ယန်ချင်းသည် ခန်းမဆောင်ထဲတွင် သူ၏ဘေး၌ ထိုင်နေသော အိမ်ရှေ့စံမင်းသားနှင့် စကားအနည်းငယ် ဖောင်ဖွဲ့ ပြောဆိုလိုက်သည်။
သူ၏နာမည်မှာ ကျားဝမ်ယန်ဖြစ်သည်။
သူတို့၏ အချိန်တိုလေးအတွင်း အပြန်အလှန်စကားပြောဆိုမှုမှတစ်ဆင့်၊ မောင်နှမများထဲမှ သူ့ကို အဘယ်ကြောင့် ဘုရင်က ရွေးချယ်ချန်ထားခဲ့သနည်း ဆိုသည်ကို ယန်ချင်းက နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
သူသည် စကားပြောဆိုရာတွင် လိမ်မာပါးနပ်ပေသည်။ ကျင့်ကြံခြင်းအပိုင်းတွင်လည်း သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့် ပဉ္စမအဆင့်တွင် ရှိနေသဖြင့် ညံ့ဖျင်းသည်ဟု မဆိုနိုင်ပေ။
သို့သော် သူ၏ အခြားမောင်နှမများနှင့် ယှဉ်လျှင်တော့ အနည်းငယ်လိုအပ်နေသေးသည်ဟု ဆိုနိုင်ပေသည်။
မောင်နှမခုနစ်ဦးအနက် သမီးတစ်ဦးတွင် အမြင့်ဆုံးကျင့်ကြံခြင်းအဆင့် ရှိနေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေဖွဲ့စည်းခြင်းနဝမအဆင့်တွင် ရှိနေသည်။
ဘုရင်၏ လူအုပ်စုထဲတွင် ပါဝင်သူများအနက် ကျင့်ကြံခြင်း အဆင့်အရ သူမသည် ထိပ်ဆုံးစာရင်းတွင် ပါဝင်နေသည်။
သို့သော် သူမသည် ခရမ်းရောင်မြို့တော်မှ သက်ကြီးရွယ်အို ဇနီးမောင်နှံကဲ့သို့ပင် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခဲ့သည်။
ယန်ချင်းက သူ၏ဧကရာဇ်အာရုံကို ရင်းနှီးကျွမ်းဝင်မှု မရှိသော နယ်မြေများနှင့် လူစိမ်းများအပေါ် အကျင့်ပါနေသဖြင့် ဖြန့်ကြက်ထားတတ်သောကြောင့်သာ သတိပြုမိသွားခြင်း ဖြစ်သည်။
သူမထံတွင် ရှိနေသော ရတနာသည် နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဧကရာဇ်အာရုံကို ဖုံးကွယ်ရာတွင် အသုံးမဝင်ခဲ့ပေ။
သူမ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်မှာ အမြုတေဖွဲ့စည်းခြင်းနဝမအဆင့်တွင် ရှိသော်လည်း၊ အပြင်ပန်းတွင်မူ မောင်နှမခုနစ်ဦးထဲတွင် အားအနည်းဆုံးဖြစ်သော အမြုတေဖွဲ့စည်းခြင်းအဆင့် ဒုတိယအဆင့် အဖြစ်သာ ဖော်ပြထားလေသည်။
ယန်ချင်းက ဘာမှထုတ်မပြောဘဲ၊ ထိုကိစ္စကို မသိချင်ယောင်ဆောင်နေရန်သာ ရွေးချယ်လိုက်သည်။
ထိုအစီအစဉ်မှာ သူမ၏ သို့မဟုတ် သူမဖခင်၏ သို့မဟုတ် အခြားမောင်နှမတစ်ဦးဦး၏ ပရိယာယ် ဖြစ်နိုင်ပေသည်။
တော်ဝင်နိုင်ငံ၏ မိသားစုအရေးဆိုသည်မှာ သူခေါင်းစားခံပြီး တွေးတောချင်သော အရာမျိုး မဟုတ်ပေ။
လမ်းခရီးတွင် ဖြတ်သန်းလာခဲ့ရသော အစီအရင် စိုက်ခင်းလောက်ပင် ထိုကိစ္စက သူ့ကို စိတ်မဝင်စားစေခဲ့ပေ။
ကျန်ရှိသော မောင်နှမများအတွက်မူ၊ အနိမ့်ဆုံးသူမှာ အခြေတည်အဆင့်၏ အထွတ်အထိပ်တွင် ရှိပြီး ယန်ချင်းခန့်မှန်းရသလောက် သူနှင့် သက်တူရွယ်တူခန့် ရှိမည်ဟု ထင်ရသည်။
ကျန်သူများမှာမူ အမြုတေဖွဲ့စည်းခြင်းအဆင့်များ ရှိကြသည်။
အစစ်အမှန်အဆင့်ကို ဖုံးကွယ်ထားသော မင်းသမီးကို ဖယ်လိုက်လျှင်၊ ၎င်းတို့ထဲမှ အမြင့်ဆုံးအဆင့်မှာ အမြုတေဖွဲ့စည်းခြင်း၏သတ္တမအဆင့်တွင် ရှိလေသည်။
“နွေဦးလွင်ပြင်တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်တွေက မဆိုးဘူးပဲ...”
တိုင်းပြည် နယ်နိမိတ်ထဲသို့ ခြေချမိချိန်မှစ၍ ယခုအချိန်အထိ သူ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို တွေးတောရင်း ယန်ချင်းက သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။
….
ယန်ချင်း အတွေးများထဲ နစ်မြောနေစဉ်၊ သူတို့ ရှိနေသော ခန်းမဆောင်ထဲသို့ တော်ဝင်ကိုယ်ရံတော်တစ်ဦး ဝင်ရောက်လာခဲ့သည်။
သူ့တွင် အမြုတေဖွဲ့စည်းခြင်းအဆင့် အဋ္ဌမအဆင့် ရှိသည်။ သူ ထုတ်လွှတ်နေသော ဖိအားများအရ နဝမအဆင့်သို့ တက်လှမ်းရန် အလွန် နီးကပ်နေပုံရသည်။
နွေဦးလွင်ပြင်တိုင်းပြည်သည် ယေဘုယျအားဖြင့် အဆင့် ၄ တိုင်းပြည် တစ်ခုဖြစ်သဖြင့်၊ ဤတိုင်းပြည်အတွင်း သူ၏ စွမ်းအားမျိုး ရှိသူတစ်ဦးသည် ရာထူးကြီးမားသူတစ်ဦး ဖြစ်သင့်သည်။
သို့သော် လက်ရှိတွင် သူ့ကို သတင်းပို့သူတစ်ဦးအဖြစ် အသုံးပြုနေလေသည်။
ထိုကဲ့သို့သော အစီအစဉ်အပေါ် ဘုရင်၏ အတွေးကို ယန်ချင်းခန့်မှန်းရမည် ဆိုလျှင်၊ ပထမအချက်မှာ ယန်ချင်းကို လေးစားမှုပြသရန် ဖြစ်ပြီး၊ နောက်တစ်ချက်မှာ အကဲဖြတ်မှု ခံယူရန် ရောက်လာမည့် အဖွဲ့အစည်းများကို အင်အားပြသရန် ဖြစ်ပေမည်။
ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်း၏ ပိုင်နက်နယ်မြေမှာ ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်နေသည်။ ဂိုဏ်းသစ်များ သို့မဟုတ် မျိုးနွယ်စုသစ်များက နေရာအနှံ့မှ အမြဲတမ်းပေါ်ထွက်လာလေ့ ရှိသည်။
အချို့မှာ လွတ်လပ်သောအဖွဲ့အစည်းများ ဖြစ်သော်လည်း၊ အများစုမှာမူ နွေဦးလွင်ပြင်တိုင်းပြည်နှင့် အင်အားတူညီသော အခြား အဆင့် ၄ အဖွဲ့အစည်းများ၏ နယ်ရုပ်များသာ ဖြစ်ကြပြီး၊ ကျန်သူများမှာ ပြင်ပအင်အားစုများမှ ထည့်သွင်းထားသော နယ်ရုပ်များ ဖြစ်ကြသည်။
ထိုဒေသတစ်ခုလုံးမှာ လှည့်စားမှုများ၊ စူးစမ်းထောက်လှမ်းမှုများ၊ လျှို့ဝှက်တိုက်ပွဲများဖြင့် ပြည့်နှက်နေသော အမှိုက်ပုံကြီး တစ်ခု ဖြစ်နေသည်။
ထို့ကြောင့် နွေဦးလွင်ပြင်တိုင်းပြည် အနေဖြင့် ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆရလျှင်ပင်၊ ဤအဖွဲ့အစည်းများနှင့် ပတ်သက်၍ ပေါ့ဆနေ၍ မရနိုင်ပေ။
ကိုယ်ရံတော်က သူတို့ နှစ်ဦးလုံးကို ဦးစွာအရိုအသေပေးလိုက်ပြီးနောက်၊ သူ့ကို အခန်းထဲသို့ ခေါ်ဆောင်လာသည့် အကြောင်းရင်းကို စတင်ပြောပြလေသည်။
“သခင်လေးယန်ချင်း... ဘုရင်မင်းမြတ်ဆီ ပို့ထားတဲ့ အဖွဲ့အစည်းတွေ စာရင်းရဲ့ တစ်ဝက်လောက်က ရောက်နေပါပြီ...”
“သူတို့ကို ဒီကို ချက်ချင်းလွှတ်လိုက်ရမလား၊ ဒါမှမဟုတ် အကဲဖြတ်မှု မစခင် အဖွဲ့အစည်းအားလုံး ရောက်လာတဲ့အထိ စောင့်ချင်ပါသလား ခင်ဗျာ...”ကိုယ်ရံတော်က မေးလိုက်သည်။
“အင်း... သူတို့ကို လွှတ်လိုက်ပါ၊ တစ်ဝက်ဆိုတာ စတင်ဖို့ လုံလောက်တဲ့ အရေအတွက် ဖြစ်နေပါပြီ...”
“ကျန်တဲ့ တစ်ဝက်ကိုတော့ သူတို့ ရောက်လာတာနဲ့တစ်ပြိုင်နက် လွှတ်ပေးလိုက်ပါ... အားလုံးစုံတဲ့အထိ စောင့်နေဖို့ မလိုပါဘူး...”
ယန်ချင်းက ပြောလိုက်သည်။
“သူတို့ ဒီကို ဝင်လာတဲ့ အခါကျရင်လည်း တန်းစီဖို့ အဲဒီပုံစံအတိုင်းပဲ သုံးလိုက်ပါ... အစောဆုံးရောက်လာတဲ့ သူတွေက ရှေ့ဆုံးမှာ နေမယ်၊ အဲဒီလို အစဉ်လိုက်ပေါ့...”
ခေတ္တမျှ စဉ်းစားပြီးနောက် ယန်ချင်းက ထပ်မံပြောလိုက်သည်။
“ကျွန်တော်တို့ အဲဒီအတိုင်းပဲ လုပ်ဆောင်လိုက်ပါ့မယ်...”
ကိုယ်ရံတော်က ပြတ်သားစွာ ပြန်ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်... အမ်း...”
ယန်ချင်း သူ့ကို မည်သို့ ခေါ်ရမည်ကို မသိဘဲ အနေရခက်နေသည့် အမူအရာကို မြင်လိုက်ရချိန်တွင် ကိုယ်ရံတော်က ပြုံးရင်း ဖြေလိုက်သည်။
“ကျွန်တော့် နာမည်က ပုကျဲ့ပါ ခင်ဗျာ...”
“ပုကျဲ့... ခင်ဗျားရဲ့ ကြိုးစား အားထုတ်မှုတွေအတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်...”
ယန်ချင်းက ယဉ်ကျေးစွာ ပြုံးရင်း ပြောလိုက်သည်။
ပုကျဲ့က သူနှင့် မင်းသား နှစ်ဦးလုံးကို အရိုအသေ ပေးလိုက်ပြီးနောက်၊ အစီအစဉ်များ ပြုလုပ်ရန် အလျင်အမြန် ထွက်သွားလေသည်။
အသေးအဖွဲ ကိစ္စလေးများတွင်ပင် ပေါ့ဆမှု မရှိစေရန် ဘုရင်က အထပ်ထပ်အခါခါ အလေးအနက် မှာကြားထားခဲ့သည်။
ထို့ကြောင့်ပင် လူများစွာ၏ အထက်နှင့် လူအနည်းငယ်၏ အောက်တွင်သာ ရှိပြီး မင်းသားအချို့နှင့် တန်းတူအာဏာကို ကိုင်စွဲထားသော တော်ဝင်ကိုယ်ရံတော်တပ်မှူးဖြစ်သည့် သူက ယနေ့တွင် သတင်းပို့သူနှင့် လမ်းပြတစ်ဦးအဖြစ် ဆောင်ရွက်နေရခြင်း ဖြစ်သည်။
…
“ကျွန်တော့်ရဲ့ ပေါ့ဆမှုအတွက် တောင်းပန်ပါတယ် အစ်ကိုယန်ချင်း...”
အိမ်ရှေ့စံမင်းသားက ရှက်ရွံ့စွာဖြင့် အလျင်အမြန် တောင်းပန်လိုက်သည်။
ယန်ချင်းက ပုကျဲ့အား ခေါ်ဆိုရန် အနေရခက်နေသည်ကို မြင်လိုက်ရချိန်တွင်၊ သူ၏ အကူအညီပေးရမည့် တာဝန်များတွင် အနည်းငယ် ပေါ့ဆသွားသည်ဟု ခံစားလိုက်ရသည်။
အရည်အချင်းပြည့်ဝသော လက်ထောက်တစ်ဦးအနေဖြင့်၊ အရေးကြီးသော သံတမန်ရေးရာ အစည်းအဝေးများအတွက် ဝန်ကြီးများက သူတို့ကို ပြင်ဆင်ပေးသကဲ့သို့ မည်မျှပင်သေးငယ်သော ကိစ္စဖြစ်ပါစေ ယန်ချင်းကို အကြောင်းစုံပြောပြထားသင့်သည်ဟု သူ တွေးမိသည်။
ထိုအစည်းအဝေးများတွင်ဆိုလျှင်၊ ရောက်လာမည့် အဖွဲ့များနှင့် ပွဲအကြောင်းကို ပွဲနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ သတင်းအချက်အလက် မျိုးစုံကို သူတို့အား ကြိုတင် ဖြည့်ဆည်းပေးထားလေ့ ရှိသည်။
“ဟားဟား... မင်းသားဝမ်ယန် အဲဒါကို သိပ်ပြီး စိတ်ပူမနေပါနဲ့... ဒီမှာ ခင်ဗျားတို့ အားလုံးကို အလုပ်ရှုပ်အောင် လုပ်နေတာက ကျွန်တော်ဆိုတော့ ခင်ဗျားရဲ့ တောင်းပန်မှုကို လက်ခံဖို့ ကျွန်တော့်မှာ အဲဒီလောက် မျက်နှာမထူပါဘူး...”
“ခင်ဗျားနဲ့ ခင်ဗျားတို့ တိုင်းပြည်ရဲ့ အကူအညီတွေ၊ ပြီးတော့ အစီအစဉ်တွေကို မြန်မြန်ဆန်ဆန် ပြုလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...”
ယန်ချင်းက မက်မွန်ပန်းဝိုင်အရက် အိုးတစ်လုံးနှင့် ဝိုင်ခွက် နှစ်ခွက်ကို ထုတ်ယူလိုက်သည်။
တစ်ခွက်ကို သူ့အတွက် ငှဲ့လိုက်ပြီး ကျန်တစ်ခွက်ကို အိမ်ရှေ့စံမင်းသားအတွက် ငှဲ့ပေးလိုက်သည်။
“ဒါကို ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုအဖြစ် သဘောထားလိုက်ပါ...”
ယန်ချင်းက ဝိုင်ခွက်ကို မြှောက်ကာ ညင်သာစွာပြောလိုက်သည်။
“ဒါဆိုရင်လည်း အစ်ကိုယန်ချင်းရဲ့ ကျေးဇူးကို မျက်နှာပြောင်တိုက်ပြီး လက်ခံရတော့မှာပဲ...”
အိမ်ရှေ့စံမင်းသားက ပြုံးရင်း ယန်ချင်း၏ ဝိုင်ခွက်ကို တိုက်ကာ ပြန်ပြောလိုက်သည်။
သူတို့ နှစ်ဦးလုံး ဝိုင်ခွက်များကို တစ်ကျိုက်တည်း မော့သောက်လိုက်ကြပြီးနောက်၊ ကျေနပ်နေသော အမူအရာများဖြင့် သက်ပြင်းမှုတ်ထုတ်လိုက်ကြသည်။
အထူးသဖြင့် မင်းသားမှာ ပို၍ပင် ကျေနပ်နေပုံရသည်။
ဝိုင်အရက်၏ ထူးကဲသော အရသာကြောင့် သူ၏ မျက်ဝန်းများမှာ အံ့သြမှုဖြင့် ကျဉ်းမြောင်းသွားခဲ့သည်။
ဝိုင်တွင် အေးမြသောခံစားမှုနှင့်အတူ ချိုမြိန်သော အရသာတစ်ခု ပါဝင်နေသည်။
စက္ကန့်အနည်းငယ် အကြာတွင်၊ သူ သောက်လိုက်သော ဝိုင်ထဲမှ စွမ်းအင်များက ခန္ဓာကိုယ်ထဲ၌ မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာချိန်တွင် သူ၏ အမူအရာမှာ ပို၍ပင် အံ့သြမှင်သက်သွားခဲ့သည်။
စွမ်းအင်များ အလဟဿ မဖြစ်သွားစေရန် သို့မဟုတ် စွမ်းအင်လွန်ကဲမှုကြောင့် သွေးကြောများအတွင်း ကြီးမားသောဖိအားများ မဖြစ်ပေါ်လာစေရန်အတွက် ထိုစွမ်းအင်များကို လည်ပတ်စေရန် သူ၏ ကျင့်စဉ်ကို အလျင်အမြန်အသက်သွင်းလိုက်ရသည်။
“ဝိုင် တစ်ငုံလေးကတောင် အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ကျွမ်းကျင်သူ တစ်ယောက်ကို တုန်လှုပ်သွားစေနိုင်တယ် ဆိုတော့ ယီကျဲရဲ့ တိုးတက်မှုက အရမ်းမြန်ဆန်နေတာပဲ...”
“သူ တံခါးပိတ် ကျင့်ကြံရာကနေ မထွက်လာမချင်း ဝိုင်အသစ်တွေ ထပ်မရနိုင်တော့တာက နှမြောစရာပဲ...”
ယန်ချင်း သက်ပြင်းချရင်း စိတ်ထဲမှ တွေးလိုက်သည်။သူ၏ စိတ်အခြေအနေကို ပေါ့ပါးသွားစေရန် သူက နောက်ထပ် တစ်ခွက် ထပ်ငှဲ့လိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုယန်ချင်း... ဒါပေမဲ့ ကျွန်တော် ဆက်ပြီး မခံနိုင်တော့ဘူး ထင်တယ်... ထပ်သောက်ရင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလိုပဲ ဖြစ်နေလိမ့်မယ်...”
ယန်ချင်း နောက်ထပ်တစ်ခွက်ထပ်ငှဲ့ရန် ပြင်နေသည်ကို မြင်လိုက်ရချိန်တွင်၊ အိမ်ရှေ့စံမင်းသားက ထိတ်လန့်စွာဖြင့် ငြင်းဆန်လိုက်သည်။
သူ၏ မျက်လုံးများထဲတွင် ရောထွေးနေသော စိတ်ခံစားချက်များကို မြင်တွေ့နေရသည်။ ဝိုင်အိုးကို ကြည့်နေစဉ် သူ၏ အကြည့်များထဲတွင် နောင်တ၊ ကြောက်ရွံ့မှု၊ သတိထားမှုနှင့် လိုချင်တပ်မက်မှုများ ရောနှောပါဝင်နေလေသည်။
ယန်ချင်းက တုံ့ပြန်သည့်အနေဖြင့် ပြုံးရုံသာ ပြုံးလိုက်ပြီး၊ မင်းသားက ဘေးမှနေ၍ မနာလိုစွာ ငေးကြည့်နေစဉ် နောက်ထပ်တစ်ခွက်ကို မော့သောက်လိုက်လေသည်။
မိနစ်အနည်းငယ် အကြာတွင်၊ စံအိမ်တော်အတွင်း၌ တီးတိုးပြောဆိုသံအနည်းငယ် ရုတ်တရက် ဆူညံစွာ ထွက်ပေါ်လာလေတော့သည်။
***