ယေဘုယျအားဖြင့် ဆိုရသော် ကျင့်ကြံသူ ပညာရှင်အများစုမှာ ဆေးဖော်စပ်သူများလည်း ဖြစ်ကြချေသည်။
၎င်းတို့သည် ဆေးဖော်စပ်ခြင်း အတတ်ပညာကို အထိုက်အလျောက် နားလည်ကြပြီး ပထမအဆင့် ဆေးလုံးများမှာမူ ရှားပါးခြင်းမရှိသလို ဖော်စပ်ရန်လည်း လွယ်ကူလှပေသည်။
သို့ရာတွင် အဆင့်မြင့် ဆေးဖော်စပ်သူတစ်ဦး ဖြစ်လာစေရန်မှာမူ ပါရမီနှင့် ကြိုးစားအားထုတ်မှု နှစ်ရပ်လုံး လိုအပ်ပေရာ အဆင့်မြင့် ဆေးဖော်စပ်သူများမှာ အလွန်ပင် ရှားပါးလှသကဲ့သို့ တန်ဖိုးလည်း ကြီးမားလှသည်။
“ခဏတဖြုတ် စမ်းသပ်ဖော်စပ်ကြည့်ရုံပါပဲ” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုလိုက်သည်။
အရောင်းဝန်ထမ်း အမျိုးသမီးငယ် ရှောင်ယားသည် ချင်ယွမ်ဖုန်းအား ဆေးမီးဖိုများ ရောင်းချရာ နေရာသို့ လမ်းပြခေါ်ဆောင်သွားလေသည်။
ထိုနေရာတွင် ဆေးမီးဖိုများသာမက အစီအရင် လက်မှတ်များ၊ စုတ်တံနှင့် ဟင်္သာပြဒါး အစရှိသည့် ဆေးဖော်စပ်ရာတွင် လိုအပ်သော ပစ္စည်းအစုံအလင်ကိုလည်း တွေ့ရပေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဆေးမီးဖိုများကို လှည့်ပတ်ကြည့်ရှုပြီးနောက် စိတ်တိုင်းမကျသကဲ့သို့ ဖြစ်နေ၏။
ရတနာလက်နက်များကဲ့သို့ပင် ဆေးမီးဖိုများကိုလည်း အဆင့်ကိုးဆင့် ခွဲခြားထားရာ ဆေးမီးဖို အဆင့်မြင့်လေလေ ဆေးဖော်စပ်သူများအတွက် ပြီးပြည့်စုံသော ဆေးလုံးများ ဖော်စပ်ရာတွင် ပိုမို အထောက်အကူပြုလေလေ ဖြစ်သည်။
၎င်းသည် ကျင့်ကြံသူတစ်ဦးအတွက် နတ်ဘုရားလက်နက်သဖွယ် မရှိမဖြစ် အရေးပါလှပေ၏။
သို့သော် ဤနေရာ၌ အမြင့်ဆုံးအဆင့်မှာ ဒုတိယအဆင့် ဆေးမီးဖိုသာ ဖြစ်သဖြင့် ချင်ယွမ်ဖုန်းအတွက် လက်ခံနိုင်စရာ မရှိချေ။
ထိုမျှသော အဆင့်ရှိ ဆေးမီးဖိုမှာ ဆေးဖော်စပ်ရန်အတွက်သာ သုံးနိုင်ပြီး အခြားသော အထောက်အကူပေးနိုင်စွမ်းမှာ အလွန်ပင် နည်းပါးလှသည်။
“သခင်လေးချင်... နှစ်သက်တာ တစ်ခုမှမရှိဘူးလားရှင့်” ဟု ရှောင်ယားက အနားသို့ ဖြည်းညင်းစွာ လျှောက်လာရင်း မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “ဒီထက် အဆင့်မြင့်တာမျိုး ရှိသေးလား” ဟု ပြန်မေး၏။
ရှောင်ယားက ရယ်မောရင်း “သခင်လေးချင်ကလည်း... ကျွန်မတို့ဆီမှာ ပစ္စည်းစုံတယ်ဆိုပေမဲ့ ဆေးမီးဖို သီးသန့်ရောင်းတဲ့နေရာတော့ မဟုတ်ဘူးလေ၊ တကယ်လို့ သခင်လေးက သင့်တော်တဲ့ ဆေးမီးဖိုကို ရှာနေတာဆိုရင် မြို့ထဲက ဆေးဖော်စပ်သူများအသင်းကို သွားကြည့်ဖို့ အကြံပြုပါရစေ” ဟု ဆိုလေသည်။
“ဆေးဖော်စပ်သူများအသင်း ဟုတ်လား” ချင်ယွမ်ဖုန်းသည် ထိုအမည်ကို ရင်းနှီးခြင်းမရှိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဆေးဖော်စပ်သူများအသင်းဆိုတာ ဆေးဖော်စပ်သူများ မဟာမိတ်အဖွဲ့ရဲ့ အတိုကောက်ပါပဲ၊ ဒါဟာ ဒီတိုက်ကြီးပေါ်မှာ ဆေးဖော်စပ်ခြင်းနဲ့ ပတ်သက်ရင် အာဏာအရှိဆုံး အဖွဲ့အစည်းလို့ ပြောလို့ရတယ်၊ ဆေးဖော်စပ်သူတိုင်းဟာ တခြားသူတွေရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် ဒီအသင်းရဲ့ အသိအမှတ်ပြုလက်မှတ်ကို အရင်ယူကြရတာပါ”
ဟု ရှောင်ယားက အေးဆေးစွာ ရှင်းပြသည်။
“ဪ... ဒီလိုကိုး၊ ငါကတော့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုအဆင့်ပေါ်မှာပဲ မူတည်တယ် ထင်နေတာ” ချင်ယွမ်ဖုန်းက ပြုံး၍ ဆို၏။
“အဲဒါလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ တစ်ခါတလေ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြဖို့ လိုလာတဲ့အခါ ကိုယ့်ဘာကိုယ် ပြောနေတာထက် ဆေးဖော်စပ်သူများအသင်းရဲ့ အဆင့်သတ်မှတ်ချက်က ပိုပြီး ယုံကြည်စိတ်ချရတာပေါ့” ဟု ရှောင်ယားက ဆိုသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်မိ၏။ “ဒါဆိုရင်တော့ ဆေးဖော်စပ်သူများအသင်းကို တစ်ခေါက်သွားဖို့ လိုပြီပဲ၊ ဒါနဲ့ မိန်းကလေးရှောင်ယား... အခုလို တခြားနေရာမှာ သွားဝယ်ဖို့ အကြံပေးတာက မင်းအတွက် အပြစ်ပေးခံရစရာ မဖြစ်နိုင်ဘူးလား”
“သခင်လေးချင်ကလည်း... ကျွန်မတို့ ချန်ဟုန်း ကုန်သည်ကြီးများအသင်းမှာလည်း ပစ္စည်းတိုင်းတော့ မရှိနိုင်ပါဘူး၊ ဒါဟာ ကျန်းမာတဲ့ ယှဉ်ပြိုင်မှုတစ်ခုပါပဲ” ဟု ရှောင်ယားက ပြုံးလျက် ပြန်ပြောလေသည်။
“တိုက်ကြီးရဲ့ နံပါတ်တစ် ကုန်သည်ကြီးများအသင်းပီပီ သဘောထားကြီးလှပေစွ” ဟု ချင်ယွမ်ဖုန်း မချီးကျူးဘဲ မနေနိုင်တော့ပေ။
“ဒါနဲ့ မိန်းကလေးရှောင်ယား... ဒီမှာ စက္ကူနဲ့ ကလောင် ရှိသလား”
“ရှိပါတယ်ရှင်” ရှောင်ယားသည် ချင်ယွမ်ဖုန်းထံသို့ စက္ကူနှင့် ကလောင်ကို အမြန်ယူဆောင်လာပေး၏။
ချင်ယွမ်ဖုန်းသည် အစီအရင် လက်မှတ်များ၊ ဟင်္သာပြဒါး၊ ဝိညာဉ်ဆေးမြက်များနှင့် ဆေးပင်များ အပါအဝင် လိုအပ်သည်များကို စာရင်းပြုစု၍ ရေးချလိုက်သည်။
ယင်းတို့အနက် အချို့မှာ ဆေးဖော်စပ်ရန်အတွက်ဖြစ်ပြီး အချို့မှာမူ အလောင်းကောင်ရုပ်သေး ပြုလုပ်ရန်အတွက် ဖြစ်ချေသည်။
ရှောင်ယားသည် ထိုစာရင်းကို ယူ၍ ပစ္စည်းများ သွားရောက်ရွေးချယ်ပေးပြီးနောက် မကြာမီမှာပင် အထုပ်ကြီးတစ်ထုပ်နှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
ချင်ယွမ်ဖုန်းသည် ဝိညာဉ်ကျောက်တုံးများဖြင့် ငွေချေပြီးနောက် ပစ္စည်းအားလုံးကို သိုလှောင်အိတ်အတွင်းသို့ ထည့်ကာ ရှောင်ယားကို နှုတ်ဆက်လိုက်လေသည်။
ရတနာအကဲဖြတ်ခန်းကို ဖြတ်သန်းသွားစဉ် အဘိုးချန်အား နှုတ်ဆက်ခဲ့ပြီးနောက် ချန်ဟုန်း ကုန်သည်ကြီးများအသင်းမှ ထွက်ခွာလာခဲ့၏။ အဘိုးချန်သည် ထွက်ခွာသွားသော ချင်ယွမ်ဖုန်း၏ ကျောပြင်ကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်မိသော်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် ချင်ယွမ်ဖုန်းထံမှ ထူးခြားသော အရှိန်အဝါတစ်ခုကို အာရုံခံမိနေသည်။
ထိုအရှိန်အဝါမှာ အလွန်ပင် စွမ်းအားကြီးမားလှပေစွ။
ယခုအခါ ဆေးမီးဖိုတစ်ခုသာ လိုတော့သော်လည်း အခြားသော စတုတ္ထအဆင့် ဝိညာဉ်ဆေးပင်များကိုမူ မည်သည့်နေရာတွင် ရှာရမည်ကို သူ မသိသေးချေ။
ချင်ယွမ်ဖုန်းသည် ကုန်သည်ကြီးများအသင်းမှ ခြေလှမ်းစထွက်သည်နှင့် မြို့ဝင်ပေါက်တွင် သူ့ကို လှောင်ပြောင်ခဲ့ကြသော ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်သုံးဦးကို လှမ်းမြင်လိုက်ရသည်။
၎င်းတို့သည် ၎င်းတို့၏ ဝိညာဉ်သားရဲများပေါ်တွင် ထိုင်လျက် မြို့ထဲ၌ ဟိတ်ဟန်အပြည့်ဖြင့် လှည့်လည်နေကြ၏။
ဘေးပတ်ဝန်းကျင်ရှိ လူအများကလည်း ထိုတပည့်သုံးဦးကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထိုသူတို့မှာ သားရဲများကို မမြင်ဖူးခြင်းကြောင့် မဟုတ်ဘဲ သားရဲများကို စီးနင်းလာသူများကို တွေ့ရခဲသောကြောင့် ဖြစ်၏။
မှော်သားရဲအဆင့် ရောက်ရှိသွားပြီ ဖြစ်ပါက ၎င်းတို့တွင် အထိုက်အလျောက် အသိဉာဏ်ရှိကြပြီး လူသားတို့ထံ အလွယ်တကူ အညံ့ခံလေ့ မရှိကြပေ။
ထို့ကြောင့် ဝိညာဉ်သားရဲများကို ယဉ်ပါးအောင် ဆုံးမနိုင်သူတိုင်းမှာ ထူးခြားသူများဟု ဆိုနိုင်ပေသည်။
“ဘာတွေ ဟန်ဆောင်နေကြတာလဲ၊ မင်းတို့ပဲ သားရဲတွေကို ဆုံးမနိုင်တာ ကျနေတာပဲ၊ ငါ ပြန်ရောက်ရင် ငါလည်း စွမ်းအားကြီးတဲ့ သားရဲတချို့ကို ဆုံးမပြမယ်” ဟု ချင်ယွမ်ဖုန်းက ခပ်တိုးတိုး ဆိုလိုက်သည်။
ဝမ်ချိုင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ချင်ယွမ်ဖုန်း၏ ဘေးနားသို့ ဖြည်းညင်းစွာ လျှောက်လာ၏။ သခင်နှင့် ခွေးသည် နန်ဝူးမြို့ရှိ ဆေးဖော်စပ်သူများအသင်း ခွဲရှိရာသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
ထင်မှတ်မထားသည်မှာ သူတို့သွားမည့်နေရာနှင့် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်သုံးဦး သွားမည့်နေရာမှာ အတူတူပင် ဖြစ်နေခြင်းဖြစ်၏။
“ကမ္ဘာငယ်လေးက တကယ်ကို ကျဉ်းတာပဲ” ဟု ချင်ယွမ်ဖုန်း စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း မျက်နှာတွင်မူ မည်သည့်အရိပ်အယောင်မျှ မပြချေ။
ချင်ယွမ်ဖုန်းသည် ရှေ့သို့ အလုအယက် မတိုးသော်လည်း မြို့ဝင်ပေါက်တွင် သူ့ကို စော်ကားခဲ့သော ကျန်းမျိုးနွယ်ဝင် တပည့်က သူ့ကို မြင်သွားလေသည်။
“ဒါ ခွေးစီးတဲ့ ကောင်လေး မဟုတ်လား၊ ငါတို့နောက်ကို ဘာလို့ လိုက်နေတာလဲ” ဟု ထိုတပည့်က ခက်ထန်စွာ မေးမြန်းလိုက်၏။
“ဂျူနီယာညီလေး ကျန်း...” ခေါင်းဆောင်ဖြစ်သူက နောက်သို့ လှည့်ကြည့်ကာ ကျန်းမျိုးနွယ်ဝင်အား ဟန်ဆောင်ပန်ဆောင် ဟန့်တားလိုက်ပြီးနောက် ချင်ယွမ်ဖုန်းကို ကြည့်လိုက်သည်။
“... ငါ့ညီလေးရဲ့ စကားက နားဝင်မချိုဘူး ဆိုပေမဲ့ ငါတို့နောက်ကို တောက်လျှောက် လိုက်လာရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ”
ချင်ယွမ်ဖုန်းသည် ခဏမျှ ကြောင်အသွားပြီးနောက် တဟားဟား ရယ်မောလိုက်တော့သည်။ “ဒီလမ်းက မင်းတို့ အိမ်ပိုင်လမ်းမို့လို့လား၊ မင်းတို့ လျှောက်ရရင် ငါရော မလျှောက်ရဘူးလား”
“ဒါကတော့ ဆင်ခြေပေးတာပဲ၊ မင်း ငါတို့နောက်ကို တောက်လျှောက် လိုက်လာတာ ထင်ရှားနေတာပဲ” ဟု ထိုသူက ဒေါသတကြီး အော်ဟစ်လိုက်ရာ ၎င်း၏ အရှိန်အဝါများ ထွက်ပေါ်လာပြီး ၎င်းသည် ဒုတိယအဆင့် မဟာဆရာတစ်ဦး ဖြစ်ကြောင်း သိသာသွားလေသည်။
ချင်ယွမ်ဖုန်းပင်လျှင် ထိုသူ၏ ကျင့်စဉ်အဆင့်ကို ခန့်မှန်းမှားသွားခဲ့၏။ သို့သော်လည်း ချင်ယွမ်ဖုန်းမှာ ကြောက်ရွံ့ခြင်းမရှိချေ။
“ငါ့ကို ခြောက်လှန့်ဖို့ မကြိုးစားပါနဲ့၊ ငါက မကြောက်တတ်ဘူး၊ ငါသွားချင်တဲ့နေရာ ငါသွားမှာပဲ၊ ငါက မင်းတို့နောက်ကို လိုက်နေတယ်လို့ပဲ မင်းတို့ ဇွတ်ပြောနေရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး”
ချင်ယွမ်ဖုန်းသည် ထိုသူတို့သုံးဦးကြားမှ တိုးထွက်ကာ တည့်တည့်သာ လျှောက်သွားလိုက်ပြီး ၎င်းတို့နှင့် ငြိစွန်းလိုခြင်း မရှိတော့ချေ။
ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်၌ လူအများ စုရုံးလာကြပြီး ပွဲကြည့်ချင်နေကြသော်လည်း ချင်ယွမ်ဖုန်းက ထွက်ခွာသွားသဖြင့် စိတ်ပျက်သွားကြလေသည်။
ထိုစဉ် ကျန်းမျိုးနွယ်ဝင် ကျင့်ကြံသူသည် အာဃာတဖြစ်လျက် ၎င်း၏ခြေထောက်နှစ်ဖက်ကို ညှစ်လိုက်ရာ ၎င်းစီးနင်းလာသော သားရဲသည် ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားပြီး ရှေ့ခြေနှစ်ဖက်ကို မြှောက်လျက် ချင်ယွမ်ဖုန်း၏ ကျောပြင်ကို နင်းချရန် ပြင်လေတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူအများမှာ ထိတ်လန့်တကြား အာမေဍိတ်သံများ ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်းအတွက် စိုးရိမ်မကင်း ဖြစ်သွားကြ၏။
သို့သော် ထိုခဏ၌ ဝမ်ချိုင်သည် ရုတ်တရက် လှည့်ကြည့်ကာ သားရဲအား စူးစိုက်ကြည့်လိုက်လေသည်။
သားရဲ၏ မျက်လုံးများအတွင်း ကြောက်ရွံ့မှုများ ချက်ချင်း ပြည့်နှက်သွားပြီး နောက်သို့ ဆုတ်သွားကာ ၎င်း၏ ကျောပေါ်မှ ကျန်းမျိုးနွယ်ဝင် ကျင့်ကြံသူကို မြေပေါ်သို့ ပစ်ချလိုက်လေတော့ရာ ထိုသူမှာ မြေပေါ်တွင် တုန်တုန်ရင်ရင်ဖြင့် လဲလျောင်းနေရရှာ၏။
ချင်ယွမ်ဖုန်းသည် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ ဤကျန်းမျိုးနွယ်ဝင် လူငယ်မှာ သူ့ထံသို့ ယုံကြည်မှုတန်ဖိုးများ ပေးအပ်ခဲ့သော ကျန်းယုံချန်းပင် ဖြစ်တန်ရာသည်။
“မင်းက ကျန်းယုံချန်းလား၊ ဝိညာဉ်သားရဲရဲ့ အစွမ်းကို အားကိုးပြီး နန်ဝူးမြို့ထဲမှာ ငါ့ကို ရန်ပြုချင်တာလား၊ နန်ဝူးမြို့မှာ လူမရှိဘူးလို့ မင်း ထင်နေလား၊ မင်းက လုယွဲ့အင်ပါယာက မဟုတ်ရုံနဲ့ ငါက မင်းကို မဆုံးမနိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား”
ချင်ယွမ်ဖုန်းသည် မြေပေါ်တွင် လဲကျနေသော ကျန်းယုံချန်းထံသို့ တစ်လှမ်းချင်း လျှောက်သွားရင်း ပြင်းထန်သော ပြစ်မှုတစ်ခုဖြင့် စွပ်စွဲလိုက်လေတော့သတည်း။
***