နွေဦးလွင်ပြင်တိုင်းပြည်အတွင်းရှိ စိုက်ခင်းတစ်ခုအတွင်း…..။
“သူ ထွက်သွားပြီ ထင်တယ်...”
အဝါနုရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေးက သက်ပြင်းချကာ သူ့ဘေးရှိ လူလတ်ပိုင်းအရွယ်အမျိုးသားကို လှည့်ပြောလိုက်သည်။
ထိုလူလတ်ပိုင်းအမျိုးသားသည်လည်း တူညီသောဝတ်ရုံကိုပင် ဝတ်ဆင်ထားသည်။ သူက လူငယ်လေး၏ စကားကို ကြားပုံမရဘဲ၊ မျက်မှောင်ကြုတ်ကာ ကောင်းကင်ယံသို့သာ စိုက်ကြည့်နေလေသည်။
“ဒီကိစ္စကို ဆရာ့ဆီ သတင်းပို့မှ ရမယ်...”
ထိုသို့ပြောလိုက်ရင်း လူလတ်ပိုင်းအမျိုးသားက ရှေးဟောင်းစာလုံးများနှင့် သင်္ကေတများစွာ ထွင်းထုထားသော ကျောက်စားပွဲဝိုင်းတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။
စားပွဲ၏အလယ်ဗဟိုတွင် ဆလင်ဒါပုံစံ ခရမ်းရောင်သလင်းကျောက်တစ်တုံး ရှိနေပြီး၊ ၎င်းအောက်ရှိ အဝိုင်းပုံစံ အခေါင်းပေါက်ထဲသို့ အံဝင်ခွင်ကျ တပ်ဆင်ထားသည်။
ထိုနေရာမှ အခြားသောသင်္ကေတများနှင့် စာလုံးများက စားပွဲတစ်ခုလုံးရှိ အခြားသင်္ကေတများနှင့် ချိတ်ဆက်နေလေသည်။
“သူက ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းက လူတစ်ယောက်များလား...”
လူလတ်ပိုင်းအမျိုးသားက စိုးရိမ်တကြီး တီးတိုးရေရွတ်လိုက်ရင်း လက်ဟန်သင်္ကေတ အချို့ကို ပြုလုပ်လိုက်သည်။
ထိုအခါ စားပွဲပေါ်ရှိ ရှေးဟောင်းစာလုံးများနှင့် သင်္ကေတများ လင်းလက်လာပြီးနောက်၊ အလယ်ဗဟိုရှိ ခရမ်းရောင်သလင်းကျောက်ဆီသို့ အလင်းတန်းများ ကူးစက်သွားလေသည်။
….
“သခင်လေးယန်ချင်း... ကျုပ်ရဲ့နိမ့်ကျတဲ့တိုင်းပြည်လေးကနေ ကြိုဆိုပါတယ်...”
လူသူကင်းမဲ့နေသော လမ်းမတစ်ခု၏ အလယ်တွင် လူလတ်ပိုင်းအမျိုးသားတစ်ဦးက ယန်ချင်းကို အရိုအသေပေးရင်း နှုတ်ဆက်လိုက်သည်။
ထိုလူလတ်ပိုင်းအမျိုးသားသည် လက်အိုးနှင့် အောက်နားကွပ်များတွင် ရွှေရောင်အနားကွပ်သော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
ယန်ချင်းကို ကြိုဆိုနေစဉ် သူ၏မျက်နှာပေါ်တွင် ဖော်ရွေနွေးထွေးသော အပြုံးတစ်ခု ရှိနေသည်။
သူ့တွင် ပုံမှန်အရပ်အမောင်းနှင့် အနည်းငယ်ပြည့်ဖြိုးသောခန္ဓာကိုယ် ရှိသည်။
သေသပ်စွာ ညှပ်ထားသော အညိုနုရောင်ဆံပင်၊ မုတ်ဆိတ်မွေးခပ်ပါးပါးနှင့်အတူ ဝိုင်းစက်နေသော ပယင်းရောင်မျက်လုံးများက သူ့ကို တက်ကြွသောလူတစ်ယောက်အဖြစ် ထင်မြင်စေပြီး၊ ယန်ချင်းအား ကြိုဆိုရာတွင် စိတ်အားထက်သန်မှု အနည်းငယ်ကို ပိုမိုထင်ဟပ်စေသည်။
ထိုလူလတ်ပိုင်းအမျိုးသားမှာ နွေဦးလွင်ပြင်တိုင်းပြည်၏ လက်ရှိဘုရင်ဖြစ်ပြီး၊ စုပေါင်း အကဲဖြတ်မှုအတွက် ယန်ချင်း အဓိကဆက်သွယ်ခဲ့ရသူလည်း ဖြစ်သည်။
ယန်ချင်းသည် မြို့တော်၏ အလယ်ဗဟိုသို့ ရောက်ရှိနေပြီ ဖြစ်ကာ၊ ထိုနေရာတွင် ဘုရင်နှင့်တကွ သူ့ကို စောင့်ကြိုနေသော လူအုပ်ကြီးကို မြင်တွေ့လိုက်ရသည်။
သူတို့၏ အရှိန်အဝါနှင့် အမူအရာများအရ၊ အားလုံးမှာ နွေဦးလွင်ပြင်တိုင်းပြည် အတွင်းရှိ အဆင့်အတန်းနှင့် အာဏာရှိသူများ ဖြစ်ပုံရသည်။
“မင်္ဂလာပါ ဘုရင်မင်းမြတ်... အခုလို ရုတ်တရက်ကြီး အလုပ်ရှုပ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်... ခင်ဗျားစိတ်မရှိလောက်ဘူးလို့ မျှော်လင့်ပါတယ်...”
ရက်အနည်းငယ် ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက်ရောက်လာသဖြင့် ယန်ချင်းက တောင်းပန်သည့်အနေဖြင့် ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
သူ အရာအားလုံးကို သေချာမစီစဉ်နိုင်မီ ယနေ့စောစောပိုင်းကမှ လဲ့ဝေယွမ်က အကဲဖြတ်မှုများကို သူ၏ ခေါင်းပေါ်သို့ ပစ်ချသွားခဲ့သဖြင့် တတ်နိုင်မည် မဟုတ်ပေ။
“အဲဒီလို မပြောပါနဲ့ သခင်လေးယန်ချင်း... အဖွဲ့အစည်းကို အကူအညီပေးခွင့်ရတာက ကျွန်တော်တို့ တိုင်းပြည်အတွက် ဂုဏ်ယူစရာပါ...”
“ကျွန်တော်တို့ ဒီအဆင့်အထိ တိုးတက်လာနိုင်တာက အဖွဲ့အစည်းက အန္တရာယ်ရှိတဲ့ မုန်တိုင်းတွေကနေ ကာကွယ်ပေးထားလို့ပါ...”
ဘုရင်ကျားယန်ယွီက ပြန်လည် ဖြေကြားလိုက်သည်။
“အခုလို နားလည်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ဘုရင်မင်းမြတ်... ပြီးတော့ နည်းပြရှောက်ချင်းကလည်း နှုတ်ဆက်လိုက်ပါတယ်...”
“အချိန်ရရင် သူ့ဆီ လာလည်ဖို့ကိုလည်း မှာလိုက်သေးတယ်... ဘုရင်မင်းမြတ် စိတ်ဝင်စားလောက်မယ့် သန္ဓေပြောင်းမျိုးစေ့ တချို့ကို သူရှာတွေ့ထားတယ်တဲ့...”
ယန်ချင်း၏ စကားကြောင့် ဘုရင်ကျားယန်ယွီ၏ မျက်လုံးများ ချက်ချင်းပင် လင်းလက်သွားသည်။
“နည်းပြရှောက်ချင်းနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဆိုတဲ့အတိုင်းပဲ...”
နွေဦးလွင်ပြင်ဘုရင်၏ တုံ့ပြန်မှုကို ကြည့်ရင်း ယန်ချင်း စိတ်ထဲမှ တွေးလိုက်သည်။
နည်းပြရှောက်ချင်းသည် အဖွဲ့အစည်း၏ သင်တန်းကျောင်းမှ ဆေးပင်နှင့် ဆေးပညာ နည်းပြတစ်ဦး ဖြစ်သည်။
သူ၏ အကူအညီကြောင့်သာ ယန်ချင်းအနေဖြင့် ဘုရင်ကျားယန်ယွီနှင့် ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က နည်းပြကိုယ်တိုင်လည်း ကျောင်းသားတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ ဘုရင်က ခွဲတမ်းရ ကျောင်းသားတစ်ဦးအဖြစ် ရောက်ရှိလာချိန်တွင် သူတို့နှစ်ဦးသည် ရင်းနှီးသောသူငယ်ချင်းများ ဖြစ်သွားခဲ့ကြသည်။
ဘုရင်သည် အဆင့် ၄ တိုင်းပြည်မှ လာသူဖြစ်သော်လည်း၊ ဆေးပင်ပညာတွင် သတိပြုမိလောက်အောင် သူ၏ပါရမီကို ပြသနိုင်ခဲ့သည်။
သူ၏ အတန်းအချို့ကို အဖွဲ့အစည်းမှ ကျောင်းသားများနှင့်အတူ တက်ရောက်နိုင်ရန် ပြောင်းလဲပေးခဲ့ရသည့် အတိုင်းအတာအထိပင် ဖြစ်သည်။
၎င်းမှာ သူ၏ ပါရမီများအပေါ် နည်းပြများ၏ အသိအမှတ်ပြုမှု တစ်ခု ဖြစ်ခဲ့သည်။
စကားပြောဆိုနေစဉ်အတွင်း နည်းပြရှောက်ချင်း၏ အကျဉ်းရုံး မှတ်ချက်များအရ၊ ဘုရင်တွင် ဝိညာဉ်ဆေးပင်များကို ပြုစုစောင့်ရှောက် ကိုင်တွယ်ခြင်းနှင့် ပတ်သက်၍ မွေးရာပါ ပါရမီတစ်ခု ရှိနေကြောင်း သိရသည်။
သို့သော် ဘုရင်ကျားယန်ယွီက ထိုအရာအပေါ် များစွာ ကြိုးစား အားထုတ်ခဲ့ခြင်း မရှိပေ။
သူ့တွင် ဆေးပင်ပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်ရှိသော်လည်း ကုန်သည်တစ်ဦး၏ နှလုံးသားနှင့် စိတ်ကူးစိတ်သန်းများ ရှိနေသည်။
သင်တန်းကျောင်းတွင် သူ၏ အချိန်များကို အဖွဲ့အစည်းမှ ကျောင်းသားများ၊ ခွဲတမ်းစနစ်ဖြင့် ဝင်ရောက်လာသော အခြားကျောင်းသားများနှင့် ရင်းနှီးသောအချိတ်အဆက်များ ဖန်တီးရာတွင်သာ အသုံးပြုခဲ့သည်။
ထိုအရည်အချင်းများက သူ့ကို ဘုရင်ကောင်းတစ်ပါး ဖြစ်လာစေခဲ့သော်လည်း၊ ဆေးပင်ပညာနှင့် ပတ်သက်၍ သူ၏ မွေးရာပါ ပါရမီများကို အပြည့်အဝ ဖော်ထုတ်နိုင်တော့မည် မဟုတ်ကြောင်းကိုလည်း ဆိုလိုနေသည်။
…
“သူက အခုတောင် နည်းပြတစ်ယောက် ဖြစ်နေပြီကိုး...”
လွမ်းဆွတ်နေသည့် အမူအရာဖြင့် ဘုရင်ကျားယန်ယွီက ပြောလိုက်သည်။
သူ၏ အကြည့်များက အတိတ်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ဝေးဝါးသွားပြီးနောက်၊ သူ၏ အနောက်ဘက်ရှိ လူငယ်လေးဦးနှင့် အမျိုးသမီးသုံးဦး ပါဝင်သော လူအုပ်စုဆီသို့ လှည့်သွားလေသည်။
သူ၏ အကြည့်နောက်သို့ ယန်ချင်း လိုက်ကြည့်လိုက်ရာ တူညီသောအလှတရားများ ရှိကြသည့် ထိုလူငယ်ခုနစ်ဦး အပေါ်သို့ ကျရောက်သွားသည်။
သူတို့၏ မျက်နှာအသွင်အပြင်များမှာ တစ်ဦးနှင့်တစ်ဦး အနည်းငယ် ဆင်တူနေသလို၊ အထူးသဖြင့် အညိုနုရောင်ဆံပင်များက ဘုရင်နှင့် ပို၍ ဆင်တူနေလေသည်။
“သူ့ရဲ့ ကလေးတွေ ဖြစ်ရမယ်...”
သူတို့၏ အလှတရားများမှာ သေချာပေါက် ဘုရင်ထံမှ ရရှိလာခြင်း မဟုတ်ကြောင်းကို ယန်ချင်းက စိတ်ထဲတွင် တိတ်တဆိတ်မှတ်ချက်ချရင်း တွေးလိုက်သည်။
“တိုင်းပြည်ကလည်း ကောင်းကောင်းလည်ပတ်နေပြီဆိုတော့၊ အာဏာကို လွှဲပြောင်းပေးပြီး သူတို့ကို နောက်တစ်ဆင့်ဆီ ဦးဆောင်ခိုင်းလိုက်တာ မဆိုးပါဘူး...”
“ကျုပ်ကတော့ နောက်ကွယ်မှာပဲ နေတော့မယ်... စိုက်ခင်းတွေက ကျုပ်အတွက် သင့်တော်တဲ့ အနားယူရာနေရာ ဖြစ်လာနိုင်တယ်...”
ဘုရင်ကျားယန်ယွီက နောင်တရသလို ပြုံးရင်း သူ့ကိုယ်သူ တိတ်တဆိတ် ရေရွတ်လိုက်သည်။
“သခင်လေးယန်ချင်း... မကြာခင် ကျုပ်လာလည်မယ်လို့ သူ့ကို ပြောပြပေးပါ... မကြာခင် အနာဂတ်မှာ ကျုပ်ရဲ့ အချိန်ဇယားတွေ ပိုအားလာနိုင်တယ်...”
သူ၏ အတွေးများကို ပြန်ရုပ်သိမ်းရင်း ဘုရင်ကျားယန်ယွီက ပြောလိုက်သည်။
ထိုစကားကြောင့် သူ၏ အနောက်ဘက်ရှိ မောင်နှမအချို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ လင်းလက်သွားကြသည်။
“ကျွန်တော် ပြောပေးလိုက်ပါ့မယ် ဘုရင်မင်းမြတ်... အခုစုရပ်နေရာနဲ့ ပတ်သက်ပြီးတော့ရော...”
ယန်ချင်းက စကားဝိုင်းကို သူ၏ ရည်ရွယ်ချက်ဆီသို့ လမ်းကြောင်းလွှဲရန် ကြိုးစားရင်း ယဉ်ကျေးစွာ မေးလိုက်သည်။
သူ့အတွက် အချိန် သိပ်မရှိတော့ပေ။ ပြီးပြတ်အောင် လုပ်ရမည့် အကဲဖြတ်မှု တောင်ပုံရာပုံ ရှိနေသေးပြီး ပြင်ဆင်ရမည့် အခမ်းအနား တစ်ခုလည်း ရှိနေသေးသည်။
အထူးသဖြင့် အခမ်းအနား ပြီးဆုံးပြီးနောက်ပိုင်း ဖြတ်သန်းရမည့် နေ့ရက်များမှာ မည်မျှ ရှုပ်ထွေး ကျပ်ညပ်နေမည်ကို တွေးမိရုံဖြင့် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသည်။
တောင်ပုံရာပုံ လုပ်ထုံးလုပ်နည်းများနှင့်အတူ ဝင်ရောက်ရမည့် ရာထူးတက်ပွဲ၊ သူ ပြင်ဆင်ရမည့် ဝင်ခွင့်စာမေးပွဲနှင့် အဖွဲ့အစည်းအတွင်းရော အပြင်မှာပါ သတိထားစောင့်ကြည့်ရမည့် နယ်မြေအဆင့်ကျွမ်းကျင်သူတစ်ဦးတို့ ရှိနေသေးသည်။
ဘုရင်၏ နောက်သို့ တွေဝေစွာ လိုက်ပါသွားရင်း အရှုံးပေးသည့်အနေဖြင့် သက်ပြင်းတစ်ချက်ကို သူ မှုတ်ထုတ်လိုက်သည်။
ထိုစက္ကန့်အနည်းငယ်မျှ ကြာမြင့်သော ညီးတွားမှုလေးက သူ့အား ဘုရင်၏ စကားများကို လွတ်သွားစေခဲ့သည်။
‘စံအိမ်တော်’ ဟူသော စကားလုံးကိုသာ မသဲမကွဲ ကြားလိုက်ရပြီး၊ ဘုရင် စတင်လျှောက်သွားချိန်တွင် သူ၏ ခန္ဓာကိုယ်က အလိုအလျောက် နောက်မှ လိုက်ပါသွားခဲ့သည်။
မိနစ်အနည်းငယ် အကြာတွင်၊ ‘အိပ်မက်ဆည်းဆာစံအိမ်တော်’ ဟူသော အမည်ရှိ စံအိမ်တော်ဝင်ပေါက် အပြင်ဘက်သို့ သူတို့ ရောက်ရှိသွားကြသည်။
ဝင်ပေါက် တစ်ခုတည်းကပင် ထိုစံအိမ်တော်၏ အဆင့်အတန်းကို အများကြီး ဖော်ပြနေသည်။
ဝင်ပေါက် နံရံများကို ကျောက်စိမ်းများဖြင့် စီခြယ်ထားပြီး၊ ဖြတ်သန်းသွားသူတိုင်း၏ ဝိညာဉ်များကို လန်းဆန်းစေကာ သက်သောင့်သက်သာ ဖြစ်စေသည်။
ထိုနေရာရှိ ချီစွမ်းအင်မှာလည်း အလွန်နူးညံ့သိမ်မွေ့ပြီး မည်သည့် lအဆင့် ၄ အဖွဲ့အစည်း၏ ကောင်းချီးပေးခံရသော နယ်မြေများနှင့်မဆို ယှဉ်နိုင်လောက်အောင် ပေါကြွယ်ဝနေကြောင်းကို ယန်ချင်း အာရုံခံမိလိုက်သည်။
စံအိမ်တော်အတွင်းရှိ အဆောက်အအုံများတွင် ရိုးရှင်းသော ကျက်သရေ ရှိပြီး၊ သဘာဝတရားမှ ခွဲထွက်နေမည့်အစား သဘာဝနှင့် တစ်သားတည်းကျနေမှုကို ပိုမိုပေါ်လွင်စေသည်။
အားလုံးကို ဝိညာဉ်သစ်သားအချို့ဖြင့် တည်ဆောက်ထားပြီး၊ ၎င်းတို့၏ ဒီဇိုင်းနှင့် တည်နေရာများမှာ ပတ်ဝန်းကျင်ရှိ အပင်များ၏ အစီအစဉ်နှင့် ကိုက်ညီစေရန် အတိအကျ ဖန်တီးထားခြင်း ဖြစ်သည်။
ယန်ချင်းကို နေရာကျယ်ဝန်းပြီး အသံလုံအစီအရင်များ၊ ဝိညာဉ်ချီစွမ်းအင် ဆွဲယူသည့် အစီအရင်များ တပ်ဆင်ထားသော အဆောက်အအုံ ခန်းမတစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
“သခင်လေးယန်ချင်း... ဒီနေရာမှာ အကဲဖြတ်မှုတွေကို ပြုလုပ်နိုင်ပါတယ်... လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ကျုပ်ကလေး တစ်ယောက်ကို ဒီမှာထားခဲ့ပါ့မယ်...”
“အစေခံတွေကလည်း သခင်လေးလိုအပ်တဲ့ အချိုပွဲတွေ လာပို့ပေးဖို့ အဆင်သင့်ရှိနေမှာပါ... ဒီအစီအစဉ်ကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်...”
ခန်းမထဲသို့ ယန်ချင်းအား ယဉ်ကျေးစွာ ကြိုဆိုရင်း ဘုရင်ကျားယန်ယွီက ပြောလိုက်သည်။
အချိုပွဲများဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ယန်ချင်း၏ မျက်လုံးများထဲ၌ မသိမသာအရောင်တစ်ချက် လက်သွားခဲ့သည်။
“အစားအသောက် တောင်းရမယ့် အနေရခက်မှုကနေ ကယ်တင်လိုက်တာပဲ...”
“ကျင့်ကြံသူတွေက အစားစားစရာမလိုဘူး၊ ဝိညာဉ်ချီစွမ်းအင်ရှိရင် လုံလောက်ပြီဆိုတဲ့ အယူအဆကို ဘယ်သောက်ကျိုးနည်းကျင့်ကြံသူက ဖြန့်လိုက်တာလဲ မသိဘူး...”
“အဲဒီ အဆိပ်အတောက်က ဘယ်စစ်ပွဲက ပေးတဲ့ ဒဏ်ရာထက်မဆို ပိုဆိုးတယ်...”
“ကျေးဇူးအများကြီးတင်ပါတယ် ဘုရင်မင်းမြတ်... ဒီအစီအစဉ်က တကယ်ကို ပြီးပြည့်စုံပါပေတယ်...”
ဘုရင်ကို အံ့သြသွားစေသည်အထိ ယန်ချင်းက စိတ်အားထက်သန်စွာဖြင့် ဘုရင်၏ လက်ကို ကိုယ်တိုင်ဆုပ်ကိုင် နှုတ်ဆက်ကာ နွေးထွေးစွာပြောလိုက်သည်။
သို့သော် အတွေ့အကြုံရင့် မြေခွေးအိုကြီးတစ်ဦး ဖြစ်သည့်အားလျော်စွာ၊ ထိုအံ့သြမှုမှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီးနောက်၊ လူချင်း ကွဲကွာနေခဲ့သည့် ညီအစ်ကိုများ ပြန်လည်ဆုံတွေ့ရသကဲ့သို့ ပြန်လည် တုံ့ပြန်လိုက်သည်။
အစီအစဉ် အချို့ကို ပြုလုပ်ပြီး မိနစ်အနည်းငယ် အကြာတွင် ဘုရင်နှင့် သူ၏ လူအုပ်ကြီးမှာ ထွက်ခွာသွားကြသည်။
သူ၏ အကြီးဆုံးသားမှာ ယန်ချင်းအား ကူညီပေးရန် ဘုရင်ရွေးချယ်ထားခဲ့သော ကလေး ဖြစ်သည်။
ချန်ထားခဲ့သော ကလေးမှာ ဘုရင်၏နေရာကို ဆက်ခံရန် ပြုစုပျိုးထောင်ခြင်း ခံနေရသူ ဖြစ်မည်ဖြစ်ပြီး၊ သူနှင့် အဆက်အသွယ်တစ်ခု ဖန်တီးနိုင်စေရန် မျှော်လင့်ချက်ဖြင့် ထားခဲ့ခြင်း ဖြစ်မည်ဟု ယန်ချင်း ခန့်မှန်းမိသဖြင့် ထိုအစီအစဉ်နှင့် ပတ်သက်၍ များများစားစား မပြောခဲ့ပေ။
မိတ်ဆွေသူငယ်ချင်း ဆိုသည်မှာ ဘယ်တော့မှ မများလွန်းပေ။
အထူးသဖြင့် သူတို့၏ တာဝန်များ ထမ်းဆောင်ရာတွင် ထိုအယူအဆကို ယန်ချင်း ကိုယ်တိုင်လည်း သဘောတူသဖြင့် မည်သို့မျှ မခံစားရပေ။
တိုက်ကြီးတစ်ဝိုက်တွင် မိတ်ဆွေများ ရှိနေခြင်းက သူတို့၏ အလုပ်ကို ပေါ့ပါးသွားစေသည် မဟုတ်ပါလား။
***