“ကလေး... မင်းကတော့ သေတွင်းတူးနေတာပဲ” ဟု ချင်ယွမ်ဖုန်းအား ကဲ့ရဲ့လှောင်ပြောင်ခဲ့သော လူသည် ချက်ချင်းပင် စိုက်ကြည့်လာပြီး အချိန်မရွေး တိုက်ခိုက်တော့မည့် အသွင်ရှိချေသည်။
ချင်ယွမ်ဖုန်းကမူ မထီမဲ့မြင် ပြုံးလိုက်၏။ ထိုလူသုံးဦးမှာ ပထမအဆင့် မဟာဆရာအဆင့်မျှသာ ရှိကြသေးရာ အလယ်အလတ်အဆင့် မှော်သားရဲများဖြစ်သော အကြေးခွံပါ ဝံပုလွေ သုံးကောင်နှင့် ပေါင်းလျှင်ပင် ချင်ယွမ်ဖုန်းအား အလွယ်တကူ ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် အလောင်းကောင်ရုပ်သေး နှစ်ခုကိုသာ ထုတ်သုံးလိုက်ပါက ချင်ယွမ်ဖုန်းအနေဖြင့် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်သုံးဦးလုံးအား အမှုန့်ချေပစ်နိုင်သည်။
သို့သော်လည်း ကံဆိုးစွာပင် ထိုသုံးဦးမှာ ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်ကို မခန့်မှန်းနိုင်ကြသကဲ့သို့ ဝမ်ချိုင်၏ အဆင့်ကိုလည်း ရိပ်မိခြင်း မရှိကြချေ။
“ဟင်း... မင်းက စကားပြော တော်တော်ရိုင်းတာပဲ။ ဒီနေ့တော့ ငါ တကယ်ပဲ အမြင်ကျယ်သွားရတယ်။ ငါတို့ သုံးယောက်က ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းကပဲ မင်းကရော ဘယ်ဂိုဏ်းမှာ ပညာသင်ခဲ့တာလဲလို့ မေးပါရစေ” ဟု ခေါင်းဆောင်ဖြစ်သူက အေးစက်စွာ ပြောဆိုလာသည်။
ချင်ယွမ်ဖုန်းလည်း ချက်ချင်းပင် သဘောပေါက်သွား၏။ ထိုသူတို့မှာ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ ဖြစ်ကြပေရာ အဖိုးတန်လှသော အကြေးခွံပါ ဝံပုလွေများကို စီးနင်းနိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ဆေးနတ်ဘုရားဂိုဏ်းကဲ့သို့ပင် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းသည်လည်း ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်သော်လည်း ၎င်းတို့မှာ သားရဲများကို ယဉ်ပါးအောင် ပြုလုပ်သည့် ပညာရပ်၌ အကျော်ကြားဆုံး ဖြစ်သည်။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း၏ တပည့်များသည် အဆင့်မြင့် မှော်သားရဲများကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခြင်းကို ဂုဏ်ယူကြပြီး သားရဲတစ်ကောင်ကို ယဉ်ပါးစေခြင်းဖြင့် ဂိုဏ်း၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်ကြ၏။
ထို့ကြောင့် တိုက်ခိုက်ရေး စွမ်းရည်ပိုင်းတွင်မူ သားရဲယဉ်ပါးအောင် ပြုလုပ်သည့်ဂိုဏ်းသည် ဆေးနတ်ဘုရားဂိုဏ်းထက် ယေဘုယျအားဖြင့် ပိုမိုသာလွန်သည်ဟု ဆိုနိုင်သည်။
ထို့အပြင် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း၏ ဌာနချုပ်မှာ အင်ပါယာ၏ နယ်မြေအတွင်း တည်ရှိသည် မဟုတ်ပေ။
နန်ဝူးမြို့၏ အနောက်တောင်ဘက် မိုင် ၃၀၀ ကျော်အကွာတွင် အကွေ့အကောက်များသော တောင်တန်းနှစ်ခု ဝန်းရံထားသည့် ချိုင့်ဝှမ်းတစ်ခု ရှိရာ ထိုနေရာသည် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း တည်ရှိရာ ဖြစ်သည်။
ထိုနေရာမှ တောင်ဘက်သို့ ဆက်သွားလျှင်မူ လုယွဲ့အင်ပါယာ မဟုတ်တော့ဘဲ ကမ်းရိုးတန်း နိုင်ငံတစ်ခုဖြစ်သည့် ချင်းယွမ်အင်ပါယာသို့ ရောက်ရှိမည် ဖြစ်၏။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း၏ အနောက်ဘက်တွင် နိုင်ငံနှစ်ခုကို ဆက်သွယ်ထားသော လမ်းမကြီးတစ်ခု ရှိသည်။ ထိုလမ်း၏ ညာဘက်တွင် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းး ရှိပြီး ဘယ်ဘက်တွင်မူ ပင်လယ်ပြင်အထိ ဆန့်တန်းနေသော အပြာရောင် တောင်တန်းကြီး ရှိနေပေသည်။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းနှင့် ဤအပြာရောင် တောင်တန်းကြီးသည် လုယွဲ့အင်ပါယာနှင့် ချင်းယွမ်အင်ပါယာတို့၏ နယ်နိမိတ် ဖြစ်လာခဲ့၏။
သို့သော်လည်း အင်ပါယာ နှစ်ခုလုံးက ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းကို ပိုင်ဆိုင်လိုကြသော်လည်း မည်သူမျှ တပ်စေလွှတ်၍ တိုက်ခိုက်ခြင်း မပြုလိုကြပေ။
နောက်ဆုံးတွင်မူ ထိုနေရာကို အင်ပါယာ နှစ်ခုလုံးက မပိုင်ဆိုင်ရန် သဘောတူညီခဲ့ကြသည်။
ထို့ကြောင့် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းသည် လုယွဲ့အင်ပါယာတွင်လည်း မပါဝင်သကဲ့သို့ ချင်းယွမ်အင်ပါယာ၏ လက်အောက်ခံလည်း မဟုတ်ဟု ဆိုနိုင်ပေသည်။
သို့ရာတွင် ဂိုဏ်းတည်ရှိရာ ချိုင့်ဝှမ်း၌ ထွက်ပေါက်နှစ်ခု ရှိရာ တစ်ခုမှာ လုယွဲ့အင်ပါယာသို့ ဦးတည်ပြီး အခြားတစ်ခုမှာ ချင်းယွမ်အင်ပါယာသို့ ဦးတည်နေချေသည်။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်သုံးဦး ဤနေရာ၌ ပေါ်လာခြင်းမှာ အံ့ဩဖွယ်ရာ မရှိပေ။
“ငါကတော့ ကိုယ့်ဂိုဏ်းအမည်ကို တခြားလူတွေကို ပြောပြရတာ ဝါသနာ မပါဘူး။ အဲဒါက ကလေးတွေ ရန်ဖြစ်ရင် လူကြီးကို တိုင်တာနဲ့ တူနေလိမ့်မယ်”
ချင်ယွမ်ဖုန်းသည် တဟားဟား ရယ်မောရင်း ဝမ်ချိုင်ပေါ်မှ ခုန်ဆင်းကာ မြို့ထဲသို့ ဖြည်းညှင်းစွာ လမ်းလျှောက် ဝင်သွားသည်။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်သုံးဦးလုံး မျက်နှာပျက်သွားကြသော်လည်း နောက်မှနေ၍ မြို့ထဲသို့ ဝင်လာကြ၏။
“ ကျားလျန်ဖုန်းထံမှ အာဃာတတန်ဖိုး +၆၆”
“ ယန်ကျင်းဝေထံမှ အာဃာတတန်ဖိုး +၅၃”
“ကျန်းယုံချန်းထံမှ အာဃာတတန်ဖိုး +၉၉”
ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ ပြုံးလိုက်မိသည်။
ထိုသူတို့သည် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်သုံးဦး ဖြစ်ရပေမည်။
သို့သော် သူသည် ထိုသူတို့အား အရေးမစိုက်ဘဲ ချန်ဟုန်း ကုန်သည်ကြီးများအသင်းသို့ တိုက်ရိုက် ဦးတည်သွားသည်။
လက်ရှိတွင် တတိယအဆင့် ဝိညာဉ်ဆေးမြက်များ သို့မဟုတ် မျိုးစေ့များ ရရှိနိုင်မည့် တစ်ခုတည်းသော နေရာမှာ ချန်ဟုန်း ကုန်သည်ကြီးများအသင်း ဖြစ်သည်ဟု ချင်ယွမ်ဖုန်း စဉ်းစားမိသည်။
အကယ်၍ အဆင်မပြေပါက ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်ရန် ကြိုးစားရပေလိမ့်မည်။
ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်ရန် အနည်းငယ် တွန့်ဆုတ်နေ၏။
သူသည် ဆေးနတ်ဘုရားဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သော်လည်း ဂိုဏ်းအပေါ် သံယောဇဉ် မရှိလှပေ။ ဆေးနတ်ဘုရားဂိုဏ်းထံမှ ပစ္စည်းများ တောင်းခံခြင်းမှာ သူတစ်ပါးကို ကျေးဇူးတင်ရှိနေရသကဲ့သို့ ခံစားနေရသည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းထံမှ တောင်းခံခြင်းထက် ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူခြင်းကိုသာ ပိုမိုနှစ်သက်ပေသည်။
ချန်ဟုန်း ကုန်သည်ကြီးများအသင်းသို့ ဝင်လိုက်သည်နှင့် ချင်ယွမ်ဖုန်းသည် ဧည့်သည်များကို ကြိုဆိုနေသော ရှောင်ယားကို ချက်ချင်း မြင်လိုက်ရသဖြင့် နှုတ်ခမ်း၌ အပြုံးတစ်ခု ပေါ်လာသည်။
ဝမ်ချိုင်ကိုမူ ချင်ယွမ်ဖုန်းက အဝင်ဝ၌ပင် ထားခဲ့၏။
ဝမ်ချိုင်သည်လည်း အလွန်ပင် လိမ္မာပေသည်။ ၎င်းသည် မြေပြင်ပေါ်တွင် ဝပ်နေရင်း စတင် ငိုက်မြည်းနေတော့သည်။
ထိုအချိန်တွင် ရှောင်ယားသည်လည်း ချင်ယွမ်ဖုန်းကို မြင်သွားရာ မျက်ဝန်း၌ ဝမ်းသာရိပ်များ ပြည့်နှက်သွား၏။ အကြောင်းရင်း မသိရသော်လည်း ချင်ယွမ်ဖုန်း၌ နွေးထွေးပြီး ဖော်ရွေသော အရှိန်အဝါ တစ်မျိုး ရှိသည်ဟု သူမ အမြဲ ခံစားရသည်။
“သခင်လေးချင်၊ ပြန်ဆုံကြပြန်ပြီနော်” ဟု ရှောင်ယားက ပြုံးလျက် နှုတ်ဆက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြလိုက်၏။ သူတို့နှစ်ဦးကြားတွင် ထူးခြားသော ဆက်ဆံရေး မရှိသော်လည်း ချင်ယွမ်ဖုန်းသည် ရှောင်ယားအတွက် ပုံမှန်ဖောက်သည် တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
“ဟုတ်ကဲ့၊ မိန်းကလေးရှောင်ယား... ကျွန်တော် ဝိညာဉ်ဆေးမြက် မျိုးစေ့တချို့ ဝယ်ချင်လို့ပါ။ ဆေးမြက်ပဲ ဖြစ်ဖြစ် ရပါတယ်။ အဆင့် ၃ ဒါမှမဟုတ် အဲဒီထက် မြင့်တာမျိုး ဆိုရင် ဖြစ်ပါတယ်” ဟု ချင်ယွမ်ဖုန်းက ပြောလိုက်သည်။
“အဆင့် ၃ ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ ဝိညာဉ်ဆေးမြက်လား” ရှောင်ယားက မျက်မှောင်ကြုတ်လိုက်ပြီး “ဒီမှာ အနည်းငယ်တော့ ရှိပါတယ်။ ဒါပေမဲ့ အမျိုးအစား သိပ်မစုံဘူး။ သခင်လေးချင် ရှာနေတာမျိုး ဟုတ်၊ မဟုတ်တော့ မသိဘူး”
“တတိယအဆင့်ထက် မြင့်ရင် ဘာမဆို ရပါတယ်” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။
ရှောင်ယားက ခေါင်းငြိမ့်ပြကာ ချင်ယွမ်ဖုန်းကို ခန်းမ၏ ဘေးဘက်သို့ ခေါ်ဆောင်သွား၏။
“ဒါနဲ့ သခင်လေးချင်က ဒီဝိညာဉ်ဆေးမြက်တွေကို ဘာလုပ်ဖို့ လိုတာလဲ” ဟု ရှောင်ယားက ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။
“ဩော်... ကျွန်တော်က ဂိုဏ်းမှာ စိုက်ပျိုးရေး တာဝန်ခံလေ” ဟု ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ဖြေကြားလိုက်၏။
ရှောင်ယားသည် ဇဝေဇဝါ ဖြစ်သွားသော်လည်း သူမ၏ ကောင်းမွန်သော ယဉ်ကျေးမှုကြောင့် မည်သူ့ကိုမျှ အထင်သေးခြင်း မပြုပေ။
“တကယ် မယုံနိုင်စရာပဲ။ သခင်လေးချင်က ဒီလောက် ခန့်ညားတဲ့ လူငယ်တစ်ယောက် ဖြစ်နေတာပဲ။ နောင်တစ်ချိန်မှာ ထူးကဲ သာလွန်တဲ့သူ ဖြစ်လာမှာ အသေအချာပဲ။ အခုလို စိုက်ပျိုးရေး လုပ်နေရတာ နှမြောစရာပဲနော်”ရ
ဤသည်မှာ ရှောင်ယား၏ စိတ်ရင်းအမှန် ဖြစ်ကြောင်း ချင်ယွမ်ဖုန်း သိနိုင်ပေသည်။ “ကျွန်တော်က စိုက်ပျိုးရတာကို ဝါသနာပါတယ်လေ။ ဘယ်လောက်အထိ အောင်မြင်မလဲ ဆိုတာကတော့ ကိုယ့်ကြိုးစားမှုအပေါ်မှာပဲ မူတည်ပါတယ်”
ရှောင်ယားက ခေါင်းငြိမ့်ကာ ချင်ယွမ်ဖုန်းအား ဝိညာဉ်ဆေးမြက်များ ရောင်းချသည့် နေရာသို့ ခေါ်ဆောင်သွားသည်။
ချန်ဟုန်း ကုန်သည်ကြီးများအသင်းသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ နံပါတ်တစ် ကုန်သည်ကြီးများအသင်း ဆိုသည့်အတိုင်း ရောင်းချသည့် ဝိညာဉ်ဆေးမြက်များမှာ အလွန်ပင် ရှားပါးပြီး သက်တမ်းလည်း ရင့်ကြပေသည်။
ချင်ယွမ်ဖုန်း ဝန်းကျင်ကို ကြည့်လိုက်ရာ တတိယအဆင့် ဝိညာဉ်ဆေးမြက် ၅ မျိုးနှင့် စတုတ္ထအဆင့် ဝိညာဉ်ဆေးမြက် ၁ မျိုးသာ ရှိပြီး ထိုထက် မြင့်သည်မှာ မရှိချေ။
“အဆင့် ၃ နဲ့ အထက်က ဒီလောက်ပဲ ရှိတာလား” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
ထိုနေရာရှိ တာဝန်ခံ ဝန်ထမ်းသည် အမြန်ပင် လျှောက်လာပြီး “ဟုတ်ကဲ့ သခင်လေး... သခင်လေး သိတဲ့အတိုင်း အဆင့် ၃ နဲ့ အထက် ဝိညာဉ်ဆေးမြက်တွေက အရမ်းရှားပါတယ်။ ရှိရင်လည်း အကုန်လုံး ဆေးလုံးအဖြစ် ဖော်စပ်ပစ်ကြတာပါ။ ဆေးလုံးရဲ့ ဈေးနှုန်းက ဆေးမြက်ထက် အဆပေါင်းများစွာ ပိုမြင့်တယ် ဆိုတာ သခင်လေး သိမှာပါ” ဟု ရှင်းပြသည်။
ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လိုက်သော်လည်း စိတ်ထဲ၌ အနည်းငယ် စိတ်ပျက်သွားမိသည်။ ချန်ဟုန်း ကုန်သည်ကြီးများအသင်းသည် ဝိညာဉ်ဆေးမြက်များကို ရရှိပါက ဆေးလုံးအဖြစ် အရင်ဆုံး ဖော်စပ်မည်မှာ အသေအချာပင်။
ထို့အပြင် ၎င်းတို့သည် ဆေးဖော်စပ်သူ အများအပြားနှင့် ဆက်ဆံရေး ရှိထားပေရာ အဆင့်မြင့် ဝိညာဉ်ဆေးမြက်များကို ရရှိပါက ထိုသူတို့ထံသို့သာ အရင်ဆုံး ပေးပို့ကြလိမ့်မည်။
“ဝိညာဉ်ဆေးမြက်ရဲ့ မျိုးစေ့တွေရော ရှိလား” ဟု ချင်ယွမ်ဖုန်းက မေးလိုက်ပြန်သည်။
ဝန်ထမ်းဖြစ်သူက ခေါင်းခါပြကာ “ဝိညာဉ်ဆေးမြက် မျိုးစေ့တွေကလည်း ဒီဆေးမြက် အမျိုးအစားတွေထဲကပဲ ရှိတာပါ။ ဝိညာဉ်ဆေးမြက်တွေက စိုက်ပျိုးဖို့ ခက်ခဲတဲ့အပြင် မျိုးစေ့တွေက ပိုတောင် ရှားပါသေးတယ်” ဟု ဆိုသည်။
ချင်ယွမ်ဖုန်း စိတ်ပျက်သွားသော်လည်း ရှိသမျှ ဝိညာဉ်ဆေးမြက် ၆ မျိုးလုံးကို ထုတ်ပိုးခိုင်းလိုက်ရာ စုစုပေါင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃၀၀၀ ခန့် ကျသင့်လေသည်။ စတုတ္ထအဆင့် ဝိညာဉ်ဆေးမြက် တစ်ခုတည်းကပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ကျသင့်ခဲ့သည်။
ဤစတုတ္ထအဆင့် ဝိညာဉ်ဆေးမြက်မှာ သွေးဂျင်ဆင်း ဖြစ်ပြီး လတ်ဆတ်သော သွေးများ၌ နှစ်စိမ်ထားသကဲ့သို့ တစ်ကိုယ်လုံး နီရဲနေ၏။
သွေးဂျင်ဆင်းသည် စတုတ္ထအဆင့် ဆေးလုံး အများအပြား၏ အဓိက ပါဝင်ပစ္စည်း ဖြစ်သောကြောင့် အလွန်ပင် အဖိုးတန်လှပေသည်။
ထို့အပြင် ဤသွေးဂျင်ဆင်းသည် သက်တမ်း နှစ်တစ်ရာကျော်ပင် ရှိနေပြီ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်” ချင်ယွမ်ဖုန်းသည် ဝိညာဉ်ကျောက်တုံးများဖြင့် ငွေချေလိုက်ပြီး ဝိညာဉ်ဆေးမြက် အားလုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
“ဒါနဲ့ မိန်းကလေးရှောင်ယား... ချန်ဟုန်း ကုန်သည်ကြီးများအသင်းမှာ ဆေးမီးဖိုတွေရော ရောင်းလားလို့ သိချင်ပါတယ်” ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။
“ဆေးမီးဖိုလား... သခင်လေးချင်က ဆေးဖော်စပ်သူ တစ်ယောက်လည်း ဖြစ်နေတာလား” ဟု ရှောင်ယားက ပြုံးလျက် မေးမြန်းလိုက်လေသည်။
***