သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒန်များက ဆယ်စုနှစ်များစွာကြာအောင် အတင်းအကြပ် အသုံးချခံခဲ့ရသည်။
ထိုအချိန်ကာလအတွင်း ထိုကျင့်စဉ်၏ ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများကြောင့် မိဘနှစ်ပါးမှာ သေဆုံးသွားခဲ့ရပြီး သားဖြစ်သူကိုသာ ချန်ထားရစ်ခဲ့သည်။
ထို့နောက်တွင်မူ ထိုမြေအောက်အဖွဲ့အစည်းမှာ အခြားပြိုင်ဘက်တစ်ဦး၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး၊ ကံကောင်းထောက်မစွာဖြင့် ထိုတည်ထောင်သူမှာ အသက်ရှင်လွတ်မြောက်သွားခဲ့သည်။
နောက်ထပ် အနှစ်နှစ်ဆယ်ခန့်အတွင်း ထိုတည်ထောင်သူသည် အဖွဲ့အစည်းတစ်ခုမှတစ်ခုသို့ ကူးပြောင်း နေထိုင်ခဲ့ရသည်။
ထိုအဖွဲ့အစည်းများမှာ တိုက်ခိုက်ခံရခြင်း သို့မဟုတ် သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်ခြင်းတို့ကြောင့် ပျက်စီးသွားတတ်ပြီး၊ အမြဲတမ်း သူတစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။
ထိုဇာတ်လမ်းကို ဖတ်ရချိန်တွင် ထိုတည်ထောင်သူ၌ ကံကောင်းခြင်းများ ရှိနေသလား သို့မဟုတ် ကံဆိုးမှုများကို ဆောင်ကြဉ်းလာသူလားဟု ယန်ချင်းက သူ့ကိုယ်သူ ပြန်မေးမိသည်။
ယန်ချင်း ကောက်ချက်ချနိုင်သလောက် ဆိုလျှင်၊ ထိုသူအသက်ရှင်ကျန်ရစ်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံ၏ မြင့်မားသည့် ပြန်လည်ကုသနိုင်စွမ်း၊ တိုက်ခိုက်ရေးစွမ်းအား လုံးဝမရှိသဖြင့် သူ့အား လမ်းလျှောက်နေသော စည်းစိမ်ဥစ္စာ တစ်ခုအဖြစ် မြင်ကြသည့် ကျင့်ကြံသူများ၏ လောဘတို့ကြောင့်သာ ဖြစ်သည်။
ထိုရက်စက်ကြမ်းကြုတ်သော သံသရာကြီးမှာ အချိန်တစ်ခုအထိ ဆက်လက်လည်ပတ်နေခဲ့ပြီး၊ နောက်ဆုံးတွင် ကံကောင်းထောက်မစွာဖြင့် သူသည် လူသားဆေးပေါင်းဖို ဘဝကို ငြီးငွေ့လာကာ ထွက်ပြေးရန် ဆုံးဖြတ်လိုက်ချိန်အထိပင်။
ထွက်ပြေးနေစဉ်အတွင်း ရှေးဟောင်းဂိုဏ်းတစ်ခု၏ လျှို့ဝှက်ဆန်းကြယ်သော ဂူတစ်ခုထဲသို့ အမှတ်မထင် ရောက်ရှိသွားခဲ့သည်။
ထိုနေရာတွင် သူသည် မည်သည့်နေရာမှ လာမှန်းမသိသလို အဆင့်အတန်းကိုလည်း မသိရသော အလင်းပုလဲကို တွေ့ရှိခဲ့သည်။
သို့သော် ယန်ချင်း ဖတ်ခဲ့ရသော မှတ်တမ်းများအရ ထိုတည်ထောင်သူသည် ဂူထဲသို့ အခြေတည်အဆင့် နှောင်းပိုင်းကျင့်ကြံသူ တစ်ဦးအဖြစ် ဝင်သွားခဲ့ပြီး၊ ပြန်ထွက်လာချိန်တွင်မူ နယ်မြေအဆင့်သို့ ခြေတစ်လှမ်းဝက် လှမ်းထားပြီးသူတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တောက်ပသောပုလဲဂိုဏ်း တည်ထောင်သူ၏ ဇာတ်လမ်းကို ဖတ်ပြီးနောက် ယန်ချင်းသည် စပ်စုချင်စိတ်ကြောင့်၊ ထိုကဲ့သို့သောအရာမျိုး မည်သို့ ဖြစ်နိုင်မည်နည်း ဆိုသည်ကို အဖွဲ့အစည်းမှ စီနီယာအချို့ကို သွားရောက် ဆေးနွေးတိုင်ပင်ခဲ့သည်။
ထိုတည်ထောင်သူသည် အချိန်တိုအတွင်း အဓိကကျင့်ကြံခြင်း အဆင့်ကြီးနှစ်ခုကို ကျော်ဖြတ်သွားခဲ့သည်။
အခြေတည်အဆင့်နှင့် နန်းတော်အဆင့်၏ အထွတ်အထိပ်ကြားရှိ ကွာဟချက်မှာ အဆင့်နှစ်ဆင့်သာ မကဘဲ၊ ထိုကွာဟချက်၏ အဓိပ္ပာယ် သက်ရောက်မှုမှာ ထိုထက်များစွာ ပိုမိုကြီးမားလှသဖြင့်၊ ထိုပုလဲမှာ မည်ကဲ့သို့သော ရတနာမျိုး ဖြစ်မည်နည်း ဆိုသည်ကို ယန်ချင်းက သိချင်နေခဲ့သည်။
စီနီယာများတွင် ခန့်မှန်းချက်အနည်းငယ် ရှိကြသည်။
၎င်းတို့အနက် တစ်ခုမှာ အကြောင်းရင်းများ အားလုံးတိုက်ဆိုင်သွားခြင်း ဖြစ်ပြီး၊ တစ်ခုခုသာ လိုအပ်နေခဲ့မည်ဆိုလျှင် အခြေအနေများက ကွဲပြားသွားနိုင်သည် ဟူသောအချက် ဖြစ်သည်။
လူသားဆေးပေါင်းဖိုအဖြစ် ဖြတ်သန်းခဲ့ရသောအချိန်နှင့် သူ၏ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံတို့ ပေါင်းစပ်သွားမှုက၊ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကိုက်ညီသော တာအိုတစ်ခုကို ထိုးထွင်းသိမြင်နိုင်ရန် ကူညီပေးခဲ့သည်ဟု ၎င်းတို့က ယူဆကြသည်။
ထိုအခြေအနေတွင် အချိန်ကြာကြာ နေရလေလေ၊ သူ၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာလေလေ ဖြစ်သည်။
ထပ်ခါတလဲလဲ ပြုလုပ်နေသော စမ်းသပ်မှုများမှာ သူ၏ တာအိုကိုနားလည်ရန်အတွက် လောင်စာများ သက်သက်သာ ဖြစ်ခဲ့သည်။
သူကျင့်ကြံသော တာအိုသည် သစ်သားဒြပ်စင်ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိသူများတွင် အများဆုံးတွေ့ရလေ့ရှိသည့် အသက်စွမ်းအင်နှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေနိုင်သည်ဟု သူတို့က ခန့်မှန်းကြသည်။
ထို့အပြင် ဆေးရည်များ ဖော်စပ်ရန်အတွက် သူ့အပေါ်တွင် အသုံးပြုခဲ့သော အဖိုးတန်ဆေးပင်များထံမှ စွမ်းအင်ပမာဏ များစွာသည်လည်း ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားပြီး ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် လူသားဆေးပေါင်းဖိုအဖြစ် ထပ်ခါတလဲလဲ ညှဉ်းပန်း နှိပ်စက်ခံရမှုတို့မှာ ညီမျှခြင်းတစ်ခုကဲ့ အချိုးကျကျဖြစ်နေပြီး နောက်တစ်ခုကမှာ သူအမှတ်မထင်ရောက်ရှိသွားသော လျှို့ဝှက်ဆန်းကြယ်သည့် ဂူပင် ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သော ဂူထဲသို့ အမှတ်မထင် ရောက်ရှိသွားချိန်တွင်၊ သူ ရရှိခဲ့သော အလင်းပုလဲမှာ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော စွမ်းအင်အားလုံးကို သန့်စင်ပေးပြီး တာအိုအပေါ် နားလည်မှုကို ပိုမိုတိုးတက်စေသည့် သဘာဝရတနာတစ်ခု ဖြစ်နိုင်ပေသည်။
ထိုပြောင်းလဲမှုက သူ့ကို နယ်မြေအဆင့်သို့ ခြေတစ်လှမ်းဝက် အလိုအထိ တွန်းပို့ပေးလိုက်ခြင်း ဖြစ်သည်။
ထိုယူဆချက်ကို ယန်ချင်းအနေဖြင့် ဖြစ်နိုင်ခြေ ရှိသည်ဟု ထင်မြင်မိသည်။ အဘယ်ကြောင့်ဆိုသော် ဌာနခွဲမှူးစုန့်မှာ အကောင်းဆုံးဥပမာတစ်ခု ဖြစ်နေသောကြောင့်ပင်။
သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ နှောင်းပိုင်းတွင် ရှိသော်လည်း၊ တာအိုအပေါ် သူ၏ နားလည်မှုမှာ ယန်ချင်းထက်ပင် ပိုမိုနက်ရှိုင်းလှသည်။
သူ အဆင့်တက်ရန် အချိန်လုံလောက်ပြီဟု ဆုံးဖြတ်လိုက်သည့် နေ့တွင်၊ အဖွဲ့အစည်းရှိ လူအများစုက သူသည် နန်းတော်အဆင့်ကို ကျော်ဖြတ်ကာ နယ်မြေအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားမည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။
မည်သည့်အဆင့်အထိ ရောက်ရှိသွားမည်နည်း ဆိုသည်ကို သူတို့ မပြောနိုင်သော်လည်း၊ အလယ်အလတ်အဆင့်အထိ ရောက်ရှိနိုင်သည်ဟု ယေဘုယျအားဖြင့် လက်ခံထားကြသည်။
တာအိုအပေါ် သူ၏ နားလည်မှုက ထိုမျှလောက်အထိ နက်ရှိုင်းနေခြင်း ဖြစ်သည်။
ထို့ကြောင့် တောက်ပသောပုလဲဂိုဏ်း၏ တည်ထောင်သူတွင် ဌာနခွဲမှူးစုန့်နှင့် ဆင်တူသော အချက်များ ရှိနိုင်သည်ဟု ယူဆလိုက်ကြသည်။
ကွာခြားချက်မှာ ဌာနခွဲမှူးစုန့်က သူဆန္ဒရှိသည့် အချိန်တိုင်း အဆင့်တက်နိုင်သော်လည်း၊ တည်ထောင်သူအနေဖြင့် အခွင့်အရေးအနည်းငယ် လိုအပ်နေခြင်း ဖြစ်သည်။
၎င်းတို့အနက် တစ်ခုမှာ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို အပြည့်အဝအသုံးပြုနိုင်ရန် ကူညီပေးမည့် သင့်လျော်သောကျင့်စဉ်တစ်ခုဖြစ်ပြီး၊ နောက်တစ်ခုမှာ ဘေးကင်းစွာ အဆင့်တက်နိုင်မည့် နေရာတစ်ခု ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သော ဂူက ထိုနှစ်ချက်စလုံးကို တောက်ပသောပုလဲနှင့် ဂူထဲမှ တည်ထောင်သူ ရရှိခဲ့သည့် အခြားအရာများက ဓာတ်ကူအနေဖြင့် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။
အသစ်ရရှိလာသော စွမ်းအားများနှင့်အတူ၊ တောက်ပသောပုလဲဂိုဏ်း တည်ထောင်သူသည် မည်သည့်ယောက်ျားကောင်းမဆို လုပ်ဆောင်မည့် အရာကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့သည်။
သူ့အပေါ် တင်ရှိနေသော အကြွေးများအားလုံးကို ပြန်လည်ပေးဆပ်ခဲ့ပြီး၊ ထိုထက် ပိုသည်ဖြစ်စေ လျော့သည်ဖြစ်စေ ဘာမှ မလုပ်ခဲ့ပေ။
ထိုအပိုင်းကို ဖတ်ရချိန်တွင် သူမည်မျှ သွေးဆူသွားခဲ့ရသည်ကို ယန်ချင်း မှတ်မိနေသေးသည်။
သူသာဆိုလျှင် ထိုလူများနှင့် သူတို့ ရှိနေသော မြေပြင်များပါ မကျန် ပြာကျသွားသည်အထိ ရိုက်နှက်မိမည်ဟု သူ့ကိုယ်သူ ပုံဖော်ကြည့်မိသည်။
အကြွေးများ အားလုံးကို ရှင်းလင်းပြီးနောက် သူသည် တောက်ပသောပုလဲဂိုဏ်းကို တည်ထောင်ခဲ့ပြီး၊ နှစ်တစ်ထောင်မပြည့်မီမှာပင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ ဂိုဏ်းကို အဆင့် ၁ ဂိုဏ်းအဖြစ်သို့ မြှင့်တင်ပေးနိုင်ခဲ့သည်။
၎င်းသည် တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၁၂,၀၀၀ သာ ရှိသေးသဖြင့် ယနေ့အထိ အငယ်ဆုံး အဆင့် ၁ ဂိုဏ်းများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
သို့သော် အဆင့် ၁ ဂိုဏ်း တစ်ခုအနေဖြင့် အခြေခံအုတ်မြစ်များ တိမ်ကောနေသည့်တိုင်အောင်၊ ဝိညာဥ်ဖွဲစည်းခြင်းအဆင့်တည်ထောင်သူကြောင့်ပင် လေးစားခံနေရဆဲ ဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ အတွင်း သူ မည်မျှအထိ တိုးတက်လာခဲ့သနည်း ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
ဂိုဏ်းရော တည်ထောင်သူပါ တိုက်ကြီး တစ်ဝိုက်တွင် ခြေရာလက်ရာ သိပ်မရှိသဖြင့်၊ အထူးသဖြင့် သူတို့၏ စွမ်းအားများနှင့် ပတ်သက်လာလျှင် ဂိုဏ်းနှင့် တည်ထောင်သူ အပေါ် ပိုမို လျှို့ဝှက်ဆန်းကြယ်မှုများကိုသာ ဖြစ်ပေါ်စေခဲ့သည်။
….
ဓားမြစ်ဂိုဏ်းနှင့် ပတ်သက်၍၊ တောက်ပသောပုလဲဂိုဏ်း တည်ထောင်သူကဲ့သို့ ကံကောင်းသော လူတစ်ယောက် ပေါ်လာမည်ဆိုလျှင်တောင်၊ ဝမ်ရီကဲ့သို့ သံယောဇဉ်ကြီးကြီးမားမား မရှိသောကြောင့် ပြိုကွဲလုနီးပါးဖြစ်နေသောဓားမြစ်ဂိုဏ်းတွင် ဆက်နေမည်လား... သို့မဟုတ် ပိုမိုကောင်းမွန်သော နေရာများသို့ ပြောင်းရွှေ့သွားမည်လား... သို့မဟုတ် တောက်ပသောပုလဲဂိုဏ်း တည်ထောင်သူကဲ့သို့ ကိုယ်ပိုင်အမွေအနှစ်တစ်ခုကို စတင်ရန် ဆုံးဖြတ်မည်လားဟု ယန်ချင်းက တွေးတောနေမိသည်။
ပထမအချက် ဖြစ်လာနိုင်ခြေမှာ ကျန်အချက်များနှင့် ယှဉ်လျှင် ပို၍ နည်းပါးလှသည်။
သို့သော် ယူဆချက်များ ထုတ်နေမည့်အစား အချက်အလက် အချို့ကို အတည်ပြုရန် သူ ဆုံးဖြတ်လိုက်သည်။
ကံတရားကို ခန့်မှန်း၍ မရနိုင်သော်လည်း သစ္စာစောင့်သိမှုကိုတော့ ခန့်မှန်း၍ ရနိုင်ပေသည်။
“ဂိုဏ်းချုပ်ဝမ်ရီ... ခင်ဗျားမှာ ဂိုဏ်းကို လွှဲပြောင်းပေးဖို့ လူရှိလား...” ယန်ချင်းက တွန့်ဆုတ်စွာ မေးလိုက်သည်။
ထိုမေးခွန်းကြောင့် ဂိုဏ်းချုပ်ဝမ်ရီမှာ မှင်သက်သွားပြီး ပြန်လည် မဖြေကြားနိုင်မီ စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ရသည်။
“တစ်ချိန်တုန်းကတော့ သင့်တော်တဲ့ ဆက်ခံသူတွေကို ရှာဖို့ ကြိုးစားခဲ့ဖူးပါတယ်၊ ဒါပေမဲ့ အကြိမ်တိုင်း ကျရှုံးခဲ့တယ်...”
“ပါရမီလည်းရှိပြီး ဂိုဏ်းကို ပြန်လည်အသက်သွင်းရမယ့် ဝန်ထုပ်ဝန်ပိုးကိုထမ်းဆောင်ဖို့ နှလုံးသားလည်း ရှိတဲ့သူကို ရှာဖို့ဆိုတာ ခက်ခဲလွန်းတယ်...”
“အထူးသဖြင့် ဒုတိယအချက်နဲ့ ကိုက်ညီတဲ့သူကို ရှာဖို့က ပိုတောင်ခက်သေးတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ဓားမြစ်ဂိုဏ်းရဲ့ အတောက်ပဆုံးအချိန်တွေကိုမှ မမီလိုက်ကြတာ...”
“ကိုယ်တစ်ခါမှ မသိခဲ့ဖူးတဲ့ အရာတစ်ခုအတွက် ကြိုးစားဖို့ သူတို့ကို စိတ်အားထက်သန်လာအောင် လုပ်ဖို့က အရမ်းခက်တယ်...”
“သူတို့ သိတာက အခုလက်ရှိ ဓားမြစ်ဂိုဏ်းပဲ၊ တောင်တစ်တောင်ပေါ်က ပျက်စီးယိုယွင်းနေတဲ့ ဂိုဏ်းတစ်ခု၊ အနီရောင်အဆင့် ကျင့်စဉ်နှစ်ခုလောက်ပဲ ရှိပြီး ပါရမီမရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက် ရှိနေတဲ့ နေရာပေါ့...”
သူ၏ လေသံထဲတွင် ခါးသီးမှုနှင့် ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်မှုများကို ကြားနိုင်ပေသည်။
“ကျွန်တော်နဲ့အတူ ဒီနေရာကို ရောက်လာခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကလည်း ကြာတော့ သေတဲ့သူကသေ ထွက်တဲ့သူကထွက်နဲ့ နောက်ဆုံးမှာ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်တော့တယ်...”
“ကိုယ့်ပါရမီအကြောင်း ကိုယ်သိတော့၊ ပါရမီရှင်တွေကို ရှာတာက အကောင်းဆုံး လမ်းကြောင်းပဲလို့ တွေးခဲ့တယ်...”
“ဒါပေမဲ့ သူတို့ကို ပေးစရာ ဘာမှမရှိတော့၊ ကျွန်တော်ရခဲ့တဲ့ လူတွေအများစုကလည်း ကျွန်တော့် အဆင့်လောက်ပဲ ရှိတယ်...”
“ပြီးတော့ သူတို့ကတောင် ဂိုဏ်းမှာ ဘာအလားအလာမှ မရှိဘူးလို့ မြင်ပြီး ထွက်ပြေးသွားကြတာချည်းပဲ...”
“လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတော့ အဲဒါတွေကို လက်လျှော့လိုက်ပြီး တားမြစ်ကျင့်စဉ်တချို့ကို သုံးပြီး ကိုယ်တိုင်ပဲ တာဝန်ယူဖို့ ဆုံးဖြတ်လိုက်တယ်...”
“ခင်ဗျား ကျွန်တော့်ကို တွေ့ခဲ့ရတဲ့ အခြေအနေက အဲဒါကြောင့်ပါပဲ...”
“တားမြစ်ကျင့်စဉ်တွေမှာတောင် ကျရှုံးလောက်အောင် ငါ့မှာ ဒီလောက်တောင် ပါရမီ မရှိရသလားလို့ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး...” ဝမ်ရီက ရှက်ရွံ့စွာ ရယ်မောရင်း ပြောလိုက်သည်။
တားမြစ်ကျင့်စဉ်များ ဆိုသည်မှာ ပါရမီမရှိသူများအတွက် အတိုင်းအတာ တစ်ခုအထိ ပေးဆပ်မှုဖြင့် အားစိုက်ထုတ်မှု အနည်းဆုံးဖြင့် လျင်မြန်စွာ ရလဒ်ကောင်းများ ရရှိနိုင်ရန် ဖြတ်လမ်းများ မဟုတ်ပါလား။
ပါရမီနှင့် ပတ်သက်၍ လုံးဝလိုအပ်ချက် မရှိသော အရာတစ်ခုတွင် သူမည်သို့ ကျရှုံးသွားသနည်း ဆိုသည်ကို သူ နားမလည်နိုင်ပေ။
သူ၏ပါရမီမှာ ဆိုးရွားကြောင်းကို သိထားခဲ့သော်လည်း၊ ဤမျှလောက်အထိ ဆိုးရွားလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။
“ဒီအနားမှာ ရှိနေတဲ့ လူနည်းနည်းက သွားစရာ နေရာမရှိပဲ ရုန်းကန်နေရတဲ့ သူတွေမို့လို့ ဂိုဏ်းထဲ ပေးနေထားတာပါ... သူတို့အတွက်တော့ ဒီနေက အခမဲ့ဂေဟာ တစ်ခုသာသာပါပဲ...”
ဓားမြစ်ဂိုဏ်းကို ဇာတ်သိမ်းပေးရမည့် အလားအလာကြောင့် ဖြစ်ပေါ်လာသော ဝမ်းနည်းပူဆွေးနေသည့် စိတ်ခံစားချက်များကြားတွင် သူ လျစ်လျူရှုမိသွားခဲ့သော အရာတစ်ခုကို ယန်ချင်း ရုတ်တရက် သတိရသွားသည်။
သူက ဆက်သွယ်ရေးအဆောင်ကို အလျင်အမြန်ထုတ်ယူကာ ဝင်ခွင့်ဌာနမှ သူငယ်ချင်းတစ်ဦးထံ ဆက်သွယ်လိုက်သည်။
“ယွမ်လီ... ငါ့အတွက် တစ်ခုလောက် စစ်ပေးလို့ ရမလား...”
“ယန်ချင်း... မင်းက အမြဲတမ်း တစ်ခုမဟုတ်တစ်ခု တောင်းဆိုနေတာပဲ၊ အရင်တစ်ခေါက်က အကြွေးတောင် မင်းမဆပ်ရသေးဘူးနော်...”
“မင်းကတိပေးထားတဲ့ မျက်နှာပြောင်းလဲခြင်း ကျင့်စဉ် ၁၀၀၀ ပါတဲ့ ရှေးဟောင်းစာလိပ်ကို အခုထိ မမြင်ရသေးဘူး...”
“ငါ ပြန်လာရင် ပေးပါ့မယ်ကွာ... မင်းကို ငါ့ရဲ့ အခန်းကိုတောင် တစ်ပတ်လောက် သုံးခွင့်ပေးဦးမယ်...”
“ငါ့ကိုယ်ပိုင် ဝိညာဉ်ကျောက်တုံးတွေ သုံးပြီး အားဖြည့်ရမယ့် အခြေအနေအထိ အဆင့်ကျသွားတဲ့ အခန်းတွေကိုလား... မလိုပါဘူး ကျေးဇူးပဲ...”
“ငါကိုယ်တိုင်အားဖြည့်ပေးပါ့မယ်... ပြီးတော့ ငါ နန်းတော်တရားရုံးကို ရာထူးတိုးသွားရင် အခန်းသစ် တစ်ခုရမှာလေ...”
“အဲဒီအခန်းကို မင်းကို တစ်ပတ်လောက် သုံးခွင့်ပေးရင်ရော ဘယ်လိုလဲ...” ယန်ချင်းက သွားကြိတ်ကာ ပြောလိုက်သည်။
“သဘောတူတယ်... မင်း စကားမတည်ဘဲတော့ မနေနဲ့နော် ယန်ချင်း...”
“မနေပါဘူးကွ...”
“အေးပါ... ခုမင်း ဘာလိုချင်လို့လဲ...”
“လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း ဓားမြစ်ဂိုဏ်းရဲ့ နောက်ဆုံး သတ်မှတ်အရေအတွက် ခွဲတမ်းတွေကို စစ်ပေးလို့ ရမလား...”
“ရောက်လာတဲ့ ကျောင်းသားတွေ အဲဒီက ထွက်သွားတဲ့ အချိန်မှာ ဘယ်ကျင့်ကြံခြင်း အဆင့်တွေ ရှိနေလဲ...”
“ သူတို့ရဲ့ အသက်တွေက ဘယ်လောက်လဲ... ပြီးတော့ နောက်ဆုံးဝင်လာတဲ့သူရဲ့ လေ့ကျင့်ရေးက ဘယ်တုန်းက ပြီးသွားလဲ ဆိုတာတွေပါ စစ်ပေးပါ... ကျေးဇူးပဲ...”
“ခဏလေးစောင့်... ဒီမှာ တွေ့ပြီ... ၁၂ နှစ်ဆိုတော့ ၄ ယောက် ဖြစ်ရမယ်”
“ အဲဒီမှာ... ချူချင်းဝူ… ကျင့်ကြံခြင်း အဆင့်က ချီသန့်စင်ခြင်း အဋ္ဌမအဆင့်၊ အသက် ၄၇ နှစ်... ကျစ်လန်… သူလည်း ချီသန့်စင်ခြင်း အဋ္ဌမအဆင့်ပဲ၊ အသက် ၅၈ နှစ်... ရှန်းလု… ချီသန့်စင်ခြင်း စတုတ္ထအဆင့်၊ အသက် ၄၉ နှစ်... သူက ပထမနှစ်မှာတင် အထုတ်ခံလိုက်ရတာ...”
“ နောက်ဆုံးတစ်ယောက်က လီဖုန်း… ချီသန့်စင်ခြင်း အဆင့် ၁၁၊ အသက် ၃၁ နှစ်... သူက လွန်ခဲ့တဲ့ လေးလကမှ သင်တန်း ပြီးသွားတာ...”
“ကျေးဇူးပဲ ယွမ်လီ...” ယန်ချင်းက ပြောပြီးနောက် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
မျက်မှောင်ကြုတ်ရင်း ယန်ချင်းက မေးလိုက်သည်။ “ဂိုဏ်းချုပ်ဝမ်ရီ... အဲဒီလေးယောက် ဘာဖြစ်သွားတာလဲ...”
နောက်ဆုံးတစ်ယောက်နှင့် ကျောင်းထုတ်ခံရသူကို ဖယ်လိုက်လျှင်၊ ပထမ နှစ်ယောက်ထဲမှ မည်သူမဆို ယခုအချိန်ဆိုလျှင် အခြေတည်အဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေး ရှိနေပေမည်။
ဂိုဏ်း၏ ဆိုးရွားလှသော အခြေအနေများကြောင့် ထိုလူများကို လျစ်လျူရှုမိသွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း အခြေအနေများ ဆိုးရွားနေခဲ့သော်လည်း၊ ဝမ်ရီ ရှိနေသောကြောင့် သူတို့သည် အဆင့်သတ်မှတ်ခံရသော ဂိုဏ်းတစ်ခု အဖြစ် ရှိနေသေးသည်။
ထိုနှစ်ပေါင်း ၂၀၀ အတွင်း ဂိုဏ်း၏ ခွဲတမ်းဖြင့် ဝင်ရောက်လာသူများမှာ ဘာဖြစ်သွားခဲ့သနည်း။
***