"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."
သိပ္ပံပညာရှင်တစ်ဦးက အ အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"မက်ချာက ဘယ်လိုလုပ် ဒီလောက် သွက်လက်နေရတာလဲ... မဖြစ်နိုင်တာ... ငါတို့ အရွယ်ရောက်ပြီးသား လူပေါင်း ရာနဲ့ချီ၊ စစ်သည်တော်စစ်စစ်တွေကိုတောင် စမ်းသပ်ခဲ့တာ... ဘယ်သူမှ ဒီလို မလှုပ်ရှားနိုင်ခဲ့ဘူး... အခုတော့... ဒါက တကယ့် သက်ရှိတစ်ခုလိုပဲ..."
လုချန်ကမူ သူတို့၏ အုတ်အော်သောင်းနင်း ဖြစ်နေမှုကို ဂရုမစိုက်ပေ။ သူက မက်ချာကြီး၏ ကျောဘက်မှ ၁၆ မီတာရှည်သော ဧရာမ ဓားကြီးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ဓားကွက်အချို့ကို စမ်းသပ်လေ့ကျင့်လိုက်သည်။ လှုပ်ရှားမှုတိုင်းက ပြတ်သားပြီး ထိရောက်လွန်းလှကာ မလိုအပ်သော အပိုလှုပ်ရှားမှု တစ်ခုမျှ မပါဝင်ပေ။ ၎င်းမှာ အချိန်အတော်ကြာ စဉ်းစားတွေးခေါ်ထားမှု သို့မဟုတ် လျှပ်တပြက် ရရှိလိုက်သော စိတ်ကူးဉာဏ်ကဲ့သို့ပင်။ ထိုခံစားချက်ကို ဖော်ပြရန်ပင် ခက်ခဲလှသည်။
တစ်ချိန်တည်းမှာပင် မောင်းနှင်ခန်းအတွင်း၌ မက်ချာနှင့် အာရုံကြော ချိတ်ဆက်ထားသော လော့နျန်ဝေသည် အရာအားလုံးကို ပထမလူအနေဖြင့် ခံစားနေရသည်။ သူမသည်လည်း လုချန်ကဲ့သို့ပင် စိတ်လှုပ်ရှားစွာဖြင့် မှင်သက်နေမိသည်။ သူမ စိတ်ထဲတွင် ငါသာ လုချန်နဲ့အတူ မက်ချာကြီးကို စီးပြီး တောရိုင်းထဲမှာ အမဲလိုက်ထွက်နိုင်ရင် ဘယ်လောက်တောင် ကောင်းမလဲ ဟု တွေးတောနေမိသည်။
ခဏအကြာတွင် လုချန်က စွမ်းအင်များကို ဖြတ်တောက်လိုက်ပြီး မောင်းနှင်ခန်း တံခါးကို ဖွင့်လိုက်သည်။ သူတို့နှစ်ဦး အပြင်သို့ ထွက်လာကြသည်။ သိပ္ပံပညာရှင်များမှာမူ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ယခုတိုင် ဇဝေဇဝါ ဖြစ်နေကြဆဲပင်။ ဝါးမုန့်ဆုန်းက အရင်ဆုံး သတိပြန်ဝင်လာပြီး စကားပြောနိုင်လာသည်။
"သခင်လေး လုချန်... တကယ့်ကို မယှဉ်သာတဲ့ ပါရမီရှင်ပါပဲ... ပထမဆုံး လက်တွေ့မောင်းနှင်တာတောင် ကျွမ်းကျင်သူတွေထက် ပိုပြီး ပရော်ဖက်ရှင်နယ် ဆန်နေတယ်"
လုချန်က ဤကဲ့သို့ ချီးမွမ်းခြင်းများကို နှစ်သက်သည်။ သူက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဆက်ပြောဦးလေ ဆိုသည့် မျှော်လင့်ချက်အပြည့်ဖြင့် မျက်နှာပေးမျိုး လုပ်ပြလိုက်သည်။ သိပ္ပံပညာရှင်များမှာလည်း ဆက်တိုက်ဆိုသလို သုံးမိနစ်ခန့်အထိ အမွှမ်းတင် ချီးကျူးနေကြတော့သည်။ သူတို့ ရပ်လိုက်ချိန်တွင်မူ လုချန်၏ နှုတ်ခမ်းများက မသိမသာ တွန့်သွားသည်။ သူတို့က ဤပါရမီရှင်လေး၏ မျက်နှာပြောင်တိုက်မှု အပေါ် အမြင်သစ် ရရှိသွားကြသည်။ ထို့နောက် လုချန်က မေးလိုက်သည်။
"ဒီကောင်ကြီးက တကယ့် တိုက်ပွဲတွေမှာရော သုံးလို့ရပြီလား... အဆင်သင့်ဖြစ်ပြီဆိုရင် ကျွန်တော် ဒါကို မောင်းပြီး တောရိုင်းထဲမှာ အမဲလိုက်ထွက်ချင်တယ်"
သိပ္ပံပညာရှင်များမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။ အလွန်ကောင်းသော အခွင့်အရေးပင်။ ယခုတိုင် မည်သူမျှ ဤမက်ချာ၏ စွမ်းဆောင်ရည်ကို တကယ့် တိုက်ပွဲတွင် စမ်းသပ်ရန် မဝံ့ရဲကြသေးပေ။ ဝါးမုန့်ဆုန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ထစ်နေရှာသည်။
"သခင်လေး လုချန်... တကယ်ပဲလား... ရတာပေါ့... အခုတောင် တန်းထွက်လို့ ရပါတယ်... အားလုံး အဆင်သင့်ပါပဲ... ကျွန်တော်တို့မှာ မောင်းမယ့်သူပဲ လိုနေတာ"
လုချန်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ဒါဆို မနက်ဖြန် သွားကြမယ်"
"ကောင်းပါပြီ... အဲဒါ အကောင်းဆုံးပဲ"
ဝါးမုန့်ဆုန်းနှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် လုချန်က လော့နျန်ဝေဘက်သို့ လှည့်လိုက်သည်။ "မိန်းမ... မနက်ဖြန် ငါနဲ့အတူ အမဲလိုက် လိုက်ခဲ့မလား"
လော့နျန်ဝေက ခေါင်းကို တရစပ် ညိတ်ပြလိုက်သည်။ သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည်။ လုချန်က ပြုံးကာ ပြောလိုက်သည်။
"ဒါဆိုရင် ဂတိပဲနော်... မနက်ဖြန် တောရိုင်းထဲကို သွားကြမယ်"
ထို့နောက် သူတို့က မစ်ရှီလင်း ကြယ်သုံးပွင့်ရ စားသောက်ဆိုင်တွင် ညစာ အတူစားကြသည်။ ရိုမန်တစ်ဆန်သော ညတစ်ညမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ လုချန်က လော့နျန်ဝေကို သူမ၏ ဗီလာသို့ ပို့ပေးခဲ့ပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။
သူ အခန်းထဲသို့ ဝင်လိုက်ချိန်တွင် ဆုန့်ယွဲက သူ့ကို ဇဝေဇဝါ မျက်နှာထားဖြင့် ကြည့်နေသည်။ “ဘာလို့ ဒီလောက် မြန်မြန် ပြန်လာတာလဲ” သူမက ရင်ထဲတွင် ထိတ်လန့်သွားရသည်။
“ငါ့ရဲ့ ထူးချွန်တဲ့ သားလေးက... အဲဒီကိစ္စမှာများ တစ်ခုခု ချို့ယွင်းနေတာလား...”
“မဟုတ်ဘူး... မဟုတ်နိုင်တာ... သူ့အဖေက ဒီလောက် တော်တာ သားက ညံ့စရာ အကြောင်းမရှိပါဘူး...”
လုချန်က မျက်ခုံးပင့်လိုက်သည်။
"မေမေ... ဘာလို့ အဲဒီလို ကြည့်နေတာလဲ"
ဆုန့်ယွဲက ရှက်ကိုးရှက်ကန်းနှင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။
"သား... နင် လော့နျန်ဝေနဲ့ ဒိတ်လုပ်တာ မဟုတ်ဘူးလား... ဘာလို့ ပြန်လာတာလဲ"
လုချန်က ဆွံ့အသွားသည်။
"အိမ်မပြန်လို့ ဘယ်သွားရမှာလဲ မေမေရဲ့"
"ဒါဆို... ဟိုတယ်တို့ ဘာတို့ မသွားဘူးလား"
"ဟိုတယ်ကို ဘာသွားလုပ်မှာလဲ... ကျွန်တော်က အပြင်မှာ လမ်းလျှောက်ပြီး လေညင်းခံချင်ရုံပဲလေ... ကဲ... ကျွန်တော် ဘိုးဘေးကြီးဆီ သွားဦးမယ်... သွားပြီနော် မေမေ"
ထွက်ခွာသွားသော သားဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း ဆုန့်ယွဲက သက်ပြင်းချလိုက်မိသည်။ စိတ်ထဲမှ စိုးရိမ်မှုများ ပျောက်ကွယ်သွားသော်လည်း ဒေါသကတော့ အနည်းငယ် ထွက်လာမိသည်။
“ဒီကောင်စုတ်လေး... ငါက မြေးချီချင်နေတာကို သူ မသိဘူးလား... လုယွမ်ကိုပဲ သူ့သားကို ပြောခိုင်းရတော့မယ်...”
ထို့နောက် သူမက ထပ်မံ သက်ပြင်းချလိုက်ပြန်သည်။ ပို၍ပင် ဒေါသထွက်လာသည်။ ထိုသုတေသန အရူးကြီးကလည်း ယခုတိုင် အိမ်ပြန်မလာသေးပေ။ ဆုန့်ယွဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး စိတ်ပျက်ဒေါသထွက်နေတော့သည်။ တစ်ဖက်တွင်မူ လုချန်က လုဟုန်တောက်၏ အခန်းတံခါးကို ခေါက်ရန် ပြင်လိုက်စဉ် အတွင်းမှ နက်ရှိုင်းပြီး အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဝင်ခဲ့ပါ"
လုချန်က တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။ လုဟုန်တောက်က ကုလားထိုင်တွင် ထိုင်၍ စာဖတ်နေသည်။ လုချန် ဝင်လာသည်ကို မြင်သောအခါ သူက မော့ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးလျက် ပြောလိုက်သည်။
"ကျင့်ကြံတာ အတော့်ကို မြန်မြန် ပြီးသွားတာပဲ... တစ်ခုခုတော့ ထူးခြားလာပုံရတယ်"
လုချန်က ခေါင်းညိတ်လိုက်ကာ... "ဘိုးဘေးကြီး... ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ"
လုဟုန်တောက်က စာအုပ်ကို ပိတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ အလိုလို ပေါ်ထွက်လာသည်။
“သူ ဘာမေးချင်တာလဲ... အဆင့်B ပြီးရင် ဘာအဆင့် ရှိလဲဆိုတာကိုလား...”
လုဟုန်တောက်က အံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်မိသည်။ သူက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ လုချန်က ဓာတ်သဘာဝ စွမ်းရည်တွေအကြောင်း အဆင့်D ဖောက်ထွက်ခြင်းအကြောင်း ဒါမှမဟုတ် စမ်းသပ်မှု မျှော်စင်အကြောင်း မေးလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤမေးခွန်း ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူက စဉ်းစားဟန်ဖြင့် နောက်သို့ မှီလိုက်သည်။
"အဆင့်-B ရဲ့ အလွန်က နယ်ပယ်တွေအကြောင်း ငါတို့ တကယ်တမ်း သိပ်မသိကြဘူး"
သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ရှေးဟောင်း အပျက်အစီးတွေ၊ လျှို့ဝှက်နယ်မြေတွေနဲ့ စမ်းသပ်မှု မျှော်စင်ရဲ့ သတ်မှတ်ချက်တွေအရ ဆိုရင်တော့ အဆင့်B ပြီးရင် ပိုမြင့်တဲ့ နယ်ပယ်တစ်ခု ရှိတာ သေချာတယ်... အဲဒါကို အဆင့်A လို့ ခေါ်ကြတယ်"
"ဒါပေမဲ့ အဲဒီထက် ပိုပြီးတော့တော့ ငါတို့ ဘာမှ မသိရသေးဘူး... ဖြစ်နိုင်တာကတော့ ဥက္ကဋ္ဌ ဒါမှမဟုတ် ဒုတိယဥက္ကဋ္ဌက ငါ့ထက် ပိုသိနိုင်တယ်... ဒါပေမဲ့ တစ်ခုတော့ သေချာတယ်... အဆင့်E ကနေ အဆင့်D ကို ကူးပြောင်းသလိုမျိုးပဲ... အဆင့်B ရဲ့ အလွန်က နယ်ပယ်ဆိုတာ လုံးဝ ခြားနားတဲ့ ကမ္ဘာတစ်ခုပဲ... အဲဒါက ဝိညာဉ်သွေးကြောတွေနဲ့ သက်ဆိုင်လိမ့်မယ်"
လုချန်က ခေါင်းညိတ်လိုက်သည်။ သူက သံသယ ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ လူသား၏ ခန္ဓာကိုယ်မှာ အကန့်အသတ် ရှိသော်လည်း ဝိညာဉ်သွေးကြော ဟင်းလင်းပြင်မှာမူ အလွန်ပင် ဆန်းကြယ်လှပေသည်။ ၎င်းမှတစ်ဆင့်သာ ပိုမိုမြင့်မားသော သက်ရှိဘဝဆီသို့ လှမ်းတက်နိုင်မည် ဖြစ်သည်။
“ဒါဆို ငါ့ရဲ့ ခန့်မှန်းချက်က မှန်နေတာပဲ...”
လုချန်က မိမိဘာသာ တွေးလိုက်မိသည်။ တောရိုင်းနယ်မြေထဲတွင် အဆင့်A နှင့် ပတ်သက်သည့် အချက်အလက်များ သိပ်ရှိမည် မဟုတ်ပေ။ အဖြေမှာ ထိုလျှို့ဝှက်နယ်မြေထဲတွင်သာ ရှိပေလိမ့်မည်။ သို့သော် သူ၏ ကျင့်ကြံမှုအဆင့်ကို မထုတ်ဖော်မီ မည်သည့် အခြေအနေကိုမဆို ကိုင်တွယ်နိုင်မည့် ခွန်အားမျိုး ရှိရန် သူ လိုအပ်ပေသေးသည်။
***