"ဒါဆိုလည်း... ကောင်းပါပြီ"
လုချန်က အန္တရာယ်ကင်းသော ပုံစံမျိုးဖြင့် ညင်သာစွာ ပြောလိုက်သည်။ "မင်းက ဒီလောက်တောင် ဖြစ်ချင်နေမှတော့ ငါကလည်း မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
"ဟက်..."
ကုထျန်းယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သဘောထားကြီးဟန်ဖြင့် ပြောလိုက်သည်။ "မင်း အဲဒီလောက်ကြီး တည်ကြည်နေဖို့ မလိုပါဘူး။"
သူ၏ အသံမှာ ခန်းမတစ်ခုလုံးကို ဟိန်းထွက်သွားသည်။ "ငါ မင်းကို အလျှော့ပေးပါ့မယ်... ငါ့ရဲ့ ခွန်အားအကုန်လုံးကို မသုံးဘဲ ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မင်းနဲ့ အတူတူ အဆင့်E ပထမအလွှာအထိပဲ လျှော့ချပြီး တိုက်ပေးမယ်"
ထိုစကားကြောင့် ခန်းမတစ်ခုလုံး နောက်တစ်ကြိမ် ဆူညံသွားပြန်သည်။ အံ့သြတုန်လှုပ်ဖွယ်ရာ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။
"သူ ဘာပြောလိုက်တာလဲ... လုချန်က အဆင့်E ဟုတ်လား" တစ်စုံတစ်ယောက်က မအောင့်နိုင်ဘဲ အော်လိုက်မိသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူ ပါရမီနိုးထတာ ဆယ်ရက်ပဲ ရှိသေးတာ မဟုတ်ဘူးလား... လုဇနီးမောင်နှံ ကိုယ်တိုင်လည်း ဒါကို အတည်ပြုထားတာပဲလေ... သာမန်လူတစ်ယောက်ကနေ ဆယ်ရက်အတွင်း အဆင့်Eကို ဖောက်ထွက်သွားတယ်ဆိုတော့... လုမိသားစုက ပုံကြီးချဲ့နေတာ မဟုတ်ဘဲ အစွမ်းလျှိုထားတာတောင် ဖြစ်နိုင်တယ်"
လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး လုချန်အား ကြည့်နေသော အကြည့်တိုင်းတွင် အံ့သြမှုနှင့် အားကျမှုတို့ ပြည့်နှက်နေသည်။ လုချန်၏ နှုတ်ခမ်းထောင့်တွင်မူ သနားစရာ ကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။
"မင်းကိုယ်မင်း အဲဒီလောက်အထိ အနစ်နာခံနေဖို့ မလိုပါဘူး" သူက ပြောလိုက်သည်။
သူ၏ လေသံမှာ ရုတ်ချည်းပင် အေးစက်ကာ ကျယ်လောင်လာပြီး ခန်းမ၏ ထောင့်တိုင်းသို့ ပဲ့တင်ထပ်သွားတော့သည်။ လုချန်က စကားလုံးတစ်လုံးချင်းစီကို တူဖြင့် ထုနှက်လိုက်သကဲ့သို့ လေးနက်စွာ ပြောလိုက်သည်။။ လေထုကြီးမှာလည်း ရုတ်တရက် တင်းမာသွားတော့သည်။
"မင်း ငါ့ကို စိန်ခေါ်လိုက်တဲ့ အခိုက်အတန့်ကစပြီး ဒီကမ္ဘာကြီးက မင်းနဲ့ ဘာမှမဆိုင်တော့ဘူး... အရာအားလုံးကို မေ့လိုက်စမ်း... မင်းဘေးက လူတွေကို မေ့လိုက်... စောင့်ကြည့်နေတဲ့ လူကြီးတွေကို မေ့လိုက်.. ငါ့ကိုတောင် မေ့လိုက်စမ်းပါ... မင်းရဲ့ စွမ်းရည်အကုန်လုံးကို ဘယ်လိုထုတ်သုံးရမလဲ ဆိုတာကိုပဲ အခု မင်းကိုယ်မင်း စဉ်းစားထားလိုက်"
ဤစကားမှာ ကြေညာချက်တစ်ခုကဲ့သို့ ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားရာ အတွေ့အကြုံရင့် စစ်သည်တော်ကြီးများပင်လျှင် ထိပ်ဆုံးမှ ဖိနှိပ်ထားသော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ရင်ခုန်သံများ မြန်ဆန်လာကြသည်။ လုချန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ ဘေးပတ်ဝန်းကျင်ရှိ အလင်းရောင်များမှာ ပိုမိုတောက်ပလာပြီး သူ၏ ပုံရိပ်ကို စိုက်ကြည့်ရန်ပင် ခက်ခဲလာတော့သည်။
"ငါ ဒီနေရာမှာပဲ ရပ်နေမယ်" သူက ဆက်ပြောသည်။ စကားလုံးတိုင်းမှာ တည်ငြိမ်နေသော်လည်း မလှုပ်မယှက်နိုင်သော အာဏာစက်များ ပါဝင်နေသည်။
"မင်းရဲ့ ခွန်အားရှိသမျှ အကုန်သုံးပါ... ဘယ်လိုလက်နက်၊ ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ် မင်းမှာ ရှိတာအကုန် ထုတ်သုံးစမ်း... ငါ့ကို နောက်တစ်လှမ်း ဆုတ်သွားအောင် မင်းလုပ်နိုင်ရင် မင်းနိုင်ပြီ"
သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကျန်လက်တစ်ဖက်ကိုမူ နောက်ကျောတွင် ထားလိုက်သည်။
"ငါ လက်တစ်ဖက်တည်းပဲ သုံးမယ်"
ခန်းမအတွင်း တိုးတိုးတိုးတိုး ပြောဆိုသံများ ချက်ချင်း ပြည့်နှက်သွားတော့သည်။
"ဒါ... ဒါက ဘာလဲဟ..."
"သူက ကုထျန်းယန်ကို လုံးဝ အဖတ်မလုပ်တာပဲ... သူက ဆယ်ရက်အတွင်း အဆင့်Eကို ဖောက်ထွက်ခဲ့တဲ့ ဘီလူးတစ်ကောင် ဖြစ်နေရင်တောင် ကုထျန်းယန်က အတွေ့အကြုံရင့်တဲ့ အဆင့်E ဒသမအလွှာ ပါရမီရှင်ပဲလေ ပြီးတော့ သူက စမ်းသပ်မှု မျှော်စင်ရဲ့ ပထမထပ်ကိုတောင် အောင်မြင်ထားတာ... လုမိသားစု အမွေခံက နည်းနည်းတော့ မောက်မာလွန်းနေပြီ မထင်ဘူးလား"
"ရှူး ဒီနေရာမှာ အဲဒီလို စကားတွေ မပြောနဲ့ သေချင်လို့လား... စောင့်ပဲကြည့်နေလိုက်... မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့ မင်း ဘယ်လိုသေသွားမှန်းတောင် သိမှာမဟုတ်ဘူး"
တစ်စုံတစ်ယောက်၏ သတိပေးမှုကြောင့် စကားပြောနေသူများမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။ လုဟုန်တောက်နှင့် ရှောင်ဝမ်လုံတို့မှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများတွင် အံ့သြမှုများ ပြည့်နှက်နေသည်။ လုချန်က အဆင့်E ဒသမအလွှာကို ပြည့်ပြည့်ဝဝ ဖောက်ထွက်ထားသော ပြိုင်ဘက်ကို ရင်ဆိုင်ရမည် ဖြစ်ပါလျက် ဤကဲ့သို့ စကားမျိုး ပြောလိမ့်မည်ဟု သူတို့ မထင်ထားမိပေ။
“ဒီကောင်လေးကတော့ တကယ့်ကို မောက်မာလွန်းနေပြီပဲ” ရှောင်ဝမ်လုံက တွေးလိုက်မိသည်။ သူ၏ အကြည့်တို့က စူးရှလာပြီး “သူ တကယ်ပဲ လုပ်နိုင်မလား ကြည့်ကြတာပေါ့... အကယ်၍ ပြဿနာတစ်ခုခု ဖြစ်လာရင်တော့ ငါ ဝင်ပါရတော့မယ် “ဟု ဆုံးဖြတ်လိုက်သည်။
ကုထျန်းယန်က သူ၏ တိုက်ခိုက်လိုစိတ်များ ပြိုကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ မျက်ဝန်းများမှာ နီရဲလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ လက်သည်းများက လက်ဝါးထဲသို့ စိုက်ဝင်သွားပြီး သွေးစက်အချို့ပင် ထွက်လာတော့သည်။
"မင်း... မင်း တကယ်ကို သေချင်နေတာပဲ"
သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စွမ်းအင်လှိုင်းများ ဝုန်းခနဲ ထွက်ပေါ်လာသည်။ လုချန်က သူ့အား စွမ်းအားကုန်သုံးရန် ပြောခဲ့သော်လည်း သူ့တွင် ကိုယ်ပိုင် သိက္ခာရှိသည်။ ထို့ကြောင့် သူက အဆင့်E ပထမအလွှာ ခွန်အားကိုသာ အသုံးပြု၍ ပြေးဝင်သွားတော့သည်။
သူ၏ ပုံရိပ်မှာ ဝေဝါးသော နောက်ကျန်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုချန်နှင့် အကွာအဝေးကို ရုတ်ခြည်း ကျဉ်းမြောင်းလိုက်သည်။ လက်သီးက လေထုကို ခွင်းသွားရာ သံမဏိကို ဆွဲဖြဲလိုက်သကဲ့သို့သော လေတိုးသံထွက်ပေါ်လာပြီး လုချန်၏ ရင်ဘတ်ဆီသို့ တည့်တည့် ဆိုက်ရောက်သွားသည်။
လုချန်ကမူ အနားသို့ ကပ်လာသော သူ့ကို ကြည့်နေဆဲပင်။ လုချန်၏ မျက်ဝန်းများမှာ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းကာ အေးချမ်းနေဆဲ ဖြစ်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထိုလှုပ်ရှားမှုမှာ အလွန်ပင် မြန်ဆန်လွန်းလှသဖြင့် သာမန်မျက်စိနှင့်ပင် မလိုက်နိုင်ပေ။
“ဘုန်း...”
သူက လက်မောင်းတစ်ဖက်ကို ဆန့်လိုက်ပြီး ဂျင်တစ်ခုကို လှည့်လိုက်သကဲ့သို့ ညင်သာစွာ ဆွဲယူလိုက်သည်။ ကုထျန်းယန်၏ အားပါလှသော လက်သီးချက်မှာ လေပွေထဲမှ သစ်ရွက်ခြောက်လေးတစ်ရွက်ကဲ့သို့ လွင့်စင်သွားတော့သည်။
ကုထျန်းယန်မှာ ယိုင်တိယိုင်တိုင်ဖြင့် နောက်သို့ အကြိမ်ကြိမ် ဆုတ်သွားရပြီး သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ လုချန်ကမူ တစ်လက်မပင် မရွေ့ခဲ့ပေ။ သူတို့ နောက်သို့ တစ်လှမ်းတောင် မဆုတ်ခဲ့ပေ။ လူအုပ်ကြီးမှာ တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြသည်။
"သူ... သူက တိုက်ကွက်ကို အလွယ်တကူပဲ ခုခံလိုက်တာလား"
"မင်း... နောက်တစ်ခါ ထပ်လုပ်ဦးမှာလား" ကုထျန်းယန်က အော်ဟစ်လိုက်သည်။
သူက နောက်ထပ် တိုက်ခိုက်မှုများကို ပြုလုပ်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ လုချန်၏ နံရိုး၊ လည်ပင်းနှင့် အခြား အရေးကြီးသော အချက်အချာနေရာများကို အရှိန်အဟုန်ဖြင့် ဆက်တိုက် တိုက်ခိုက်တော့သည်။ သူ၏ ခြေလက်များမှာ ဝေဝါးနေပြီး သူ အကျွမ်းကျင်ဆုံးသော တိုက်ခိုက်ရေး ပုံစံထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။
လုချန်၏ လက်မှာမူ စီးဆင်းနေသော ရေကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေသည်။ ၎င်းက နေရာတိုင်းတွင် ရှိနေပြီး အရာအားလုံးကို လွှမ်းခြုံထားသည်။ ညင်သာပြီး ခန့်မှန်းရ ခက်လှသည်။ ကုထျန်းယန် တိုက်ခိုက်လိုက်တိုင်း သူ၏ တိုက်ခိုက်ရေး ခွန်အားမှာ အာနိသင် ကင်းမဲ့သွားရသည်။ လုချန်က အနည်းငယ်သော လှုပ်ရှားမှုဖြင့်သာ ဘေးသို့ ပယ်ထုတ်နေခြင်း ဖြစ်သည်။
ပြတ်သားသော တိုက်စစ်မျိုး မဟုတ်ဘဲ တစ်ဖက်လူ၏ ဆံပင်တစ်ပင်ကိုတောင် မထိနိုင်အောင် လုပ်ထားခြင်း ဖြစ်သည်။ တဖြည်းဖြည်းနှင့် ကုထျန်းယန်၏ အသက်ရှူသံများမှာ ကစဉ့်ကလျား ဖြစ်လာပြီး သူ၏ မျက်နှာကျမှာလည်း ဒေါသကြောင့် ရှုံ့မဲ့လာတော့သည်။
"ကောင်းပြီလေ" သူက အသံသြသြဖြင့် ထွေးထုတ်လိုက်သည်။ "ဒါဆိုရင်တော့ ငါ အလျှော့ပေးမှာ မဟုတ်ဘူး"
ဤအခိုက်အတန့်တွင် သူက သူ၏ စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ သူ၏ ခန္ဓာကိုယ်မှ ဆူပွက်ထွက်လာသည်။ ၎င်းက သာမန် ဒသမအလွှာ အဆင့်E ပညာရှင်များပင် မယှဉ်နိုင်သော ထူးကဲသည့် အငွေ့အသက်ကြီးပင် ဖြစ်သည်။ ထို့နောက် သူက ခန္ဓာကိုယ်မှ ဓားရှည်တစ်လက်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ တောက်ပသော သတ္တုဓားသွားမှာ စွမ်းအင်များကြောင့် မီးတောက်နေသကဲ့သို့ တဖျတ်ဖျတ် မြည်ဟည်းနေသည်။ ၎င်းမှ ထွက်ပေါ်လာသော တုန်ခါမှုများက အဆင့်မြင့် စပ်ဟပ်သတ္တုများကိုပင် အက်ကွဲစေနိုင်လောက်သည်။
ခန်းမအတွင်းမှ အံ့သြသံများ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
"သူ ဝိညာဉ်လက်နက်ကို သုံးလိုက်ပြီ"
“ဒါတောင်မှ... သူက တစ်ဖက်လူကို ထိအောင် တိုက်နိုင်ပါဦးမလား”
***