“ဓားမြစ်ဂိုဏ်းမှာ အပြင်စည်းတပည့်တွေနဲ့ အစေခံတချို့လောက်ပဲ ကျန်တော့တဲ့အချိန် ရန်ငြိုးရှိခဲ့တဲ့ သူတွေက ကျွန်တော်တို့ကို ဒီအတိုင်း လွှတ်ထားခဲ့ပေမဲ့... အဲဒါက လုံးဝအပြီးတိုင် လွှတ်ပေးလိုက်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး...”
ဝမ်ရီ၏ မျက်လုံးများထဲတွင် မုန်းတီးမှု၊ စိတ်ပျက်အားငယ်မှုနှင့် လက်လျှော့အရှုံးပေးလိုမှုများ ဖြတ်ပြေးသွားရင်း သူက သက်ပြင်းချလိုက်သည်။
“ဒီကို စရောက်လာတုန်းက အခြေမချနိုင်ခင်မှာပဲ ဒေသခံ အင်အားစုတချို့နဲ့ ထိပ်တိုက် တွေ့ခဲ့ကြတယ်...”
“တန်ဖိုးရှိတဲ့ အရာအားလုံးကို အဲဒီ နယ်မြေအဆင့်ကျွမ်းကျင်သူက ယူသွားခဲ့ပေမဲ့၊ ကျွန်တော်တို့ဆီမှာ တန်ဖိုးသိပ်မကြီးပေမဲ့ ဒီနေရာမှာ အခြေချနိုင်ဖို့ ကူညီပေးနိုင်တဲ့ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းလေး တချို့တော့ ကျန်နေသေးတယ်လေ...”
လက်ဖက်ရည်ကို နောက်ထပ်တစ်ငုံသောက်ရင်း ဝမ်ရီက စကားကို ခေတ္တရပ်လိုက်ပြီး၊ အကျင့်ပါနေသဖြင့် ယန်ချင်းကိုလည်း နောက်ထပ်တစ်ခွက် ငှဲ့ပေးလိုက်သည်။
ယခုအခါတွင် သူသည် ဂိုဏ်းချုပ်တစ်ဦး ဖြစ်နေနိုင်သော်လည်း၊ အစေခံတစ်ဦးအဖြစ် နေထိုင်ခဲ့ရသည့် အချိန်က ပိုမိုကြာမြင့်ခဲ့သည်။ ထိုအချိန်က အကျင့်တချို့မှာ ရံဖန်ရံခါ ပေါ်ထွက်လာတတ်သည်။
“အခြေချနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့နဲ့ အိမ်နီးချင်းအဖွဲ့အစည်းတွေကြားက ပဋိပက္ခတွေက မရပ်တန့်သွားဘူး...”
“”အစကတော့ အပြင်လူတွေကိုပဲ သံသယဖြစ်မိတာ.... ဒီကိစ္စအပေါ် သူတို့ရဲ့အာဏာလိုချင်မှုနဲ့ ကလန်ကဆန်လုပ်ချင်တာတွေကြောင့်လို့ ထင်ခဲ့မိတယ်လေ....”
“ဒါပေမဲ့ နောက်ပိုင်းကျမှ အရာအားလုံးက ထင်သလောက် မရိုးရှင်းဘူးဆိုတာ ရှာဖွေတွေ့ရှိခဲ့တယ်...”
“သရေကျအောင် တိုက်ခိုက်ဖို့ အခက်အခဲမရှိခဲ့တဲ့ ပြိုင်ဘက်တွေက အရည်အသွေးရော အရေအတွက်ပါ တိုးလာတယ်...”
“အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ခြေတစ်လှမ်းဝက် လှမ်းထားတဲ့ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ဓားပြတွေတောင် ကျွန်တော်တို့ တံခါးဝကို ရောက်လာကြတယ်...”
“တိုက်ခိုက်တဲ့သူတွေ အားလုံးက ကျွန်တော်တို့ရဲ့ ရန်သူဟောင်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဆိုတာကို နောက်ပိုင်းမှ သိလိုက်ရတာ...”
“သူတို့က လွှတ်ပေးခဲ့တယ်ဆိုပေမဲ့ ကျွန်တော်တို့ကို မေ့မသွားခဲ့ကြဘူး”
“သမင်တောင်တိုင်းပြည် ပတ်ဝန်းကျင်က အဖွဲ့အစည်းတွေကို သုံးပြီး ကျွန်တော်တို့ကို အဆက်မပြတ် နှောင့်ယှက်နေခဲ့တာ...”
“အဲဒါကြောင့်ပဲ အခြေချနိုင်ခဲ့ပြီး ရန်သူဟောင်းတွေက ဆက်မလိုက်တော့ပေမဲ့ ကျွန်တော်တို့ရဲ့ ဆုတ်ယုတ်မှုက အရမ်းကိုမြန်ဆန်နေခဲ့တာ...”
“ကျွန်တော်တို့ အဆက်မပြတ်တိုက်ခိုက်ခံရသလို၊ အဲဒီ အဖွဲ့အစည်းတွေကပဲ ပိတ်ဆို့မှုတွေ လုပ်ထားလို့ ကျွန်တော်တို့ရဲ့ တိုးတက်မှုက လုံးဝရပ်တန့်သွားခဲ့တယ်...”
“ကျွန်တော်တို့ဆီမှာ ရှိတဲ့ အလားအလာရှိတဲ့ တပည့်အနည်းငယ်ကိုလည်း သူတို့က ခိုးယူသွားတာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့ကြတယ်...”
“လျော့နည်းလာနေတဲ့ အရင်းအမြစ်တွေနဲ့ဆိုတော့ အဲဒီဒဏ်ရာတွေက သေဆုံးတာနဲ့ သိပ်မကွာတော့ဘူးလေ...”
“အဲဒီအဖွဲ့အစည်းတွေကို အသိအမှတ်ပြုရမယ်ဆိုရင် သူတို့က တော်တော်လေး စေ့စပ်သေချာကြတယ်...”
ဝမ်ရီက ရှုံ့မဲ့စွာ ပြုံးရင်း သူ၏လေသံထဲတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြောလိုက်သည်။
“သခင်ကြီးရဲ့ လုပ်ဖော်ကိုင်ဖက် ပြောသွားတဲ့ နာမည်တွေထဲကဆိုရင်... ချူချင်းဝူက ပြန်ရောက်လာပြီး တစ်နှစ်အကြာမှာ ဒဏ်ရာရခဲ့ပြီး သုံးနှစ်ကြာတော့ ဆုံးပါးသွားတယ်...”
“ကျစ်လန်က ရည်မှန်းချက် သိပ်မကြီးဘူး... သူက ဂိုဏ်းကနေ ထွက်သွားပြီး တခြားတစ်နေရာရာမှာ မိသားစု ဘဝကို စတင်ဖို့ ဆုံးဖြတ်လိုက်တယ်...”
“’ရှန်းလုကတော့ သေမျိုးအဆင့် ဆေးပင် တစ်ပင်နဲ့ ပတ်သက်ပြီး စကားများကြရင်း တခြားဂိုဏ်းက တပည့်တစ်ယောက်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်...”
“အဲဒီ ကလေးက အမြဲတမ်းစည်းကမ်းမဲ့တယ်လေ၊ ကမ္ဘာကြီးက သူ့အောက်မှာ ရှိနေသလိုမျိုး ပြုမူတတ်ပေမဲ့၊ ကံဆိုးတာက သူ့မှာ အဲဒီလို ပြုမူဖို့ လုံလောက်တဲ့ ပါရမီ မရှိခဲ့ဘူး...”
“လီဖုန်း အတွက်ကတော့.....”
ဝမ်ရီ၏ မျက်လုံးများထဲတွင် နားမလည်နိုင်မှု၊ ဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်မှုများ ပေါ်လာရင်း သူက စကားကို ခေတ္တရပ်လိုက်သည်။
ဝမ်ရီ၏ တုံ့ပြန်မှုအရ သူနှင့် လီဖုန်းတို့ကြားတွင် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိမည်ဟု ယန်ချင်း ခန့်မှန်းလိုက်သည်။
သူတို့က ဆွေမျိုးများပင် ဖြစ်ကောင်း ဖြစ်နိုင်မည်။ အပြင်လူများက ဂိုဏ်း၏ မီးရှူးတိုင်ကို ဆက်လက် မသယ်ဆောင်နိုင်လျှင်တောင်၊ သွေးသား တော်စပ်သူ တစ်ဦးဦးက လုပ်နိုင်ကောင်း လုပ်နိုင်မည် မဟုတ်ပါလား။
“လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ... သူက ကျွန်တော့်နေရာကို ဆက်ခံဖို့ အမြင့်ဆုံးမျှော်လင့်ချက် ထားခဲ့ရတဲ့ သူပါ...”
“သူ ကလေးဘဝတုန်းက ကျွန်တော်တို့ ဂိုဏ်းရဲ့ တောင်ခြေမှာ စွန့်ပစ်ခံထားရတာကို ... ကျွန်တော်တို့ အဖွဲ့ဝင်တစ်ယောက်ကတွေ့လို့ သူ့ကို သနားပြီး ဂိုဏ်းထဲခေါ်လာခဲ့တာ...”
“အဲဒီတုန်းက ကျွန်တော်က သိပ်ဂရုမစိုက်နိုင်ခဲ့လို့ သူ့ကို သူတို့လက်ထဲပဲ ထားခဲ့လိုက်တယ်...”
“အဲဒီအချိန်က ကျွန်တော့်မှာ လျော့နည်းလာတဲ့ သက်တမ်းရယ်၊ ဘာမှ မပြောင်းလဲဘူးဆိုရင် ဖြစ်လာနိုင်တဲ့ ဂိုဏ်းရဲ့ အဆင့်လျှော့ချခံရမယ့် ကိစ္စတွေရယ်ကြောင့် စိတ်ထဲမှာ ရှုပ်ထွေးနေခဲ့တာလေ...”
“တခြားကိစ္စတွေအတွက် ခေါင်းထဲမှာ နေရာမရှိခဲ့ဘူး... သူတို့ဆီမှာ ရှိတဲ့ ပါရမီနဲ့ဆို ဘာမှ ပြောင်းလဲသွားမှာ မဟုတ်လို့ ကျန်နေတဲ့ တပည့် အနည်းငယ်ကို လေ့ကျင့်ပေးတာတောင် ရပ်တန့်လိုက်တယ်...”
“သူတို့ရဲ့ ရလဒ်တွေ ဆိုးရွားရတာက ကျွန်တော်က ဆရာဆိုးတစ်ယောက် ဖြစ်နေလို့လည်း ဖြစ်နိုင်ခြေ ရှိပေမဲ့ပေါ့...”
နောက်ဆုံး အပိုင်းကို ပြောလိုက်ချိန်တွင် ဝမ်ရီက ရှက်ရွံ့စွာ ရယ်မောလိုက်သည်။
“အဲဒီ အချိန်ကာလ အတွင်းမှာပဲ တားမြစ်ကျင့်စဉ်တွေကို စပြီး စမ်းသပ်ခဲ့တာ...”
“နှစ်အနည်းငယ် အကြာမှာ ထုံးစံအတိုင်း ကျင့်ကြံနေရင်းနဲ့ နောက်ထပ် အတားအဆီးတစ်ခုကို ဝင်တိုက်မိတဲ့ အချိန်ကျမှ လီဖုန်းက ကျွန်တော့် မျက်စိထဲ ဝင်လာခဲ့တာ...”
“အဲဒီ ကလေးမှာ ပါရမီရှိတယ်... သူ့ကို တခြားသူတွေနဲ့ ယှဉ်ကြည့်ဖို့ ကျွန်တော့်ရဲ့ အကဲဖြတ်မှုက မှားကောင်းမှားနိုင်ပေမဲ့၊ အနည်းဆုံးတော့ သူက ကျွန်တော့်ထက် ဒါမှမဟုတ် နှစ်တွေတစ်လျှောက် ကျွန်တော်တို့ဆီမှာ ရှိခဲ့တဲ့ တပည့်အများစုထက် ပါရမီ ပိုရှိတယ် ဆိုတာကိုတော့ ကျွန်တော် သိတယ်...” ဂုဏ်ယူစွာ ပြုံးရင်း ဝမ်ရီက ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ နည်းပါးတဲ့ အရင်းအမြစ်တွေနဲ့... အမည်ခံ အဆင့်မြင့်အနီရောင်အဆင့် ကျင့်စဉ်နှစ်ခုတည်းနဲ့တင်၊ အဲဒီကလေးက သူ့ခန္ဓာကိုယ်ကို ငွေရောင်ခန္ဓာကိုယ်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး ချီသန့်စင်ခြင်း အဆင့်ကိုတောင် တက်လှမ်းနိုင်ခဲ့တယ်...”
“သူသာ ပိုကောင်းတဲ့ အရင်းအမြစ်တွေ၊ ပိုမြင့်တဲ့ကျင့်စဉ်တွေနဲ့ သူ့အတွက် ပိုကောင်းတဲ့ ဆရာတစ်ယောက်သာ ရှိခဲ့မယ်ဆိုရင်... သူဘယ်လောက် အမြင့်အထိ ရောက်နိုင်မလဲ ဆိုတာကို မတွေးဘဲ မနေနိုင်ခဲ့ဘူး...”
“ကျွန်တော်တို့ မပေးနိုင်ခဲ့တာတွေအတွက် သူ့ကို အစားထိုး ပြန်လည် ပေးဆပ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ သူ့ကို အဖွဲ့အစည်းဆီ စေလွှတ်လိုက်တာပါ..”
“အဲဒီကနေ ထွက်သွားပြီးနောက် သူဘယ်ရောက်နေလဲ ဆိုတာကိုတော့ ရိုးရိုးသားသား ပြောရရင် ကျွန်တော် မသိပါဘူး...”
“ကျွန်တော့် စိတ်က သူတစ်နေရာရာမှာ ကြန့်ကြာနေပြီး ပြန်လာနေတယ်လို့ မျှော်လင့်နေသလို... မသိစိတ်ကလည်း သူပြန်မလာဘဲ အပြင်က ပိုကောင်းတဲ့ ဂိုဏ်းတစ်ခုခုရဲ့ သိမ်းသွင်းတာကို ခံလိုက်ရပါစေလို့ မျှော်လင့်နေမိတယ်...”
“ဓားမြစ်ဂိုဏ်းကို ပြန်လည်အသက်သွင်းမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ စွဲလမ်းမှုတွေအောက်မှာ သူ့ကို ချည်နှောင်ထားတာက... ကိုယ်ကျိုးရှာလွန်းရာ ကျတယ်လို့ ခံစားရတယ်...”
ဝမ်ရီသည် ဂိုဏ်းပျောက်ကွယ်သွားမည့် အရေးကို လက်ခံကာ စိတ်အေးသွားပုံရသည်။
သူ၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများ ပေါ်လာရင်း ဝမ်ရီက ပြောလိုက်သည်။
“ကျွန်တော့် စိတ်ရဲ့ နောက်တစ်ပိုင်းကတော့... အပြန်လမ်းမှာ သူ တစ်ခုခုများ ဖြစ်သွားခဲ့မလား ဆိုပြီး ကြောက်ရွံ့နေမိတယ်...”
သူ၏ အတွေးအများစုက နောက်ဆုံးအချက်ဆီသို့သာ စုပြုံသွားလေ့ရှိသည်။
လီဖုန်းပြသခဲ့သော ပါရမီနှင့်ဆိုလျှင်၊ သတ်ဖြတ်ရန် ပစ်မှတ်ထားခံရခြင်းက ဖြစ်နိုင်ခြေ အလွန်များသော ရွေးချယ်မှုတစ်ခု ဖြစ်နေသည်။
ယန်ချင်း၏ မျက်မှောင်ကြုတ်မှုမှာ ပိုမိုနက်ရှိုင်းလာသည်။
“ဒါက မူမမှန်ဘူး...”
ယန်ချင်းက စိတ်ထဲမှ တွေးလိုက်သည်။
လေ့ကျင့်ရေးကာလ ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက်၊ အဖွဲ့အစည်းမှ ဝန်ထမ်းများက အားနည်းသောဂိုဏ်းများမှ တပည့်များ၊ အထူးသဖြင့် ပါရမီ တစ်စုံတစ်ရာ ပြသထားသူများကို သူတို့၏ တံခါးဝများအထိ လိုက်လံ ပို့ဆောင်ပေးလေ့ ရှိသည်။
ထိုပျိုးပင်လေးများ သူတို့၏ အလားအလာများကို မပြသနိုင်မီ သေဆုံးသွားခြင်းက အဖွဲ့အစည်းအတွက် အလဟဿ ဖြစ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။
လီဖုန်းကို သူ၏ဂိုဏ်းတံခါးဝတွင် ချထားပေးခဲ့ခြင်း ဖြစ်နိုင်ခြေအများဆုံး ဖြစ်သည်။
ထို့နောက် အဖွဲ့အစည်းမှ ဝန်ထမ်း ချထားပေးပြီးနောက် သူထွက်သွားခြင်း ဖြစ်နိုင်သလို၊ အဖွဲ့အစည်းမှ လူထွက်သွားသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူ့ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်။
နောက်ဆုံးအတွေးမှာ မဖြစ်နိုင်ကြောင်း ပယ်ချရင်း ယန်ချင်းက ခေါင်းခါလိုက်သည်။
အကယ်၍ လီဖုန်းရောက်လာမည်ကို စောင့်ဆိုင်းကာ ချောင်းမြောင်းနေသူ တစ်ဦးဦး ရှိနေခဲ့မည်ဆိုလျှင်၊ အဖွဲ့အစည်းမှ လူက ထိုသူကို အာရုံခံမိပြီး အရေးယူဆောင်ရွက်သွားမည်သာ ဖြစ်သည်။
ဆိုလိုသည်မှာ တစ်ချက်တည်းသာ ရှိသည်။ လီဖုန်းသည် သူ့ကို ချထားပေးပြီးသည်နှင့် တစ်ပြိုင်နက် ထွက်သွားခဲ့ခြင်း ဖြစ်သည်။
သက်ပြင်းချရင်း ယန်ချင်းက တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။
“ကံကောင်းတာက... နောက်အစည်းအဝေးကျရင် ပြင်ဆင်ထားတဲ့ ခွဲတမ်းအတွက် စည်းမျဉ်းအသစ်တွေ အသက်ဝင်တော့မှာ...”
***