ညတာက တစ်ဖန် ပြန်လည်ကျရောက်လာပြန်သည်။ လုချန်က မစား၊ မသောက်၊ မအိပ်ဘဲ တစ်ရက်နှင့် တစ်ညနီးပါး ဆက်တိုက် ကျင့်ကြံနေခဲ့သော်လည်း သူ၏ စွမ်းအင်များမှာမူ လျော့ပါးသွားခြင်းမရှိဘဲ ပို၍ပင် ပြည့်ဖြိုးနေသကဲ့သို့ ရှိနေသည်။
သို့သော်လည်း သူက ကျင့်ကြံခြင်းကို ခေတ္တရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ သူက ကိုယ်ပွားပေါင်း တစ်ရာ့နှစ်ဆယ်ကို ဖန်တီးလိုက်သည်။ ထိုကိုယ်ပွားတစ်ခုချင်းစီတွင် တိုက်ခိုက်ရေးစွမ်းရည် အကန့်အသတ်သာ ရှိသဖြင့် လုချန်က သူ၏ စွမ်းအားကို လျှော့ချကာ ၎င်းတို့နှင့် အညီအမျှဖြစ်အောင် ညှိလိုက်သည်။ ထို့နောက် အစွမ်းထက် လက်သီးကို စတင် လေ့ကျင့်တော့သည်။
ထိုကိုယ်ပွားများက ဓာတ်သဘာဝ တိုက်ကွက်များ၊ ပျံသန်းဓားတိုများဖြင့် သူ့အား ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်ကြသော်လည်း တိုက်ကွက်တစ်ခုမှ သူ့ကို မထိမှန်နိုင်ပေ။ လုချန်က အစွမ်းထက်လက်သီးကို ထုတ်ဖော်လိုက်တိုင်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်သည်။ သူက မည်သည့် အင်အားကမျှ မဖြိုခွင်းနိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ မတုန်မလှုပ်၊ ခိုင်မာစွာ ရပ်တည်နေခဲ့သည်။
နောက်ထပ် တစ်နာရီခန့်တွင် သူက အစွမ်းထက်လက်သီး၏ လှုပ်ရှားမှုတိုင်းနှင့် အသေးစိတ်အချက်အလက်တိုင်းကို အချောသတ်နိုင်ခဲ့ပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။ သူ ကျင့်ကြံရန် အောင်းနေခဲ့သည်မှာ တစ်ရက်နီးပါး ရှိသွားပြီဖြစ်ရာ ယခုအခါ သန်းခေါင်ယံအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူက System၏ ဖန်သားပြင်ကို ဖွင့်ကြည့်လိုက်သည်။
အမည် - လုချန် ခွန်အား - ၇,၅၃၀,၄၂၆ စိတ်စွမ်းအား - ၇,၅၃၀,၄၂၆ ဝိညာဉ်စွမ်းရည် - နားလည်သဘောပေါက်နိုင်စွမ်း အမြင့်ဆုံးအဆင့်
အခြေခံခွန်အားမှာ ၆၀၂,၄၃၄ တန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့နောက် မူလအစ ထာဝရဇာစ်မြစ် ကျင့်စဉ်ကို သူ ထပ်မံ လည်ပတ်လိုက်ပြန်သည်။ စွမ်းအင်လှိုင်းများက သူ့အတွင်း၌ ဟိန်းဟောက် စီးဆင်းလာကြသည်။
ခြောက်နာရီ ကြာပြီးနောက် “ဘုန်း...” အဆင့်D အဋ္ဌမအလွှာ။
သူက Sign-in ပြန်လုပ်လိုက်ရာ အချက်အလက်များက ပြောင်းလဲသွားပြန်သည်။
အမည် - လုချန် ခွန်အား - ၁၅,၀၆၁,၀၀၃ စိတ်စွမ်းအား - ၁၅,၀၆၁,၀၀၃ အခြေခံခွန်အားမှာ ၁,၂၀၄,၈၈၀ တန်သို့ ရောက်ရှိသွားသည်။
အထွတ်အထိပ်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ လုချန်က မယိုင်လဲသော ဇွဲလုံ့လဖြင့် ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်နေခဲ့သည်။ နောက်ထပ် ၁၃ နာရီ ကုန်ဆုံးသွားသောအခါ...
“ဝုန်း...”
သူ၏ ခန္ဓာကိုယ်အတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ အဆင့်D ဒသမအလွှာ။
သူက နောက်ဆုံးတွင် အဆင့်D ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် လုချန်က စိတ်ကို ကြည်လင်လန်းဆန်းသွားစေရန် တစ်ခုခု စားချင်စိတ် ပေါ်လာသည်။ သူက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ့အခန်းထဲသို့ အစားအသောက်အချို့ ပို့ပေးရန် မိခင်ဖြစ်သူထံ မက်ဆေ့ခ်ျ ပို့လိုက်သည်။
ဆယ်မိနစ်ခန့်အကြာတွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ လုချန်က မတ်တပ်ထရပ်လိုက်သည်။ အိမ်အကူ အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု သူ ထင်ထားသော်လည်း တံခါးဖွင့်လိုက်ချိန်တွင်မူ သူ မှင်သက်သွားရသည်။ လော့နျန်ဝေက အစားအသောက်ဗန်းကို ကိုင်လျက် တံခါးဝတွင် ရပ်နေခြင်းပင်။ သူမ၏ ဆံနွယ်များက ပုခုံးပေါ်တွင် သပ်ရပ်စွာ ဝဲကျနေပြီး မျက်ဝန်းများကလည်း ရေပြင်သဖွယ် တည်ငြိမ် နူးညံ့နေသည်။ လုချန်က သူ၏ စိတ်ထိန်းနိုင်စွမ်းများ ယိမ်းယိုင်သွားသလို ခံစားလိုက်ရသည်။
"နင်ပါလား... မြန်မြန် ဝင်ခဲ့လေ"
လော့နျန်ဝေက ခေါင်းခါပြလိုက်သည်။ သူမက နူးညံ့သိမ်မွေ့သော လေသံလေးဖြင့် ပြောလိုက်သည်။
"ကျွန်မက လာကြည့်တာပါ... ရှင် ကျင့်ကြံနေတာကို မနှောင့်ယှက်ချင်ပါဘူး... ဒါပေမဲ့... ရှင် ကျင့်ကြံလို့ ပြီးသွားတဲ့အခါ ကျွန်မကို ဒီမြို့ထဲ လိုက်ပို့ပေးလို့ ရမလားဟင်"
လုချန်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားသည်။ သူက စစ်မှန်ပြီး ဖြူစင်သော အပြုံးတစ်ခုဖြင့် ပြုံးကာ ပြောလိုက်သည်။
"ရတာပေါ့"
သူမက လှည့်ထွက်သွားရန် ပြင်ပြီးမှ ခေတ္တ တုံ့ဆိုင်းနေပြန်သည်။
"အော်... ဒါနဲ့ အဘိုးက လုမိသားစု အိမ်တော်ဘေးက ဗီလာကို ကျွန်မတို့အတွက် ပေးလိုက်ပြီ... ကျွန်မ အဲဒီမှာပဲ နေတော့မှာ"
"အင်း..." လုချန်က ညင်သာစွာ ပြောလိုက်သည်။ "ငါ ကျင့်ကြံလို့ ပြီးတာနဲ့ အိမ်အသစ်ကို လာကြိုမယ်"
လော့နျန်ဝေက ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ အကြည့်များက လုချန်၏ မျက်နှာပေါ်တွင် တခဏမျှ ဝဲနေပြီးနောက်မှ လှည့်ထွက်သွားတော့သည်။ သူမ၏ ခြေသံများက လူသွားစင်္ကြံတစ်လျှောက် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ လုချန်က တံခါးပြန်ပိတ်လိုက်သည်။ တခဏမျှ သူက တံခါးလက်ကိုင်ကို ကိုင်ထားရင်း ထိုနေရာမှာပင် ငြိမ်သက်စွာ ရပ်နေမိသည်။ ထို့နောက် အစားအသောက်ဗန်းကို စားပွဲပေါ်တင်ကာ ဆယ်ရက်၊ ရှစ်ရက်ခန့် မစားရသေးသော လူတစ်ဦးကဲ့သို့ အငန်းမရ စားသောက်လိုက်တော့သည်။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးနေသည်။ သူ့မှာ ရက်ပေါင်း ၅၀ သာ ကျန်တော့သည်။ စားသောက်ပြီးနောက် အသက်ကို ပြင်းပြင်းတစ်ချက် ရှူကာ ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူက အဆင့်C သို့ အရောက် ဖောက်ထွက်မည် ဖြစ်သည်။
ဤအချိန်တွင် သူ၏ ဝိညာဉ်သွေးကြော အချင်းမှာ ၁.၂၂ ဒီစီမီတာကျော်အထိ ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။ အဆုံးမရှိသော ချောက်ကမ္ဘာကြီး သုံးခုကဲ့သို့သော ဝိညာဉ်သွေးကြောကြီး သုံးခုက ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးနှင့် ချိတ်ဆက်ထားသည်။
၁၁ နာရီ ကြာပြီးနောက်...
“ဘုန်း... ဘုန်း... ဘုန်း...”
သူ၏ ခန္ဓာကိုယ်ကြီးက တုန်ယင်သွားသည်။ တစ်ကိုယ်လုံးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့မတတ် တုန်ခါနေသည်။ ထို့နောက်တွင်မူ နားကွဲမတတ် ကျယ်လောင်သော အော်ဟစ်သံကြီးနှင့်အတူ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလုံး လွတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဝိညာဉ်သွေးကြော အသစ်တစ်ခု ပွင့်သွားသည်။ လတ်ဆတ်သော စွမ်းအားအသစ်များက ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြသည်။ လုချန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ့ကိုယ်သူ လေထက်ပင် ပေါ့ပါးနေသလို ခံစားလိုက်ရသည်။
"ကြည့်ရအောင်..."
ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် သူက ကြမ်းပြင်ပေါ်မှ မြောက်တက်သွားတော့သည်။ ဂြိုဟ်၏ ဆွဲငင်အားမှ လွတ်မြောက်သွားသကဲ့သို့ပင်။ ဤခံစားချက်မှာ ဓားစီးပျံသန်းခြင်းနှင့် လုံးဝ မတူပေ။ လေယာဉ်ပျံ စီးနေရသကဲ့သို့ပင်။ ၎င်းမှာ မိမိ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်ကြောင့် ဖြစ်သည်။ ဤခံစားချက်မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။ လုချန်က တစ်ကိုယ်လုံး အလေးချိန် မရှိတော့သကဲ့သို့ ခံစားနေရကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက လေထဲတွင် ပျံဝဲနေခဲ့သည်။
သူ ယခု အဆင့်C သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူ System၏ ဖန်သားပြင်ကို ဖွင့်ကြည့်လိုက်သည်။
အမည် - လုချန် ခွန်အား - ၇၅,၃၀၅,၀၅၀ စိတ်စွမ်းအား - ၇၅,၃၀၅,၀၅၀ အခြေခံစွမ်းအားမှာ ၆.၀၂ သန်းတန်အထိ ရှိလာခဲ့သည်။
၎င်းမှာ သာမန် အဆင့်B တတိယအလွှာ ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။ ဝိညာဉ်သွေးကြော၏ အချင်းမှာ ၂.၄ ဒီစီမီတာအထိ ကျယ်ပြန့်လာရာ သူ ကြားဖူးသမျှ မည်သည့် ပညာရှင်နှင့်မျှ မနှိုင်းယှဉ်နိုင်တော့ပေ။ ထို့ပြင် ကောင်းကင်ခွဲ နတ်ဓားရည်ရွယ်ချက် ၁၀ ထပ်နှင့် အရပ်ဆယ်မျက်နှာ သုတ်သင်ခြင်း ဓားသိုင်း ၅ ထပ်တို့ကြောင့် အခြေခံခွန်အားမှာ ၁၃၂ ဆအထိ မြင့်တက်သွားသည်။ သူ၏ သီအိုရီအရ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းရည်မှာ တန်ချိန် ၆.၉ ဘီလီယံကျော်အထိ ရှိနေပြီ ဖြစ်သည်။
"ငါက ဒီဂြိုဟ်ပေါ်မှာ အစွမ်းအထက်ဆုံးလို့ ပြောကြတဲ့... ချန်ထက်တောင် သာနေပြီလား မသိဘူး"
လုချန်၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။ သို့သော် သူတို့နှစ်ဦး တစ်ခါမျှ မဆုံဖူးသဖြင့် သူ သေချာတော့ မသိပေ။ ယနေ့ညတွင် သူက အရပ်ဆယ်မျက်နှာ သုတ်သင်ခြင်း ဓားသိုင်း ၏ ဆဋ္ဌမအဆင့်သို့ ဖောက်ထွက်ရန် ကြိုးစားမည်ဖြစ်သည်။ ထိုသို့သာ ဖြစ်လာပါက သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နောက်ထပ် တစ်ဆင့် ထပ်မံ မြင့်တက်သွားပေလိမ့်မည်။
သူက ဓားသိုင်းကို စတင် လေ့ကျင့်တော့သည်။ ဓားချက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဓားချက်တိုင်းမှာ အားစိုက်စရာမလိုဘဲ နှလုံးသားထဲမှ အလိုလို စီးဆင်းလာသော ကချေသည်တစ်ဦး၏ ကကွက်ကဲ့သို့ လှပလွန်းနေသည်။ လှုပ်ရှားမှုတိုင်းမှာ သေစေနိုင်သော အငွေ့အသက်များ ပြည့်နှက်နေသကဲ့သို့ ဆွဲဆောင်မှုလည်း ရှိလှပေသည်။ သူက အစွမ်းထက် လက်သီး ကို ကျွမ်းကျင်ထားပြီး ဖြစ်ရာ ၎င်းက အရပ်ဆယ်မျက်နှာ သုတ်သင်ခြင်း ဓားသိုင်း အပေါ် သူ၏ နားလည်မှုကို ပိုမိုနက်နဲစေခဲ့သည်။
လေးနာရီ ကြာပြီးနောက်
“ အရပ်ဆယ်မျက်နှာ သုတ်သင်ခြင်း ဓားသိုင်း ဆဋ္ဌမအဆင့်သို့ ဖောက်ထွက် အောင်မြင်သည်”
ဆဋ္ဌမအဆင့် အရပ်ဆယ်မျက်နှာ သုတ်သင်ခြင်း ဓားသိုင်းက အခြေခံခွန်အားကို ၁၅ ဆ မြှင့်တင်ပေးသည်။ ကောင်းကင်ခွဲ နတ်ဓားရည်ရွယ်ချက် နှင့် ပေါင်းစပ်လိုက်ပါက အခြေခံစွမ်းအားမှာ ၁၆၅ ဆအထိ မြင့်တက်သွားမည် ဖြစ်သည်။
ထို့နောက် သူက Systemကို ဖွင့်ကြည့်ကာ Sign-in ထပ်မံ လုပ်ဆောင်လိုက်ရာ အချက်အလက်များက နောက်ထပ် တစ်ဆ တိုးလာခဲ့ပြန်သည်။
***