အဆင့်နိမ့် ဂိုဏ်းများစွာသည် လေ့ကျင့်သင်ကြားပေးထားသော တပည့်များကို အခြားပြိုင်ဘက်များထံ ဆက်တိုက် ဆုံးရှုံးနေရသဖြင့်၊ တိုးတက်မှု ရပ်တန့်နေသော အခြေအနေတွင် ကျန်ရစ်ခဲ့ကြသည်။
အချို့ကမူ ၎င်းတို့၏ ခွဲတမ်းများကို ဈေးကွက်ရှာဖွေရေး အစီအစဉ်တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ကြသည်။
ထိုခွဲတမ်းများကို ဈေးအများဆုံးပေးသူများထံ လေလံတင် ရောင်းချကြသည်။ နေရာပိုရရန်အတွက် အဖွဲ့အစည်းများကလည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထိုခွဲတမ်းများကို အလုအယက် ဝယ်ယူလေ့ရှိကြသည်။
မည်သူ့ကို စေလွှတ်ရမည်ဆိုသည့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ထိုအဖွဲ့အစည်းများအား ပေးအပ်ထားသည်။
အဖွဲ့အစည်းတွင်လည်း အဖွဲ့ဝင်များ၏ အမည်စာရင်း မရှိသောကြောင့်၊ အဖွဲ့ဝင်မဟုတ်သူ တစ်ဦးကို အဖွဲ့အစည်း၏ မျက်စိအောက်တွင် ခိုးသွင်းရန်မှာ အလွန်လွယ်ကူလှသည်။
သို့သော် လာမည့် သုံးလအတွင်း ခွဲတမ်းစနစ်အတွက် စည်းမျဉ်းသစ်များ စတင်အသက်ဝင်လာတော့မည် ဖြစ်သည်။
ခွဲတမ်းစနစ်တွင် ပါဝင်သော အဖွဲ့ဝင်အားလုံးသည် ဂိုဏ်းမှ မထွက်ခွာမီ မိမိတို့အဖွဲ့အစည်းများအတွက် ၁၀ နှစ် တာဝန်ထမ်းဆောင်ရမည် သို့မဟုတ် ထိုသုံးနှစ်အတွင်း မိမိတို့အပေါ် သုံးစွဲခဲ့သော အရင်းအမြစ်များနှင့် ညီမျှသည့် ပမာဏကို အဖွဲ့အစည်းထံ ပြန်လည်ပေးဆောင်ရမည် ဖြစ်သည်။
ခွဲတမ်းနေရာများကို ရောင်းချသူများအတွက်မူ၊ မိသွားပါက မည်သူမဆို ၁၀ နှစ် ပိတ်ပင်ခံရမည် ဖြစ်သည်။
ဤအကျိုးသက်ရောက်မှုနှင့်အညီ၊ ခွဲတမ်းနေရာများကို မှောင်ခိုရောင်းချသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက် လာရောက်ပေးပို့သူများကို ကြီးမားသော ဆုလာဘ်တစ်ခုပင် အဖွဲ့အစည်းက ကမ်းလှမ်းထားသည်။
သစ္စာဖောက်မည့် မည်သူမဆို မိမိအဖွဲ့အစည်းကို ပြန်လည် သတင်းပေးရန် လုံးဝ တုံ့ဆိုင်းမနေစေလောက်အောင် ထိုဆုလာဘ်မှာ ကြီးမားလှသည်။
ယန်ချင်း ဖတ်ခဲ့ရသော အကျဉ်းချုပ်အရ၊ အဆင့် ၅ အဖွဲ့အစည်းမှ သတင်းပေးသူ တစ်ဦးသည် မိမိ၏ စွမ်းရည်များနှင့် အထူးကိုက်ညီသော အဆင့်မြင့်လိမ္မော်ရောင်အဆင့် ကျင့်စဉ်တစ်ခု၊ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၀ တုံး၊ အထူးပြုလုပ်ထားသော ကောင်းကင်အဆင့် ရတနာတစ်ခုနှင့် အဖွဲ့အစည်း၏ အကယ်ဒမီတွင် လေးနှစ်တာ လေ့ကျင့်ခွင့်တို့ကို အခမဲ့ရရှိမည် ဖြစ်သည်။
အချို့သော အဆင့် ၅ အဖွဲ့အစည်းများ ပိုင်ဆိုင်ထားသည့် စုဆောင်းထားသော အရင်းအမြစ်များ အားလုံးထက် ထိုဆုလာဘ် တစ်ခုတည်းကပင် ပိုမို များပြားနေနိုင်သည်။
ဤမျှလောက် ကြီးမားသော ဆုလာဘ်ကြောင့် ဖခင်က သားကို၊ သားက ဖခင်ကိုပင် ပြန်လည် သစ္စာဖောက်နိုင်ပေသည်။
ထိုဆုလာဘ်များကြောင့် ဤမှောင်ခို အဖွဲ့အစည်းများအတွင်း တရားမျှတမှု စိတ်ဓာတ်များ သေချာပေါက် မွေးဖွားလာလိမ့်မည် ယန်ချင်းတစ်ယောက်တွေးလိုက်သည်။
…
ဝမ်ရီ၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်လိုက်ရချိန်တွင်၊ လီဖုန်းသည် ဂိုဏ်းကိုရော အဘိုးအိုကိုပါ စွန့်ပစ်သွားခဲ့လောက်ပြီ ဆိုသည်ကို မပြောပြရန် ယန်ချင်းက ဆုံးဖြတ်လိုက်၏။
လီဖုန်းသာ တခြားတစ်နေရာရာသို့ သွားခဲ့လျှင် ဝမ်းသာမိမည်ပြောခဲ့သော်လည်း၊ သစ္စာဖောက်ခံရခြင်း၏ နာကျင်မှုက ရှိနေဦးမည်သာ ဖြစ်သည်။
အသက်ရှင်ရန် လအနည်းငယ်သာ ကျန်တော့သူတစ်ဦးအနေဖြင့် ထိုနာကျင်မှုကို သေးဆုံးသည့်အထိသယ်ဆောင်သွားရန် မလိုအပ်ပေ။
များစွာသော အခက်အခဲများကို ဖြတ်သန်းခဲ့ရပြီးဖြစ်သည့် ရှေ့မှ အဘိုးအိုအပေါ် ယန်ချင်းတစ်ယောက် သနားကရုဏာသက်မိသည်။
“သွေးအဆီအနှစ်ကို ဘယ်နေရာမှာ ချပေးရမလဲစီနီယာ…”
အတွေးများထဲမှ ပြန်လည်ရုန်းထွက်လာရင်း ဝမ်ရီ မေးလိုက်သည်။
ထိုမေးခွန်းကို မေးလိုက်ချိန်တွင် ဝမ်ရီ၏မျက်လုံးများထဲ၌ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ချက် လက်သွားသည်ကို ယန်ချင်း လက်မလွတ်တမ်း သတိပြုမိလိုက်သည်။
ဘာမှ ပြန်မပြောဘဲ သိုလှောင်လက်စွပ်ထဲမှ နှလုံးသားကျောက်စာတိုင်ကို ထုတ်ယူလိုက်သည်။
ထို့နောက် ဘာလုပ်ရမည်ကို ဝမ်ရီအား လမ်းညွှန်ပြသပေးလိုက်သည်။ ဝမ်ရီက လက်ညှိုးတစ်ချောင်းကို အနည်းငယ် ရှရာပေးလိုက်ပြီး ကျောက်စာတိုင်ပေါ်သို့ သွေးတစ်စက် ချပေးလိုက်သည်။
မုရုံမျိုးနွယ်စု၏ အကဲဖြတ်မှုကဲ့သို့ပင် ကျောက်စာတိုင်မှာ လင်းလက်သွားပြီး စာလုံးအချို့ ပေါ်လာခဲ့သည်။
> ကျင့်ကြံခြင်းအဆင့် - အခြေတည်အဆင့် စတုတ္ထအဆင့် အလယ်အလတ်။
> အခြေအနေ - တည်ငြိမ်။
> သက်တမ်း - ၆၃ ရက်။
> သွေးမျိုးဆက် - မရှိ။
“မျှော်လင့်ထားတာထက်တောင် ပိုနည်းနေသေးတယ်…”
ရလဒ်ကို ကြည့်ရင်း ယန်ချင်း၏ စိတ်ထဲမှ တွေးလိုက်သည်။
အရိုးသက်တမ်းအပေါ် အခြေခံ၍ သုံးလခန့် ကျန်သေးသည် ခန့်မှန်းထားခဲ့သော်လည်း၊ နှလုံးသား ကျောက်စာတိုင်အရဆိုလျှင် အကြမ်းဖျင်း နှစ်လခန့်သာ ရှိတော့သည်။
အိုမင်းရင့်ရော်နေပြီဖြစ်သော ခန္ဓာကိုယ်အပေါ် ကိုယ်တိုင်ဖန်တီးခဲ့သည့် ဒဏ်ရာများက တောင်းဆိုမှု ကြီးမားခဲ့ပုံရသည်။
“၆၃ ရက် ဆိုတာ မဆိုးပါဘူး…”
တည်ငြိမ်သောအပြုံးဖြင့် ဝမ်ရီ ပြောလိုက်သည်။ ရလဒ်များကို ကောင်းမွန်သော အရာတစ်ခုကဲ့သို့ သဘောကျသည့်ဟန်ဖြင့်ပင် ကြည့်နေလေသည်။
ယန်ချင်းက အသံမထွက်စေဘဲ ဂျင်ဆင်းလက်ဖက်ရည် တစ်အိုးကို ထုတ်ယူလိုက်သည်။
၎င်းကို ကျန်ဖူမှ ဖော်စပ်ထားခြင်း ဖြစ်ပြီး အထင်ကရ ဝူလုံလက်ဖက်ရည်နှင့် ယှဉ်လျှင် အရသာ ပေါ့ပါးသော်လည်း၊ ဂျင်ဆင်းသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၅ တုံးဖြင့် အလွယ်တကူ ရောင်းချနိုင်သော လက်ဖက်ရည်တစ်မျိုး ဖြစ်နေဆဲပင်။
အဓိကပါဝင်ပစ္စည်း ဖြစ်သော နှင်းဂျင်ဆင်းသည် အနိမ့်ဆုံးအဆင့်တွင် ရှိနေသည့်တိုင်အောင် ကောင်းကင်အဆင့်ဆေးပင် တစ်ပင် ဖြစ်သည်။
ဒဏ်ရာရနေသော ဝိညာဉ်ကို ပြန်လည်လန်းဆန်းစေသည့်အာနိသင် ရှိပြီး စိတ်ကို အေးမြလန်းဆန်းစေသည့် အပိုအကျိုးသက်ရောက်မှုလည်း ပါဝင်သည်။
အစိမ်းရောင် ဝါးခွက်နှစ်ခွက်ကိုလည်း ထုတ်ယူကာ လက်ဖက်ရည်အိုး ဘေးတွင် ချထားလိုက်ပြီးနောက် ယန်ချင်း၏ အကြည့်များမှာ လေးနက်သွားသည်။
“အဖွဲ့အစည်းရဲ့ အဆင့်မြင့် ပင်မတရားရုံး တရားသူကြီးတစ်ဦးအနေနဲ့ ကျုပ်ယန်ချင်းက… ဓားမြစ်ဂိုဏ်းကို လက်ရှိအဆင့်အတိုင်း ဆက်လက်ထိန်းသိမ်းထားဖို့ မဖြစ်နိုင်ဘူးလို့ အကဲဖြတ်ဆုံးဖြတ်ပြီး၊ အဆင့်မရှိတဲ့ ဂိုဏ်းတစ်ခုအဖြစ် ရာထူးလျှော့ချလိုက်ပါတယ်…”
“ အဆင့်သတ်မှတ်ချက်များနဲ့ အကဲဖြတ်မှုများဆိုင်ရာ အပိုဒ်ပါ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ၆၇ ရက် သက်ညှာခွင့်ကာလကို ထုတ်ပြန်ပေးလိုက်ပါတယ်…”
လက်ထဲရှိ စာလိပ် မူကြမ်းပေါ်သို့ ယန်ချင်း စကားလုံး အချို့ကို ဖြည့်စွက် ရေးသားလိုက်သည်။ ‘သက်ညှာခွင့် ကာလ’ ဟူသော စကားလုံးများ မတိုင်မီ ကွက်လပ် ချန်ထားခဲ့သော နေရာတွင် ‘၆၇ ရက်’ စကားလုံးကို ဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် စာလိပ်ကို မီးတောက် တစ်ခုအဖြစ် မီးရှို့လိုက်ရာ၊ အခန်းထဲတွင် အသံတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“လက်ခံရရှိပါပြီ…”
ဂိုဏ်းသို့ ရောက်ရှိချိန်တွင် ရေးသားရမည်ကို အလွန် အနေခက်မည် ခံစားရသဖြင့် အဆင့်လျှော့ချရေး အကြောင်းကြားစာကို လာရာလမ်းမှာကတည်းက ကြိုတင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
“ကျုပ်နဲ့အတူ လက်ဖက်ရည် တစ်ခွက်လောက် သောက်မလား…”
မေးနေသည့်ပုံ ပေါက်နေသော်လည်း၊ ဝမ်ရီအတွက် တစ်ခွက် ငှဲ့ပေးပြီး ကိုယ်တိုင်လည်း ငှဲ့ယူပြီး ဖြစ်နေသည်။
လက်ဖက်ရည်၏ မျက်နှာပြင်မှ မှေးမှိန်သော ဖြူခိုးများ ထွက်ပေါ်နေပြီး၊ အောက်ဘက်တွင်မူ ဆောင်းရာသီ ရေကန်တစ်ကန်၏ မျက်နှာပြင်ကဲ့သို့ အဖြူရောင် သန်းနေသော ကြည်လင်သည့် အရည်များ ရှိနေသည်။
လက်ဖက်ရည်ကို မြင်လိုက်ရချိန်တွင် ဝမ်ရီ၏ မျက်လုံးများ လင်းလက်သွားပြီး၊ ခွက်ကို ကောက်ကိုင်လိုက်ချိန်တွင် လက်များပင် အနည်းငယ် တုန်ယင်နေသည်။
လက်ဖက်ရည်ဝါသနာရှင် တစ်ဦးအနေဖြင့်၊ မသောက်မီ လက်ဖက်ရည်ကို အကဲခတ်အနံ့ခံပြီးမှ နောက်ဆုံးတွင် တစ်ငုံ သောက်လိုက်သည်။
ထိုကဲ့သို့ပင် လူငယ်နှင့် အဘိုးအိုတို့သည် နာရီဝက်ခန့် တိတ်ဆိတ်လျက် လက်ဖက်ရည်ကို အရသာခံ သောက်သုံးနေခဲ့ကြသည်။ ယန်ချင်း ထွက်ခွာရန် မတ်တပ်ရပ်လိုက်ချိန်တွင်မှ ဝမ်ရီက စကားစပြောလိုက်သည်။
“ဒါလေးကို ယူသွားပေးပါ… သိပ်တန်ဖိုးမကြီးပေမဲ့ ဒါက ကျုပ်တန်ဖိုးထားရတဲ့ တစ်ခုတည်းသောအရာလေးပါ…”
နံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားကို ကမ်းပေးရင်း ဝမ်ရီက ပြောလိုက်သည်။ ၎င်းမှာ မြစ်တစ်စင်းကို ငေးကြည့်နေသော ကျင့်ကြံသူ တစ်ဦး၏ ကျောပြင်ကို ရေးဆွဲထားသည့် ပန်းချီကား တစ်ချပ် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ…”
ကျေးဇူးတင်သည့်အနေဖြင့် ဦးညွှတ်ကာ ယန်ချင်းက ပြန်ပြောလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး… ကျုပ်ငယ်ငယ်တုန်းက ဂိုဏ်းချုပ် စံအိမ်တော်မှာ အလုပ်စလုပ်တုန်းက ဆွဲခဲ့တဲ့ ပုံလေးပါ…”
လွမ်းဆွတ်နေသည့်ဟန်ဖြင့် ဝမ်ရီကပြောလိုက်သည်။
ယန်ချင်း ဘာမှ ထပ်မပြောတော့ဘဲ ၎င်းကို သေချာ သိမ်းဆည်းလိုက်သည်။
“ဒါကိုလည်း ယူထားပေးပါ… ကျုပ် လက်ထဲမှာထက် စီနီယာ့ လက်ထဲမှာ ရှိနေတာက ပိုကောင်းပါတယ်…”
ဂျင်ဆင်းလက်ဖက်ရည် နောက်ထပ်တစ်အိုးကို ဝမ်ရီထံ ကမ်းပေးရင်း ယန်ချင်းက ပြောလိုက်သည်။
“ကျေးဇူးပါပဲ သခင်ကြီးယန်ချင်း…”
ပြုံးရင်း ထိုလက်ဖက်ရည်အိုးကို အဖိုးတန်ရတနာတစ်ခုကဲ့သို့ ကိုင်တွယ်ကာ ဝမ်ရီက ပြန်ပြောလိုက်သည်။
ယန်ချင်းက ထိုထက်ပို၍ ဘာမှ ထပ်မပြောတော့ဘဲ တိမ်မြူခိုးများအဖြစ် ပြောင်းလဲသွားကာ အခန်းထဲမှ ပျောက်ကွယ်သွားလေသည်။
ဝမ်ရီက ဦးညွှတ်အရိုအသေ ပေးလိုက်ပြီးနောက် ပြန်ထိုင်လိုက်ကာ၊ ကျေနပ်နေသော အပြုံးဖြင့် ဂျင်ဆင်းလက်ဖက်ရည် တစ်ခွက်ကို ဂရုတစိုက် ငှဲ့လိုက်လေသည်။
“နှုတ်ဆက်ခဲ့ပါတယ်… ဓားမြစ်ဂိုဏ်း…”
ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ဝဲပျံနေရင်း ယန်ချင်းက တီးတိုးရေရွတ်လိုက်သည်။ အယ်လီရှိရာသို့ မသွားမီ နောက်ဆုံးအနေဖြင့် ငေးကြည့်မိလိုက်လေသည်။
***