ရှောင်ဝမ်လုံက လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
"ငါ့တူလေး... တို့ပြန်ဆုံကြပြန်ပြီပေါ့... မင်းက အရင်တစ်ခေါက်ထက်တောင် ပိုပြီး ချောလာပါလား... ဒါပေမဲ့ မင်းက စေ့စပ်ထားပြီးသားဆိုတော့ နှမြောစရာပဲ... ဒီက ကောင်မလေးတွေတော့ ရင်ကွဲကုန်ကြတော့မှာပဲ"
ရှောင်ဝမ်လုံ၏ အသံမှာ မကျယ်လှသော်လည်း ခန်းမဆောင်၏ ထောင့်တိုင်းသို့ ရှင်းလင်းစွာ ပျံ့နှံ့သွားသည်။
"ဘာ... လုမိသားစု အမွေခံက စေ့စပ်ပြီးသား ဟုတ်လား"
"ဒါကို ဘယ်သူမှလည်း မပြောကြပါလား... ဘာလို့ အရင်က သတင်းတစ်စွန်းတစ်စတောင် မကြားခဲ့ရတာလဲ... ဒါဆို ငါတို့က ဒီကို အလကားသက်သက် လာခဲ့ရတာပေါ့"
လှပစွာ ဝတ်ဆင်ထားကြသော သူဌေးသမီးလေးများမှာ ရင်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရပြီး သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် စိတ်ပျက်သွားကြတော့သည်။ သူတို့က ယနေ့တွင် လုမိသားစု အမွေခံ၏ မျက်နှာသာပေးမှုကို ရရှိနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ တစ်ဖက်လူမှာ စေ့စပ်ထားပြီးသား ဖြစ်နေသည်။
အင်အားကြီး အဖွဲ့အစည်းများမှ လူကြီးအချို့မှာလည်း အနည်းငယ် နှမြောသွားကြသည်။ မူလက သူတို့၏ သမီးများကို လုချန်နှင့် မိတ်ဆက်ပေးရန် ကြံစည်ထားကြခြင်း ဖြစ်သည်။ သို့သော် ယခုမူ မေးခွန်းတစ်ခု ထွက်ပေါ်လာသည်မှာ သူက မည်သူနှင့် စေ့စပ်ထားသနည်း။
မည်သည့် မိသားစုမှ အမျိုးသမီး ဖြစ်သနည်း ကျုံးမိသားစုမှ မင်းသမီးလေးလား သို့မဟုတ် လန်မိသားစုမှ သမီးကြီးလား ထိုမိသားစုနှစ်ခုလုံးသည် အစောပိုင်းက လက်ဆောင်အမြောက်အမြား ပေးခဲ့ကြသည် မဟုတ်ပါလား။
တိတ်ဆိတ်သော အကြည့်များစွာမှာ ခန်းမအတွင်းရှိ အမျိုးသမီးငယ်များဆီသို့ ရေဒါများကဲ့သို့ ကျရောက်သွားကြသည်။ လူတိုင်း၏ စပ်စုလိုသော သဘာဝမှာ အထွတ်အထိပ်သို့ ရောက်နေသော်လည်း လုချန်နှင့် အခြားသိရှိသူများကမူ လော့နျန်ဝေ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လုံးဝ ထုတ်ဖော်မပြောရန် ဆုံးဖြတ်ထားကြသည်။ ထိုသို့ပြောလိုက်ခြင်းက သူမ၏ တက္ကသိုလ်ကျောင်းသားဘဝကို အဆုံးမရှိသော နှောင့်ယှက်မှုများသာ ယူဆောင်လာမည် မဟုတ်ပါလား။
လုချန်က ရှောင်ဝမ်လုံအား စကားမပြောနိုင်ဘဲ စိုက်ကြည့်လိုက်မိသည်။ ဤလူကြီးမှာ ဘာကြောင့် ဤမျှအထိ ပွင့်လင်းနေရသနည်း ကျွန်တော့်ကို မောင်းမမိဿံ ရွေးချယ်ခံနေရတဲ့သူလို့ ထင်နေတာလား။ ရှောင်ဝမ်လုံက အားရပါးရ ရယ်မောပြီးနောက် ပြောလိုက်သည်။
"ဥက္ကဋ္ဌကြီးက လက်ရှိမှာ အရေးကြီးတဲ့ ကျင့်ကြံခြင်း အဆင့်တစ်ခုကို ဖောက်ထွက်ဖို့ အစွမ်းကုန် ကြိုးစားနေလို့ လူကိုယ်တိုင် မလာနိုင်ဘူး ဒါပေမဲ့ သူက မင်းအတွက် လက်ဆောင်တစ်ခုတော့ ယူလာပေးဖို့ မှာလိုက်တယ်"
သူက ပြောရင်းနှင့် လုချန်၏ လက်ထဲသို့ ကျောက်ခဲအသေးလေး တစ်လုံး ထည့်ပေးလိုက်သည်။ လုချန်က ထိုအရာကို စူးစမ်းစွာ ကြည့်လိုက်သည်။ ဒုတိယဥက္ကဋ္ဌ ပေးသည့် လက်ဆောင်မှာ သာမန်အရာတော့ မဟုတ်တန်ရာ။ သို့သော် ခန်းမအတွင်းရှိ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီးများမှာမူ ထိုကျောက်ခဲလေးကို မြင်လိုက်ရသည့်အခါ မျက်နှာများမှာ ရုတ်ချည်း ပြောင်းလဲသွားကြသည်။ လုဟုန်တောက်၊ လုကျန့်လျန်နှင့် လုကျန့်မုန်းတို့ပင်လျှင် မျက်လုံးများ ပြူးသွားကြပြီး ထိုကျောက်ခဲလေးကို အံ့အားသင့်စွာ စိုက်ကြည့်နေမိကြသည်။
"ဒါ... ငါထင်နေတဲ့ အရာတော့ မဟုတ်ပါဘူးနော်"
လုချန်က လူတိုင်း၏ တုံ့ပြန်မှုကို သတိထားမိလိုက်သည်။ ဤကျောက်ခဲမှာ မယုံနိုင်လောက်သော တန်ဖိုးရှိကြောင်း သူ ချက်ချင်း နားလည်လိုက်သည်။ သူက ရှောင်ဝမ်လုံကို မော့ကြည့်ကာ မေးလိုက်သည်။
"ဥက္ကဋ္ဌကြီး... ဒါကဘာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ ရမလား"
ရှောင်ဝမ်လုံက တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒါက လျှို့ဝှက်နယ်မြေတစ်ခုဆီ သွားနိုင်တဲ့ အမှတ်အသားပဲ"
လုချန်က မျက်မှောင်ကြုတ်လိုက်သည်။ "လျှို့ဝှက်နယ်မြေကို သွားဖို့ အမှတ်အသား လိုလို့လား"
ရှောင်ဝမ်လုံက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"မဟုတ်ဘူး... လျှို့ဝှက်နယ်မြေတိုင်းမှာ အမှတ်အသား မလိုဘူး.. ဒါပေမဲ့ ဒီလျှို့ဝှက်နယ်မြေကတော့ ထူးခြားတယ်။ ဒါက စူပါလျှို့ဝှက်နယ်မြေတစ်ခုနဲ့ ဆက်စပ်နေတာ... မင်း စမ်းသပ်မှု မျှော်စင်အကြောင်း ကြားဖူးမှာပေါ့"
"ငါတို့ လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံးသော ရတနာဖြစ်တဲ့ အဲဒီမျှော်စင်နဲ့ တခြား ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တဲ့ ပစ္စည်းတွေကို အဲဒီ စူပါလျှို့ဝှက်နယ်မြေထဲကနေ ရခဲ့တာပဲ ပြီးတော့ ဒီကျောက်ခဲကလည်း အဲဒီထဲက မြင့်မားတဲ့ စင်မြင့်တစ်ခုပေါ်မှာ တလေးတစား တင်ထားတဲ့ ပစ္စည်းတွေထဲက တစ်ခုပဲ"
"နောက်ပိုင်းမှာ ငါတို့ အဲဒီ စူပါလျှို့ဝှက်နယ်မြေထဲမှာ တခြား ကမ္ဘာသစ်တစ်ခုဆီ သွားနိုင်တဲ့ ဝင်ပေါက်တစ်ခုကို တွေ့ခဲ့တယ် ဒါပေမဲ့ အဲဒီဝင်ပေါက်ကို အစွမ်းထက်လွန်းတဲ့ အတားအဆီးတစ်ခုက ပိတ်ဆို့ထားတယ်... ဥက္ကဋ္ဌကြီး ကိုယ်တိုင်တောင် အဲဒါကို ဖျက်စီးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ဘူး"
လုချန်က ထိုစကားကို ကြားရသည့်အခါ အလွန်ပင် အံ့အားသင့်သွားရသည်။ ဥက္ကဋ္ဌကြီးမှာ သက်ရှိဒဏ္ဍာရီတစ်ခု ဖြစ်သည်။ စစ်နတ်ဘုရား ပြန်လည်ရောက်ရှိခြင်းဟူသော ဝိညာဉ်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး တိုက်ခိုက်သည့်အခါတွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ သူ၏ အခြေခံခွန်အားကို ၂၅ ဆအထိ မြှင့်တင်နိုင်သည်။ အဆင့်B ၏ အထွတ်အထိပ် ဒသမအလွှာ ပညာရှင်ကြီး ဖြစ်သလို ကောင်းကင်ခွဲ ဓားသိုင်း နှင့် ပေါင်းစပ်လိုက်လျှင် မည်မျှအထိ အစွမ်းထက်မည်ကို ခန့်မှန်းရန်ပင် ခက်လှသည်။
သို့သော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးပင် ထိုအတားအဆီးကို မဖျက်နိုင်ခဲ့ပေ။ ဤလျှို့ဝှက်နယ်မြေထဲတွင် မည်ကဲ့သို့သော အံ့ဖွယ်အရာများ ရှိနေမည်ကို စဉ်းစားကြည့်ရုံနှင့် ရင်ခုန်စရာပင်။ ရှောင်ဝမ်လုံက ဆက်ပြောသည်။
"နောက်ပိုင်း ငါတို့ သုတေသန လုပ်ကြည့်တော့မှ အသက် ၂၀ မပြည့်ခင်မှာ အဆင့်Dကို ဖောက်ထွက်နိုင်တဲ့သူနဲ့ ဒီအမှတ်အသား ရှိတဲ့သူမှသာ အဲဒီလျှို့ဝှက်နယ်မြေထဲကို ဝင်နိုင်မယ်ဆိုတာ ငါတို့ သိခဲ့ရတယ်"
လုချန်က ယခုမှပင် ဤလက်ဆောင်၏ အရေးကြီးပုံကို နားလည်သွားတော့သည်။ ဤကျောက်ခဲက လူသားမျိုးနွယ်၏ အနာဂတ် ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သော၊ လူ့လောက၏ အမြင့်မြတ်ဆုံးသော ရတနာတစ်ပါးပင် ဖြစ်သည်။ သို့သော် ယခုမူ ဒုတိယဥက္ကဋ္ဌက ထိုအရာကို လုမိသားစု အမွေခံ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ဒါဟာ လုချန်က အသက် ၂၀ မတိုင်ခင် အဆင့်Dကို ဖောက်ထွက်နိုင်လိမ့်မယ်လို့ ဆိုလိုတာလား။ ခန်းမအတွင်းရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများမှာ ဆွံ့အသွားကြပြီး သူတို့၏ စိတ်ထဲတွင် အတွေးများစွာ ဗယောက်ဗယက် ဖြစ်ကုန်ကြသည်။ ခေတ္တအကြာတွင် သူတို့ ခေါင်းခါလိုက်မိကြသည်။
“မှားနေပြီ... ငါတို့ ဘာလို့ သူ့ဆီက ဘာအငွေ့အသက်မှ မခံစားရတာလဲ... အဲဒါက ဘာကို ဆိုလိုတာလဲ”
အဘိုးကြီးများ၏ မျက်ဝန်းများက လှုပ်ခတ်သွားကြတော့သည်။
***