသည်။
နင်းထောင်သည်လည်း သူမပင်ဖြစ်သလို ကျူးယန်သည်လည်း သူမပင် ဖြစ်ကြောင်း သူ နားလည်ပါသည်။
"နင်တို့က ဘယ်သူပဲဖြစ်ဖြစ်ပါ ၊ ငါဂရုအစိုက်ရဆုံးသူတွေပဲလေ"
ကျိယွမ်က ပါးစပ်ကတင်မဟုတ်ဘဲ လက်တွေ့ ဂရုစိုက်ပြလိုက်သဖြင့် ကျူးယန်း၏ ခန္ဓာကိုယ်လေး တွန့်သွား၏။
"အိုး...ဟင့်အင်း ...သွေးပုလဲ "
"အစ်မကြီးရှောင်ကျားကြည့်နေတယ်လို့ .."
ဟိုတယ်ခန်းမထဲတွင် ဖြစ်သည်။
ဟိုတယ်မန်နေဂျာ၏ နဖူးပေါ်တွင် ချွေးအေးများ ထွက်နေ၏။
မနေ့က သူသည် ဤနေရာတွင် မင်္ဂလာဆောင်တစ်ခု ကျင်းပမည်ဖြစ်ကြောင်း ဖုန်းလက်ခံရရှိခဲ့သည်။ အစပိုင်းတွင် သူသည် ၎င်းကို အော်ဒါအကြီးကြီးဟု ထင်ခဲ့သည်။
သို့သော်လည်း... စားပွဲတစ်လုံးတည်းတဲ့လား။
သူသည် ၎င်းကို အနည်းငယ် ရယ်စရာကောင်းပြီး သနားစရာကောင်းသည်ဟုပင် ထင်မိ၏။
စားပွဲတစ်လုံးတည်းနှင့် မင်္ဂလာဆောင်ခြင်းသည် မည်မျှချွေတာလှသနည်း။
သို့သော် သူ စဉ်းစားကြည့်လိုက်ပြီးနောက် စီးပွားရေးကလည်း သိပ်မကောင်းသဖြင့် ဇနီးမောင်နှံအသစ်အတွက် သီးသန့်အခန်းတစ်ခန်း ဖယ်ထားပေးပြီး လျှော့စျေးပင် ပေးခဲ့သေးသည်။
သို့သော် မကြာမီမှာပင် မမျှော်လင့်ထားသော ဧည့်သည်အုပ်စုတစ်စု ရောက်ရှိလာပြီး သူ့အား အထက်စီးဆန်သောညွှန်ကြားချက်အချို့ ပေးခဲ့သည်။
ထိုအချိန်ကျမှ ရယ်စရာဖြစ်နေသူမှာ မိမိကိုယ်ကိုယ်ဖြစ်ကြောင်း သူသိလိုက်ရသည်။
ထိပ်တန်း မင်းစိုးရာဇာ တစ်ဦးက သူ၏ ဟိုတယ်တွင် မင်္ဂလာဆောင် ကျင်းပနေခြင်း မဟုတ်ပါလား။
အစပိုင်းတွင် သူသည် ၎င်းကို ရိုးရိုးရှင်းရှင်းနေတတ်သော မင်းစိုးရာဇာတစ်ဦးဟု ထင်ခဲ့မိသည်။ အရာရှိများသည် ယနေ့ ကျင်းပမည့် ပွဲအကြောင်း မည်သည့်အရာကိုမျှ ထုတ်မပြောရန် လာရောက် ညွှန်ကြားခဲ့သောကြောင့်ပင်။
သို့သော်... သတို့သမီးသည် လူသား မဟုတ်ကြောင်းကိုမူ မည်သူကမျှ မပြောခဲ့ကြပေ။
မဟုတ်သေးဘူး... သူတို့ထဲမှ တစ်ဦးမှာ လူသားဖြစ်ပြီး အခြားတစ်ဦးမှာ မဟုတ်ပေ။
စားပွဲထိုးအဖြစ် ကိုယ်တိုင် တာဝန်ယူထားသော ဟိုတယ်မန်နေဂျာသည် သီးသန့်အခန်းထဲသို့ ဝင်သွားစဉ် ခြေထောက်များပင် တုန်ယင်နေခဲ့သည်။
ကောင်းသောအချက်မှာ သူတစ်ယောက်တည်း ထိုသို့ဖြစ်နေရခြင်း မဟုတ်ပေ။
အထဲတွင် အရက်ခွက်များကို ကိုင်ထားသော အမျိုးသားနှင့် အမျိုးသမီးတိုင်းသည် အရက်များ ဖိတ်စင်သွားသည်အထိ တုန်ယင်နေကြသည် မဟုတ်ပါလား။
ဘုရားသခင်...။
ဟိုတယ်မန်နေဂျာသည် သူ၏ ကမ္ဘာကြီး ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ဟိုတယ်က လူသားမဟုတ်သူ တစ်ဦးအတွက် ပထမဆုံးအကြိမ် မင်္ဂလာဆောင် လက်ခံကျင်းပပေးရခြင်း မဟုတ်ပါလား။
ထိုအချိန်တွင် သီးသန့်အခန်းထဲ၌ ကျိယွမ်သည် ဖျော်ရည်များ ပြည့်နေသော ခွက်ကို ကိုင်ထားပြီး လူတိုင်းကို ကြည့်လိုက်သည်။
“မင်းတို့ ဘာလို့ မပြုံးကြတာလဲ ၊ မင်းတို့က မပြုံးတတ်တဲ့ သဘာဝရှိလို့လား”
ခွမ်းဟွမ်က ချက်ချင်း ပြုံးလိုက်ပြီး
ခေါင်းငုံ့ကာ အဖြေပေး၏။
“မစ္စတာကျိ၊ အဲဒါက မစ္စနင်းထောင်က အရမ်းလှလွန်းလို့ ကျွန်တော်တို့ နည်းနည်း စိတ်လှုပ်ရှားနေတာပါ”
“ရှောင်ကျားကရော မလှဘူးလား”
ကျိယွမ်က မျက်ခုံးတွန့်ကာ မေးလိုက်သည်။ သူသည် ဘယ်သောအခါမှ မျက်နှာလိုက်ခြင်း မရှိပေ။
“လှ...လှပါတယ်”
ခွမ်းဟွမ်က အလေးအနက် ခေါင်းညိတ်လိုက်သည်။
လီယန်သည်လည်း သူမ၏ အရက်ခွက်ကို ကိုင်ထားရင်းမှ ခေါင်းကို အပြင်းအထန် ညိတ်လိုက်၏။
ထိုအခိုက်အတန့်တွင် သူမ၏ ခံစားချက်များ ရောထွေးနေခဲ့သည်။ သူမ၏ ယခင်အတွေးများကို ပြန်တွေးကြည့်မိသောအခါ ၎င်းတို့သည် ရယ်စရာကောင်းလှသည်ဟု ထင်မိ၏။
အစပိုင်းတွင် သူမသည် ကျိယွမ်ကို အလွန်ချောမောလွန်းသဖြင့် စိတ်ဝင်စားမှုပင် ရှိခဲ့သည်။
အခြားသော နာမည်ကြီး အနုပညာရှင်များအပေါ်တွင်လည်း သူမ ထိုသို့ ခံစားရလေ့ရှိ၏။သူမက အလှကြိုက်ခြင်းဟုပင် ဆိုနိုင်သည်။
သို့သော် ကျိယွမ်တွင် စိတ်ရောဂါ ရှိကြောင်း သိလိုက်ရသောအခါတွင်မူ ထိုခံစားချက်ကို သူမ ရိုက်ချိုးလိုက်သည်။ အမှန်စင်စစ် သူမအနေဖြင့် ထိုသို့ သိက္ခာအကျမခံနိုင်ပေ။
ယခုမူ ကျိယွမ်၏ ဇနီးများကို မြင်လိုက်သောအခါ.....။
တစ်ဦးမှာ နတ်သမီးတစ်ပါးကဲ့သို့ တောက်ပကာအလွန်လှပနေပြီး အခြားတစ်ဦးမှာမူ...လူမဟုတ်သော မင်္ဂလာဆောင်ဝတ်စုံကြီး ဖြစ်နေ၏။
သူမသည် မိမိကိုယ်ကိုယ် အလွန်ပင်တုံးအလွန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူမသာ မကပေ ။ယခုနေရာတွင် ရှိနေသူတိုင်းတွင် မတူညီသော အတွေးကိုယ်စီ ရှိနေကြသည်။
ဝူချီ၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်ယင်နေပြီး သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပေ။
ကျိယွမ်ကြောင့် သူမသည် သူမ၏ မန်နေဂျာနှင့် အဆင်မပြေ ဖြစ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ကားဆရာမအဖြစ် ကြိုးစားအလုပ်လုပ်ခဲ့သော်လည်း ကျိယွမ်ထံမှ ဘာမှ ပြန်မရခဲ့ပေ။
ယခု...မင်္ဂလာပွဲသို့ တက်ရောက်ခွင့် ရခြင်းသည်ပင် တန်ဖိုးရှိလှပြီ ဖြစ်သည်။
ထိုအချိန်တွင် ကျိယွမ်၏ အကြည့်သည် ကျုံးမြောင်၏ မျက်နှာပေါ်သို့ ကျရောက်သွား၏။
"ဒေါက်တာ.. မင်းရဲ့ ကျောက်ကပ် အားနည်းတဲ့ရောဂါ ဘယ်လိုလဲ”
ကျိယွမ်၏မေးခွန်းကြောင့် အားလုံး၏အကြည့်များက ကျုံးမြောင်ထံပေါ်သို့ ရောက်သွားသည်။
မစ္စတာကျိက ကျုံးမြောင်တွင် ကျောက်ကပ်အားနည်းနေသည်ဟု ပြောပါက ၎င်းသည် အမှန်တကယ်ပင် ဖြစ်ရမည်။
သို့သော် သူမကဲ့သို့ ငယ်ရွယ်သူတစ်ဦးတွင် ကျောက်ကပ်က အဘယ်ကြောင့် အားနည်းနေရသနည်း။
ကျုံးမြောင်၏ မျက်နှာသည် ချက်ချင်း နီမြန်းသွား၏။
“ငါ့မှာ ကျောက်ကပ် အားနည်းတဲ့ရောဂါ မရှိပါဘူး”
မူလက သူမသည် ကျိယွမ်ကို အခြားမိန်းကလေးများ၏ ဘဝကို မဖျက်ဆီးရန် လာရောက် ဖျောင်းဖျခြင်း ဖြစ်သည်။ အမှန်စင်စစ် စိတ်ရောဂါရှိသူတစ်ဦးနှင့် လက်ထပ်ခြင်းသည် အခြားသူများ၏ ဘဝကို ဖြုန်းတီးခြင်းသာ ဖြစ်၏။သူမအနေဖြင့် မိန်းမသားချင်း ကိုယ်ချင်းစာမိသည်။
သို့သော် ယခု သူ ဖျက်ဆီးနေသူများမှာ... ။
မင်္ဂလာဆောင်ဝတ်စုံကြီး ဖြစ်နေသည်ကို မြင်သောအခါ သူမ ပြင်ဆင်ထားသော စကားလုံးများအားလုံး ပြန်လည် မျိုချလိုက်ရ၏။
သူမ အခြား ဘာပြောနိုင်ပါဦးမည်နည်း။
သူမသည် ခေါင်းမာသော်လည်း လူမိုက်တော့ မဟုတ်ပေ၊ စိတ်ဝေဒနာရှင်လူနာက ရိုက်လိုက်သဖြင့် ဆေးရုံရောက်ကုန်သော ဆရာဝန်များကို သူမမြင်ဖူးပါသည်။
“မင်းရဲ့ သွေးအချို့ကို ငါ့ကို ပေးမလား၊ မင်းရဲ့ ကျောက်ကပ်အားနည်းမရောဂါကို ငါ လေ့လာကြည့်ပေးမယ်”
ကျိယွမ်က သဘောကောင်းစွာဆက်ပြောသည်။
ယခုအခါ သူကအမြုတေ အဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ ဝူချီ၏သွေးနှင့် ကွေ့ရန်မှ ခေါ်လာသော ကလေး၏ သွေးတို့တွင် ထူးခြားမှု ရှိနေသည်ကို ပို၍ပင် ခံစားမိနေသည်။
သူ့အတွက်မူ ၎င်းသည် အမှန်တကယ်ပင် အသုံးဝင်၏။ အကြောင်းမှာ ၎င်းသည် ဝိညာဉ်ကို အာဟာရပေးနိုင်သောကြောင့်ပင်။
ဖန်ထုန်ကမ္ဘာတွင် ကျိယွမ်သည် မူလဘူတနတ်ဘုရားများဖြင့် သူ၏စိတ်ဝိညာဥ်ကို တည်ဆောက်ခဲ့သည်။
ထိုစိတ်ဝိညာဥ်များသည် သူပင် ဖြစ်သကဲ့သို့ သူလည်း မဟုတ်ပေ။ ၎င်းတို့တွင် စစ်မှန်သော ကိုယ်ပိုင်ဝိညာဉ် အရိပ်အယောင်များ ကျန်ရှိနေသေးသည်။
သို့သော် ယခုအခါ ၎င်းတို့သည် အိပ်ပျော်နေကြပြီး ထိုစိတ်ဝိညာဥ်များကို အာဟာရဖြစ်စေရန်အတွက် ရှေးဟောင်းမှန်ထဲတွင် ထည့်ထားရသည်။
ယခုမူ သူသည် ပိုကောင်းသော နေရာတစ်ခုကို ရှာတွေ့ခဲ့လေပြီ။
၎င်းမှာ ဝူချီကဲ့သို့သော လူများပင် ဖြစ်သည်။
သူ၏စိတ်ဝိညာဥ်များကို ဤလူများထဲတွင် နေထိုင်ခွင့် ပေးလိုက်ပါက သူတို့၏ ခန္ဓာကိုယ်တွင် “အဖိုး” သို့မဟုတ် “အဖွား” အများအပြား ရှိလာမည် ဖြစ်သည်။
ဤ “အဖိုး” သို့မဟုတ် “အဖွား” များသည် တစ်ခါတစ်ရံ နိုးလာပြီး သူတို့၏ စွမ်းအားများ တိုးတက်အောင် လမ်းညွှန်ပေးမည် ဖြစ်ကာ သူတို့၏ ဝိညာဉ်များကို အာဟာရ ပေးပြီး စစ်မှန်စွာ နိုးထလာစေပေလိမ့်မည်။
ထိုစိတ်ဝိညာဥ်များ ကိုယ်တိုင် နိုးထလာပြီး သီးခြား ဖြစ်တည်မှုများ ဖြစ်လာပါက သူတို့ဘာသာ ကျင့်ကြံနိုင်မည်ဖြစ်၏။
အလွန်အစွမ်းထက်သော ကမ္ဘာဦးနတ်ဘုရားများနှင့် မိစ္ဆာများနှင့် ဆန်းကြယ်သော ဂြိုဟ်သားအမွေအနှစ်နေရာမှ အရင်းအမြစ်များကို ပေါင်းစပ်လိုက်ပါက ထိုဖြစ်တည်မှုများ၏ ကျင့်ကြံမှု တိုးတက်မှုသည် အံ့ဩစရာ ကောင်းမှာသေချာ၏။
၄င်းတို့၏ ဖြစ်နိုင်ခြေများသည် အကန့်အသတ်မရှိပေ။ တစ်ဦးချင်းစီသည် ယန်နတ်ဘုရားအဆင့်သို့ သေချာပေါက် ရောက်ရှိနိုင်သည်။
ထိုအချိန်ကျလျှင် ကျိယွမ်၏ စွမ်းအားသည် မည်သည့်အဆင့်သို့ ရောက်ရှိနေမည်နည်း။
သို့သော် ဤအရာများမှာ သူ၏ခန့်မှန်းချက်သာ ဖြစ်သည်။ ကျိယွမ်သည် ယခုအချိန်တွင် အမြုတေ အဆင့်၌သာ ရှိသေးပြီး စိတ်ဝိညာဥ်များကို ဆင့်ခေါ်ရန်အတွက် သူသည် ခရမ်းရောင် နန်းတော် အဆင့်သို့ ရောက်ရှိရန် လိုအပ်၏ ။ ၎င်းမှာ လောလောဆယ် ဝေးကွာနေသေးသည်။
ထိုအချိန်ကျလျှင် ဤကမ္ဘာသည် ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထမှုကို ခံစားရတော့မည်ဖြစ်ကာ များပြားလှသော ကျင့်ကြံခြင်း ကမ္ဘာများနှင့် ဆက်သွယ်မိပြီး ကျင့်ကြံခြင်းဂိုဏ်းအများအပြား ဆင်းသက်လာကာ ဤနေရာမှတပည့်များကို လက်ခံပြီး အမွေအနှစ်များကို ချန်ထားရစ်လိမ့်မည်။
ထိုအချိန်တွင် ကျိယွမ်သည် လှည့်လည်သွားလာရင်း “အဖိုး” များနှင့် “အဖွား” များကို ပို့ဆောင်ပေးကာ ထိုဂိုဏ်းများနှင့် တပည့်လုနေရပေလိမ့်မည်။
ဆရာဝန်ကျုံးမြောင်သည် ကျိယွမ်၏ မျက်လုံးထဲတွင် ဝူချီနှင့် ဆင်တူသော်လည်း မတူညီသော အချက်များ လည်း ရှိနေသည်။
ထို့ကြောင့် ကျိယွမ်သည် နောက်ထပ် စုံစမ်းစစ်ဆေးရန်အတွက် သူမ၏ သွေးတစ်စက်ကို လိုချင်နေခြင်းပင်။
“ကျွန်မမှာ ကျောက်ကပ် အားနည်းတဲ့ရောဂါ မရှိပါဘူး၊ ပြီးတော့ ရှင့်ကို ကျွန်မရဲ့ သွေးကိုလည်း မပေးနိုင်ဘူး”
ကျုံးမြောင်သည် သတိထားနေပုံရသည်။ ကျိယွမ်နှင့် အကြိမ်ပေါင်းများစွာ ထိတွေ့ဖူးသဖြင့် သူမသည် သူ့ကို သိပ်တော့မကြောက်ပါ။
ကျိယွမ်၏စိတ်ဝေဒနာမှာ ဆိုးရွားသောအဆင့်ထဲတွင် မပါဝင်ပေ။
“နှမြောစရာပဲ၊ မင်း အဖွားတစ်ယောက်နဲ့ လွဲသွားပြီ”
ကျိယွမ်က သက်ပြင်းချလိုက်သည်။ သူသည် မည်သူ့ကိုမျှ အတင်းအကျပ် မလုပ်တတ်ပါ။
“ကျွန်မရဲ့ အဖွားက ဆုံးသွားတာ ကြာလှပြီကို”
ကျုံးမြောင်က ပြန်ပြောလိုက်၏။
“ဒါကြောင့်လည်း မင်းကို အဖွားတစ်ယောက် အကြံပေးချင်တာပေါ့။ မင်းသာ ကြိုက်မယ်ဆိုရင် အဖိုးတစ်ယောက်ကိုလည်း အကြံပေးလို့ ရတယ်”
ကျိယွမ်သည် အလွန်ပင် ရက်ရောလှ၏။ သူ့တွက် စိတ်ဝိညာဥ် လေးထောင်ကျော် ရှိနေသဖြင့် သူသည် လူများကို ပိုမို ရှာဖွေရန် လိုအပ်နေသည်။
“မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်”
ကျုံးမြောင်သည် ကျိယွမ်၏ စိတ်အခြေအနေ ပိုဆိုးလာသည်ဟု သံသယဝင်လာ၏။
“မနှစ်က ကျွန်မ ပေးထားတဲ့ ဆေးတွေကိုရော သောက်ရဲ့လား”
သူမသည် ကြင်နာသော စိတ်ဖြင့် မေးမြန်းလိုက်သည်။
ကျိယွမ်သည် ဆွံ့အသွားရသည်။
“မင်းရဲ့ ကျောက်ကပ်အားနည်းမှုကိုပဲ အရင် စိုးရိမ်လိုက်ပါ။ မင်းကို ကြည့်ရတာ အိပ်ရေးမဝတာ ကြာလှပြီ။ အိပ်မက်ဆိုးတွေ အခုလိုဆက်မက်နေမယ်ဆိုရင် တစ်နေ့ကျရင် မင်း ဆုံးသွားနိုင်တယ်”
ထိုစကားကို ကြားသောအခါ ကျုံးမြောင်၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။
ထိုအိပ်မက်များသည် အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလှသည် မဟုတ်ပါလား။
ထိုအချိန်တွင် ကျိယွမ်က ဝူချီကို ကြည့်လိုက်၏။
“ခဏနေရင် မင်းဆီကို အဖွားတစ်ယောက် ပို့ပေးမယ်၊ ဟုတ်ပြီလား”
ဝူချီ၏ စိတ်ထဲတွင် ဗလာ ဖြစ်သွားသည်။
သူက သူမကို ဘာကြောင့်အဖွားတစ်ယောက် ပေးရသနည်း။
သို့သော် သူမတွင် ကျုံးမြောင်ကဲ့သို့ ငြင်းဆန်ရန် သတ္တိမရှိသဖြင့် နှုတ်ခမ်းကို ကိုက်ကာ သဘောတူလိုက်ရသည်။
“ဟုတ်ကဲ့၊ ကျွန်မ သူ့ကို ကိုယ့်အဖွားအရင်းလိုပဲ ပြုစုပါ့မယ်”
“အေးအေး ...ဖြစ်နိုင်ရင် အဖွားကြီးတစ်ယောက်နဲ့ အဖွားငယ်တစ်ယောက် ပို့ပေးမယ်”
ကျိယွမ်က ခေါင်းညိတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်ရာ ဝူချီမှာ မချိပြုံးလေးဖြင့် ခေါင်းညိတ်ရှာ၏။
“ဟုတ်ကဲ့ပါ"
သူမ ဘာတတ်နိုင်တော့မည်နည်း။
လူအိုတွေကို စောင့်ရှောက်ဖို့ အိမ်ငှားထပ်ခေါ်ရတော့မှာပေါ့။ တစ်ယောက်တည်းဆိုတော်သေးတယ် ၊ အခုက နှစ်ယောက်တောင် ။
ဝမ်ရွှီသည်လည်း သူတို့စကားပြောနေသည်ကို ကြည့်ရင်းမှ ရီဝေဝေ ဖြစ်နေသည်။
ဤနေရာမှ စကားဝိုင်းများသည် သူ နားလည်ရန် အလွန် မြင့်မားလွန်းလှ၏။
အရက်နည်းနည်းပါးပါး သောက်ပြီးနောက် မင်္ဂလာပွဲသည် ပျော်ရွှင်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။
လူတိုင်းကို နှုတ်ဆက်ပြီးနောက် ကျိယွမ်သည် နင်းထောင်ကို ပွေ့ပိုက်ကာ သတို့သမီးလေး၏ လက်ကို ဆွဲပြီး သူတို့၏ အိမ်သို့ ပြန်လာခဲ့ကြ၏။
ကျိယွမ်က ပျင်းရိစွာဖြင့် ပြောလိုက်သည်။
“နောက်ဆုံးတော့ ငါ့ရဲ့ ကိုယ်ပိုင်ပွဲကို စားလိုက်ရပြီ၊ ဒါပေမဲ့ ဒါက မင်္ဂလာပွဲ ဖြစ်နေတယ်။ ပြီးခဲ့တဲ့ အခေါက်က နာရေးပွဲကို လွဲချော်ခဲ့တာဟာ ငါ့ဘဝရဲ့ အကြီးမားဆုံး နောင်တပဲ ဖြစ်လိမ့်မယ်”
မိမိ၏ နာရေးပွဲကို မတက်ရောက်နိုင်ခြင်း၊ မိမိ၏ ပွဲတွင် မစားနိုင်ခြင်းတို့သည် ဘဝ၏ အကြီးမားဆုံး နောင်တသုံးမျိုးထဲမှ တစ်ခုပင်။
အကယ်၍ အခြားနှစ်မျိုးက ဘာလဲဟု မေးလာပါက ကျိယွမ်မသိပါ။ ယခုနောင်တရစရာကိစ္စကပင် သူကိုယ်တိုင် လုပ်ကြံပြောလိုက်ခြင်း ဖြစ်သဖြင့် အခြားနှစ်မျိုးကိုလည်း သိမနေပါ။
သူ့ဘာသာအချိန်တန်ရင် ပေါ်လာလိမ့်မယ်။
“အဲဒါကို ပြန်စီစဉ်လို့ ရတာပဲ”
ကျူးယန်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူမက သေးသွယ်ပြီး ချစ်စဖွယ် ကောင်းလှ၏။
သူမသည် ကျိယွမ်၏ မျက်လုံးများနှင့် တန်းတူညီစေရန် အနည်းငယ် ခုန်ခုန် ပြောရသဖြင့် ကျိယွမ်က သူမကို အမြဲ အနီးကပ် ပွေ့ပိုက်ထားရသည်။
“ထားလိုက်ပါတော့၊ အဲဒါက နိမိတ်မကောင်းဘူး”
ကျိယွမ်က ပျင်းရိစွာ ပြောလိုက်ပြီးနောက် သူသည် လက်ကို ဝေ့ယမ်းလိုက်သည်။
“ကြည့်စမ်း၊ ငါ မင်းအတွက် ဘာဝယ်လာလဲဆိုတာ ”
ကျူးယန်သည် ကျိယွမ် ပေးသောအရာကို အမြန်ယူပြီး ဖွင့်ကြည့်လိုက်၏။
သူမ၏ မျက်နှာသည် ချက်ချင်း နီမြန်းသွားပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။
“နေ့ခင်းကြောင်တောင်ကြီးနော်..သွေးပုလဲ”
“ဟေး... နင် ဘာတွေ တွေးနေတာလဲ၊နင်ဘွဲ့လွန်တက်ချင်တယ် မဟုတ်လား၊ ငါက နင့်အတွက် ကျောင်းဝတ်စုံ ဝယ်လာတာလေ”
“ဟင်"
ကျူးယန်၏ မျက်နှာသည် ပို၍ နီမြန်းသွားပြီး ကျိယွမ်၏ပုခုံးအား ကိုက်လိုက်လေသည်။
“မင်း ဒီ ထျန်းယွဲ့ မြို့မှာ စာမေးပွဲ ဖြေလို့ရအောင် ငါ အားလုံး စီစဉ်ပြီးပြီ”
ကျိယွမ်က ဂုဏ်ယူစွာ ပြောလိုက်၏။
“ဟွန်း”
ကျူးယန်က မျက်စောင်းထိုးကာ ခေါင်းညိတ်ပြ၏။
“တကယ်လို ကျွန်မက ဘွဲ့လွန်တက်နေရင်၊ ရှင်ကရော ဘာလုပ်မှာလဲ”
“ငါက သိုင်းပညာကို ဆက်ကျင့်မယ်၊ ပြီးတော့... ဟော်ယွမ်ကမ္ဘာက မစ်ရှင်က စတော့မယ်လို့ ငါ ခံစားနေရတယ်။ ငါ အဲဒီထဲဝင်ပြီး မစ်ရှင်ကို အပြီးသတ်ရမယ်။”
ကျူယန်းက သက်ပြင်းချ၏။
“နှမြောစရာပဲ၊ ကျွန်မ အဲဒီထဲ လိုက်လို့မရဘူး ၊ ပြီးတော့ ... ဟူး... စာကျက်ရတာ... အဲဒါက တော်တော် စိတ်ညစ်ဖို့ ကောင်းမှာပဲ”
***